【 ဆောင်းပါး 】 တောင်ဇင်းမှာ ထွေခင်းလို့ရတဲ့ ပုဂံ

【 ဆောင်းပါး 】 တောင်ဇင်းမှာ ထွေခင်းလို့ရတဲ့ ပုဂံ

ကျနော်တို့မိသားစု ပုဂံသွားမယ်ဆိုတော့ တောင်ဇင်းကိုရောက်အောင်သွားဖို့ ပုဂံအကြောင်း ကျနော့်ထက်ပိုသိတဲ့ မိတ်ဆွေတွေက မှာလိုက်တယ်။

တောင်ဇင်းဆိုတာက ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းမဘေးက ရွာကြီးတစ်ရွာ။ရွာက ဘယ်လောက်တောင်ကြီးသလဲဆို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၂၄၈၉ စုရှိတာဆိုတော့ အခုဆိုရင် ခန့်မှန်း အိမ်ခြေ ၃၀၀၀ လောက်ရှိနိုင်တဲ့ မြို့သားလေးထက်ပင် ပိုကြီးတဲ့ ရွာကြီး။
တောင်ဇင်းကိုလာဖို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကနေ ပြန်ထွက်၊ညောင်ဦးမြို့ကနေ ပြန်ထွက်၊ ပုဂံဘူတာတွေ ဘာတွေလည်းကျော်လို့ ညောင်ဦး-ကျောက်ပန်းတောင်း လမ်းမကြီးအတိုင်း ခပ်ရဲရဲသာရွေ့။တောင်ဇင်းသို့ချီရာ လမ်းတစ်လျှောက် အညာရနံ့သင်းနေတဲ့ ထန်းတောကြီးတွေက ငေးလို့မဝနိုင်အောင် လှလွန်းတာကြောင့် ဒေသသဘာဝကို ငေးချင်သူတွေအတွက် အီးဘိုက်ကို ဖြည်းဖြည်းသာ မောင်းနိုင်တယ်။

တောင်ဇင်းမှာ ဘာရှိသလဲဆိုတော့ ပုဂံသဘာဝ အညာရနံ့တွေ အကုန်ရှိပါတယ်။အညာရဲ့ သင်္ကေတ အရိုင်းဆန်လှတဲ့ ထန်းတောတွေကို ခရီးသွားဧည့်တွေ လာရောက်အပန်းဖြေ ငေးချင်စရာကောင်းအောင် ပြုပြင်မွမ်းမံလိုက်တဲ့အခါ ပုဂံရဲ့အရသာဟာ ပိုကြွတက်လာပါတော့တယ်။

ထန်းပင်တွေကြား လေပေါ်လျှောက်လမ်းတွေကို ထန်းသားတွေနဲ့သာ ဖွဲ့စည်းလို့။ညောင်ဦး-ကျောက်ပန်းတောင်း လမ်းတစ်လျှောက် ဘယ်နေရာကိုပဲဝင်ဝင်။ဖိတ်ခေါ်နေတဲ့ ဆိုင်းဘုတ်ကအစ၊ ဘယ်နေရာဖြစ်ဖြစ် ဒေသထွက်ပစ္စည်းတွေနဲ့ ဆင်ယင်လို့။မြင်လေသမျှ ဧည့်အားလုံးအတွက် စိတ်ကိုဖြန်းခနဲ လန်းသွားစရာတွေချည်း။

“၁၀ နှစ်လောက်တော့ရှိပြီထင်တယ်။ကျနော်တို့ဆီက စွန့်ဦးတီထွင်သူတွေလို့ ပြောမလား။သူတို့က နိုင်ငံတကာက ခရီးသွားလုပ်ငန်းတွေ ဘယ်လိုလုပ်နေကြသလဲဆိုတာ တချို့လည်း သူတို့မိတ်ဆွေ တိုးဂိုက်တွေကနေတစ်ဆင့် သိပြီးတော့ ပုဂံကျေးလက်အငွေ့အသက်တွေပါတဲ့ ဆိုင်တွေလုပ်ဖို့ ရင်းနှီးမြှုပ်နှံလာကြတာ” လို့ ညောင်ဦးသားတစ်ဦးက ပြောပြပါတယ်။

ပုဂံရနံ့ကို ပုဂံကျေးလက်မှာရှိတဲ့အရာတွေနဲ့ မွန်းမံကြတယ်။ပုဂံမှာ ပေါချင်းပေါက်နေတဲ့ ထန်းပင်ကို အခြေခံပြီး ထန်းပင်ကို လူတွေလည်ချင်၊မျက်စိပသာဒကျ ဖမ်းစားချင်စရာ ဘယ်လိုလှကြမလဲလို့ စဉ်းစားကြတယ်။ပြီးတော့ ကျေးလက်မှာမရိုးတဲ့ လှည်းဘီးကြီးတွေကလည်း ဆင်တတ်ရင်တတ်သလို အနုပညာမြောက် လှနေမှာဆိုတော့ စုတ်လို့ပစ်ထားတဲ့ လှည်းဘီးတွေကို ဈေးပေါပေါနဲ့ဝယ်ပြီး အရောင်ပြန်တင်၊ အထားအသိုကျွမ်းကျင်သူတစ်ယောက် လက်ထဲရောက်တော့ လှည်းဘီးရဲ့တန်ဖိုးဟာ အလိုလိုမြင့်တက်လာ။

ပြီးတော့ ဒေသထွက်အစားအစာ ဖက်နဲ့ထုပ်ပြီးရောင်းတာနဲ့ ပါကင်လှလှလေးထုပ်ပြီး ပါကင်ဖိုးဈေးတင်ရောင်းလိုက်တာ ဘယ်ဒင်းကရောင်းရမယ် ထင်သလဲ။ပစ္စည်းဘယ်လောက်ကောင်းကောင်း အပေါ်ယံခြယ်သမှုမကောင်းရင် ရောင်းပန်းမကောင်းဘူးဆိုတာ သီအိုရီကို ရဲရဲသာယုံကြည်ပြီး လုပ်ပစ်ကြ။ပုဂံဒေသထွက် အစားအစာတွေဟာ ပုန်းရည်ကြီးကအစ၊ မန်ကျည်းထန်းလျက်၊ နို့ထန်းလျက်၊ ရိုးရိုးထန်းလျက်….၊

ဘာပဲဖြစ်ဖြစ် အရည်အသွေးကောင်းပြီးသား။ရိုးရာဓလေ့အစားအစာ ရှေးနှစ်များစွာကတည်းက ဓာတုဆေးမပါ ကျန်းမာရေးနဲ့ညီညွတ်ပြီးသားဆိုတော့ အဲဒီလိုအစဉ်အလာအားကောင်းတဲ့ အရည်အသွေးတွေကို ဆက်လက်ထိန်းသိမ်းကာ အာမခံချက်ပေးနိုင်တဲ့ အရည်အသွေးမီ ဒေသထွက်အစားအစာတွေဖြစ်အောင် ဆက်လက်ထုတ်လုပ်၊ ပါကင်လှလှလေးနဲ့ ထုပ်ပိုးလိုက်တဲ့အခါကျတော့ ရောင်းအားဟာ ဟုန်းခနဲတက်လာ။ပါကင်လှလှမလို၊ ဈေးသက်သာတာကိုပဲ လိုချင်တယ်ဆိုတဲ့ ကိုယ်ရွှေမြန်မာတွေရှိသေးတယ်ဆိုတာလည်း မမေ့နဲ့။သူတို့အတွက် သီးသန့် အလေးချိန်နဲ့ချိန်၊ ပလတ်စတစ်အိတ်နဲ့ ထည့်ပေးရတဲ့ ပါကင်မလို ဈေးကွက်ကိုလည်း မမေ့မလျော့ ဆက်ရှိနေစေတာမို့ ဈေးပေါတာကိုပဲကြိုက်တယ်ဆိုတဲ့သူတွေအတွက်လည်း စိုပြေလို့။

“ဒီဘက်နောက်ပိုင်းမှာ ပါကင်ကောင်းတဲ့ တံဆိပ်တွေ ရောင်းကောင်းလာတယ်။တချို့ကျတော့ ပါကင်ကောင်းပေမယ့် ပစ္စည်းအရည်အသွေးလျော့နေတာမျိုးကျတော့ နည်းနည်းကြာလာတော့ ရောင်းအားကျလာတယ်။အဲဒါနဲ့ ပါကင်ရော အရည်အသွေးကောင်းအောင် အပြိုင်အဆိုင်ကြိုးစားကြတော့တာ” လို့ ညောင်ဦးသားမိတ်ဆွေက ဆိုတယ်။

ပြီးတော့ နေရာတိုင်းမှာရတဲ့ ဘီယာတွေ ဝီစကီတံဆိပ်အမျိုးမျိုးတွေကို ပုဂံရောက်လာပြီးမှ ဘာလို့သောက်မှာလဲ။ပုဂံရောက်လာရင် ပုဂံအရက်။အနော်ရထာဘုရင်တောင် ပုဂံချက် ထန်းလျက်နဲ့ချက်တဲ့ အရက်ပဲ သောက်လာတယ်ဆိုတာမျိုး ကြော်ငြာကောင်းကောင်းနဲ့ ပုဂံထန်းလျက်နဲ့ချက်တဲ့ အရက်နာမည်က ထွေးညိုဆိုလား။ဓာတုဆေးကင်းပြီး လက်ဆညီညီ ချိုပြင်းပြင်း ထွေးညိုနဲ့ ထွေခင်းကစားကြစို့ရဲ့။

အရက်ကို သောက်ချင်စဖွယ် ပုလင်းလေးတွေနဲ့ ဖွဲ့စည်းထားလိုက်တော့ ရောင်းအားတွေ အောက်မဆင်းတော့ဘူးဆိုတာမျိုး၊ အပေါ်လေမိနေရော။ပုဂံက နေချင်စဖွယ် ထန်းတောတွေထဲ ပုဂံချက် အရက်ချိုပြင်းပြင်း၊ ပုဂံဒေသထွက် ကြက်ကင်အပြင် တခြားဘာမြည်းချင်သေးသလား။ဒေသထွက်အစားအစာတွေ အဆင်သင့်။

ပြီးတော့ ထန်းရည်ကို ဘယ်လိုသောက်ချင်သလဲ။ထန်းပင်ပေါ်က သောက်မယ်ဆိုမှ ချပေးမယ့် ထန်းရည်ကို သောက်မလား။ထန်းရည်ကို ထန်းပင်ပေါ် တက်သောက်ချင်သလား။ထန်းရည်ကို ထန်းပင်တက်သောက်ရတဲ့ အရသာဆိုတာ ဒီကမ္ဘာမှာ ပုဂံကိုရောက်လာမှ ရမှာတဲ့။

ကြော်ငြာက အဲဒီလို ပင့်မြှောက်ပေးရုံတင်မက တက်သောက်လို့ရမယ့် ထန်းပင်ပေါ် မော့ကြည့်လိုက်တော့ ထန်းပင်ပေါ်တက်ရတဲ့ လျှောက်လမ်းကိုက တကယ့်ကိုတက်ချင်စရာ။နောက်ဆုံး ထန်းပင်ပေါ်က မူးပြီး ပြန်ဆင်းလာရင်တောင် ပြုတ်ကျစရာမရှိ safety အပြည့်နဲ့ ထန်းပင်တက် လျှောက်လမ်း။ထန်းပင်ပေါ်တက်ပြီး ထန်းရည်သောက်နိုင်ဖို့ဆိုတာ တကယ့်ကိုလွယ်တာမှ မဟုတ်ဘဲ။

ဒါနဲ့ ထန်းပင်ပေါ် အလုအယက်တက်လိုက်ကြတာမှ ပြည်ပဧည့်တွေနဲ့အပြိုင် ပြည်တွင်းဧည့်တွေပါခဲလို့။ထန်းပင်ပေါ်ရောက်တော့လည်း ထန်းရည်သောက်ရင်း အပါ်စီးကနေ အောက်ကို ငေးရတဲ့ အရသာကအစ လှလှပပ။ပုဂံထန်းရည်ဆိုတာက ဘယ်အချိန်သောက်သောက် အရည်အသွေးကကောင်းပြီးသား။ထန်းပင်ပေါ်တက် ထန်းရည်သောက်လို့ ငွေကုန်ကြေးကျပိုပေးရတာကို မနှမြောကြ။ထန်းပင်ပေါ်က ခပ်ထွေထွေ ဆင်းလာတော့ တန်လိုက်တာ ဆိုတာချည်း။

“ကျနော်တို့ ပုဂံသားတွေက နှစ်ပေါင်းများစွာ မျိုးဆက်အလီလီ ဧည့်သည်တွေအပေါ် အခြေခံပြီး ဝမ်းကျောင်းရတာဆိုတော့ ဧည့်သည်ဆိုတာ ကျနော်တို့ရဲ့ ထမင်းရှင်တွေပဲလေ။ထမင်းရှင်တွေအပေါ် စေတနာထားတတ်ပြီး မရိတ်တတ်အောင် မွေးရာပါသင်ပေးထားသလိုပဲ။အဲဒါကြောင့် ပုဂံဟာ ဘယ်တော့မှ မတန်တာကို အတန်လုပ်ပြီး မရိတ်ဘူး” လို့ မိတ်ဆွေက ဆိုတယ်။

ဟုတ်ကဲ့ ပုဂံဟာ ဘယ်တော့မှ မရိတ်ဘူးတဲ့။ဒါကို စာရှုသူတို့လည်း သိကြမယ် ထင်ရဲ့။

ငြိမ်းဆက်