【 ဆောင်းပါး 】 နာရေးတစ်ခေါက် ကျောင်းတစ်ခေါက်

【 ဆောင်းပါး 】 နာရေးတစ်ခေါက် ကျောင်းတစ်ခေါက်

မကြာမီရက်ပိုင်းက မိတ်ဆွေရင်းချာတစ်ယောက် ဆုံးပါးသွားသည်။ထိုမိတ်ဆွေမှာ ယခင်က တစ်လမ်းတည်း အတူနေလာခဲ့သူဖြစ်ပြီး ရပ်ကွက်တွေဖျက်ကြရသည့်အခါ မူလနေရာတွင် ထိုမိတ်ဆွေအိမ်က စီမံကိန်းထဲ မပါသဖြင့် ကျန်ခဲ့သည်။ထိုသို့မပါခြင်းကပဲ ကျနော်တို့ဖျက်ရသည့်သူတွေအတွက် ကံကောင်းခြင်းဖြစ်သည်။

သူ့အိမ်ကျန်ခဲ့တော့ ဖျက်ရသည့် ရပ်ကွက်မှသူများ တစ်ဦးနှင့် တစ်ဦး အဆက်အသွယ်မပြတ်စေရန် မိတ်ဆွေအိမ်က အချိန်းအချက်နေရာ ဖြစ်သွားသည်။ယခင်နေရာမှာ နေသူတစ်ဦးဦး သာရေးနာရေးဖြစ်သည့်အခါ မိတ်ဆွေအိမ်ကနေ စုသွားလိုက်ခြင်းဖြင့် သိပ်ပြီး လူဟောင်းတွေ မကွဲကွာကြ။ယခု ထိုအိမ်မှ မိတ်ဆွေ ဆုံးပါးသည်ဆိုတော့ မသွားလို့မဖြစ်သည့် အရေးကြီးသူ။

တစ်ခါတလေကြတော့ ကျနော်စဉ်းစားမိတာရှိသည်။လူတစ်ဦးနှင့် တစ်ဦး အရေးပါခြင်းကို တိုင်းတာသည့် စံနှုန်းများ မတူခြင်းကိုဖြစ်သည်။ငွေကို တန်ဖိုးထားသူများက ငွေရှိသူကို အရေးပါသည်ဟု ထင်မိမည်ဖြစ်ပြီး မိတ်ဆွေအပေါင်းအသင်းများကို တန်ဖိုးထားသူက ကူညီတတ်သည့် စိတ်ထားကောင်းသည့် မိတ်ဆွေကို တန်ဖိုးထားမည်ဖြစ်သည်။ရာထူးအာဏာကို မက်သူက ရာထူးအာဏာရှိသူကို တန်ဖိုးထားမည်ဖြစ်သည်။တန်ဖိုးထားမှုများ မတူသည့်အခါ တန်ဖိုးရှိခြင်းလည်း တူနိုင်မည်တော့ မဟုတ်။သို့သော် အများအားဖြင့်တော့ စုစုစည်းစည်း လုပ်တတ်သည့် သာတာ နာတာ သဘောမထားဘဲ လိုက်ပါဆောင်ရွက်ပေးတတ်သည့် လူတစ်ယောက်မရှိသည့်အခါ ထိုသူ၏ပတ်ဝန်းကျင်တွင် လစ်ဟာမှု ကြီးကြီးမားမား ဖြစ်ပေါ်တတ်သည်က အမှန်ပင်။ထိုသည်က ငွေရှိသူ၊ ရာထူးဩဇာအာဏာရှိသူ တိမ်းပါးပါက သူ့မိသားစုလောက်သာ လစ်ဟာမှုနှင့် ကွာခြားမှုပင်ဖြစ်သည်။ထို့ကြောင့် ကျနော်က မိတ်ဆွေဆိုတာကို  ပိုတန်ဖိုးထားတတ်ပေသည်။  

ယခုဆုံးပါးသည့် ထိုမိတ်ဆွေသည် တန်ဖိုးထားရသည့် မိတ်ဆွေအမျိုးစားထဲမှဖြစ်သဖြင့် မသွားလို့မဖြစ်။ထို့ကြောင့် နာရေးအစအဆုံး။မိတ်ဆွေဖြစ်သူ ဆုံးသောနေ့တွင် စာသင်ပြီး အပြန် သတင်းမေးသွားကာ ဖိတ်စာအတွက် စာစီပေးခဲ့သည်။အသုဘချသည့်နေ့တွင်လည်း စာသင်ချိန်ဖျက်ကာ သွားပို့ခဲ့သည်။ရက်လည်သည့်အခါ ရက်လည်မတိုင်ခင် ချက်ကြပြုတ်ကြသည့် ညကတည်းက မိတ်ဆွေအိမ်မှာ သွားအိပ်ပေးခဲ့သည်။ထိုသို့ နာရေးအိမ်တွင် ညအိပ်ခဲ့သောကြောင့် “နာရေးတစ်ခေါက် ကျောင်းတစ်ခေါက်” ဆိုသည့် ဆောင်းပါးကိုရေးဖို့ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

မြန်မာစကားပုံတွင်ရှိသည်က “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ဆိုသော ဆိုရိုးစကားပင်။မူလစကားအဓိပ္ပါယ်က ကုသိုလ်ရခြင်း၊ သံဝေဂရခြင်းကို ဆိုလိုခြင်းဖြစ်သည်။မသာတစ်ခေါက်သွားပို့သဖြင့် အသုဘတစ်ကြိမ်ရှု၍ရသော သတိသံဝေဂသည် ဘုန်းကြီးကျောင်းသို့ အခေါက်ခေါက်သွား၍ တရားနာရာမှရသော သတိသံဝေဂနှင့် ညီမျှခြင်းကို ဆိုခြင်းဖြစ်သည်။ယခု ကျနော်ပြောချင်သည့် စကားမှာလည်း ထိုအတိုင်းပင်ဖြစ်သည်။သို့သော် ဘုန်းကြီးကျောင်းတစ်ခေါက်သွားတာနှင့်ဖြစ်သော သတိသံဝေဂနှင့် မသာတစ်ခေါက်ပို့သဖြင့်ဖြစ်ခဲ့သော သတိသံဝေဂမှာ အတူတူဖြစ်လာပြီကို ဆိုလိုချင်လို့ဖြစ်သည်။

ထိုရက်လည်သော ညက မူလနေထိုင်ခဲ့ရာ ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းသို့သွားကာ လိုအပ်သည့် ဆရာတော်များပင့်ရန် အချိန်လာလျှောက်ခြင်း၊ ဆွမ်းချိုင့်ယူခြင်းတို့လုပ်ရန် လိုက်သွားခဲ့သည်။ကျနော်တို့နေခဲ့ရာ ရပ်ကွက်မှာ ဖျက်ခဲ့ရသော်လည်း ဘုန်းကြီးကျောင်းက ကျယ်ဝန်းသဖြင့် ကျောင်းပိုင်မြေ သုံးပုံတစ်ပုံသာ ပါသွားခဲ့ရာ အတော်အတန်ကျယ်ကျယ်ဝန်းဝန်းရှိခဲ့သည်။မြေစိုက်စေတီမှာလည်း ဉာဏ်တော် အတော်အတန်ရှိပြီး ဘုရားပွဲ ကျင်းပလေ့ရှိသဖြင့် အနားတစ်ဝိုက်မှ ညဘက်ဆိုလျှင် စေတီ၌ တရားထိုင်ကြ၊ ဘုရားလာဖူးကြဖြင့် မိုးရွာသောနေ့မှ လွဲပြီး အတော်အတန် လူစည်သည်။

ကျောင်းအဝင်ပေါက်မှစပြီး စောင်းတန်းရှိရာ  ငယ်ငယ်ကတော့ ထိုစောင်းတန်းတစ်လျှောက် ထိုင်ခုံများတွင် စိမ်ပြေးတမ်း၊ တိုင်ဦးတမ်း ကစားရသည်မှာ ခုပြန်တွေးကြည့်တော့ ပျော်စရာ။ယခုတော့ ထိုနေရာများတွင် လူတွေရှိသဖြင့် ကစားဖို့မပြောနှင့် ထိုင်စရာပင်မရှိ။ထိုင်ခုံတွင် နေစရာမဲ့သူအချို့ လာအိပ်နေကြသလိုမျိုး ကလေးများကလည်း  စောင်းတန်းတစ်လျှောက် ဟိုဟိုဒီဒီပြေးလွှားနေသဖြင့် မနည်းရှောင်ရသည်။စိတ်ရှုပ်ဖွယ် ကျောင်းဝင်းထဲနှင့် ခြားနားသည်က ကျောင်းတံတိုင်း အပြင်ဘက်တွင်တော့ ညဘက်ရောင်းသည့် ထမင်းကြော်ဆိုင်များ အကင်ဆိုင်များ။ထိုဆိုင်များတွင် လာစားသူ လူငယ်လူရွယ်များဖြင့်  စည်စည်ကားကား။ကျနော့်အဖို့ တော့ ဒီလိုမြင်ကွင်းက အထူးအဆန်း။

ညဘက် ဒီနေရာကို မရောက်သည်မှာ မရှိဘူးဆို သုံးနှစ်လောက်ရှိမည်။ထိုအတောအတွင်း အများကြီးပြောင်းလဲသွားသည်။ဆရာတော်က ကျနော်တို့ရှိစဉ်ကတည်းက ကျောင်းထိုင်ဖြစ်ရာ ယခုဆို သက်တော် ၈၀ ကျော် ဝါတော် ၆၀ ကျော်။ဒီတော့ တရားသမားစစ်စစ်ဖြစ်သဖြင့် နေစရာမရှိသူတွေ ကျောင်းထဲလာကြသည့်အခါ မနှင်ခိုင်း။ကျောင်းထဲမှာ အနားတစ်ဝိုက်က ကြောင်တွေ ခွေးတွေ လာပစ်လဲ မတား။သို့သော် စည်းကမ်းထားသဖြင့် ကြောင်တွေ ခွေးတွေက ဆရာတော်ကျောင်းရှိရာ တောင်ကျောင်းအပေါ်သို့ မတက်ကြဘဲ အောက်ထပ်တွင်သာ နေကြသည်မှာ ထူးဆန်းလှသည်။

ဆရာတော်က ဟိုတစ်လော ကျူးတွေဖျက်သည့်အခါ သူ့အသိ ဒကာတွေပါသွားသည်။ထိုအခါ နေစရာမရှိသည့် ဒကာတွေ ဒကာမတွေကို ကျောင်းထဲ ခေတ္တနေခွင့်ပေးခဲ့သည်။ဒီကနေ ကျောင်းထဲမှာ နေစရာမရှိသူတို့ ထပ်လာသည့်အခါ မနှင်ရက်။ထိုကနေ ကျောင်းမှာ ဒုက္ခသည်စခန်းလိုဖြစ်လာသည်။သို့သော် အရက်သေစာ သောက်စားတတ်သူများနှင့် ရန်ဖြစ်တတ်သူများကို မထား။ညစ်ပတ်စွာနေထိုင်ပါကလည်း နှင်ထုတ်သည်။ဆရာတော်က ထိုမိသားစုတွေအကြောင်းကို ပြောပြသည်။ကျူးဆိုပြီး ဖျက်တော့ ဘယ်ကိုသွားရမည်လာရမည် ဒီမိသားစုကြီးနှင့် ဒုက္ခတွေ။သွားစရာမရှိ လာစရာမရှိ။အပျိုအရွယ် မိန်းကလေးတွေပါသည့် မိသားစုဆို သူ့ကျောင်းဦးတိုက်လာသည့်အခါ မနှင်ရက်။လသားအရွယ် ကလေးတွေနှင့် မိုးထဲရေထဲ မထားရက်။ဒီတော့ အသက်ကြီးမှ ဒကာတွေ ဒကာမတွေ ဒုက္ခတွေကို ခွဲဝေထမ်းရသည်။ကျောင်းကိုလာနေကြ ဒကာတွေ ဒကာမတွေ ထိုနေစရာမဲ့သူတွေအပေါ် မငြူစူစေရန် စည်းကမ်းလေးထားရသည်။ဘယ်နေရာကို မလာနှင့်။ဘယ်နေရာကို မသွားနှင့်။ထိုကျောင်းမှာ မနက်ဆွမ်းစားချိန်ပြီးပါက ပိုလျှံသည့် ဆွမ်းတွေ ဆွမ်းဟင်းတွေကို မရှိသူတွေအား ဝေငှလေ့ရှိရာ ထိုသူတွေလည်း မရှိပါက ဝင်တန်းစီ။ကျူးဖျက်လို့ ယာယီနေစရာမရှိသူတွေက ခဏတာနေပြီး ကျောင်းကနေ ပြန်ထွက်သွားပြီး အပြင်မှာ အခန်းငှားနေကြသည်။ဒီနှစ်မှာ ပူတော့ အခန်းတွေမှာ ငှားနေရသူတွေ သူတို့ တိုက်ခန်းတွေ အိမ်တွေမှာ မနေနိုင်အောင် ပူသဖြင့် မနက်ကတည်းကနေ ညဘက်ထိ ဘုန်းကြီးကျောင်းထဲက စေတီထဲမှာ ကလေးတွေနှင့် လာနေကြရာ ကျောင်းထဲ လူမပြတ်လို့ ပြောရမတတ်အောင်ပင်။ ညဘက် ကျောင်းဝန်းပိတ်မှ ပြန်ကြသည်။    

ဆရာတော်က လူတွေကြုံရသည့် ဒုက္ခတွေ၊ လူဖြစ်လို့ရသည့် ဒုက္ခတွေကို ကျောင်းထဲမှာနေရင်း အကုန်မြင်ရသည်ဟု ဆိုသည်။လောကဓံ တရား ၈ ပါးကိုလည်း ဒီကျောင်းဝင်းထဲမှာ အကုန်ကြုံရမြင်သည်ဟု ဆိုသည်။ကိုဗစ်တုန်းက ကျောင်းထဲလာနေသူတွေ တိမ်းပါးခြင်းလည်းရှိခဲ့ရာ နေ့မြင်ညပျောက် မမြဲခြင်းတရားကို ကျောင်းထဲမှာ တစ်ထိုင်တည်းတွေ့ရကြောင်း မိန့်သည်။ထိုစဉ်က သုဿာန်တွေလည်း ကြွလို့မရသဖြင့် ဘုန်းကြီးကျောင်းထဲမှာ တစ်ယောက်ပြီး တစ်ယောက် သက်ပျောက်ဆွမ်းကပ်တာကို လက်ခံရ၊ တစ်ခါတလေ သုံးလေးယောက်ကို တစ်ခါတည်းပေါင်းပြီး သက်ပျောက်ဆွမ်းကပ်ရတာ၊ အသုဘတရားနာရတာတွေနှင့်။မသာတစ်ခေါက် မပို့ရဘဲနှင့် ကျောင်းဝင်းထဲမှာ ရလိုက်သည့် သံဝေဂတွေဆိုတာ အသက်ရှင်နေရတာကိုပင် စက်ဆုပ်လာသည်အထိ ဖြစ်လာသည်ဟု ဆရာတော်ကြီးက ဆိုသည်။

ယခုလည်း သူခန္ဓာမြဲစဉ် ကျောင်းဝင်းထဲ ဒုက္ခရောက်သည့် သတ္တဝါတွေ အားကိုးအားထားရာနေပါစေဟု ခွင့်ပြုထားကြောင်း ဆိုသည်။ဘေးက ကပ္ပိယတွေကလည်း ထိုသူများမှာ ဆရာတော် မေတ္တာကို နားလည်သဖြင့် ဆရာတော်ကြီး စိတ်အနှောင့်အယှက်မဖြစ်စေရန် တစ်ယောက်နှင့် တစ်ယောက် ထိန်းကြသည်ဟု ဆိုသည်။ဒကာရင်းတွေလို့ ပြောလို့ရသည့် ကျနော်မှာ ဆရာတော်ကြီး စိတ်ထဲက ဖြစ်နေတာကို မျှဝေခံစားမိသည်။

ဒီဘက်ခေတ်မှာ ရောက်လိုက်သည့် လူတွေ၏ ဒုက္ခကို အတတ်နိုင်ဆုံး ကူကယ်ပေးထားချင်သည့် ဆရာတော်ကြီ၏ စေတနာကို။ဆရာတော်ကြီးက ဒီခေတ်ဟာ “သေသူကို ရှင်သူက အားကျရတဲ့ ခေတ်” ဟု မိန့်လေသည်။

ထိုကျောင်းကအပြန် တစ်ညလုံး ကျနော် မုန့်ဟင်းခါးချက်နေရင်း တွေးနေမိသည်။ဒီဘဝမှာ လူဖြစ်ရတာ မတန်လှ။ဒုက္ခတွေချည်းပါပဲလားဟု။သတိသံဝေဂတွေ၊ တရားတွေ၊ ကောင်းသည့် စိတ်ထားတွေ၊ မသေခင်ထားရမည့် စိတ်တွေ…ဆရာတော်ကြီးက ပြခဲ့ပါလားဟု။

ဒီတစ်ခါ ကျောင်းတစ်ခေါက်သွားရတာ မသာတစ်ခေါက်ပို့သလို ရလိုက်သည့် သံဝေဂတရားတွေ။ထားသင့်သည့် စိတ်တွေ။

မောင်ဦးလွင်