【 ဆောင်းပါး 】 ထောင်နံရံများတွင် ထင်ဟပ်နေသောခေတ်၏ ပုံရိပ်များ (၁) ...

【 ဆောင်းပါး 】  ထောင်နံရံများတွင် ထင်ဟပ်နေသောခေတ်၏ ပုံရိပ်များ (၁) ...

         နိဒါန်း

“ထောင်” ဟူသည့် စကားလုံးကို မြန်မာအဘိဓာန် အတွဲ-၂ တွင် အဓိပ္ပာယ်များဖွင့်ဆိုရာ၌ ကြိယာအနေဖြင့် အဓိပ္ပာယ် (၇) မျိုး၊ နာမ်အနေဖြင့် အဓိပ္ပာယ် (၂) မျိုး ဖွင့်ဆိုရှင်းပြထားပါသည်။

လူအများကမူ “ထောင်” ဟု ကြားလိုက်လျှင် အကျဉ်းထောင်ဟုသာ ယူဆနားလည်ကြပါသည်။လူအများနားလည်သည့် “ထောင်” ၏ အနက်ကို မြန်မာအဘိဓာန်က “အပြစ်ရှိသူကို အပြစ်အလျောက် တရားဥပဒေအရ သွင်းလှောင်ထားရာ အဆောက်အအုံ” ဟု ဖွင့်ပြထားပါသည်။

မြန်မာနိုင်ငံ၌သာမက ကမ္ဘာတစ်ဝန်းတွင် အကျဉ်းကျခံရပြီးနောက် လွတ်မြောက်လာသူများက ထောင်တွင်း၌ သူတို့ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသည်များကိုလည်းကောင်း၊ တစ်ပါးသူတို့ တွေ့ကြုံဖြစ်ပျက်ခံစားခဲ့ရသည်များကိုလည်းကောင်း၊ ဖြစ်ပွားခဲ့သည့် အမှုအခင်းများအကြောင်း စသည်တို့ကိုလည်းကောင်း ပြန်လည်ရေးသားသည့် စာအုပ်များ မြောက်မြားစွာ ထွက်ပေါ်ခဲ့ပါသည်။တချို့သော ထောင်အတွေ့အကြုံ၊ ထောင်မှတ်တမ်း စာအုပ်များသည် ကမ္ဘာကျော်ခဲ့ကြပါသည်။

ဥပမာ - နာဇီ အကျဉ်းစခန်းများအကြောင်း၊ နာဇီအကျဉ်းစခန်းများတွင် ကိုယ်တိုင်တွေ့ကြုံခဲ့ကြရသည့် အံ့သြတုန်လှုပ်ဖွယ် ရက်စက်မှုများအကြောင်း ဖော်ပြထားသည့် စာအုပ်များဖြစ်ကြပါသည်။

မြန်မာစာပေလောကတွင်လည်း ထောင်အတွေ့အကြုံ၊ ထောင်တွင်းအဖြစ်အပျက်များကို ပြန်လည်ရေးသားဖော်ပြကြသည့် စာပေများ၊ နိုင်ငံတကာနည်းတူရှိခဲ့ပါသည်။တချို့က မိမိကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသည်များကို ရေးသားကြ၏။တချို့က ထောင်ထဲတွင် တွေ့ဆုံခဲ့ရသော ထောင်ကျအကျဉ်းသားများအကြောင်းကို စာတစ်အုပ်မက အစဉ်အဆက်ရေးသားခဲ့သူကား မြန်မာစာပေရေးသားကြပါသည်။ဤသို့ ထောင်အတွေ့အကြုံနှင့် ထောင်ကျ အကျဉ်းသမားများလောကတွင် စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦးလှ တစ်ဦးသာရှိပါသည်။

လူထုဦးလှကို ပါလီမန်ဒီမိုကရေစီခေတ်၌ ၇-၁ဝ-၁၉၅၃ မှ ၁-၄-၁၉၅၇ ရက်နေ့ထိ ပုဒ်မ-၅ ဖြင့် ထိန်းသိမ်းခဲ့ပါသည်။မန္တလေးထောင်နှင့် ရန်ကုန် ထောင်နှစ်ထောင်တွင် စုစုပေါင်း (၃) နှစ်ကျော် အကျဉ်းကျခဲ့ပါသည်။ထောင်တွင်း၌ တွေ့ကြုံ ခဲ့ရသည်များအား ၁၉၅၇ ခုနှစ် ထောင်မှစတင်လွတ်မြောက်လာသည့်ကာလမှစ၍ ၁၉၇၁ ခုနှစ်ထိ ထောင်အတွေ့အကြုံ၊ ထောင်တွင်းအကျဉ်းသားတို့၏ ဘဝများအကြောင်းကို စာအုပ် (၈) အုပ် ရေးသားထုတ်ဝေခဲ့ပါသည်။ဤစာတမ်းသည် လူထုဦးလှ၏ ထောင်စာအုပ် (၈) အုပ်က ထင်ဟပ်ပြသသည့် ခေတ်၊ စနစ်နှင့် ပြည်သူ လူထု၏ ဘဝပုံရိပ်များအပေါ် လေ့လာသုံးသပ်ခြင်းဖြစ်ပါသည်။

လူထုဦးလှ၏ ထောင်တွင်းဘဝအကြောင်းစာအုပ်များ လွတ်လပ်မှုကို ပြန်ရပြီးနောက် လူထုဦးလှ ပထမဆုံးရေးသားခဲ့သည့် ထောင်ကျအကျဉ်းသားဘဝ သရုပ်ဖော်စာအုပ်မှာ ‘လေနှင့်အတူ’ ဖြစ်ပါသည်။ယင်းစာအုပ်ကို ၁၉၅၇ ခုနှစ် သြဂုတ်လတွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။လေနှင့်အတူ၏ အဓိကဇာတ်ဆောင်မှာ မောင်ညို ဖြစ်ပါသည်။

မောင်ညိုသည် မန္တလေးဇာတိဖြစ်၏။မိဘများက စိန်ပန်းရပ်ထဲရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် သင်္ကန်းစည်းပေးထား၏။မောင်ညို အသက် (၁၂) နှစ်၊ (၁၃) နှစ်ခန့်တွင် သူငယ်ချင်းတစ်ယောက်နှင့်အတူ ကိုရင်အဖြစ်မှ လူထွက်ပြီး မန္တလေးမှ ရန်ကုန်သို့ မီးရထားခိုးစီးခဲ့ကြသည်။ထိုအချိန်မှစ၍ မောင်ညိုသည် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးရပြီးခေတ်များတစ်လျှောက် ထောင်နှင့် ပြင်ပကမ္ဘာသို့ ကူးချည်သန်းချည် နေထိုင်ကျင်လည်ခဲ့ပုံများကို ခြယ်မှုန်းရေးဖွဲ့ပြထားပါ သည်။

၁၉၅၇ ခုနှစ် စက်တင်ဘာလတွင် ရေးသားထုတ်ဝေခဲ့သည့် ဒုတိယမြောက်ထောင် ဘဝသရုပ်ဖော်ကား ‘ထောင်နှင့်လူသား’ ဖြစ်ပါသည်။ ‘ထောင်နှင့်လူသား’ တွင် လူထုဦးလှ တွေ့ဆုံခဲ့ရသည့် အကျဉ်းသား (၁၂) ဦး အကြောင်းကို ရေးဖွဲ့ထားပါသည်။ဤ (၁၂) ဦးအနက် စိတ်ဝင်စားစရာ အကောင်းဆုံး : ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား လုပ်ကြံရာတွင် ပါဝင်ခဲ့သည့် သုခနှင့် မွေးစားသားလည်းဖြစ် အတူနေသူလည်းဖြစ်သည့် လူငယ်လေးအား သတ်မိသည့် အမြ၏ အမှုများဖြစ်ပါသည်။

          ကျန် (၁၀) ဦးမှာ

၁။ မောင်ထွန်းတင် (မြန်မာ-မူဆလင်ကပြား၊ အသက် ၃၁ နှစ်) ဗမာများနှင့်ကစားလျှင် အဖေကမကြိုက်။တစ်ဖန် ဗမာကလေးများက သူ့အား ကုလားလေးဟုခေါ်လျှင် သူကမကြိုက်။သူက ဗလီသို့ မသွားလို။အဖက ဗလီသို့ အတင်းပို့ စသည့် လူမှုရေးပြဿနာများက သူ့ဘဝတွင်ကြုံရသည်။ပုစွန်တောင် ကြက်တန်းထိပ်နားရှိ “ဇိနအစကူး” မိဘမဲ့ မူဆလင်ကျောင်းသို့ ဖခင်ဖြစ်သူက သူ့အားပို့ဆောင်လိုက်ပြန်ပါသည်။မောင်ထွန်းတင်က ကျောင်းတွင် မပျော်ပေ။ဦးလေးကို အကျိုးအကြောင်းပြောကာ ကျောင်းမှထွက်ပြီး ပရိဘောဂဆိုင်တစ်ဆိုင်တွင် အလုပ်ဝင်လုပ်၏။ထို့နောက် ကြုံရာလုပ်၊ ကြုံရာစား၊ အလစ်သုတ် စသဖြင့် လမ်းပေါ်နေ လမ်းပေါ်စား လေလွင့်လူငယ် ဖြစ်လာတော့သည်။ဂျပန်ခေတ်တွင် မြန်မာစစ်တပ်အတွက် သတင်းပေးတာဝန် ဆောင်ရွက်ခဲ့ပါသည်။တော်လှန်ရေးအပြီး တွင် အလုပ်လက်မဲ့ဘဝ ရောက်ရပြန်၏။ထို့နောက် ဓားပြမှုဖြင့် ထောင်ကျခဲ့ခြင်း ဖြစ်ပေသည်။

၂။ ရှန်းဘေဟာရီး (မြန်မာပြည်ဖွား၊ ဟိန္ဒူလူမျိုး၊ အသက် ၄၄ နှစ်) ရန်ကုန်၊ (၂၅) လမ်းတွင် မွေးဖွားခဲ့၏။မိဘနှစ်ပါးစလုံး ဟိန္ဒူများဖြစ်ကြပါသည်။ဖခင်က ရွှေပန်းထိမ်ထောင်ထားသည်။သူငယ်စဉ်က အက်စ်ပီဂျီဟိုက်စကူး၌ (၈) တန်းထိ ပညာသင်ကြားခဲ့ပါသည်။အင်္ဂလိပ်နှင့် ဟင်ဒီဘာသာကို ကောင်းစွာတတ်ကျွမ်း၏။သို့သော် အသက် (၂၀) တွင် ဖခင်ကွယ်လွန်ခဲ့သည်။ငယ်ရွယ်သဖြင့် ဖခင်၏ လက်ငုတ်လုပ်ငန်း ပန်းထိမ်အလုပ်ကို ဆက်မထိန်းသိမ်းနိုင်ခဲ့ပေ။
ဂျပန်ခေတ်တွင် ကူလီအလုပ်လုပ်ရင်း တစ်ဖက်က နွားမွေး၊ နွားနို့ရောင်းလျက် အသက်မွေးခဲ့ပေသည်။အင်္ဂလိပ်ပြန်အဝင်၌ မီးရထားဌာနတွင် ကြေးနန်းမင်းစေအလုပ် လုပ်ကိုင်ခဲ့သည်။မီတာခကောက်ခံသူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။သူ၏လုပ်ဖော် လွတ်လပ်ရေးရပြီးနောက် အင်းစိန်လျှပ်စစ်ဓာတ်အားပေးရေးဌာနတွင် ကိုင်ဖက် ငွေကိုင်စာရေးကြီး၏သားမှာ အင်းစိန်တိုက်ပွဲအတွင်း ပျောက်ဆုံးသွား၏။စာရေးကြီးမှာ ငွေကြေးကုန်ကျခံကာ သားဖြစ်သူအား ရှာဖွေနေရ၏။ရှန်းဘေဟာရီး သွင်းထားသော ငွေများကို ငွေကိုင်စာရေးကြီးက ခေတ္တသုံးမည်ဆိုကာ အလွဲသုံးလိုက်သည်။သို့သော် ထိုငွေအလွဲသုံးမှုဖြင့် ရှန်းဘေးဟာရီး ထောင် (၂) နှစ် (၆) လ ကျခံနေရစဉ် လူထုဦးလှနှင့် တွေ့ ဆုံရခြင်း ဖြစ်ပါသည်။

၃။ ကိုသုခ (စာတမ်းတစ်နေရာတွင် ဖော်ပြထားပါသည်။)

၄။ ဘုရားဒကာကြီး ဦးစံညွန့် (စာတမ်းတစ်နေရာတွင် ဖော်ပြထားပါသည်။)

၅။ မူကြော (ဆလုံတိုင်းရင်းသား၊ မြန်မာစကားမတတ်၊ အသက်မသိ ထိုင်း-မြန်မာ နယ်နမိတ် ရေပိုင်နက်အတွင်း ငါးဖမ်းသင်္ဘောဖြင့် ငါးဖမ်းနေစဉ်၊ မုန်တိုင်းကြောင့် မြန်မာရေပိုင်နက်အတွင်းသို့ သင်္ဘောမျောလာသဖြင့် မြန်မာအာဏာပိုင်များက ဖမ်းဆီး ထောင်တွင်းသွင်းထားစဉ် လူထုဦးလှနှင့် ကြုံရခြင်း ဖြစ်ပါသည်။ထောင်တွင်းရှိ ဆလုံစကားနားလည်သူတစ်ဦး၏ အကူအညီဖြင့် လူထုဦးလှက မူကြောအကြောင်း မေးမြန်းခဲ့ပါသည်။မူကြောသည် ရာဇဝတ်မှု ကျူးလွန်လာခြင်းမရှိပေ။ဆလုံတို့၏ ဓလေ့ထုံးတမ်းစဉ်လာများအကြောင်း အဓိကဖော်ပြထားပါသည်။မူကြောအား သက်ဆိုင်ရာက လာရောက်ဖြေရှင်းပြီးနောက် မြန်မာအစိုးရက ပြန်လွှတ်ပေးလိုက်ပါသည်။

၆။ မောင်တင် (ဗမာ၊ ဘုန်းကြီးကျောင်းပညာရေး၊ ၃၂ နှစ်) ပုသိမ်ခရိုင်၊ သာပေါင်းဇာတိ မိဘများက လယ် (၂၅) ဧကပိုင်၏။မိဘနှင့်အတူ လုပ်ကိုင်စားရင်း ၁၉ နှစ်သားတွင် အိမ်ထောင်ကျခဲ့သည်။ဝမ်းကိုက်ရောဂါကို ကုလားဆရာတစ်ယောက်နှင့်ကုရာ ဘိန်းနှင့် ဆေးခြောက်ပါသော ဆေးဖြင့် ပျောက်သွားသော်လည်း ဘိန်းစွဲကျန်ရစ်၏။ဘိန်းဖိုးကြောင့် မိဘ၊ သားမယားများနှင့် အဆင်မပြေဖြစ်ကာ အိမ်မှထွက်ခဲ့သည်။ရန်ကုန်တွင် ကြုံရာကျပန်းလုပ်ကိုင်ရင်း အလစ်သုတ်မှုဖြင့် ထောင်တွင်းသို့ ဝင်ချည်ထွက်ချည် အလည်ရောက်နေသူဖြစ်ပါသည်။

၇။ မောင်လွန်းအောင် (ရခိုင်၊ ဘုန်းကြီးကျောင်းပညာရေး၊ ၂၈ နှစ်) ရမ်းဗြဲမြို့နယ်၊ ငစမိရွာဇာတိ။လူလတ်တန်းစားမိဘက ပေါက်ဖွားခဲ့ပြီး ရွာတွင် လယ်ပိုင်မြေပိုင်ဖြင့် မိဘများက နေထိုင်စားသောက်နိုင်သူများဖြစ်ပါသည်။သူ့မိဘများက ဓနိရည်ရောင်းသည့် အလုပ်ကိုလည်း လုပ်ကိုင်ပါသည်။ရခိုင်ရွာများတွင် ကလေးလူကြီးမရွေး ဓနိရည်သောက်လေ့ရှိရာ မောင်လွန်းအောင်ရော သူ့ဖခင်ပါ ဓနိရည်အလွန်ကြိုက်သူများ နေ့စဉ်သောက်သုံးသူများဖြစ်ပါသည်။နောက်ပိုင်းတွင် သားသမီးကများလာပြီး စီးပွားကျလျက်၊ အလွန်ဆင်းရဲမွဲတေသည့် မိသားစုအဖြစ် ပြောင်းလဲသွားတော့သည်။ငယ်စဉ်က စာသင်ပေးခဲ့သည့် ဆရာဘုန်းကြီးက မောင်လွန်းအောင်ကို တခြားရွာသို့ခေါ်သွားပြီး ရှင်ပြုပေးပါသည်။သို့သော် မောင်လွန်းအောင်က ကောင်းကောင်းမနေ။ထိုရွာမှ သမား၊ အရက်သမား၊ သူခိုးလူဆိုးများနှင့် ပေါင်း၏။ဘုန်းကြီးငွေများကို ခိုးယူသုံးစွဲ၏။နောက် ဘုန်းကြီးမသိဘဲ မိဘရွာသို့ ပြန်လာ၏။ထိုစဉ်က မောင်လွန်းအောင် အသက် (၁၅) နှစ်သာရှိသေးချိန် ဖြစ်ပါသည်။ ၁၉၄၆ တွင် အင်္ဂလိပ်ပြန်ဝင်လာပြီဖြစ်သော်လည်း ရွာများတွင် အရာရှိဆိုးများ၏ နှိပ်စက်ခြင်းကို ခံကြရပေသည်။မောင်လွန်းအောင်သည် နိုင်ငံရေးကို ဘာမျှနားမလည်သော်လည်း တရားလာဟောသူတချို့၏ စကားကို နားယောင်ကာ အင်္ဂလိပ်အား လက်နက်နှင့်ပြန်တိုက်ရန် လိုအပ်ပါက အသုံးပြုရန် ဂျပန်ခေတ်က ပြန့်ကျဲကျန်ရစ်သော လက်နက်များကို ဝှက်ထားကြ၏။နောင်တွင် မောင်လွန်းအောင်နှင့် အခြားရွာသားတချို့ လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီး ထောင်ချခြင်းခံရသည်။သို့သော် မောင်လွန်းအောင် လူမသတ်ခဲ့ပေ။

၈။ ဦးဝ (ဗမာ၊ ဘုန်ကြီးကျောင်းပညာရေး၊ ၅၆ နှစ်) ဝံသာနုခေတ် မြန်မာ့နိုင်ငံရေးတွင် သာမန်အလုပ်သမားလေးအဖြစ် နေရာအတော်များများတွင် ပါဝင်ဆောင်ရွက်ခဲ့ဖူးသူဖြစ်၏။တစ်ဖန် ပျဉ်းမနား ကံဦးဆရာတော်၏ တပည့်အရင်းဖြစ်သောကြောင့် ဆရာတော်ကြီးအား လှူဒါန်းသည့် လာဘ်လာဘများအား စာရင်းပြုစောင့်ရှောက်ထိန်းသိမ်းရသူလည်း ဖြစ်ပေသည်။ထိုစဉ်က ဦးဝသည်လည်း သင်္ကန်းဝတ်နှင့်ဖြစ်ပါသည်။ကံဦးဆရာတော် ပျံလွန်တော်မူပြီးနောက် ဇာတိရပ်ရွာ အမြင့်ရွာသို့ ပြန်လာပါသည်။ရွာရှိ ကျောင်းတစ်ကျောင်းတွင် အခြားဘုန်းတော်ကြီးတစ်ပါးနှင့်အတူ ကျောင်းထိုင်ပါသည်။စိတ်တွင်မူ အမျိုး၊ ဘာသာ၊ သာသနာအတွက် ဦးဥတ္တမတို့ကဲ့သို့ ဆောင်ရွက်လို၏။သို့ဖြင့် ဘုန်းတော်ကြီးကျောင်းပညာရေး သင်ကြားပေး၏။လောကုတ္တရာပညာသာမက၊ လောကီပညာ၊ အားကစား၊ အတီးအမှုတ် စသည်တို့ကိုလည်း သင်ကြားပေးပါသည်။စာကြည့်တိုက်လည်း ထောင်ထား၏။လုပ်ငန်းများ စိတ်တိုင်းကျလုပ်နိုင်ရန် ငွေလိုလာ၏။အမျိုးမျိုးကြိုးပမ်းမှုကြောင့် မိဘ၏လယ်များ ပြန်ရွေးနိုင်သော်လည်း သူကာလတာရှည်ပြန်မလာသည့်အတွက် သားချင်းများက သူ့ကိုသေပြီယူဆကာ လယ်ပိုင်စာရင်းတွင် သူ့အမည်အား ဖျောက်ထားပြီးဖြစ်၏။ငွေရလာလျှင် ဆောင်ရွက်မည့် သူ့အကြံများလည်း ရေစုန်မျောတော့သည်။သို့ဖြင့် သိက္ခာချလိုက်ပြီး ဘုန်းကြီးတစ်ပါးထံမှ သင်ယူထားသည့် ရွှေဒင်္ဂါးအတုလုပ်ပြီး ရောင်းချမှုဖြင့် ထောင် (၆) နှစ် ကျခဲ့ခြင်း ဖြစ်ပါသည်။

၉။ ဦးသာညို (စာတမ်းတစ်နေရာတွင် ဖော်ပြထားပါသည်။)

၁၀။ မောင်ပေါက်စည် (ဗမာ၊ ဘုန်းတော်ကြီးကျောင်းပညာရေး၊ ၂၉ နှစ်) ဂျပန်တော်လှန်ရေးတွင် ကျေးရွာပြောက်ကျားတပ်သားအဖြစ် ပါဝင်ဆောင်ရွက်နေစဉ် မိခင်ဆုံးပါးသွားသည်။မိခင်ဆုံးသဖြင့် စိတ်လေပြီး တောတွင်းသို့ ပြန်ဝင်ခဲ့သည်။တောထဲတွင် အတူနေသူ ခြောက်ယောက်ရှိပြီး နောက်ပိုင်းတွင် ခေါင်းဆောင်နှင့်မတည့်သောကြောင့် အိမ်တွင်ပြန်လည်နေထိုင်ခဲ့ပါသည်။ (၂၅) ရက်ခန့် အကြာတွင် တောထဲတွင် အတူနေသူ ခြောက်ယောက်ရှိပြီး နောက်ပိုင်းတွင် ခေါင်းဆောင်နှင့် အစ်ကိုနှစ်ဝမ်းကွဲ ခေါင်းဆောင်က သေနတ်ပြ အတင်းအဓမ္မပြန်ခေါ်သဖြင့် တောထဲပြန်ရောက်သွားပြန်ပါသည်။သူကိုယ်တိုင် လူမသတ်စေကာမူ သူတို့အဖွဲ့က သူကြီးအိမ် အနုကြမ်းစီး ကျည်ဆန်ယူမှု၊ တခြားလူသတ်မှု၊ ဓားပြတိုက်မှုတို့ဖြင့် ဖမ်းဆီးအပြစ်ပေးခြင်း ခံကြရပါသည်။သူသည် အမှုပေါင်းများစွာအတွက် စုစုပေါင်း ထောင်ဒဏ် အနှစ် (၆ဝ) ကျော် အပြစ်ပေးခံရလေသည်။နောက် ပဲခူးမီးရထားခေါင်းတွဲစက်ရုံသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါသည်။ဂျပန်ခေတ်တွင် ဂျပန်စစ်သင်္ဘော ဆေးအဖွဲ့နှင့် လိုက်ပါလျက် ရခိုင်ပြည်နယ်ဘက်တွင် ကူးစက်ရောဂါဖြစ်ပွားနေသည့် နေရာများသို့ သွားရောက်ပြီး ရေတွင်းရေကန်များအား ဆေးဖျန်းခြင်း၊ ငှက်ဖျားရောဂါနှိမ်နင်းရေးများကို လုပ်ဆောင်ကြရ၏။ထို့နောက် ပျော်ဘွယ်၊ မိတ္ထီလာနယ်ဘက်ရှိ ကျေးရွာများသို့။ထို့နောက် သံဖြူဇရပ်ဘက်သို့ သွားရောက်ပြီး ဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ ကျောက်ရောဂါ နှိမ်နင်းကာကွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ရပါသည်။အင်္ဂလိပ်ပြန်ဝင်လာလာခြင်း အလုပ်လက်မဲ့ဖြစ်နေသည်။ထို့နောက် လက်နှိပ်စက်အဟောင်းတစ်လုံးဝယ်ပြီး ပန်းဆိုးတန်းနှင့် ကုန်သည်လမ်းထောင့်ရှိ သစ်ပင်အောက်၌ အလုပ်ရုံးခန်းဖွင့်ပြီး အိန္ဒိယသို့ ငွေပြန်ပို့မည့် ဆင်းရဲသားအလုပ်သမားများအား လျှောက်လွှာရေးပေးခြင်းဖြင့် ဝင်ငွေဖြောင့်ခဲ့ပြန်၏။ဘဏ်နှင့် ပြေလည်စွာဆက်ဆံခြင်း၊ ငွေပို့မည့်သူများအား စိတ်ရှည်စွာဆောင်ရွက်ပေးခြင်းတို့ကြောင့် လုပ်ငန်းအလွန်အောင်မြင်လာ၏။

(ဆက်လက်ဖော်ပြပါမည်)

ခင်နှင်းဦး