【 ဆောင်းပါး 】 နှစ် (၁၀၀) က အောက်ပြည်အောက်ရွာ (၄)

【 ဆောင်းပါး 】 နှစ် (၁၀၀) က အောက်ပြည်အောက်ရွာ (၄)

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးမှာ အနာဂတ်ကို ရည်ရွယ်နိုင်ဖို့ ပစ္စုပ္ပန်မှာ မည်သို့ဆောင်ရွက်ရမယ်ဆိုတာကို အတိတ်ကာလတုန်းက ဘာတွေမှားလို့ ဘာတွေမှန်ခဲ့တယ်ဆိုတာ ပြန်လည်သုံးသပ်နိုင်ဖို့တော့ လိုအပ်ပါတယ်။ဒီလိုမှမသုံးသပ်နိုင်ရင် မျက်ကန်းမှန်းဆ ဖြစ်နေမှာပါ၊

ကုန်းဘောင်ခေတ် နောက်ဆုံးကာလများအတွင်း အထက်မြန်မာပြည်ဟာ အစစ ခေတ်နောက်ကျနေခဲ့ကြောင်း ပြည်ပခရီးသွားခဲ့သူတွေကတော့ သိနေပါပြီ၊ ယောမင်းကြီးဦးဘိုးလှိုင်လို ပုဂ္ဂိုလ်များက “ရာဇဓမ္မသင်္ဂဟကျမ်း” ကို သီပေါမင်းလေးထံ တင်ခဲ့ပါသေးတယ် သမိုင်းခေတ်ကြီးထဲမှာ အစစနောက်ကျခဲ့ပြီလို့ ဆိုရပါတော့မယ်။ဒါတောင်မှပဲ ရာဇဝတ်ရေး၊ တရားရေးတွေမှာ အတန်အသင့် အတုယူဖို့တော့ ဆောင်ရွက်ခဲ့သေးတာတော့ တွေ့ရပါသေးရဲ့။

ပြည်၊ အောင်လံကနေ ပဲခူး၊ ဟံသာဝတီ၊ ရခိုင်၊ တနင်္သာရီအထိ အင်္ဂလိပ်မင်းပိုင်နက် ဖြစ်နေပါပြီ။ရင်နာနာနဲ့ပြောရရင် အောက်ပြည်မှာ လုပ်ကိုင်စားလို့ ကောင်းတယ်။လယ်သစ်ယာသစ်တွေလည်းရှိတယ်။ကူးသန်းရောင်းဝယ်ရေးလည်း လုပ်နိုင်သလောက် အကျိုးရှိပေးတယ်လို့ သိကြရလေတော့ အင်္ဂလိပ်ပိုင်အောက်ပြည်ကို ထွက်ခွာသူတွေလည်း အတော်များနေခဲ့ပါပြီ။မြန်မာဘုရင်လည်း သိနေပါတယ်။နှစ်စဉ် အခွန်အကောက်ရငွေဟာ တစ်နှစ်ထက်တစ်နှစ် နည်းပါးလာတာ စာရင်းအရ သိလို့ပါပဲ။ဒါတင်မက ရှာဖွေရနိုင်တဲ့ စစ်သည်စစ်သား တစစနည်းသွားတာလည်း သိနေပါတယ်၊ အရေးကြုံလို့ အပြေးအလွှားစုဆောင်းတာမှ ရဲမက်သုံးလေးသောင်းထက် မပိုတော့ပါဘူး။ခေတ်ပျက်သွားပါပြီ။တိုင်းပြည်ပျက်ဖို့ အချိန်နည်းနည်းပဲလိုပါတော့တယ်။

နှစ် (၁၀၀) က အောက်ပြည်အောက်ရွာအကြောင်း ပြန်ဖတ်မိတဲ့အခါ မြန်မာပြည်ရဲ့ ကံကြမ္မာပဲရယ်လို့ လူမတန် ကံချ တွေးမိရတော့တယ်။

၁၈၇၄ ကာလက အင်္ဂလိပ်တရားစီရင်ပုံတွေ ဖတ်ရတော့ ပဒေသရာဇ်ဘုရင်ကာလကိုလည်း ပြန်လှန်ကြည့်ချင်ခဲ့ပါရဲ့၊ သီပေါမင်းလေးခမျာလည်း အတုယူတန်တာတွေယူတာ တွေ့ပါတယ်။ ပုဂံဝန်ထောက်မင်းဦးတင်ရဲ့ “မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းနှင့် ဘိုးတော်ဘုရားကြီး၏ ရာဇသတ်ခေါ် အမိန့်တော်တမ်းကြီး” မှာ “သီပေါမင်းလက်ထက်မတိုင်မီ ရှေးအခါက အဆင့်ဆင့်စီရင်အုပ်ချုပ်ပုံတစ်မျိုး သီပေါမင်းလက်ထက်မှာ အဆင့်ဆင့်စီရင်အုပ်ချုပ်ပုံတစ်မျိုး ကွဲပြားသည်++++ရှေးထုံးစံကိုအချို့ ချန်၍ အနောက်နိုင်ငံနည်း အတုခိုးနိုင်သမျှ ခိုးယူလိုက်နာသည့်အတွက်ပင်တည်း” လို့ တွေ့ပါတယ်။

တစ်ခါ မြို့ရွာအုပ်ချုပ်သူအရာရှိများ ဆုံးဖြတ်ရန် သတ်မှတ်သည့် အမျိုးအစားအနေနဲ့ ခေါင်းစဉ် (၁၂) ခု တွေ့ပါတယ်၊ ပစ္စည်းခိုး လက်နက်စွဲကိုင် (ခိုးသားဓါးပြ)၊ မြင်းကျွဲနွားခိုးမှု၊ (တိရိစ္ဆာန်ဖမ်းဆီးသတ်ဖြတ်)၊ လှေစုန်လှေဆန် ဓါးလှံလက်နက်ဆောင်ယူမှု (လှေသင်္ဘောဓါးပြ)၊ ယစ်မျိုး အစရှိသဖြင့် တွေ့ပါတယ်။

ရုံးရောက်အမှုအနေနဲ့ အရေအတွက်ကို မသိရပေမယ့် ယေဘုယျတော့ မကွဲပြားလှပါဘူး၊ တစ်ခါ ခုံတော်များဆုံးဖြတ်ရန် သတ်မှတ်တာ (၂၆) မျိုး တွေ့ပါတယ်၊ မယားခိုး၊ ကြွေးမြီ၊ လယ်ပေါင်ယာပေါင်၊ လင်ကွာ မယားကွာ၊ အလိုမတူ ကာမကျူးလွန်၊ အမွေမှု စသည် တွေ့ရပါတယ်။

ထို့ပြင် သီပေါမင်းလက်ထက်က ဥပဒေပြုဌာန သီးခြားခန့်အပ်ပြီး ဥပဒေပြုစေတာလည်း တွေ့ပါသေးတယ်။ဥပဒေ (၁၉) ခု ပြုစုတာ တွေ့ပါတယ်။အများပြည်သူနဲ့ သက်ဆိုင်တဲ့ “မြို့ရွာသူကြီးတို့ စောင့်ထိန်းရန် ဥပဒေ၊ ခရိုင်ဝန်တို့ စောင့်ထိန်းရန် ဥပဒေ၊ အဝေးမြို့ဝန်အရာရှိတို့ စောင့်ထိန်းရန် ဥပဒေ၊ အကောက်ခွန်ဥပဒေ” စသည် ဖြစ်ပါတယ်။ဒါက အနောက်တိုင်းက အတုယူတာတွေဖြစ်ပါတယ်။

အင်္ဂလိပ်မင်း အုပ်ချုပ်ရာ “ပဲခူး-ဟံသာဝတီ” ဒေသက ရာဇဝတ်မှုခင်း ဖြစ်ပေါ်ပုံ စီရင်ပုံအချို့ကို သံတော်ဆင့်သတင်းစာကတစ်ဆင့် လေ့လာရာမှာတော့ အသေးစိတ်ကလေးတွေကိုပါ စေ့ငုဖြစ်ပါရဲ့။   

အင်္ဂလိပ်တည်တဲ့ ရန်ကုန်မြို့ဟာ အစဦးက ကုလားမြို့ပါ၊ မြို့သစ်တည်တိုင်း စီးပွားရှာဖို့ ဝိရိယကောင်းတဲ့သူတွေကတော့ တရုတ်တွေပါပဲ အမှုအခင်းတွေမှာလည်း သူတို့တွေဖြစ်တာ များပါတယ်။အခုခေတ်စားနေတဲ့ (အသွင်ယူ) ဖမ်းဆီးတယ်ဆိုတာကို ပြုံးချင်စရာတွေ့ရတာကတော့ ဒီလိုပါ “အင်စပိတ်တော်မင်း မီလာသခင်က ပန်းပဲတန်းရပ်က ဘိန်းဆိုင်ကို အစိုးရအမိန့် တည်-မတည် သိလို၍ ဘိန်းဝယ်ခိုင်းလိုက်ရာ ဥပဒေထက်ကျော်လွန်ပြီးရောင်းတာ မိပါတယ်။မြို့ဝန်က စစ်တဲ့အခါ ဘိန်းဆိုင်ရှင် တရုတ်က (၅) ကျပ်သားထက် ပိုမရောင်းပါဘူးလို့ ငြင်းပါတယ်။သို့ပေမဲ့ ဘိန်းက (၁၉) ကျပ်သားရှိတာကြောင့် ဒဏ်ငွေ (၂၀၀) တပ်လိုက်ပါသတဲ့” ၊ အခု ရန်ကုန်မှာ ဥပဒေနဲ့ ညီ-မညီ ငြင်းခုန်နေကြတာက အသွင်ယူပြီး ပိုက်ဆံနံပတ်မှတ်လို့ ပြည့်တန်ဆာဖမ်းတဲ့ကိစ္စပါ။အော် ဒါက အင်္ဂလိပ်ဉာဏ်ပါတကားလို့ ပြောရပါလိမ့်မယ်။

နောက် ဘိန်းတမှုကလည်း ဘရင်ဂျီတရုတ်တစ်ယောက်က ချွန်တွန်းတဲ့ကိစ္စပါ တရုတ်ချင်း မနာလိုလို့ဖြစ်တာပါ။ဒီတရုတ်က “ဆူးလေဘုရားအနီးက တရုတ်အချောင်အိမ်မှာ ဘိန်းရောင်းကြောင်း စာဆင်မီလာသခင်ကို သွားတိုင်ပါတယ်။မီလာသခင်က သူ့အိမ်ပေါ်တက်ဖမ်းတုန်း ဝင်မလာကြနဲ့လို့ ပြာတာကိုမှာပြီး တက်ဖမ်းပါတယ်။အချောင်ရဲ့မယားက တက်ကြည့်ပါပြောလို့ တပည့်ပြာတာက မီလာသခင်မှာတာကိုမေ့ပြီး အိမ်ပေါ်တက်လိုက်ပါတယ်။အချောင့်မယားက အကွက်ထဲဝင်ပြီဆိုပြီး သူ့အိမ်ထဲ ဘိန်းပစ်ပါတယ်လို့ ရပ်ကျော်ရွာကျော် အော်ပါလေရော။ဒါပေမဲ့ မြို့ဝန်မင်းက ပါးနပ်ပါတယ်။ဒဏ်ငွေ (၂၀၀) မပေးနိုင်ရင် ထောင်ဒဏ် (၁) လို့ စီရင်လိုက်ပါတယ်။”

ကုလားလူမျိုးတို့ကတော့ ပေတေတေ ညစ်ကပ်ကပ် လုပ်တတ်ကြတယ်၊ အုပ်စုဖွဲ့မိရင် တစ်ပါးသော အမျိုးသားနဲ့လည်း ရန်ပြု၊ ကိုယ့်အမျိုးသားချင်းလည်း ရန်ပြုတတ်ကြတယ်လို့ မြင်မိရပါတယ်။

အင်္ဂလိပ်က မြန်မာနိုင်ငံမှာ မြေလွတ်မြေရိုင်းတွေ အများအပြားရှိတာကြောင့် ဆန်စပါးစိုက်ပျိုးရေးကို အထူးအားထားလုပ်ကိုင်ချင်တော့ ဘင်္ဂလားကုလားများများကို ခေါ်သွင်းပါတယ်။မြန်မာတွေက ကူလီအလုပ်ကြမ်းတွေကို မလုပ်ချင်ကြပါဘူး ဘယ်မှာသိသာသလဲဆိုတော့ မန္တလေး-စစ်ကိုင်း ရထားလမ်းဖောက် အင်းဝတံတားကြီးဆောက်တဲ့အခါ မြေကျင်းတူး မြေဖို့ ဖို့ရာ အလုပ်ကြမ်းသမားတွေလိုတော့ကာ မြန်မာတွေကို ခေါ်လို့မရပါဘူး၊ ဒါကြောင့် ဘင်္ဂလားက ကုလားလူမျိုးတွေကို ခေါ်သွင်းကြပါတယ်။ရန်ကုန်-ပြည် ရထားလမ်းကို အရင်ဆုံးဦးစားပေးဖောက်လုပ်တာလည်း ဘင်္ဂလားအလုပ်သမားတွေ အလွယ်တကူရောက်လာနိုင်ဖို့လည်း ရည်ရွယ်တာဖြစ်နိုင်ပါတယ်။

ရန်ဖြစ်စရာမရှိရင် ကိုယ့်အချင်းချင်းပြန်ဖြစ်တတ်သူတွေဆိုတော့ အုပ်စုဖွဲ့ဖြစ်သွားရင် ရန်စောင်ကြ ရိုက်နှက်တတ်ကြပါတယ်။ ၁၈၇၃-ခုနှစ်ထဲမှာ “စူလရာလူမျိုး (၆၀) ခန့်ဟာ တစ်ဦးနှင့်တစ်ဦး မျက်ကြ၍ အမျက်ချောင်းချောင်း ထောင်းထောင်းစိတ်မာန် ပြင်းထန်စွာရှိရကား တုတ်ချွန်၊ အုတ်ခဲတို့ဖြင့် ထိုးခုတ် ထုရိုက်ကြလေသည်” လို့ တွေ့ပါတယ်။

စူရလာတို့ကို မြို့ဝန်မင်းက ဇဒမတ်ပြာတာများတို့ကို ဖမ်းဆီးစေတာ တွေ့ပါတယ်။

နောက်တစ်မှုမှာတော့ သံတန်ဆာပလာဆိုင် (အခုတော့ ကုန်မာဆိုင်ခေါ်ပါတယ်) ရောင်းသူ စူရတီလူမျိုး ကုလားတစ်ယောက်ဟာ လမ်း (၃၀) မဂိုလမ်း (အခု ရွှေဘုံသာလမ်း) သို့ ရောက်အလာ ကုလားလူဆိုးနှစ်ယောက်သုံးယောက်က ချောင်းရိုက်ရာမှာ ဦးခေါင်း လေးစိတ်လေးမွှာကွဲတယ် (ဒဏ်ရာပြင်းထန်ပုံရ) လို့ ဖတ်ရပါတယ်။

အရင်နှစ်ရက်လောက်ကလည်း ဒီလမ်းထဲမှာပဲ ချောင်းရိုက်မှုဖြစ်သေးတယ်ဆိုရဲ့။ရာဇဝတ်ပြာတာတို့ မလာမရောက်တဲ့အတွက် အစိုးရက ကြပ်မတ်စေလိုတယ်လို့ သတင်းစာက တောင်းဆို တိုက်တွန်းပါတယ်။လမ်း (၃၀) မဂိုလမ်းမှာပဲ ညဘက်မှာ ကုလားလင်မယားကို လူဆိုးတို့အငြှိုးထား၍ ရုတ်တရက် တက်ရိုက်လေလေသောကြောင့် ထိပ်ပေါက်ခေါင်းကွဲ ဒဏ်ရာဒဏ်ချက် အနာတရဖြစ်တယ်လို့ ရေးပေမယ့် ရိုက်နှက်သူများကို မရမမိလို့ ဆိုလေရဲ့။

ဒါက ကုလားချင်း အမြင်ကတ်လို့လား ဘာကြောင့်လည်းမသိရပါဘူး၊ ရန်ကုန်ဆိပ်ကမ်းမှာ ကုလား-ဗမာ အဓိကရုဏ်းလည်း ဖြစ်ဖူးပါတယ်၊ အုပ်စုဖွဲ့ရင် သွေးကြွတယ်။နိုင်ငံရေးအမြင်တစ်ခုနဲ့ အသုံးချလိုရင်လည်း ဆွပေးရတာလွယ်တယ်လို့ မြင်မိပါတယ်။

ဗမာတွေအကြောင်းလည်း သိချင်ပါသေးတယ် ဒေါသကြီးတယ်၊ မာန်မာနကြီးတယ်၊ စိတ်တိုတယ်၊ ထစ်ကနဲဆို လက်ပါတတ်တယ်။ မစဉ်းမစားလုပ်တတ်တယ်။ (၂၅) လမ်း စာဆိုတန်းရပ်က လူနှစ်ယောက်က ကျိုက္ကလို့ဘုရားပွဲတော်သွားဖို့ မြင်းနဲ့ဒုန်းစိုင်းလာတယ်။လှည်းနဲ့တစ်ဖွဲ့ကလည်း ဘုရားသွားဖို့ ထွက်လာရာကနေ လမ်းမှာ မင်းရှောင်ပေး ငါရှောင်ပေး အချေအတင်ဖြစ်ကြတယ်။ဘယ်သူကမှရှောင်မပေးတော့ ထိပ်တိုက်တွေ့ကြရော မြင်းပေါ်ကလူက ကြိမ်လုံးနဲ့ အရင်ရိုက်တယ်။လှည်းနဲ့လူကလည်း ပြန်ရိုက်တော့ မြင်းပေါ်ကလူ ပြုတ်ကျတယ် လမ်းထဲက အသိအကျွမ်း အဆွေအမျိုးတွေထွက်လာပြီး သူ့ဘက်ကိုယ့်ဘက် ဝိုင်းရိုက်ကြတယ်၊ သတင်းစာက နေ့ခင်းကြီးမှာ ရိုက်ကြသတ်ကြ ပဋိဃတ်ဖြစ်ကြသည်မှာ မသင့်တော်လို့ ရေးပါတယ်။

ဆန်လှေသူကြီးတစ်ယောက် ဆန်ရောင်းပြီးအပြန် ဓါးပြတိုက်ခံရတယ်။ရေထဲမြစ်ထဲမှာ ဒီလိုပဲ ဒီနေရာမှာ အတိုက်ခံရတာများပြီတဲ့။လက်သည်လည်းမတွေ့ဘူး ဗမာတွေပဲဖြစ်မယ်။လှေအစုန်အဆန်မှာ လက်နက်တွေ့ရင် ပုလိပ်ဖမ်းခွင့်ရှိတယ်။ဧရာဝတီမြစ်ထဲမှာ သင်္ဘောကြီး ထွန်းရွှေဆိုတဲ့ ဓါးပြတစ်ယောက် နာမည်ကြီးဖူးတယ်။သာမညလှေသင်္ဘောလောက်မတိုက်ဘူး။အစိုးရသင်္ဘော၊ နှစ်ထပ်သင်္ဘောလောက်မှတိုက်တာ။ညဘက် လှေကြီးများမထွက်ရ အစုန်အဆန်သွားမနေရ လက်နက်မပါရဆိုတာ ဗမာဓါးပြတွေအတွက် အမိန့်ထုတ်ထားတာဖြစ်မယ်ထင်ရဲ့ ဗမာတွေသတ္တိက တလွဲဆံပင်ကောင်းပါတယ်။

အဲဒီ (၁၈၇၄) ခုနှစ်ကာလထဲမှာ အထက်မြန်မာမင်းရှိရာနဲ့ အောက်အင်္ဂလိပ်ရှိရာမှာ တည်နေကြတဲ့ ဘဝဟန်ပန်တွေ တည်နေပုံတွေကို တစ်ကြောင်းမျဉ်းဆွဲကြည့်လိုက်ရင် ပုဂံဝန်ထောက်မင်းပြောသလို တစ်ယောက်က တောင်ပေါ်က၊ တစ်ယောက်က အခုမှတက်ဖို့ပြင်တုန်းဆိုတာ မှန်ကန်လွန်းတဲ့ စကားပါတကားလို့သာ ပဲ့တင်ထပ်လိုက်ချင်မိပါတော့တယ်၊ ခေတ်ကပျက်ပြီးပြီဆိုတော့ တိုင်းပြည်ပျက်ဖို့ပဲ ကျန်တော့သကိုး။

ရည်ညွှန်း - နှစ် (၁၀၀) က အောက်ပြည်အောက်ရွာ - လူထုဦးလှ - မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း - ပုဂံဝန်ထောက်မင်းဦးတင်

လင်းထင်