【 ဆောင်းပါး 】 နှစ်ဆယ်ရာစု မြန်မာ့လူမှုဘဝအပေါ် မြန်မာဝတ္ထုတိုများ၏ ထင်ဟပ်ချက် တစေ့တစောင်း (၄)

【 ဆောင်းပါး 】 နှစ်ဆယ်ရာစု မြန်မာ့လူမှုဘဝအပေါ် မြန်မာဝတ္ထုတိုများ၏ ထင်ဟပ်ချက် တစေ့တစောင်း (၄)

လွတ်လပ်ရေးရပြီးခေတ် - (ခ)

သော်တာဆွေ (၁၉၁၉-၁၉၉၅) နှင့် မင်းရှင်(၁၉၂၇-၁၉၈၆) တို့ကဲ့သို့သော ဝတ္ထုရေးဆရာများသည် လူထုကြားသို့ လှည့်လည်သွားလာပြီး၊ သာမန်ပြည်သူများနှင့် စကားစမြည်ပြောဆိုကာ၊ သာမန်ပြည်သူများ၏ ဘဝ၊ သူတို့၏ သတ္တိနှင့် ကြာရှည်လေးမြင့်စွာ ရင်ဆိုင်ခဲ့ရသည့် ခက်ခဲပင်ပန်းမှုများကို ဒူပေနာပေခံလျက် ဖြေရှင်းကျော်လွှားနိုင်ပုံများကို ရေးဖွဲ့ကြပါသည်။

သူတို့ဝတ္ထုရေးသောအခါ၊ ဖြစ်ရပ်မှန်ဘဝများအပေါ်အခြေခံ၍ ရေးသားကြပါသည်။ဂျပန်ခေတ်ကို ဖြတ်သန်းခဲ့ရသည့် ဘဝများကိုလည်း သူတို့ရေးသားသောစာများတွင် မှတ်တမ်းတင်ထားကြပါသည်။ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို တည်ထောင်သောအခါ၊ မျိုးချစ်လူငယ်များသည် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းကြပြီး၊ ဒုက္ခသုက္ခပေါင်းစုံသည့် ပင်ပန်းကြမ်းတမ်းသောဘဝကိုခံယူ တိုက်ပွဲဝင်ကြပါသည်။ထို့နောက် လက်နက်ကိုင်အဖွဲ့အမျိုးမျိုးနှင့် ဆက်လက်တိုက်ခိုက်ကြရပြန်ပါသည်။

သော်တာဆွေနှင့် အလွန်ခင်မင်ရင်းနှီးသည့် ခင်မျိုးချစ်၏ ရေးသားချက်မှာ -

“သော်တာဆွေသည် ကျေးလက်တောရွာတွင် မွေးဖွားလာသူဖြစ်ပြီး၊ လယ်ယာစိုက်ပျိုးသူများကြားတွင် ကြီးပြင်းလာသူဖြစ်ပါသည်။လယ်သမားများ၏ဘဝကို သူကောင်းကောင်းသိပြီး  ကဗျာဆန်ဆန်နေထိုင်ခဲ့ရသည့် အရိပ်အယောင်ဟူ၍ သူ့တွင်မရှိပေ။လယ်သမားများ၏ ဆင်းရဲပင်ပန်းမှု၊ မသိနားမလည်မှုနှင့် နိမ့်ကျမှုများကို သူကောင်းစွာသိပါသည်။လယ်သမားများ၏ အလေ့အထနှင့် ဓလေ့ထုံးစံများကို သူသိပါသည်။လယ်သမားများကြားတွင် တစ်ချိန်လုံးအတူနေထိုင် လာသူလည်းဖြစ်ပါသည်။ကျေးလက်ဓလေ့ ထန်းရည်သောက်ခြင်း၊ တမင်မရည်ရွယ်ဘဲ၊ အလွယ်တကူ ကြက်ခိုး၊ နွားခိုးခြင်းတို့ကို လူယဉ်ကျေးဆိုသူများက မစာနာတတ်ကြဘဲ၊ အောက်တန်းကျရိုင်းပျမှုလုပ်ဆောင်ခြင်းဟု အံ့ဩတုန်လှုပ်ကြကြောင်း သူဖော်ပြရေးဖွဲ့ပါသည်။ထိုသို့ကြုံရလျှင် သူဘက်က ဆင်ခြေမပေးသည့်နည်းတူ တစ်ယောက်ယောက်ကို အပြစ်တင်ဝေဖန်ခြင်းလည်း မပြုပေ။လယ်သမားများ၏ မွေးရာပါသဘာဝအရ၊ ကျေးလက်ဆန်သည့် ကြက်ခိုး ထန်းရည်သောက် စသဖြင့်၊ ရိုးသားသော ကျူးလွန်မှုများနှင့် နေသားကျပျော်မွေ့ကြပုံကို သော်တာဆွေက ရေးသားတင်ပြလေ့ရှိပါသည်။ဖတ်ရှုရလွယ်ကူ ရိုးရှင်းသော သူ့ဝတ္ထုတိုများသည် ဆင်းရဲသားတို့အကြောင်းကို မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး၊ လယ်သမား ယာသမား ဆင်းရဲသားတို့ဘက်မှ ရပ်တည်ရေးသားထားပါသည်။  

သော်တာဆွေရေးသားသည့် စာများအနက် မမေ့နိုင်စရာအမှတ်အရဆုံးဖြစ်နေနိုင်သည့် ဝတ္ထုများတွင်  ‘မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း’ ဝတ္ထုတို ပါဝင်မည်ဟု ယုံကြည်ပါသည်။ဇာတ်လမ်းမှာ ရွာသူကြီးတစ်ယောက်က သူတပါး၏ ဇနီးမယားကို အငမ်းမရ တပ်မက်လိုချင်သောကြောင့်  ကိုယ်ကျင့်တရားပျက်ပြားပုံဖြစ်ပါသည်။သူ၏ အကျင့်ပျက် တရားပျက်မှုကြောင့် ရွာတွင် ဩဇာသက်ရောက်မှု တစတစ လျော့ပါးလာပါသည်။မိမိကိုယ်တိုင်က မှန်ကန်ပါမှ၊ တရားသဖြင့်နေထိုင်ပါမှ၊ သူတပါးတို့အပေါ် ဩဇာအာဏာ သက်ရောက်နိုင်မည်ဖြစ်သည်ဆိုသော သတင်းစကားကို ရွာသူကြီးဖြစ်ရပ်မှတစ်ဆင့် ရေးသားအသိလိုခြင်းသည် စာရေးသူ၏ အာဘော်ဖြစ်ပါသည်။  

၁၉၄၇ မှ စ၍ သော်တာဆွေသည် စုံထောက်နှင့် ဟာသဝတ္ထုတိုများကို ရေးသားပြီး၊ စာရေးဆရာဘဝကို စတင်ခဲ့ကြောင်း နာမည်ကြီး စာရေးဆရာ၊ ဝေဖန်ရေးဆရာ မင်းယုဝေက ရေးသားထားပါသည်။သော်တာဆွေ ရေးသားသည့် ဝတ္ထုတို တချို့မှာ ပီ၊ ဂျီ ဝုဒ်ဟောက်စ်၏ ဂျိဖ့်ဝတ္ထုတိုများကို မှီးငြမ်းထားခြင်းဖြစ်ပါသည်။သူရေးသည့် စုံထောက်နှင့် ဟာသဝတ္ထုတိုများကို အလွန်လူကြိုက်များပြီး သော်တာဆွေလည်း ထင်ရှားကျော်ကြားလာပါသည်။သို့သော် ဟာသဝတ္ထုတို တစ်ရာကျော် ရေးသားခဲ့ပြီးနောက် ၁၉၅၃ ခုနှစ်တွင် သူ့ပတ်ဝန်းကျင်ရှိ အမှန်တကယ်ရှိနေသည့် လူ့ဘဝများပေါ် အခြေခံ၍ ဘဝသရုပ်ဖော် ဝတ္ထုတိုများကို ပြောင်းလဲရေးသားလာပါသည်။ ဂျပန်ခေတ် ( ၁၉၄၃-၁၉၄၅) တွင် သော်တာဆွေသည် မြင်းလှည်းမောင်းခဲ့ပြီး၊ နောက်ပိုင်းတွင် လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ရောင်းချခဲ့ရသည့် သူ့ဘဝကို အခြေခံရေးသားထားသော ဝတ္ထုတိုများကို စုပေါင်း၍  ဘဝထိုထို အမည်ဖြင့် ဝတ္ထုတိုပေါင်းချုပ် ထုတ်ဝေခဲ့ပါသည်။ဤဝတ္ထုတိုပေါင်းချုပ်၌ ပါဝင်သည့် မမေ့နိုင်စရာ ဘဝသရုပ်ဖော်ဝတ္ထုတိုများကို ရှုမဝမဂ္ဂဇင်းတွင်  ၁၉၅၃ ခုနှစ်က စတင်ဖော်ပြခဲ့ပါသည်။ဘဝထိုထို ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ၁၉၆၁ စာပေဗိမာန်ဆု ချီးမြှင့်ပေးအပ်ခဲ့ပါသည်။စာပေဗိမာန်ဆုကို နောင်တွင် အမျိုးသားစာပေဆုအဖြစ် ပြောင်းလဲခဲ့ပါသည်။

‘လူလူချင်း ကိုက်စားနေကြသည်’ ဆိုသည့် ဝတ္ထုတိုတွင်၊ သူ့လက်ဖက်ရည်ဆိုင်သို့ လာရောက်စားသောက်လေ့ရှိသည့် ပြည့်တန်ဆာ မတင်ရီ၏ ရင်နင့်ဖွယ်ဘဝကို ခြယ်မှုန်းရေးသားထားပါသည်။ စင်စစ် မတင်ရီသည် ပညာမတတ်သော်လည်း ရိုးသားသည့် ကျေးတောသူလေးတစ်ယောက်ဖြစ်ပါသည်။လူမသမာတစ်ယောက်က သူ့ကိုလှည့်စားလက်ထပ်ပြီး မြို့သို့ခေါ်ဆောင်လာကာ၊ ပြည့်တန်ဆာလုပ်ငန်းကို အတင်းအဓမ္မ လုပ်ကိုင်စေပါ သည်။လူတိုင်းလူတိုင်း ဘဝအတွက် ပိုမိုကောင်းလာစေရန် အနာဂတ်ရည်မှန်းချက်၊ စိတ်ကူးအိပ်မက်များရှိကြသော်လည်း၊ သနားစရာ မတင်ရီကဲ့သို့သော မိန်းကလေးများ၏ ဘဝများကား  ကံဆိုးမိုးမှောင်ကျလျက်၊ အနာဂတ်မဲ့နေကြသည်ဟု စာရေးသူက ရေးဖွဲ့ပြထားပါသည်။  

၁၉၄၄-၁၉၄၅ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်သို့ မင်းရှင် ဝင်ရောက်စဉ်က၊ သူ့အသက် ၁၇ နှစ်သာရှိပါသေးသည်။သူတပ်ထဲသို့ဝင်ရောက်ပြီး မကြာမီ ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ထုတ်ရာ၌ ပါဝင်တိုက်ခိုက်ရပါသည်။ ဂျပန်တို့စစ်ရှုံး၍ လက်နက်ချပြီးနောက်၊ ရန်ကုန်၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော ကမာရွတ်တွင်ရှိသည့် အိမ်သို့ မင်းရှင် ပြန်လာပါသည်။သန်းဆွေ၊ မိုးဝေနှင့် ရဲခေါင် (နောက်ပိုင်းတွင် ကလောင်အမည် မင်းလတ်ဟု ပြောင်းသူ) စသည့် သူ့သူငယ်ချင်းများနှင့် ပြန်ဆုံတွေ့ပြီး၊ သူလည်း ဝတ္ထုတို၊ ဝတ္ထုလတ်နှင့် ဝတ္ထုရှည်တချို့ကို စတင်ရေးသားလာပါသည်။သူ့စစ်ရေးအတွေ့အကြုံများကို၊ ဝတ္ထုတိုများအဖြစ် ရေးသားပြီး၊ ပြည်တွင်းထုတ်မဂ္ဂဇင်းများတွင် ဖော်ပြပါသည်။ထို့နောက် သည်ဝတ္ထုများကို စုပေါင်းပြီး တစ်ခါတုန်းက တို့ရဲဘော်ခေါင်းစဉ်ဖြင့် ဝတ္ထုပေါင်းချုပ်အဖြစ် ထပ်မံပုံနှိပ်ပါသည်။ထိုဝတ္ထုတိုပေါင်းချုပ်စာအုပ်ဖြင့် စာပေဗိမာန်က ချီးမြှင့်သည့် ၁၉၆၃ ခုနှစ်၊ အနုပညာစာပေဆိုင်ရာဆု (ရသစာပေ) ကို ရရှိခဲ့ပါသည်။  

ဤဝတ္ထုတိုပေါင်းချုပ်ထဲတွင် ဝတ္ထုတို ၁၅ ပုဒ် ပါဝင်ပြီး၊ ယင်းတို့ကို အခန်းနှစ်ခန်းခွဲ၍ ဖော်ပြထားပါသည်။ပထမပိုင်းတွင် ၁၉၄၃ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သည့် သက်တမ်းနု မြန်မာ့တပ်မတော်တွင် ၁၉၄၃ မှ ၁၉၄၆ ခုနှစ်အတွင်း ပါဝင်တိုက်ခိုက်ခဲ့ရသည့် စစ်ရေးအတွေ့အကြုံများအား ပြန်လည်ရေးသားထားသည့် ဝတ္ထုတို ၁၀ ပုဒ်ကို ဖော်ပြထားပါသည်။  

ဒုတိယအပိုင်းတွင်, ၁၉၄၈-၁၉၅၈ ခုနှစ်အတွင်း တိုင်းပြည်၌ စည်းလုံးညီညွှတ်မှုပြိုကွဲပြီး၊ အစိတ်စိတ်အမြွာမြွာ ကွဲခဲ့ကြပုံအကြောင်းများ ရေးသားထားသည့် ဝတ္ထု ၅ ပုဒ်ကို ဖော်ပြထားပါသည်။မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး မကြာမီ မြန်မာ့တပ်မတော်မှ တပ်ဖွဲ့တချို့ တောခိုသွားပြီး ကွန်မြူနစ်များနှင့် ပူးပေါင်းကြပါသည်။အင်္ဂလိပ်အစိုးရလက်ထက်က ဖွဲ့စည်းပေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ကလည်း နိုင်ငံရေးအယူအဆကွဲပြားမှုကြောင့်၊ မြန်မာ့တပ်မတော်ကို  အာဏာဖီဆန်ပြီး ပုန်ကန်တော်လှန်တိုက်ခိုက်ကြပါသည်။
၁၉၄၃- ၁၉၄၆ ကာလအတွေ့အကြုံများကို ရေးသားထားပြီး ပထမပိုင်းတွင်ဖော်ပြထားသည့် ဝတ္ထုနှစ်ပုဒ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားပြီးဖြစ်ပါသည်။‘တောသူ’ ခေါင်းစဉ်ဖြင့် မင်းရှင်ရေးသားထားသည့် ဝတ္ထုတိုတွင် သူတို့စစ်သားများ ယာယီစတည်းချတည်းခိုရသည့်အိမ်တွင် ခဏတာတွေ့ခဲ့ရသည့် မိန်းကလေးတစ်ယောက်အကြောင်းကို ရေးသားထားပါသည်။ သူနှင့် ထိုမိန်းကလေး ချစ်ကြိုက်သွားကြပါသည်။ သူဆာလောင်သည့်အခါ မိန်းကလေးက သူ့ကို ဂရုတစိုက်ကျွေးမွေးပြီး စိတ်ပင်ပန်းချိန်တွင် နှစ်သိမ့်ပေးပါသည်။ သို့သော် မကြာမီမှာပင် နောက်တစ်နေရာသို့ သွားရောက်တိုက်ပွဲဝင်ရမည်ဖြစ်၍ မိန်းကလေးနှင့် ခွဲခွာခဲ့ရပုံကို ရေးဖွဲ့ထားပါသည်။“သားကြီးစစ်ပြန်” ဟု အမည်ပေးထားသော ဝတ္ထုတိုတွင် အကြီးဆုံးသားအပေါ်ထားရှိသည့် မိခင်၏ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ပြထားပါသည်။သားကြီး အကြိုက်ဆုံး အစားအစာများကို မိခင်ဖြစ်သူက ချက်ပြုတ်ပြင်ဆင်ပြီး သားကိုစောင့်မျှော်နေစဉ် သားဖြစ်သူက မနက်စောစာကို အပြင်တွင်စားခဲ့ပြီးလေပြီ။သားဖြစ်သူက မနက်စောစာကို သူမည်သို့မည်ပုံစားခဲ့ရကြောင်း ပြန်ပြောပြသည်ကို ကြားရပြီးနောက် မိခင်မှာ စိတ်ပြေသွားပါတော့သည်။သူအိမ်သို့ပြန်လာစဉ် မြန်မာ့တပ်မတော်၏ အကြီးအကဲ ဗိုလ်ချုပ် အောင်ဆန်းထံ ပေးပို့ရမည့် အရေးကြီးသည့် သတင်းပါလာသည်။တပ်မတော်စစ်ရုံးချုပ်တွင်ရှိနေသည့် ဗိုလ်မှူးကြီးနေဝင်းက၊ မိုးရေရွှံ့စက်များ စိုရွှဲလျက် ပင်ပန်းပုံပေါ်နေသော စစ်သားငယ်လေးအဖြစ် သူ့ကို သနားစိတ်ဝင်ကာ၊ သူစားမည့် နံနက်စောစာကို ကျွေးလိုက်ခြင်းဖြစ်ပေသည်။ ဤဖြစ်ရပ်မှန်အကြောင်းကို မင်းရှင် ဖော်ပြရေးသားရာတွင် သူနှင့် သူ့မိသားစုအမည်များ၊ တပ်မတော်အကြီးအကဲများ၏ အမည်များကို မပြောင်းလဲဘဲ မူလအမည်များဖြင့်ပင် ဖော်ပြရေးသား ထားပါသည်။

ဤဝတ္ထုတို ၁၅ ပုဒ်သည် အချိန်ကာလအလျောက် မြန်မာ့တပ်မတော် ပြောင်းလဲရင်ဆိုင်ခဲ့ရသည့် ဖြစ်ရပ်များကို မှတ်တမ်တင်ထားပါသည်။မြန်မာ့တပ်မတော်သည် အနောက်တိုင်းသား ကိုလိုနီနယ်ချဲ့များကို တိုက်ခိုက်ပြီးနောက်၊ အရှေ့တိုင်းသား ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ်ရပြန်သည်။ထို့နောက် ကွန်မြူနစ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား တိုက်ခိုက်ရပြန်သည့် လွတ်လပ်ရေးရပြီး ၁၀ နှစ်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အကြောင်း ရေးသားဖော်ပြထားပါသည်။  

မင်းရှင်သည် အာရုံခံစားမှု၊ လေ့လာသုံးသပ်မှုစူးရှ ထက်မြက်သူဖြစ်ပြီး၊ ရန်ကုန်မြို့ရှိလမ်းများပေါ်တွင် တွေ့ဆုံရသည့် သာမန်လူထုဘဝများကို မှတ်တမ်းတင်ရေးဖွဲ့သူဖြစ်ပါသည်။ဘဝရပ်တည်ရေးအတွက် ရုန်းကန် ရွေ့လျှားနေရသူများရှိကြကြောင်း ဥပမာအဖြစ် မင်းရှင်ရေးသားသည့် “ရှာလပတ်ရည်တစ်ပုံနှင့် မြူရဲ” ဆိုသည့် ဝတ္ထုတွင် မြင်တွေ့နိုင်ပါသည်။လက်ဆွဲပုံးထဲတွင် ရှာလပတ်ရည်များထည့်ပြီး ရုပ်ရှင်ရုံမှရှေ့ရှိ လမ်းပေါ်တွင်ရောင်းနေသည့်၊ ၁၀ နှစ် ၁၁ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက်ကို  တရားမဝင်လမ်းပိတ်ဆို့နှောင့်ယှက်မှုဖြင့် မြူနီစပယ်ရဲတစ်ဦးက လိုက်ဖမ်းသဖြင့် ဈေးသည်လေးမှာ ထွက်ပြေးရင်း မောင်းနှင်လာသည့် ကားကြီးတစ်စီးရှေ့တွင် လဲကျပြီး၊ ရှာလပတ်ရည်များ ဖိတ်စင်ကုန်၏။ဤတွင် ဈေးသည်လေးမှာ ငယ်ရွယ်လွန်းသည့် ကလေးပါတကားဟု သိနားလည်သွားသော ရဲသားက သနားစိတ်ဝင်လာပြီး၊ ဆုံးရှုံးသွားသည့် ဖျော်ရည်များအတွက် လျော်ကြေးအဖြစ် ငွေတစ်ကျပ်ပေးကာ၊ ပြန်လွှတ်ပေးလိုက်ပုံကို  ရေးဖွဲ့ထားပါသည်။

ထို့နောက် မင်းရှင် ရေးသားခဲ့သည့် ဝတ္ထုတို ၁၈ ပုဒ်ကို စုစည်းလျက် လမ်းပေါ်မှာအမည်ဖြင့် ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ၁၉၆၂ ခုနှစ် အောက်တိုဘာလတွင် ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ထိုဝတ္ထုစာအုပ်ဖြင့် စာပေဗိမာန်က ချီးမြှင့်သည့် အကောင်းဆုံးဝတ္ထုတိုပေါင်းချုပ်စာအုပ်အဖြစ် အနုပညာစာပေဆိုင်ရာဆု (ရသစာပေ) ကို ရရှိခဲ့ပါသည်။

မင်းရှင်၏ ‘လမ်းပေါ်မှာ’ ဝတ္ထုတိုပေါင်းချုပ်နှင့် မြသန်းတင့်၏ ‘မန္တလေးသို့ သွားရာလမ်း’ ဆိုသည့် ဘဝဇာတ်ကြောင်းစာအုပ်များမှာ ဆင်တူကြပါသည်။စာအုပ်နှစ်အုပ်စလုံးတွင်ပါဝင်သည့် ဝတ္ထုများမှာ စာရေးဆရာနှစ်ယောက်က၊ လမ်းပေါ်တွင် သူတို့တွေ့ကြုံခဲ့ရသည့် ပင်ပန်းနွမ်းလျနေပုံပေါ်နေသော သာမန်လက်လုပ်လက်စားတို့၏ ဘဝများကို သရုပ်ဖော်ရေးသားထားခြင်းဖြစ်ပါသည်။မင်းရှင်က သူတွေ့ကြုံရသူများ၏ ဘဝများကို ဝတ္ထုတိုများအဖြစ် ပြန်လည်တင်ပြထားပြီး၊ မြသန်းတင့်ကား သူနှင့်တွေ့ဆုံရသူများ၏ ဘဝရုန်းကန်ရပုံများကို  လူချင်းတွေ့ဆုံမေးမြန်းစကားပြောဟန်ဖြင့်  (အင်တာဗျူးပုံစံ) ရေးသားထားပါသည်။

အမေရိကန်စာရေးဆရာ  စတပ်(ဒ)ထပ်ခို (Studs Terkel) က ပုဂ္ဂိုလ်ရေးတွေ့ဆုံမေးမြန်းပုံဖြင့် ရေးသားထားသည့် အမေရိကန်အိပ်မက်များ၊ လဲကျပြန်ထ ရုန်းကန်ရ (Americsn Dreams : Lost and Found and Working)  ဟူသော နာမည်ကျော် စာအုပ် ၂ အုပ်၏ တင်ပြဟန် (စတိုင်) ကို အတုယူရေးသားထားပါသည်။ထိုစာအုပ် ၂ အုပ်တွင် သူနှင့် လမ်းပေါ်တွင် တွေ့ကြုံရသူတို့၏ ဖြစ်ရပ်မှန်ဘဝများဖြင့် ဝန်းရံထားသည့် အရေိကန်လူ့အဖွဲ့အစည်းကို သရုပ်ဖော်ရေးသားထားခြင်းဖြစ်ပါသည်။မင်းရှင်သည် သူ့ဝတ္ထုတိုများကို မှန်မှန်ကန်ကန် သရုပ်ဖော်ရေးသားသော်လည်း၊ ခံစားစာနာမှုဖြင့် ထိတို့ရေးသားထားခြင်းဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်။)
စာတမ်းရေးသူ - ဦးသော်ကောင်း
ဘာသာပြန် - ခင်နှင်းဦး