【 ဆောင်းပါး 】 နှလုံးသားချင်းယှက်နွယ် ယဉ်ကျေးမှုဖလှယ်

【 ဆောင်းပါး 】 နှလုံးသားချင်းယှက်နွယ် ယဉ်ကျေးမှုဖလှယ်

ခိုင်မြဲလျက်ရှိသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိနေသည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြားတွင် ယဉ်ကျေးမှုဖလှယ်သည့် အစီအစဉ်များကို ပြုလုပ်လေ့ရှိကြသည်။

နှစ်နိုင်ငံကြားတွင် ယဉ်ကျေးမှုဖလှယ်ခြင်းများဖြင့် အပြန်အလှန်နားလည်မှုကို မြှင့်တင်နိုင်ခြင်း၊ သံတမန်ဆက်ဆံရေးကို မြှင့်တင်နိုင်စေခြင်းနှင့် နှစ်နိုင်ငံပြည်သူအချင်းချင်းကြားတွင် ရင်းနှီးချစ်ကြည်မှု တိုးတက်ခိုင်မာစေရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်စေခဲ့သည်။

ယဉ်ကျေးမှုဖလှယ်ခြင်းကို အနုပညာ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ အစားအစာ၊ ဓလေ့ထုံးတမ်း စသည့် ကဏ္ဍပေါင်းစုံ၌ လွှမ်းခြုံလုပ်ဆောင်ကြခြင်းဖြစ်ပြီး နှစ်နိုင်ငံကြားတွင် ခိုင်မြဲသောဆက်ဆံရေးကို အထောက်အကူပြုစေခဲ့သည်။ထိုသို့ယဉ်ကျေးမှုဖလှယ်ရာ ပွဲလမ်းသဘင်အခမ်းအနားများစွာကိုလည်း မကြာခဏပြုလုပ်ကြပြီး ရန်ကုန်မြို့တွင် အများဆုံးပြုလုပ်လေ့ရှိသည်။

ပြီးခဲ့သော ဩဂုတ်လ ပထမပတ်အတွင်းကလည်း တရုတ်ယဉ်ကျေးမှုပြပွဲနှင့် တရုတ်-မြန်မာ လူငယ်ယဉ်ကျေးမှုဖလှယ်ပွဲကို ရန်ကုန်၊ နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ပြုလုပ်ခဲ့သေးသည်။ထိုတက္ကသိုလ်ရှိ တရုတ်ဘာသာဌာနနှင့် မြန်မာနိုင်ငံရောက် တရုတ်ကျောင်းသားများသုတေသီများအသင်းတို့ ပူးပေါင်းဦးစီးကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကူညီထောက်ပံ့မှုဖြင့် Eastern language and business center (ELBC) နှင့် Fuxing ကွန်ဖြူးရှပ်စာသင်ကျောင်းတို့မှ ပူးတွဲ၍ ဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ရန်ကုန်၊ တရုတ်ယဉ်ကျေးမှုစင်တာတွင်လည်း ယဉ်ကျေးမှုဆိုင်ရာ ပြခန်းများ ပြသခြင်း၊ Multimedia ခန်းမ၊ သင်တန်းခန်းများနှင့် စာကြည့်တိုက်များထားရှိပေးခြင်း၊ အဆိုအက ဖျော်ဖြေပွဲများ၊ ပြပွဲများ၊ သင်တန်းများ၊ နှစ်နိုင်ငံမှ သုတေတီပညာရှင်များ အချင်းချင်းဖလှယ်ကာ ရုပ်ရှင်ပြပွဲများကို စီစဉ်ကျင်းပလျက်ရှိသည်။

ထိုယဉ်ကျေးမှုစင်တာကိုလည်း နှစ်နိုင်ငံ အပြန်အလှန်တည်ထောင်ရန် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ နှစ်နိုင်ငံအစိုးရများက သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ဖွင့်လှစ်အကောင်အထည်ဖော်ကာ ဧရိယာအကျယ်အဝန်း ၁၃၄၂ စတုရန်းမီတာရှိသည့် ယင်းစင်တာတွင် နှစ်နိုင်ငံပြည်သူများကြား၌ အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်မှုကို တိုးမြှင့်နိုင်စေမည့် လှုပ်ရှားမှုအခမ်းအနားပွဲများကို လုပ်ဆောင်လာခဲ့ကြသည်။

ပြီးခဲ့သော သြဂုတ်လကုန်ပိုင်းကလည်း ရွှေလီမြို့၊ ကျယ်ရှန်းမြို့နယ်တွင် တရုတ်-မြန်မာ ပြည်သူများကြား ယဉ်ကျေးမှုဖလှယ်ပွဲဖြစ်သည့် နှလုံးသားချင်းယှက်နွယ်ရေးဇာတ်ခုံကြီး ယဉ်ကျေးမှုဖျော်ဖြေပွဲကို စည်ကားစွာ ကျင်းပခဲ့ကြသေးသည်။ထိုယဉ်ကျေးမှုဖလှယ်ရေးပွဲတော်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များက ဆန်းသစ်၍ ဝေဆာလှပသော အနုပညာဖျော်ဖြေတင်ဆက်မှုများကို တင်ဆက်ခဲ့ကြသလို တိုင်းရင်းသားအထူးဝိသေသများပါရှိသော ယင်းကဲ့သို့သော ဖျော်ဖြေတင်ဆက်မှုများသည် တရုတ်-မြန်မာ နှစ်နိုင်ငံပွဲကြည့်ပရိသတ်များ၏ ချီးကျူးလက်ခုပ်သံများကိုပင် အံ့မခန်းအောင် ကြားခဲ့ကြရသည်။

ထိုယဉ်ကျေးမှုလှယ်ရေးပွဲတော်မှာ “တရုတ်-မြန်မာ ပြည်သူကြား နှလုံးသားချင်းယှက်နွယ်ရေး၊ ပေါက်ဖော်ချစ်ကြည်ရေး အတူတကွလက်ဆင့်ကမ်းကြ” ဟူသော ဆောင်ပုဒ်ကို အဓိကထားကာ လုပ်ဆောင်နေကြပြီး ရွှေလီမြို့ကဲ့သို့ပင် ဝမ်တိန်၊ နန့်တောင် စသည့် နှစ်နိုင်ငံ နယ်စပ်မြို့များနှင့် ကျေးရွာများတွင် အလားတူပွဲတော်များကို ဆက်လက်လုပ်ဆောင်သွားရန်လည်း စီစဉ်နေကြသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံတို့သည် တောတောင်ရေမြေချင်း ဆက်စပ်နေပြီး ရှည်လျားကာ နက်ရှိုင်းသည့် ယဉ်ကျေးမှုရေစက်နှင့် လူပုဂ္ဂိုလ်ရေစက်များ ဆက်နွယ်မှုများရှိနေသည်ဟု ဆိုထားကြသည်။ယခုလို ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုများကို ဖော်ဆောင်ကာ လုပ်ကိုင်ကြခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်ကိုလည်း လက်တွေ့ကျင့်သုံးနိုင်သလို တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို တိုးတက်ပြန့်ပွားလာစေမည်ဖြစ်သည်။

ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ရေးအပါအဝင် အပြန်အလှန်လေ့လာအတုယူ၍ ကူးလူးဖလှယ်ခြင်းဖြင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွတည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

ယဉ်ကျေးမှုဖလှယ်ခြင်းမှာ တစ်ခါတရံတွင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အချက်များပေါ်တွင် မူတည်ပြီး အပြန်အလှန်ဆက်သွယ်မှုဆိုင်ရာ လှုပ်ရှားသည့် အခမ်းအနားပွဲများက အကျိုးပြုမှုများပြားစေခဲ့သည်။ထို့အပြင် နှစ်နိုင်ငံရှိ ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တန်ဖိုးထားခြင်းတို့မှာလည်း နှစ်နိုင်ငံပြည်သူများကြား၌ စိတ်ဝင်စားမှုတိုးလာစေကာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းခိုင်မာလာစေမည့် အခွင့်အလမ်းတစ်ရပ်ကို ဖော်ဆောင်ပေးရာ ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုအနုပညာလက်ရာများဖြစ်သည့် တရုတ်လက်ရေးလှရေးခြင်း၊ တရုတ်အလှကြိုးထုံး (China Knott) ပြုလုပ်ခြင်း၊ တရုတ်စစ်တုရင်ကစားခြင်း၊ တရုတ်ရိုးရာ စက္ကူညှပ်ခြင်း၊ တရုတ်နိုင်ငံအစားအစာ စားသုံးခြင်းနှင့် တရုတ်ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ ကစားနည်းများ ကစားခြင်းတို့မှာလည်း မြန်မာပြည်သူများကြားတွင် စိတ်ဝင်စားစေခဲ့သလို ယဉ်ကျေးမှုဆိုင်ရာ ပွဲများအတွင်းပြုလုပ်သည့် ဓာတ်ပုံပြပွဲနှင့် ရုပ်ရှင်ဇာတ်လမ်းပြပွဲများ၊ ဇာတ်လမ်းတိုများမှတစ်ဆင့်လည်း တရုတ်နိုင်ငံ၏ လူနေမှုအခြေအနေ သဘာဝပတ်ဝန်းကျင်၊ ရေမြေတောတောင်အလှအပများနှင့် ဒေသအကြောင်း စိတ်ဝင်စားဖွယ်ရာ အချက်အလက်များကို မြန်မာပြည်သူများကြား စိတ်ဝင်စားစရာဖြစ်စေသလို တရုတ်အစားအစာများ မြည်းစမ်းခွင့် ပြုလုပ်ခြင်းများဖြင့်လည်း ရင်းနှီးမှုများက ပို၍နွေးထွေးလာစေခဲ့သည်။

ရိုးရာဖျော်ဖြေပွဲများကလည်း စိတ်ဝင်စားစရာဖြစ်ခဲ့ပြန်သည်။ထည်ဝါ၍ ကြွယ်ဝလှသော ယဉ်ကျေးမှုများကို သိမြင်ခံစားလာကြကာ လေးစားတန်ဖိုးထားကြခြင်းဖြင့် တည်တံ့ခိုင်မြဲသော ချစ်ကြည်ရေးကို ချိတ်ဆက်၍ သက်သေထူလျက်ရှိသည်။

ထိုကဲ့သို့ ယဉ်ကျေးမှုဖလှယ်ကာ ဆက်နွယ်ပေါင်းစည်းခြင်းဖြင့်လည်း နှစ်နိုင်ငံ ပြည်သူများအချင်းချင်းကြားတွင် အပြန်အလှန်သိရှိနားလည်စေကာ ယုံကြည်မှုကိုခိုင်မာစေပြီး အစားထိုး၍မရနိုင်သော အကျိုးသက်ရောက်မှုများစွာလည်း ရရှိစေခဲ့သည်။

နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ခြင်းများမှ ရင်းနှီးချစ်ကြည်မှုများ ပိုမိုခိုင်မြဲလာစေကာ နှလုံးသားချင်းယှက်နွယ်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ရေရှည်ခိုင်မြဲအောင် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်မည်ဖြစ်သည်ကို ရေးသားလိုက်ရပေသည်။

ဧပရယ်လ်