【 ဆောင်းပါး 】 ထောင်နံရံများတွင် ထင်ဟပ်နေသောခေတ်၏ ပုံရိပ်များ (၄) ...

【 ဆောင်းပါး 】 ထောင်နံရံများတွင် ထင်ဟပ်နေသောခေတ်၏ ပုံရိပ်များ (၄) ...

          (ယခင်တစ်ပတ်မှ အဆက်)

၁၀။ “နယ်လွန်လာသော ငှက်ကလေး”...... ကလေးအရွယ် ထောင်သားများကို ထောင်ဆေးရုံတိုက်ဘက်တွင် သီးသန့်ထားသည်။ထိုထဲ၌ မောင်သန်းဝေလည်း ပါ၏။မောင်သန်းဝေ၏ မိဘများကား ဦးထွန်းမောင်နှင့် ဒေါ်ခင်ကြည် ဖြစ်ပါသည်။သူ့ကို ကျုံပျော်တွင် မွေးဖွားခဲ့သော်လည်း ဟင်္သာတတွင် ကြီးပြင်းခဲ့ရပါသည်။အစ်မနှစ်ယောက်ရှိပြီး မောင်သန်းဝေက အငယ်ဆုံးဖြစ်ပါသည်။

ဂျပန်ခေတ်၌ မောင်သန်းဝေ (၄)၊ (၅) နှစ်ခန့် ရှိပြီဖြစ်၏။ကျုံပျော်တွင် နေရေး၊ စားရေး ခက်သဖြင့် ဟင်္သာတသို့ ပြောင်းရွှေ့ခဲ့ကြပါသည်။အဖေက ဟင်္သာတနှင့် ပခုက္ကူ မြင်းခြံသို့ ကုန်ကူးပါသည်။မောင်သန်းဝေ အသက် (၈) နှစ်တွင် ဟင်္သာတနေရှင်နယ်ကျောင်း၌ စတင်ပညာသင်ကြားခဲ့ပါသည်။ငါးတန်းအထိ ပညာသင်ကြားခဲ့ပါသည်။ ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်မီးကြောင့် သူတို့မိသားစု ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ကြပါသည်။ပြည်လမ်းဘေးရှိ ဝါဝါဝင်းရပ်ကွက်တွင် မိမိတို့ဘာသာ အိမ်ဆောက်လျက် နေထိုင်ကြရပါသည်။အစ်မများက ဆေးလိပ် လိပ်ကြသည်။မောင်သန်းဝေက ကင်းဘတ်စ်ရှုးစက်ရုံတွင် အလုပ်လုပ်၏။မိဘများက အလုပ်မလုပ်နိုင်ကြတော့ပါ။ ၁၉၅၃ တွင် သူတို့ရပ်ကွက် အဖျက်ခံရ၏။ထိုရပ်ကွက်မှ မပြောင်းမီ (၃) လအလို၌ အဖေဖျားပြီး ဆုံးပါသည်။နောက်နှစ်လခန့်အကြာ အမေ့ကို ခွေးရူးကိုက်ပါသည်။သို့ဖြင့် အမေလည်း ဆုံးပြန်ပါသည်။

မောင်သန်းဝေတို့ ကမာရွတ်ဘက် ပြောင်းခဲ့ကြပါသည်။အစ်မငယ်က ရန်ကုန်ရောက်ပြီး တစ်နှစ်ခန့်ကပင် အိမ်ထောင်ကျခဲ့ပါသည်။အစ်မနှစ်ယောက်နှင့်လည်းနေရ၊ အစ်မများက သူ့ကို ငယ်စဉ်ကပင် မိန်းကလေးလို ဝတ်ပေးကြရာ မောင်သန်းဝေသည် ငယ်စဉ်ကပင် မိန်းမလျှာစိတ်ပေါက်နေသူဖြစ်၏။ခဲအိုက သူမိန်းမစိတ်ပေါက်နေသည်ကို မနှစ်သက်။ခဲအိုက ရှေ့မှဦးဆောင်လျှင် မောင်သန်းဝေကို နောက်ကလိုက်စေချင်သည်။တစ်စတစ်စ မိန်းမစိတ်ပေါက်နေမှုကို အကြောင်းပြုလျက် အိမ်ပေါ်မှ နှင်ချခံရတော့သည်။မိန်းမလျှာဘဝဖြင့် ဗန္ဓုလပန်းခြံ၊ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်း စသည့် နေရာများ၌ မောင်သန်းဝေ ကျက်စားရတော့သည်။သည်တွင် မိန်းမလျှာလောက ကြောက်မက်ဖွယ်ကောင်းကြောင်း ကိုယ်တွေ့သိလာရတော့ သည်။မိန်းမလျှာလောက၌ပင် ကြီးနိုင်ငယ်ညှဉ်းပြုကျင့်ကြပုံ၊ မိန်းမလျှာများအား အသုံးချလျက် လူကောင်းများက စီးပွားရှာကြပုံ၊ မိန်းမလျှာအချင်းချင်းလည်း လူလည်ကျကြပုံများကို အံ့သြစွာ စက်ဆုပ်စွာ မောင်သန်းဝေ ကြုံလာရတော့သည်။မောင်သန်းဝေသည် အထက်ပါနေရာတစ်ဝိုက် ကျင်လည်ကျက်စားနေကြသည့် မိန်းမလျှာများအနက် နောက်ဆုံးရောက်လာသူမို့ မျက်နှာငယ်လှ၏။မိန်းမလျှာတို့၏ ဒုတိယဥက္ကဋ္ဌ မစိန်နှင့် သန်းတင်ကြီးတို့က မိန်းမလျှာအဓိပတိကြီး စိန်မမထံ ခေါ်ဆောင်သွားကြသည်။မိန်းမလျှာတို့၏ အကြီးဆုံးလူကြီးကား သူဌေး “အရှာဂျန်” ဖြစ်၏။အရှာဂျန်သည်လည်း မိန်းမလျှာတစ်ယောက် ဖြစ်ပါသည်။ စိန်မမက မောင်သန်းဝေအား “လာ .... လာ သမီး ငါ့သမီးက ဝါနုသေးတာကိုး” ဟု ကြိုဆိုပါ သည်။သူနှင့်ရွယ်တူ အသားဖြူဖြူ၊ မိန်းမလျှာက မောင်သန်းဝေအား သင်တန်းပို့ချပါသည်။သူ့ကို “နယ်ခြားဘု ရင်မ” (သို့) “ဆူးလေမယ်” ဟု ခေါ်ပါသည်။စင်စစ် နာမည်ရင်းမှာ စိန်ညွန့်ဖြစ်ပြီး သန်လျင်မှ အင်ဂျင်နီယာကြီးတစ်ဦး၏ သားဖြစ်ပါသည်။ဆူးလေမယ်က သူ့အား ယောက်ျားများနှင့်တွေ့က မည်သို့ တီတာရ၊ ညုရ၊ ခရာရမည်များကို လက်တွေ့သင်ကြားပို့ချပါသည်။ထို့ပြင် ကောင်းမွန်စွာကျွေးမွေး ဝတ်ဆင်ပေးပါသည်။မောင်သန်းဝေကို ငွေရှာခိုင်းလေပြီ။မောင်သန်းဝေလည်း ထိုလောက၏အရသာကို ခံစားပျော်ရွှင်လာလေပြီ။သူတို့ကဲ့သို့ ပေါ်ပေါ်ထင်ထင်မဟုတ်ဘဲ မိန်းမလျှာလောကတွင် ပုန်းလျှိုးကွယ်လျှိုး ကျင်လည်နေသူများလည်း မနည်းလှကြောင်း မောင်သန်းဝေ သိလာရ၏။

မောင်သန်းဝေတို့ကဲ့သို့ မိန်းမလျာများနှင့် လာရောက်ပျော်ပါးသူများထဲတွင် ငွေပေါပေါပေးပြီး ပျော်ပါးနိုင်ကြသူများမှာ ကုလားသူဌေးများ ဖြစ်ကြပါသည်။မောင်သန်းဝေတို့သည် အော်ဒါလည်းလိုက်ကြရ၏။ခြောက်လခန့်ကြာသော် ဆစ်ဖလစ်ပိုးများကြောင့် မောင်သန်းဝေ ကျန်းမာရေးချို့ယွင်းလာပါသည်။မိန်းမလျှာဆရာဝန်နှင့် (၂) လခန့် ကုရ၏။ဆေးရုံမှဆင်းလာသော် စိန်မမက လက်ဝတ်လက်စား၊ အဝတ်အစားအပြည့်အစုံ၊ အိပ်ရာလိပ်နှင့် ငွေငါးရာပေးကာ နှင်ချလေသည်။ရလာသည့် ငွေနှင့် ပစ္စည်းများကား (၃) လခန့်သာ ခံ၏။သူ့ခမျာ ဆိုက်ကားသမားတစ်ယောက်အိမ်၌ ခိုကပ်နေရ၏။ဆိုက်ကားသမားက မောင်သန်းဝေကို လူလည်းယူ၊ ပစ္စည်းလည်းယူလျက် ပစ္စည်းကုန်သောအခါ သူ့ကိုကန်ထုတ်လိုက်ပြန်ပါသည်။ထို့ကြောင့် ဆိုက်ကားသမားနှင့် (၃) လခန့်သာ ပေါင်းရပြီး ကွဲခဲ့ရပြန်ပါသည်။နယ်ခြားဘုရင်မ သင်ပေးလိုက်သည့် ပညာအားကိုးဖြင့် ဆူးလေ၊ ဗန္ဓုလပန်းခြံနှင့် ပန်းဆိုးတန်းတစ်ဝိုက်တွင် လှည့်ပတ်ကျက်စားရ၏။ခရာနိုင်တာနိုင်ပါမှ ရှစ်ပဲ၊ တစ်ကျပ်၊ နှစ်ကျပ်ခန့်သာ ရသည်။ထို့ကြောင့် ပတ်ချွဲနပ်ချွဲလုပ်ရင်း ပိုက်ဆံနှိုက်ရသည်။သို့မှသာ ရုပ်ရှင်ကြည့်နိုင်၊ ကိုယ်နှစ်သက်သူကို ငွေပေးပျော်ပါးနိုင်ပါသည်။ငွေမရှိလျှင် ဘာမျှမခံစား မစံစားနိုင်တော့ပေ။ထိုအခါ လောကကြီးကို စိတ်နာလာသည်။သို့သော် အများက အထင်အမြင်သေးသည့်နည်းဖြင့် ငွေရှာခြင်းကို လုပ်ရပြန်ပေသည်။ ၁၉၅၄ မတ်လ ၂၇ ရက်နေ့တွင် မောင်သန်းဝေကို သားသားနားနားဝတ်ထားသူတစ်ဦးက သူ့မိန်းမနှင့် တူသည်၊ ငွေပေးမည်ဆိုကာ အင်းလျားကန်စောင်းသို့ ခေါ်လာ၏။နှစ်ဦးသား ပျော်ပါးနေခိုက် ထိုသူ့အိတ်ထဲမှ ရာတန်သုံးရွက်နှင့် ပတ်ကားဖောင်တိန်ကို မောင်သန်းဝေ နှိုက်ယူလိုက်သည်။သည်နောက် မောင်သန်းဝေ ဘတ်(စ်)ကားစီးလျက် ရန်ကုန်ထဲသို့ ပြန်လာသည်။သူစီးလာသောကားကိုတားပြီး မောင်သန်းဝေနှင့် ပျော်ပါးခဲ့သူက ပစ္စည်းပျောက်ရှာလေသည်။

“ခုန ငွေသုံးရာနဲ့ ပတ်ကားဖောင်တိန် သူနှိုက်တယ်” ဟု ဆိုကာ ထိုသူကပင် မောင်သန်းဝေကို ပါးနားရိုက်လျက် ရဲဌာနတစ်ခုသို့ ခေါ်ဆောင်သွားသည်။ပုဒ်မ-၃၇၉ နှင့် အမှုဖွင့်ပြီး လက်ထိပ်တန်းလန်းနှင့် ရန်ကုန်ထောင်ကြီးသို့ ပို့ဆောင်ခြင်း ခံရတော့သည်။ထောင်ထဲ ပထမဆုံးရောက်ရခြင်းဖြစ်သဖြင့် ကြောက်လွန်းပြီး မောင်သန်းဝေ အသားများပင် တဆတ်ဆတ်တုန်နေပါသည်။ကြောက်လန့်စွာရောက်လာသော သူအား တချို့က သနားကြည့်ကြည့်ကြသည်။တချို့က နောက်ပြောင်ကြသည်။သို့ဖြင့် ထောင် (၄) လ အပြစ်ချခံရလေသည်။

ထောင်ကျလူသစ် မိန်းမလျှာလေးအား ထောင်ကျလူဟောင်း ကာမဘီလူးကြီးများက နေ့ရောညပါ စော်ကားကြလေသည်။မခံမရပ်နိုင်လွန်သဖြင့် မောင်သန်းဝေခမျာ ဒုတိယထောင်ပိုင်အား ရှိခိုးဦးတင် တောင်းပန်ရသည်။ဒု-ထောင်ပိုင်က မိုးကြိုးတိုက်သို့ ပြောင်းပေးလိုက်သဖြင့် သက်သာရာရခဲ့ပါသည်။ထို့နောက် အင်းစိန်ထောင်သို့ ပြောင်းရသည်။အမြနှင့်အတူ ဖိနပ်လုပ်ငန်း လုပ်ရသည်။ပြန်လွတ်လာပြီး (၂၁) ရက်အကြာတွင် အဖော်နှစ်ယောက်နှင့် ပျော်ပါးနေစဉ် အဖမ်းခံရပြန်ပါသည်။အဖမ်းခံရသူများထဲတွင် သူ့ဆရာမ အဝင်းလည်း ပါလာလေသည်။သည်နောက် လွတ်လိုက် ပြန်လုပ်လိုက်၊ ထပ်အဖမ်းခံရလိုက်နှင့် ထောင်တွင်း ဝင်ဟယ်၊ ထွက်ဟယ်ဖြစ်ခြင်းနှင့်အတူ ထောင်ကျတိုင်း ထောင်အမှုထမ်းတစ်ယောက်နှင့် ညားခဲ့ရလေသည်။

အစ်မများကလည်း အကပ်မခံ။မောင်သန်းဝေကား ၁၉၅၅ တွင် အသက် (၂၂) နှစ်သာ ရှိသေးသော်လည်း ပိန်ချုံးဖျော့တော့နေလေပြီ။ထောင်ထဲရောက်ချိန်သည်ပင် မောင်သန်းဝေအတွက် နားနေရခြင်းမရှိဘဲ ထောင်ကျအချင်းချင်းကရော ထောင်အမှုထမ်းတချို့၏ ထင်သလို ပြုကျင့်ခြင်းခံရသည့် အသုံးချခံဘဝ ဖြစ်ရပြန်တော့သည်။

၁၁။ “မရှိ ခိုးနိုး” ….. လူထုဦးလှ ရန်ကုန်ထောင်တွင်း၌ (၃) နှစ်ခန့် နေရစဉ်အတွင်း နေ့စဉ် ဂေါက်သီးကစား ခဲ့ရာ ဦးလှတို့၏ ဘောလုံးများ ပြန်ကောက်ပေးခြင်း၊ ဂေါက်တံသယ်ပေးခြင်း၊ “ဘရောင်း” ရှင်းပေးခြင်းများ ဆောင်ရွက်ပေးသူ လူငယ်လေးများအား ဦးလှတို့က မုန့်ဖိုးစုပေးကြသည်။ထိုလူငယ်လေးများထဲတွင် ဝတ္တရားကျေပွန်လှသည့် မောင်အောင်ကျော်ထွန်းကို ဦးလှက စိတ်ဝင်စားသည်။မောင်အောင်ကျော်ထွန်း ပြောပြသည့် သူ့ဘဝဇာတ်ကြောင်းကား ...

ကျွန်တော့်မိဘများမှာ ဦးရှမ်းပုနှင့် ဒေါ်စောမြိုင် ဖြစ်ပါသည်။ရမ်းဗြဲအပိုင်၊ စကုကျွန်းဇာတိဖြစ်ပါသည်။သားချင်း (၈) ယောက်အနက် ကျွန်တော်က နံပါတ် (၄) ဖြစ်ပါသည်။မိဘများက လယ်ဧက (၇)၊ (၈) ဧကခန့်နှင့် နွား (၂) ရှဉ်း ပိုင်ပါသည်။လယ်ယာလုပ်ကိုင် စားသောက်ကြပါသည်။နှစ်စဉ် စပါး တင်း (၁ဝဝ) ကျော် ရပါသည်။ကျွန်တော်တို့ရွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်းသာရှိပါသည်။အသက် (၈) နှစ်တွင် ကျွန်တော် ကျောင်းစနေရပါသည်။ပရိတ်ကြီးကုန်ထိ သင်ရ၏။ဗေဒင်လည်း သင်ရပါသည်။ (၁၃) နှစ်သားတွင် ကျွန်တော်ရှင်ပြုရပါသည်။ (၁၅) နှစ်အရောက်၌ ပြည်တွင်းသောင်းကျန်းမှု စလာပါသည်။အဖေ့အစ်မက ပစ္စည်းနည်းနည်းရှိသဖြင့် ရွာတွင် မနေရဲသောကြောင့် ကျောက်ဖြူသို့ ပြောင်းနေပါသည်။ကြီးဒေါ်က ကျွန်တော့်ကို အဖော်အဖြစ်ခေါ်လာပြီး ရွှေဟင်္သာစတိုးအမည်ဖြင့် အစုစပ်ကုန်စုံဆိုင်တစ်ဆိုင် ဖွင့်လှစ်ရောင်းချပါသည်။တစ်နှစ်နီးပါး ကြာလာလေပြီ။အလုပ်ကလည်းပင်ပန်း၊ ကြီးဒေါ်ကလည်း ဆဲဆိုအော်ငေါက်နှင့်မို့ ကျွန်တော်စိတ်ညစ်ကာ ရွာသို့ပြန်ခဲ့ပါသည်။ရွာတွင် တစ်နှစ်ခန့်ကြာသော် ကြီးတော်လိုက်လာပြီး ပြန်ခေါ်ပါသည်။ (၁၉) နှစ်ရောက်သော် လေယာဉ်နှင့် ရန်ကုန်သို့လွှတ်ပြီး ကျောက်ဖြူကုန်သည်များ၏ အလုပ်ခန်းဖြစ်သည့် “သမဂ္ဂ ဝါနိစ္စ ကူးသန်းရောင်းဝယ်ရေး” တွင် တည်းခိုကာ ရန်ကုန်မှ ကုန်များပို့ပေးရသည်။တစ်နှစ်ကုန်၍ စာရင်းချုပ်သောအခါ ရွှေဟင်္သာစတိုး အရှုံးပေါ်လေသည်။အစုစပ်များက မကျေနပ်ကြပေ။ထို့ကြောင့် ကြီးဒေါ်နှင့် သူ့ခင်ပွန်း၏ အစုစပ်ကို ရွှေဟင်္သာတွင် ထားမြဲထားပြီး “သမ္မာဝါနိစ္စ ကူးသန်းရောင်းဝယ်ရေး” အမည်ဖြင့် သီးသန့်လုပ်ရပါသည်။နှစ်ခုစလုံးအတွက် ကျွန်တော်ကပင် ကုန်ဝယ်ပို့ရပါသည်။ (၆) လကုန်၍ စာရင်းချုပ်သောအခါ သမ္မာဝါနိစ္စက ကျပ် (၆၀၀၀) ခန့် မြတ်ပြီး ရွှေဟင်္သာက အရှုံးပေါ်နေပါသည်။သည်တွင် အစုစပ်များက ကျွန်တော်သည် ကိုယ်ပိုင်လုပ်ငန်းကိုသာ ဂရုစိုက်လျက် အများပိုင်အား လျစ်လျူရှုထားသည်ဟု ဆိုကြပြန်ပါသည်။သို့ဖြင့် ရွှေဟင်္သာနှင့် သမ္မာဝါနိစ္စတို့ ပြန်ပေါင်းလိုက်ကြပါသည်။

ထို့နောက် ကျောက်ဖြူအပိုင် မြေပုံမှ ကုန်သည် (၆) ယောက်နှင့် တောင်ကုတ်မှ လူ (၇) ယောက်ပါသည့် ကုန်သည်မိသားစု လာတည်းကြပါသည်။အခန်းကကျဉ်းသဖြင့် ကျွန်တော်က (၃၈) လမ်းရှိ သူငယ်ချင်းအိမ်တွင် တစ်ညသွားအိပ်ပါသည်။ဧည့်သည်များ ပြန်သွားပြီးနောက် ဘကြီးတို့ကို ကျွန်တော့်အခန်း၌မအိပ်ဟု တိုင်ကြားလေရာ ဘကြီးဖြစ်သူ စိတ်ဆိုးရေးသားသည့် စာရောက်လာပါတော့သည်။များမကြာမီ ဘကြီးက တောင်ကုတ်မှ ကုန်သည် ထွန်းမြတ်အောင်နှင့် ချည်ဖြူထည်ကို ဆေးဆိုးသည့်လုပ်ငန်း လုပ်ပြန်ပါသည်။ချည်ကိစ္စနှင့် တောင်ကုတ်ကုန်သည်က ဘကြီးအား တိုင်တောပြန်သည်။သူကဲ့သို့ အသက်ပိုကြီးသူအား ကျွန်တော်ကခိုင်းသည်ဟူ၍ ဘကြီးက ဆေးဆိုးဌာနသို့မသွားရန် စာလှမ်းရေးသဖြင့် ကုန်ဝယ်ကုန်ပို့အလုပ်ကိုသာ ကျွန်တော်လုပ်ပါတော့သည်။နောက်တစ်လခန့်အကြာတွင် ဟိုင်းကြီးကျွန်းအပိုင် ကမ်းမလာရွာတွင်နေသည့် ဘကြီးသည် ဘုန်းကြီးတစ်ပါးနှင့်အတူ ရောက်လာပြန်ပါသည်။အပြန်တွင် သူ့ရွာသို့ခေါ်ရာ ငြင်းဆန်မရသည့်အဆုံး စားစရိတ်ကာမိစေရန် အထည်တချို့ကို ၂၀၀၀ိ/- ဖိုးခန့် အကြွေးယူခဲ့ပါသည်။ကာလဘာရွာသို့ရောက်ပြီးနောက် အထည်များ ၆၀၀ိ/- ဖိုးခန့် ရောင်းပြီးနောက် ကျွန်တော်ဖျားပါသည်။တစ်လခွဲခန့်ကြာသော် ထွန်းမြတ်အောင်၏ အကြောင်းကြားချက်အရ ကြီးဒေါ်ယောက်ျား ဘကြီး လိုက်လာပါသည်။အကျိုးအကြောင်းရှင်းပြ၍မရ။ကျွန်တော် အထည်များ လိမ်ယူလာသည်ဟု စွပ်စွဲပါသည်။ရွာမှအမျိုးများက ဖျားနာနေသည်မှာ မှန်ကန်ကြောင်း ပြောသော်လည်း မကျေနပ်ပါ။စုဆောင်းရသမျှ ငွေ ၈၂၅ိ/- လက်ထဲထည့်ပေးရ၏။ကျွန်တော့်ကိုလည်း ရေကြောင်းဖြင့် ကျောက်ဖြူသို့ ပြန်ခိုင်းပါသည်။ကျောက်ဖြူရောက်သော် ကြီးဒေါ်ကိုပြောပြီး မိဘရွာသို့ ပြန်ခဲ့ပါသည်။ကျန်အထည်တချို့ကို ရွာတွင်ရောင်းသော်လည်း ရွာမှလူများ ဆင်းရဲကြသဖြင့် မဝယ်နိုင်ကြပါ။အထည်နှင့် ဓနိ လဲရပါသည်။ဓနိကို ကျောက်ဖြူ၌ သွားရောင်းရသည်။ဓနိရောင်းရငွေကို ဘကြီးက သိမ်း၏။ကျောက်ဖြူတွင် ကျွန်တော်အလုပ်လက်မဲ့ဖြစ်နေပါသည်။ဘကြီးက ရန်ကုန်သို့ ပြန်မလွှတ်လိုသဖြင့် မိမိစရိတ်နှင့်မိမိ ရန်ကုန်သို့ပြန်လာကာ ကုန်ပို့အလုပ် ပြန်လုပ်ပါသည်။သို့သော် ဘကြီးက ရန်ကုန်မှ ကုန်သည် မကျင်မွှေးအား ကျွန်တော်သည် စိတ်မချရသဖြင့် မွေးစားခြင်းမပြုတော့၊ မည်သည့်တာဝန်မျှ မပေးတော့ဟု ရေးလိုက်သည့်စာကို ကျွန်တော်ဖတ်ရရာ အလွန်စိတ်မကောင်းဖြစ်ရပါသည်။

ကုန်သည်တစ်ဦးအား အကျိုးအကြောင်းပြောကာ အထည် ၁၀၀၀ိ/- ဖိုးခန့် အကြွေးယူလျက် ကမ်းဘလာရွာဘက် သွားရောင်းပါသည်။ထိုရွာ၌ တစ်လကျော်ကြာနေ၍ အကြွေးပေးလိုက်သူက ကျွန်တော်လိမ်ပြေးသည်ဟု ယူဆပုံရပါသည်။ရန်ကုန်ပြန်လာသည့်အခါ ရဲက လိမ်လည်မှုဖြင့် လာဖမ်းပါသည်။လိမ်လည်ခြင်းမဟုတ်ကြောင်း၊ အကြွေးယူထားခြင်းသာဖြစ်ကြောင်း ပြေစာများပြကာ ရှင်းပြပါသည်။နောက်တစ်နေ့တွင် ရုံးတင်ပါသည်။လက်ထဲရှိသည့် ငွေငါးရာယူနှင့်ပါ။အထည်ကျန်များ ရှိနေသေးသဖြင့် ကျန်ငွေကို ဆက်လက်ပေးချေပါမည် ပြောသော်လည်း မရပါ။ငွေတစ်ခါတည်း အပြေမပေးနိုင်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်တစ်နှစ် ကျခံရစဉ် ဦးလေးလှနှင့် ဆုံရခြင်းဖြစ်ပါသည်။ကျွန်တော်လွတ်လျှင် ဘာလုပ်ရမည်မသိပါ။

မောင်အောင်ကျော်ထွန်းက ဦးလှ အရင် (၁၀) လ စောလွတ်ပါသည်။ဦးလေးလှ စီစဉ်ပေးလိုက်သဖြင့် သတင်းစာတိုက်တစ်တိုက်၌ အလုပ်ဝင်လုပ်ရာ စက်ကြီးကျွမ်းကျင်ဝန်ထမ်းတစ်ဦး ဖြစ်လာပါသည်။

          (ဆက်လက်ဖော်ပြပါမည်။)

ခင်နှင်းဦး