【 ဆောင်းပါး 】 နှစ်ဆယ်ရာစု မြန်မာ့လူမှုဘဝအပေါ် မြန်မာဝတ္ထုတိုများ၏ ထင်ဟပ်ချက် တစေ့တစောင်း (၅)

【 ဆောင်းပါး 】 နှစ်ဆယ်ရာစု မြန်မာ့လူမှုဘဝအပေါ် မြန်မာဝတ္ထုတိုများ၏ ထင်ဟပ်ချက် တစေ့တစောင်း (၅)

လွတ်လပ်ရေးရပြီးခေတ် - (ဂ)

ဒုတိယကမ္ဘာစစ်ကြီးပြီးစ၊ မြန်မာနိုင်ငံလွတ်လပ်ရေးခေတ်ဦးကာလ ၁၉၄၅ မှ ၁၉၅၀ ပြည့်နှစ်အတွင်း၊ ပင်ကိုယ်စွမ်းရည် ထူးချွန်ထက်မြက်သော စာရေးဆရာ ဒဂုန်တာရာကို လူငယ်မြန်မာစာရေးဆရာများ ဝန်းရံချဉ်းကပ်ကြပါသည်။ဒဂုန်တာရာသည် ဆိုရှယ်လစ်သရုပ်မှန်ဝါဒကို ထောက်ခံသူဖြစ်ပြီး၊ စာပေနှင့် အနုပညာတွင် သူ့ဘဝကို မြှုပ်နှံထားသူဖြစ်ပါသည်။

စစ်ကြိုခေတ် ဒဂုန်မဂ္ဂဇင်းတွင် ဒဂုန်တာရာ ကလောင်အမည်ဖြင့် စာများ စတင်ရေးသားခဲ့ပါသည်။ ဘယ်ဗာလီ နစ်ကိုး ရေးသည့် အတ္တ (Self by Beverly Nicols) ကို ဒဂုန်တာရာ မှီးငြမ်းရေးသားထားသည့် ‘မေ’ ဝတ္ထုကို နဂါးနီစာအုပ်တိုက်က ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။နဂါးနီစာအုပ်တိုက်အမည်သည် အင်္ဂလန်နိုင်ငံရှိ လက်ဝဲစာပေကလပ်ကို နမူနာယူ၍ မှည့်ခေါ်ထားခြင်းဖြစ်ပါသည်။

ဒဂုန်တာရာသည် ထူးခြားထင်ရှားသည့် ဝတ္ထုတိုအများအပြားကို ရေးသားခဲ့ပြီး၊ နောက်ပိုင်းတွင် ဝတ္ထုတိုပေါင်းချုပ်အဖြစ် ထုတ်ဝေခဲ့ပါသည်။ ၁၉၆၁ ခုနှစ်တွင် စံပယ်ဦး ဝတ္ထုပေါင်းချုပ်စာအုပ်ဖြင့် စာပေဗိမာန်စာပေဆု ရရှိခဲ့ပါသည်။ချမ်းသာကြွယ်ဝသူတို့၏ ဘဝကို ဝတ္ထုတိုများအဖြစ် ခြယ်မှုန်းရေးဖွဲ့သော စာရေးဆရာအနည်းအကျဉ်းထဲတွင် ဒဂုန်တာရာလည်း ပါဝင်ပါသည်။သို့သော် ဒဂုန်တာရာ ရေးသားသော ဝတ္ထုတိုများ၌ ချမ်းသာကြွယ်ဝသူများတွင် ဝိရောဓိပြဿနာများရှိကြသည်မှာ  ဘဝ၏နိယာမဖြစ်ကြောင်း ရေးသားဖော်ပြပါသည်။

၁၉၅၉ ခုနှစ်ထုတ် ရှုမဝမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် သင်းပျံ့မွှေးရည်ဝတ္ထု၌ ချမ်းသာကြွယ်ဝသည့် မုဆိုးမတစ်ယောက်သည် နိုင်ငံခြားယဉ်ကျေးမှုအဖွဲ့ဝင်များကို ဖိတ်ကြားပြီး၊ ထူးခြားဆန်းပြားစွာ ချက်ပြုတ်ကျော်လှော်ထားသည့် အစားအစာများကို အလျှံပယ်တည်ခင်းပြီး ညစာစားပွဲကျင်းပ ဧည့်ခံပါသည်။နိုင်ငံခြားသားများက စားသောက်ဖွယ်ရာများ၏ လက်ရာမှာ ဆုတံဆိပ်ပေးရလောက်သည်ဟု ချီးမွမ်းကြ၏။အမှန်စင်စစ် ဆင်းရဲနွမ်းပါးလှသည့် အိမ်ဖော်မလေးက ချက်ပြုတ်ထားခြင်းဖြစ်ပြီး၊ ညစာစားပွဲ ကျင်းပနေချိန်တွင် အိမ်ဖော်မလေးခမျာ မီးဖိုခန်းထဲ၌ နေမကောင်းဖြစ်နေပုံကို ထုတ်ဖော်ရေးသားထားပါသည်။  

ဝတ္ထုတိုအရေးကောင်းသည့် နောက်စာရေးဆရာတစ်ဦးကား ၁၉၅၈-၁၉၈၀ ပြည့်နှစ်အတွင်း သာမန် ဆင်းရဲသားလူထုနှင့် ချမ်းသာကြွယ်ဝသူတို့အကြောင်း နှစ်မျိုးစလုံးကို သရုပ်ဖော်ရေးသားခဲ့သည့် ထင်လင်း (အမည်ရင်း - ဦးသိန်းမောင်) ဖြစ်ပါသည်။ဦးသိန်းမောင် (၁၉၁၉ -၁၉၉၆) နှင့် ထင်လင်းနှစ်ဦးစလုံးကို ကျွန်တော်တို့ ကောင်းစွာသိကျွမ်းပြီး ချီးမွမ်းထိုက်သူဖြစ်ပါသည်။  

ဦးသိန်းမောင်သည် တစ်ချိန်က ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတွင် နည်းပြအဖြစ် တာဝန်ထမ်းခဲ့သူဖြစ်ပြီး၊ အင်္ဂလိပ်စာပေကို နှံ့စပ်ကျယ်ပြန့်စွာ ဖတ်ရှုလေ့လာထားသူဖြစ်ပါသည်။အင်္ဂလိပ်ဝတ္ထုများ၏ ဩဇာလွှမ်းမိုးမှု၊ သူ့တွင်ရှိစေကာမူ၊ ရုရှစာရေးဆရာ ချက်ကော့ဖ်၏ စာများကိုလည်း အင်္ဂလိပ်ဘာသာပြန်များမှတစ်ဆင့် ဖတ်ရှုထားသူဖြစ်ပါသည်။ထင်လင်း စာရေးသားသည့်အခါ သူအမှန်တကယ်မြင်တွေ့ သိရှိခဲ့ရသည့်  လူ့ပတ်ဝန်းကျင်ကို ထင်ဟပ်ရေးသားသူဖြစ်ပါသည်။ ၁၉၅၀ - ၁၉၆၀ ပြည့်နှစ်များကြားတွင် ရန်ကုန်တက္ကသိုလ်ကို နောက်ခံထား၍ ဝတ္ထုအမြောက်အမြား ရေးသားခဲ့ပါသည်။

“လှထိပ်တင်” ခေါင်းစဉ်ဖြင့် ရေးသားထားသော ဝတ္ထုတိုကို ဖတ်ကြည့်မည်ဆိုပါက၊ စာဖတ်သူတို့ စိတ်ထဲတွင် ရန်ကုန်တက္ကသိုလ်ဝင်းထဲ၌ စည်းကားသိုက်မြိုက်စွာ ကျင်းပသည့် သီတင်းကျွတ်မီးထွန်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲကို မြင်ယောင်လာမည်ဖြစ်ပါသည်။ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမနှင့် မိန်းကလေးအဆောင်များတွင် မီးများထွန်းညှိထားပါသည်။
လှပမွှေးကြိုင်စွာ အလှပြင်လျက် ရောင်စုံအဝတ်အစားများ ဝတ်ဆင်ထားသည့် တက္ကသိုလ်ကျောင်းသူများ၊ ဟိုဟိုဒီဒီလှည့်လည်သွားလာနေသည့် ကျောင်းသားများကို လရောင်ဖြာလင်းနေသည့် မိုးကောင်းကင်နှင့် ချိတ်ဆွဲထားသော မီးအိမ်များအောက်တွင် တွေ့မြင်နိုင်ပါသည်။ဟာသစွက်လျက်၊ သီတင်းကျွတ်မီးထွန်းပွဲတွင် ပါဝင်ဆင်နွှဲနေသော ကျောင်းသူတချို့သည် စမတ်ကျကျ ဖီးလိမ်းပြင်ဆင်ပြီး၊ အဖိုးတန်လှပသည့် အဝတ်အစားများ ဝတ်ဆင်ထားစေကာမူ၊ သူတို့အခန်းကား ညစ်ပတ်ရှုပ်ပွလျက် ကျန်ရစ်သည်ဟု ထင်လင်းက ထည့်သွင်းရေးသားထားပါသည်။

‘အသိုင်းအဝိုင်း’ဝတ္ထုတိုတွင်၊ တစ်ရွာတည်းမှ ရန်ကုန်တက္ကသိုလ်သို့ရောက်လာသည့် လူငယ်ကလေးတစ်ဦးနှင့် မိန်းမပျိုကလေးတစ်ဦးတို့၏ နှစ်သက်ကြည်နူးဖွယ်ဇာတ်လမ်းကို ရေးဖွဲ့တင်ပြထားသည်။ဤဝတ္ထု၌ ရွာတွင်ကျင်းပသည့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲကို ရှုမြင်ရသည့်နည်းတူ တက္ကသိုလ်ပရိဝုဏ်အတွင်း လူပျိုလှည့်ပိုးပန်းသည့် မြင်ကွင်းကိုလည်း မြင်ရပါသည်။မျှော်လင့်မထားသည့်၊ အံ့ဩဖွယ်ဖြစ်ရပ်ဖြင့် ဝတ္ထုကို အဆုံးသတ်ထားပါသည်။

အထူးသဖြင့် ထင်လင်း၏ ‘ဒီဇယ်’ ဝတ္ထုတိုကို ကျွန်တော်တို့ သတိရမှတ်မိနေပါသည်။မြန်မာပြည်တွင် ဒီဇယ်ရထား အင်ဂျင်စက်ခေါင်းကို စတင်မိတ်ဆက်ပြီး မကြာမီ ဤဝတ္ထုကို ၁၉၅၈ ခုနှစ်တွင် ပုံနှိပ်ဖော်ပြခဲ့ပါသည်။ဘူတာရုံတွင် ဒီဇယ်ရထားစက်ခေါင်း၏  ဆွဲအားအရှိန်မြင့်မားသဖြင့် ရထားသွားနှုန်း မြန်ဆန်မည်ဖြစ်ပြီး၊ ရေနွေးငွေ့ရထားစက်ခေါင်းနှင့် မောင်းနှင်ရစဉ်ကကဲ့သို့၊ ရထားဘီး တစ်ဘီးချင်းလှိမ့်ရုံ ရွေ့မည်မဟုတ်ကြောင်း၊ ခရီးသည်များအား လော်စပီကာနှင့် သတိပေးကြေညာနေပေသည်။  

ထင်လင်းသည် ဤဝတ္ထုတွင် ရထားထွက်ချိန်၌ ရထားလမ်းဘေးမှ ပလက်ဖောင်းပေါ်တွင် မကြခဏမြင်တွေ့ရလေ့ရှိသည့် ရုပ်ပုံကားချပ်ကိုလည်း ခြယ်မှုန်းပုံဖော်ထားပါသည်။ရထားစီးရန် ရထားဝင်အလာကို စောင့်ဆိုင်းရင်း ငိုက်မြည်းနေကြသည့် ခရီးသည်တို့၏ ရုပ်ပုံလွှာဖြစ်ပါသည်။ထို့ပြင် မိန်းမပျိုလေးတစ်ယောက်အကြောင်းကိုလည်း ရိုးရှင်းသိမ်မွေ့စွာ ထည့်သွင်းရေးဖွဲ့ပြထားပါသည်။
ဆရာမဖြစ်ဟန်တူသော မိန်းကလေးတစ်ဦးနှင့် သူ့တပည့်များဟုထင်ရသော ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်စုသည် မေမြို့ (ပြင်ဦးလွင်) သို့သွားမည့် ရထားစီးရန် ညလုံးပေါက်စောင့်ဆိုင်းနေကြပါသည်။တပည့်လေးများက ဆရာမနှင့် အဖော်လိုက်ပေးပြီး၊ ဆရာမကို စောင့်ရှောက်ပေးရန် ရောက်လာကြပုံရပါသည်။ထိုကာလ၌ ဘူတာရုံထဲရှိ လူအများကြားတွင် အဖော်မပါဘဲ၊ မိန်းမပျိုလေးတစ်ယောက်ထဲ ညဘက် မီးရထားစောင့်စီးပြီး၊ ခရီးသွားရန် မသင့်တော်သေးသည့် အချိန်ဖြစ်ပါသည်။  

မြဝတီမဂ္ဂဇင်းတွင် ထင်လင်း၏ ဒီဇယ်ဝတ္ထုတို ဖော်ပြသည့်လ၌ပင်၊ နာမည်ကျော် ကဗျာဆရာနှင့် စာရေးဆရာကြီး ဇော်ဂျီက၊ သူ၏အမည်ရင်း ဦးသိန်းဟန်ဖြင့်၊ ၁၉၅၈ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက် နေ့စွဲတပ်လျက်၊ ဒီဇယ်ဝတ္ထုကို ချီးကျူးဂုဏ်ပြု ရေးသားထားသောစာအား ထင်လင်းထံသို့ ပေးပို့ခဲ့ပါသည်။  

နောက်ပိုင်းတွင် ထင်လင်း၏ ဝတ္ထုတိုများကို စုစည်းပြီး စောင်းကြိုးတင်းသည့် သီချင်းသံအမည်ဖြင့် ထုတ်ဝေသည့် ဝတ္ထုတိုပေါင်းချုပ် စာအုပ်တွင် ဤအမှာစာကို ဖော်ပြခဲ့ပါသည်။ဆရာဇော်ဂျီက ဝတ္ထုထဲမှ အဓိကဇာတ်ကောင် မမနု၏ ရုပ်ပုံလွှာကို ရေးသားချီးမွမ်းထားပါသည်။အသက် ၂၀ ဝန်းကျင် မြန်မာမိန်းကလေးတစ်ယောက်တွင် မြင်တွေ့နေကျ နှစ်လိုဖွယ် နမူနာပြ မိန်းမပျိုလေးအဖြစ် ချီးမွမ်းထားပါသည်။မမနုက သူ့ကျောင်းသားများအပေါ် ကြင်နာချစ်ခင်သူဖြစ်ပြီး၊ ရထားစီးရန် စောင့်ဆိုင်းနေစဉ် မိတ်ဆွေသစ်များကိုလည်း လိုအပ်ပုံကို ရေးသားဖော်ပြထားပါသည်။

လျင်လျင်မြန်မြန် ခုတ်မောင်းနေသော ဒီဇယ်ရထားပေါ်တွင် မိန်းမပျိုလေးသည် ယခုမှစတင်သိကျွမ်းရသည့် ယောကျ်ားပျိုလေးနှင့် စကားလက်ဆုံကြရင်း၊ အတူပါလာသည့် တပည့်လေးများကို ချက်ချင်းလိုပင် မေ့လျော့သွားပါသည်။ထင်လင်းက ဤဝတ္ထုတိုကို တစ်ညနေ၌ ရန်ကုန်ဘူတာကြီးတွင် သူမြင်တွေ့ခဲ့ရသည့်မြင်ကွင်းအား ထင်ဟပ်ပုံဖော် ရေးသားခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။  

မန်းတင်(၁၉၁၆-၁၉၉၇)သည် သိပ္ပံမောင်ဝနှင့် မောင်ထင်တို့ ရေးသားကြသည့် မိမိအကြောင်းတစ်စိတ်တစ်ဒေသပါဝင်သော ဝတ္ထုတိုပုံစံနောက် လိုက်ပါရေးသားသူဖြစ်ပါသည်။ မန်းတင် ရေးသားသည့် မိမိအကြောင်း ရောစွက်ရေးသားသည့် ဝတ္ထုတိုများတွင် သူ့ကိုယ်ပွားအဖြစ် ငယ်ရွယ်သည့် မြို့ပိုင်မင်းလေး မောင်ပြုံးချိုကို ဖန်တီးထည့်သွင်းထားပါသည်။မန်းတင်က ၁၉၃၇ ခုနှစ်မှ စ၍ ဂျပန်ခေတ်၊ စစ်ပြီးခေတ်နှင့် လွတ်လပ်ရေးရပြီးချိန်အထိ မောင်ပြုံးချို ဇာတ်ကောင်ကို အသုံးပြုရေးသားခဲ့ကြောင်း၊ ကျွန်တော်တို့ တွေ့မြင်ရပါသည်။ထိုဝတ္ထုတိုများတွင် လယ်သမားများ၏ ဘဝ၊ သူတို့နေထိုင်ရာဒေသ၌ သူတို့ရင်ဆိုင်နေရသည့် ပြဿနာနှင့် လူမှုရေးများကို ရေးဖွဲ့တင်ပြထားပါသည်။ယခုအခါ မောင်ပြုံးချို ဝတ္ထုတိုပေါင်းချုပ်များစွာကို ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။

အန်နာအလော့ (Anna Allott) က အောက်ဖော်ပြပါအတိုင်း သုံးသပ်ဝေဖန်ထားပါသည်။

“ကျေးလက်နောက်ခံ သဘာဝကျကျရေးသားထားသော ဤဝတ္ထုတိုများသည် နိုင်ငံရေးအသိအမြင်သစ်များ၊ နည်းပညာသစ်များကို မြို့များမှ တောရွာများထိ သိမြင်စေပြီး၊ တပြိုင်တည်းမှာပင် မြို့နေ ရေပေါ်ဆီလူတန်းစားကိုလည်း တောင်သူဘယ်သမားတို့ ဘဝသရုပ်မှန်ကို သိမြင်လာစေပါသည်။”  

မန်းတင်၏ သမီးဖြစ်သူ မစန္ဒာ (၁၉၄၇-ဖွား) သည်၊ ဖခင်ကဲ့သို့ပင် စာပေရေးသားသူဖြစ်ပြီး၊ သူ့ပတ်ဝန်းကျင်တွင် တွေ့မြင်ရသည့် ဘဝနှင့် လူ့အဖွဲ့အစည်းအကြောင်းများကို ဝတ္ထုတိုများအဖြစ် ရေးဖွဲ့ပါသည်။မစန္ဒာသည် ၁၉၆၅ ခုနှစ်မှစ၍ စာပေရေးသားလာခဲ့ပြီး လွန်ခဲ့သည့် ၃၈ နှစ်အတွင်း သူရေးသားသည့် ဝတ္ထုများကို ပြည်တွင်းထုတ်မဂ္ဂဇင်းများတွင် ဖော်ပြခဲ့ကြပါသည်။ထိုဝတ္ထုတိုများကို  စုစုည်းကာ ဝတ္ထုတိုပေါင်းချုပ်များအဖြစ် ထုတ်ဝေခဲ့ပါသည်။မစန္ဒာ၏ ဝတ္ထုတိုပေါင်းချုပ် စာအုပ်များထဲမှ တစ်အုပ်သည် ၁၉၉၉ ခုနှစ် အမျိုးသားစာပေဆု (အကောင်းဆုံးဝတ္ထုတိုဆု) ကို ဆွတ်ခူးရရှိခဲ့ပါသည်။

မစန္ဒာ (အမည်ရင်း ဒေါ်ချိုချိုတင်) သည် ရန်ကုန်မှာပင် မွေး၊ ရန်ကုန်မှာပင် ကြီးပြင်းခဲ့ပြီး၊ ဗိသုကာပညာရှင်တစ်ဦးဖြစ်ပါသည်။ ထို့ကြောင့် မစန္ဒာ၏ လူမှုဝန်းကျင်အသိုင်းအဝိုင်းသည် သူ့ဖခင်၏ လူမှုဝန်းကျင်အသိုင်းအဝိုင်းနှင့်မတူ ကွဲပြားခြားနားပါသည်။မန်းတင်က ကျေးလက်တောသူ၊ တောသားများ၏ ဘဝများကို ရေးသားပြီး၊ မစန္ဒာက များသောအားဖြင့် မြို့နေ လူတန်းစားများအကြောင်းကို ရေးဖွဲ့ပါသည်။မြို့နေလူတန်းစားတို့၏ ပြဿနာများနှင့် ၂၀ ရာစု၏ နောက်ဆုံးဆယ်စုနှစ် နှစ်စုအတွင်း လျင်မြန်စွာပြောင်းလဲလာသည့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းတွင် လူမှုပြဿနာများကို မည်သို့မည်ပုံ နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနေပုံကို သရုပ်ဖော်ရေးသားပါသည်။  

မစန္ဒာ၏ သရုပ်မှန်ဝတ္ထုတို တစ်ပုဒ်ဖြစ်သည့် “လင်းစဒေါင်း၊ အင်းစိန်ညနေ လေးနာရီ” တွင် ဘတ်စ်ကားစပယ်ယာတစ်ဦး၏နေရာ၌ ဝင်ရောက်ခံစား ရေးဖွဲ့ပြထားပါသည်။စကားပြောဟန်ဖြင့် ရေးသားထားသည့် ဤဝတ္ထုဇာတ်ကြောင်းကို စပယ်ယာက တစ်ယောက်တည်းစကားပြောလျက် သရုပ်ဖော်သွားပါသည်။အိုဟောင်းလှပြီဖြစ်သည့် ဘတ်စ်ကားပေါ်တွင် လူများပြည့်ကျပ်ပြွတ်သိပ်စွာ စီးနင်းလိုက်ပါလာကြပြီး၊ ဘတ်စ်ကားအိုကြီးက ရန်ကုန်မြို့၏ တောင်ဘက် လင်းစဒေါင်းလမ်းဂိတ်စမှ မြောက်ဘက်တွင်ရှိသည့် အင်းစိန် ဆင်ခြေဖုံးရပ်ကွက်သို့ ဦးတည်မောင်းနှင်နေပါသည်။

ရန်ကုန်မြို့၏ လူဦးရေသည် အဆမတန်တိုးပွားလာသော်လည်း၊ လူထုအတွက် သယ်ယူပို့ ဆောင်ရေးကမူ ဆိုးဆိုးရွားရွား နောက်ကျကျန်ရစ်ခဲ့ကြောင်း ရေးဖွဲ့ထားပါသည်။ယခုအချိန်အထိ မစန္ဒာသည် ဝတ္ထုတိုပေါင်းချုပ် ၁၀ အုပ်ခန့် ပုံနှိပ်ထုတ်ဝေပြီးဖြစ်ပါသည်။သူရေးသားသည့် ဝတ္ထုတိုတချို့ကို ထိုင်း၊ ဂျပန်နှင့် အင်္ဂလိပ်ဘာသာများသို့ ဘာသာပြန်ဆိုခဲ့ပြီးဖြစ်ပါသည်။

          (ဆက်လက်ဖော်ပြပါမည်။)

စာတမ်းရေးသူ - ဦးသော်ကောင်း
ဘာသာပြန် - ခင်နှင်းဦး