【 ဆောင်းပါး 】 နောင်တများဖြင့် ကခုန်သော လူတွေ

【 ဆောင်းပါး 】 နောင်တများဖြင့် ကခုန်သော လူတွေ

လူတိုင်း နောင်တရဖူးကြမည်ဖြစ်သည်။နောင်တရဖူးတိုင်း ပြန်ပြင်ကြသည်ကိုမူ တွေ့ရခဲမည်ဖြစ်သည်။

ကျနော်က ကျောင်းဆရာတစ်ပိုင်း အစိုးရဝန်ထမ်းတစ်ပိုင်း လုပ်ခဲ့ဖူးရာ အခြားသောလူတွေ၏ ဘ၀ကို ဇာတ်ခုံနောက်ကနေ မြင်ရသကဲ့သို့ မြင်ခဲ့ရဖူးသည်။ရပ်ထဲရွာထဲက အထင်ကြီးသော မိသားစုတွေ၏ လူတွေမသိသော အခက်အခဲတွေ၊ အပူတွေကို မြင်ခဲ့ရဖူးသည်။တချို့သောသူတွေ မမှားသင့်သော အမှားတစ်ခုကို ဆက်တိုက်လုပ်ဆောင်မှုကြောင့် ဘ၀တွေ ပြိုလဲခဲ့ရသည်ကိုလည်း မြင်ခဲ့ရဖူးသည်။ပေါ့ဆမှုကြောင့် ပေးဆပ်လိုက်ရသော အမှားတွေကိုလည်း ဘေးကနေ မသက်မသာ ခံစားရဖူးသည်။ဘေးကနေပဲမြင်မြင်၊ရှေ့ကနေပဲမြင်မြင် မြင်ရသည်နှင့် အပူတွေက ကူးသည်ပဲဖြစ်သည်။

ကျောင်းဆရာဆိုသည်မှာ အတန်းကျောင်းထက် ပြင်ပစာသင်မှုဖြစ်သဖြင့် ကျောင်းသားမိဘတွေ အဆင်ပြေနေသည့်အခါ အိမ်ကို စာလာသင်သည့်သူအပေါ် မချေမငံ ဆက်ဆံသည်ကို ကြုံရပေါင်းများသည်။ထို့အတူ ထိုမိဘတွေ စီးပွားရေးအဆင်မပြေတော့လို့ ကလေးကို ကျူရှင်မပေးနိုင်သည့်အခါ ကျနော်မှာ ကလေးပညာရေးထိမှာ စိုးသဖြင့် အလကားသင်ပေးရသည်လဲ မနည်း။သို့သော် ထိုကလေး ထွန်းပေါက်သည့်အခါ ဖြစ်လာသည့် ကိုယ်မရသည့် စာသင်ခတွေ၊ မိဘတွေ မချေမငံ ဆက်ဆံမှုတွေမှာ နေလာနှင်းပျောက်သလို ကျနော်အတွက် ပြယ်ပျောက်ကုန်သည်။

ကျနော် စာစသင်သည့်အချိန်က ဖြစ်ရပ်တစ်ခုမှာ ယခုထိမှတ်မိနေတုန်းဖြစ်သည်။ထိုစာသင်သည့် အိမ်မှာ စျေးထဲ ကုန်စုံဆိုင်ဖွင့်ထားသည်။ဒီတော့ အိမ်တွင် အဖွားနှင့် မြေးမဖြစ်သူသာရှိသည်။ကျနော်က ထိုမြေးမဖြစ်သူ ၈ တန်းကျောင်းသူကို စာသင်ရသည်။တစ်ရက်ကို တစ်ချိန် ညနေပိုင်းဖြစ်သည်။ညနေဘက်တွင် ဒီဘက် ဘုရားခန်းမှာ ကျနော်စာသင်နေစဉ် ဧည့်ခန်းက အသံတွေကို အတိုင်းသားကြားရသည်။ဒီတော့ စာသင်တာ ကလေးအာရုံမလွင့်ဖို့ဆိုသည်မှာ မလွယ်။စာကို ဖိသင်ရသည်။ကျနော်ကတော့ သူတို့ပြောနေတာတွေ အတိုင်းသား ကြားရသည်။

ထိုတုန်းက မြန်မာထီမှာ ၇ ရက်လားမသိ ဖွင့်သည်။ထိုဖွင့်သည့်ထဲက အမြင့်ဆုံးထီ၏ နောက်ဆုံးနှစ်လုံးကို လောင်းကစားကြတာ ခေတ်စားသည်။ညနေဆို ထိုစျေးသည်လင်မယားမှာ ထိုဂဏန်းအတွက် ဟိုကလာပြော ဒီကလာပြောနှင့် ကြားနေရသည်။

အစောပိုင်းမှာတော့ သူတို့က အပျော်ဖြစ်သည်။နောက် ကံလိုက်တာလား၊ ဒုက္ခရောက်ဖို့ အကြောင်းဖန်လာလေတာလားမသိ။ဆက်တိုက်ပေါက်သည်။ကျနော့်ကိုတောင် ထိုးဖို့ပေးသည်။ကျနော်က မထိုးသဖြင့် ကျနော်အတွက်ဆိုကာ ၅ ကျပ်ဖိုး ထိုးပေးသည်။အဆရှစ်ရာ ရသည်။ထိုဂဏန်းပေါက်သည့်အခါ နောက်နေ့ညနေ ကျနော်လာသည့်အခါ ထိုပေါက်သည့်ငွေကို ကျနော့်ကိုပေးသည်။ထိုချိန်က သူတို့ဆီမှာ ကျနော်စာသင်တာက တစ်လလုံးမှ ၂၀၀၀ သာ ရသည်။တကယ်ဆို ထိုအချိန်က ကျနော်လည်း အတော်ကိုကျပ်တည်းသည့် ကာလဖြစ်သည်။သို့သော် လောင်းကစားကို အားမပေးလိုသဖြင့် ချဲလည်းမထိုး၊ ဒီလိုမြန်မာထီနှစ်လုံးတိုက်လည်း မထိုး။ဒီတော့ လောင်းကစား မလိုက်စားသဖြင့် ကျပ်တည်းသော်လည်း စိတ်ဆင်းရဲခြင်း ကင်းသည်။

သူတို့ပေးသော ငွေလေးထောင်ကို ကျနော်မယူဖြစ်။ကျနော် စိတ်ပါသွားမှာစိုးလို့ပါဟုပြောပြီး ငြင်းသည့်အခါ သူတို့မှာ ကျနော့်ကို အထူးအဆန်းသတ္တဝါသဖွယ်။နောက်တော့ စျေးထဲက ဆိုင်အလုပ်ကို သူတို့စိတ်မပါတော့။လူငှားနှင့် လွှဲတော့သည်။လင်မယားနှစ်ယောက်လုံး လောင်းကစားကို အင်တိုက်အားတိုက် ဖြစ်လာသည်။နှစ်လုံးပေးသည့် ဘိုးတော်ဆိုသူတွေဆီ ဘယ်လောက်ဝေးဝေး သွားသည်။အိမ်မှာကျန်သည့် အဖွားဖြစ်သူက ကျနော် စာလာသင်တိုင်း သူ့သမီးလင်မယား ဒီလိုဖြစ်နေတာကို စိတ်ဆင်းရဲကြောင်း ပြောသည်။ကျနော့်ကိုလည်း နားချပေးဖို့ပြောသည်။ကျနော်က အဖွားပြောသလို နားချတာ လွယ်သည်။သို့သော် ကိုယ်ပြောတာ နားမထောင်လျှင် ဘယ်လိုလုပ်ရမည်နည်း။ဒီကြားထဲ ကိုယ်က ပြောရလျှင် သူတို့ပေးသည့် လခဖြင့် စာသင်နေရတာဆိုတော့ ပြောဖို့ စကားမလွယ်။ခက်သည်က ထိုအချိန်ကာလမှာ တစ်နိုင်ငံလုံး နှစ်လုံးထီရောဂါ အထွဋ်အထိပ်ရောက်နေသည့် အချိန်ဖြစ်နေသဖြင့် စကားမအောင်နိုင်။သို့သော် အဖွားစိတ်ချမ်းသာအောင် ပြောပါမည်ဟုသာ ပြောရ တော့သည်။

တစ်ရက်တော့ ကျနော်စာသင်ဖို့လာသည့်အချိန် ကလေးမက အပြင်ကနေ ပြန်ရောက်ကာစ အဝတ်လဲ ထမင်းစားနေချိန်ဖြစ်သဖြင့် စောင့်ရင်း စကားပြောဖြစ်သည်။ထိုသို့ စကားပြောနေရင်း သူတို့အမေက နှစ်လုံးထိုးတာ သိပ်သဘောမကျဘူးထင်တယ်ဟု စကားစကာ အနိုင်ဖြင့်ရပ်တာ ကောင်းမည်ဟု ကျနော်က ပြောသည့်အခါ လင်မယားနှစ်ယောက်စလုံးက ရပ်လို့မရတော့ဘူး ဆရာရေ တော်တော်ဝင်နေပြီ။အခုရပ်လိုက်ရင် ဒုက္ခရောက်မှာဟု ပြောလေသည်။ထိုအခါမှ ကျနော်မှာ သူတို့အပူကို သိရသည်။သူတို့လည်း ကျနော့်ကို လူရင်းလို့ဖြစ်နေပြန်၊ ရပ်ကွက်မှာနေသူ မဟုတ်သဖြင့်လည်း သူတို့ရှုံးသမျှကို ပြောလေသည်။ကျနော်မှာ သိရတော့ စိတ်တွေ အတော်ကိုမကောင်း။စျေးထဲက ဆိုင်ခန်းတောင် ပေါင်ထားရ၊ ပစ္စည်းတွေလည်းကုန်။

နောက်တစ်လလောက်ကြာတော့ သူတို့ ပြန်အဆင်ပြေသွားပြန်သည်။ရှုံးစဉ်ကပြောခဲ့သည့် ဒီတစ်ခါရပြီးရင် မကစားတော့ဘူးဆိုသည့် အပြောကို သတိမရတော့။ကျနော် ထိုကလေးကို စာသင်ပေးသည့် ၃ နှစ်တာလုံး ထိုသို့ ပိန်လိုက်ဖောင်းလိုက်။သို့သော် ကျနော့်ကိုတော့ စာသင်ခ ပုံမှန်ပေးသည်။လေးလေးစားစားတော့ ဆက်ဆံသည်။ယခုပြန်တွေ့တော့ ကလေးမက အလုပ်အကိုင်နှင့် အိမ်ထောင်ကျကာ အဆင်ပြေနေသည်။သမီးအဖေနဲ့ အမေကော အရင်လိုဘဲလားလို့မေးတော့ မျက်နှာရှုံမဲ့ကာ “မရတော့ဘူး ဆရာရေ။အဖေနဲ့ အမေက ခုဆို တစ်ပတ် ၅ ရက်ထွက်တဲ့ နှစ်လုံးကိုပဲ။သမီးသွားရင်တောင် သူတို့ နှစ်လုံးကြွေးကို နိုင်သလောက် ရှင်းပေးခဲ့ရတာ။ဒီအာရုံပဲ ရှိတော့တယ်” ဟု ဆိုလေသည်။

ယခုအတော်များများ ခေတ်ကာလကြောင့် အဆင်မပြေသည့်အခါ ထွက်ပေါက်အဖြစ် ဘောလုံး၊ နှစ်လုံး စသည့် လောင်းကစားဘက်ကို လှည့်လာသည်။ဟိုးတစ်ရက်က လဘက်ရည်ဆိုင်တွင် ဆိုင်ရှင်က သူ့သား အွန်လိုင်းကနေ လောင်းတဲ့ ဂိမ်းတစ်မျိုးကြောင့် ဆယ်သိန်းလောက်ကုန်သွားလို့ အိမ်ပေါ်ကနေ နှင်ချနေတာကို ကြားခဲ့ရသည်။လောင်းကစားဆိုသည်မှာ ရတာချည်းပဲ မြင်သာအောင် ပြထားသည့် ထောင်ချောက်ဖြစ်သည်။ကိုယ်ကုန်တာကို ကိုယ့်ရဲ့ညံဖျင်းမှု၊ ကံကြောင့်ဟုထင်အောင် ပြထားသည်။ထို့ထက်ဆိုးသည်က အချိန်မရွေး ငွေအစုလိုက်အပုံလိုက် ရနိုင်သည်ဆိုသော မက်လုံးဖြစ်သည်။

နောင်တများဖြင့် ကခုန်သော လူတွေလို့ဆိုတိုင်း ကျနော့်မျက်စိထဲ ပြေးမြင်သည်က လောင်းကစားသမားတွေကိုသာဖြစ်သည်။ဘယ်တော့မှ နောင်တရသည်ကိုမရှိ။သို့သော် ဒီတစ်ခါ ‘ရ’ ပြီးရင် ပြင်တော့မည်ဆိုသည်ကတော့ ပြောလေ့တော့ ရှိကြလေသည်။

မောင်ဦးလွင်