【 ဆောင်းပါး 】 နာခံတတ်ပါစေ

【 ဆောင်းပါး 】 နာခံတတ်ပါစေ

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့၏ ဆိုဆုံးမစကားကို မာန်မာနနှင့် တင်းမခံဘဲ နာခံတတ်သူဖြစ်ရပါမည်။

“သောဝစဿတာ ဧတံ မင်္ဂလ မုတ္တမံ” ဆိုဆုံးမလွယ်၍ နာခံတတ်ခြင်းသည် မြတ်သောမင်္ဂလာဖြစ်ကြောင်း သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတွင် ဘုရားရှင်က ဟောကြားခဲ့သည်။

မေတ္တာသုတ်၏အစ မေတ္တာမပို့ခင် မေတ္တာပို့သူမှာရှိသင့်သည့် အချက် ဆယ့်ငါးချက်တွင်လည်း “သုဝစောစဿ” ဆိုဆုံးမလွယ်၍ နာခံတတ်သူဖြစ်ပါစေဟုလည်း ဘုရားရှင်က ဟောကြားထားသည်။

ရတနာသုံးပါးနှင့် မိဘဆရာသမားတို့သာမက မိမိထက်အသက်ကြီးသူ အတွေ့အကြုံရင့်ကျက်သူတို့က စေတနာထားကာ လမ်းညွှန်ခြင်း၊ ဆိုဆုံးမခြင်းပြုခဲ့လျှင်လည်း လေးလေးစားစားနှင့် နာခံသင့်သည်။အလေးအနက်ထားစဉ်းစားပြီး လိုက်နာကျင့်သုံးရန် ကြိုးစားသင့်သည်။

လောကမှာ ဆုံးမသူနှင့် အဆုံးမခံရသူ နှစ်မျိုးရှိသည်။အများအားဖြင့် ဆုံးမသူများသည် အသက်ကြီးသူများ၊ မိဘများ၊ ဆရာများ အတွေ့အကြုံရင့်ကျက်သူများဖြစ်သည်။ဆုံးမခံသူများက အသက်ငယ်သူများ၊ သားသမီးများ၊ တပည့်များ၊ အတွေ့အကြုံနုနယ်သူများဖြစ်သည်။

လူကြီးမိဘ၏ စေတနာစကားကို မလိုက်နာဘဲ ဆန့်ကျင်ခဲ့လျှင် ဘဝတစ်လျှောက် အခက်အခဲများတွေ့ပြီး အမှားများစွာနှင့် ရင်ဆိုင်ရနိုင်သည်။မိမိကိုဆိုဆုံးမနေသော လူကြီးမိဘ၊ ဆရာသမားတို့သည်လည်း သူတို့ငယ်စဉ်အချိန်က သူတို့၏မိဘများ၊ ဆရာသမားများ၊ လူကြီးသူမများက သူတို့ကို ဆိုဆုံးမခဲ့သည်။ထိုအတွေ့အကြုံအရပင် သူတို့မွေးဖွားထားသော ကလေးများကို ဆိုဆုံးမနေကြခြင်းဖြစ်သည်။ထို့ကြောင့် ငယ်စဉ်ကပင် လူကြီးသူမများ၏ ဆိုဆုံးမလွယ်သူ ဖြစ်သင့်သည်။

ဆိုဆုံးမလွယ်သူဖြစ်ရန် မိမိကိုယ်မိမိပြုပြင်မှရမည်။ပထမဆုံး မိဘဆရာသမားတို့က မိမိကို အန္တရာယ်ကင်းစေချင်တာ မိမိဘဝကောင်းစားစေချင်တာ အဆင့်အတန်းမြင့်မားစေချင်တာကို နားလည်ရမည်။သို့မှသာ သူတို့၏စေတနာအဆုံးအမကို အလွယ်တကူနာခံတတ်လာမည်။နာခံထားသော အဆုံးအမကို လက်တွေ့ကျင့်သုံးပြီး လူတော်လူကောင်းဖြစ်ရန် ကြိုးစားဖြစ်မည်။

ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်ကဖြစ်သည်။ကာဏာ၏ မိခင်သည် ဘုရားရှင်ကို လွန်စွာကြည်ညိုပြီး ကိုယ်တိုင်ကလည်း သောတာပန်အရိယာတစ်ဦးဖြစ်သည်။ကာဏာသည် အိမ်ထောင်ကျပြီး အိမ်ခွဲနေသော်လည်း သူ့မိခင်ဆီကို မကြာခဏအလည်လာသည်။အပြန်တွင် သူ့မိခင်က သူတို့လင်မယားစားရန် အကြော်များကြော်ပြီး ထည့်ပေးလေ့ရှိသည်။

တစ်နေ့တွင် ကာဏာ၏ မိခင်သည် အိမ်ရောက်နေသော သမီးဖြစ်သူအပြန်တွင် ထည့်ပေးလိုက်ရန် မုန့်ကြော်နေသည်။ထိုစဉ် ရဟန်းတစ်ပါးက ဆွမ်းခံလာရပ်သဖြင့် ကာဏာ၏ မိခင်က ကြော်ပြီးသား အကြော်များကို သပိတ်အပြည့် လောင်းလှူလိုက်သည်။ထိုနေ့က ကာဏာတစ်ယောက် အိမ်မပြန်ဖြစ် တော့ပေ။

နောက်တစ်နေ့တွင်လည်း ကာဏာ့အိမ်အတွက် အကြော်ကြော်နေစဉ် ရဟန်းတစ်ပါး ဆွမ်းခံရောက်လာပြန်သည်။ကာဏာ၏ မိခင်လည်း ကြော်ပြီးသား အကြော်များကို ရဟန်းအား သပိတ်အပြည့် လောင်းလှူလိုက်ပြန်သည်။ထိုနေ့ကလည်း ကာဏာ အိမ်မပြန်ဖြစ်သေးပေ။

သည်လိုနှင့် လေးရက်ဆက်တိုက် ကာဏာ့အိမ်အတွက် ကြော်ထားသော အကြော်များကို ဆွမ်းခံရဟန်းများကို လှူလိုက်သဖြင့် ကာဏာ အိမ်မပြန်ရသေးပေ။ကာဏာ၏ ယောင်္ကျားလည်း အိမ်ပြန်မလာသော ကာဏာ့ကို စိတ်ဆိုးပြီး နောက်မိန်းမတစ်ယောက် ထပ်ယူလိုက်သည်။

ကာဏာလည်း သူ့ယောင်္ကျား သူ့ကိုစိတ်ဆိုးပြီး မိန်းမယူခြင်းသည် သူအိမ်မပြန်ဖြစ်သောကြောင့်ဖြစ်သည်။သူအိမ်မပြန်ဖြစ်သည်မှာလည်း သူယူသွားမည့် မုန့်များကို ရဟန်းများအားလောင်း လှူလိုက်သောကြောင့်ဖြစ်သည်။ထိုသို့တွေးမိသဖြင့် ရဟန်းများအပေါ် စိတ်ဆိုးပြီး မိခင်၏အိမ်ရှေ့သို့ ဆွမ်းခံကြွလာသော ရဟန်းများကို အမျိုးမျိုးစောင်းမြောင်းပြောကာ ရန်လုပ်နေလေသည်။ထို့ကြောင့် ရဟန်းများက ကာဏာ့အမေ အိမ်ရှေ့ကို ဆွမ်းခံမကြွတော့ချေ။

ကာဏာ့မိခင်က ကိုယ့်ဘဝကိုယ့်ကံကြောင့်ဖြစ်တာကို ရဟန်းသံဃာများအပေါ် အပြစ်တင်စိတ် မထားသင့်ကြောင်း ဆုံးမတော့မှ ကာဏာလည်း ကာမဂုဏ်စိတ်မွှန်ကာ မှားသွားကြောင်း ဝန်ခံသည်။

တစ်နေ့ ဘုရားရှင်ကိုယ်တိုင် ကာဏာ့မိခင်အိမ်သို့ ဆွမ်းခံကြွလာသည်။ကာဏာ၏ မိခင်သည် ဝမ်းသာအားရနှင့် ဘုရားရှင်ကို ဆွမ်းဘုန်းပေးပါရန် အိမ်တွင်းသို့ ပင့်ဖိတ်သည်။ကာဏာကတော့ ဘုရားရှင်ကို ထွက်မတွေ့ဘဲ အိမ်ထဲမှာပုန်းနေသည်။ဘုရားရှင်က ကာဏာ့အကြောင်း မေးသောအခါ ကာဏာ့မိခင်က အကျိုးအကြောင်းရှင်းပြပြီး ရဟန်းများကို ရန်လုပ်ခဲ့လို့ သူ့အပြစ်နှင့်သူ ဘုရားရှင်ကို ရင်မဆိုင်ရဲဘဲ ပုန်းနေကြောင်း ရှင်းပြသည်။ဘုရားရှင်ကခေါ်ခိုင်းတော့မှ ကာဏာလည်း အပြင်သို့ထွက်လာပြီး ဘုရားရှင်ကို ဝန်ချကန်တော့ကာ တောင်းပန်သည်။

ဘုရားရှင်က ကာဏာတို့ သားအမိကို မေးခွန်းထုတ်သည်။

“ငါ့တပည့်ရဟန်းတို့က ဒါယိကာမတို့ပေးလှူတာကို ခံယူသလား မပေးလှူတာကို ခံယူသလား”

“တပည့်တော်မတို့ ပေးလှူတာကိုသာ ခံယူပါတယ် အရှင်ဘုရား”

“ဒါဆို ဒါယိကာမတို့ ပေးလှူတာကိုသာ ခံယူတဲ့ ရဟန်းတွေမှာ အပြစ်ရှိတယ်လို့ ထင်လား”

“တပည့်တော်မတို့က သဒ္ဓါလို့ ပေးလှူတဲ့အတွက် ဆွမ်းခံရဟန်းတို့မှာ အပြစ်မရှိပါဘုရား”

ဘုရားရှင်သည် အလှူခံရဟန်းတို့နှင့်ပတ်သက်၍ ကာဏာ၏စိတ်ကိုရှင်းပြီးမှ ဒါနသီလ တရားတို့၏ တန်ဖိုးနှင့် အကျိုးပေးကြီးမားပုံကို ဟောပြောလေသည်။ဘုရားရှင်၏ တရားတော်အဆုံးမှာ ကာဏာသည် သောတာပန်အရိယာဖြစ်ခဲ့သည်။

ဘုရားရှင် ကျောင်းတော်သို့ ပြန်ကြွလာသည်ကို နန်းဆောင်ပေါ်မှ ရုတ်တရက်မြင်လိုက်ရသော ကောသလမင်းက နန်းတော်အပြင်သို့ထွက်လာပြီး ဘုရားရှင်ကို ဝတ်ပြုကာ အဘယ်မှကြွလာပါသလဲ ဘုရားဟု မေးလျှောက်သည်။

ဘုရားရှင်က ကာဏာတို့ သားအမိထံမှ ပြန်လာကြောင်းနှင့် အဖြစ်အပျက်များကို ရှင်းပြသည်။ကာဏာကိုလည်း သူတော်ကောင်းတို့ ခံစားထိုက်သည့် လောကုတ်တရာအကျိုးစီးပွားများ ချီးမြှင့်ခဲ့ကြောင်းပါ ပြောပြသည်။

ကောသလမင်းက သူလည်း ကာဏာ့ကို လောကီစည်းစိမ်ရှင်အဖြစ် ချီးမြှင့်လိုက်မည့်အကြောင်း ဘုရားရှင်ကို လျှောက်ထားသည်။ထို့နောက် ကောသလမင်းသည် ကာဏာကို သမီးကြီးအရာ မြှောက်စားပြီး အမတ်များကိုလည်း ကာဏာ့ဘဝအတွက် ကောင်းမွန်စွာစောင့်ရှောက်နိုင်သူကို ကာဏာနှင့် လက်ဆက်ပေးမည်ဖြစ်ကြောင်း မိန့်တော်မူသည်။အမတ်ကြီးတစ်ဦးသည် ကာဏာ့ကို စည်းစိမ်ဥစ္စာများအပ်နှံကာ သစ္စာရှိရှိပေါင်းသင်းသွားမည်ဖြစ်ကြောင်း ကတိပေးပြီး ဘုရင်ကြီးထံမှ ကာဏာ့ကို တောင်းသည်။

ဘုရင်ကြီးက ကာဏာ့ဘဝရှေ့ရေး လောကီ၊ လောကုတ္တရာ နှစ်ဌာနလုံးအတွက် ရည်ရွယ်တာဖြစ်ကြောင်း ကာဏာ့ကိုရှင်းပြတော့ ကာဏာက ဘုရင်ကြီးစကားကိုလက်ခံပြီး ထိုအမတ်ကြီးကို လက်ထပ်ပေါင်းသင်းသည်။

ထိုအချိန်မှစ၍ အမတ်ကတော် ကာဏာသည် အရပ်လေးမျက်နှာမှာ အလှူမဏ္ဍပ်များထိုးကာ အလှူခံကို အယုတ်အလတ် အမြတ်မရွေး နေ့စဉ်အလှူဒါနပြုသည်။သီလဆောက်တည်သည်။ဘာဝနာတရားများ အားထုတ်သည်။

ဘုရားရှင်က ကာဏာနှင့်ပတ်သက်ပြီး ရဟန်းအပေါင်းအား အောက်ပါဒေသနာတရားကို ဟောကြားခဲ့လေသည်။

“နက်ရှိုင်းသော သမုဒ္ဒရာသည် နောက်ကျိခြင်းမရှိ ကြည်လင်နေသလို ပညာရှိသူတော်ကောင်းတို့သည် ဘုရားရှင်ဟောကြားသော တရားကို နာကြားရသည်ရှိသော် စိတ်ညစ်ညူးခြင်းမှ ကင်းစင်ကာ အထူးကြည်လင်ကြကုန်၏။”

တကယ်တော့ ကာဏာသည် လူဆိုးတစ်ယောက်မဟုတ်သလို လူကောင်းတစ်ယောက်လည်း မဟုတ်ပါ။သို့သော်လည်း မိခင်၏ ဆိုဆုံးမခြင်းကို အလွယ်တကူနာခံသည်။ဘုရားရှင်၏ ဆိုဆုံးမခြင်း ကိုလည်း အလွယ်တကူနာခံသည်။ဘုရင်မင်းမြတ်၏ ဆိုဆုံးမစကားကိုလည်း အလွယ်တကူနာခံသည်။ထို့ကြောင့်လည်း လောကီ၊ လောကုတ္တရာ နှစ်ဌာနလုံးမှာ ချမ်းသာသုခရခဲ့သည်။

လောကမှာ ဒုက္ခမရောက်ချင်လျှင် အဆုံးရှုံးနည်းချင်လျှင် အမှားနည်းချင်လျှင် အောင်မြင်ချင်လျှင် လူကြီးမိဘဆရာသမားနှင့် အတွေ့အကြုံရင့်ကျက်သူတို့၏ ဆုံးမစကားနှင့် အကြံပေးလမ်းညွှန်ချက်များကို လွယ်ကူစွာ လက်ခံနာယူသင့်ပါကြောင်း .....။

ရိုက်မောင်း