【 ဆောင်းပါး 】 ပိုကောင်းအောင် လုပ်နိုင်ဖို့ သင်လုပ်နေတာကို ပုံစံအသစ်ပြောင်းလိုက်ပါ

【 ဆောင်းပါး 】 ပိုကောင်းအောင် လုပ်နိုင်ဖို့ သင်လုပ်နေတာကို ပုံစံအသစ်ပြောင်းလိုက်ပါ

ကလင်တန်ဒဲလ်ကျောင်းရဲ့ ကျောင်းအုပ်ကြီး ဂရေ ဂရင်းက ပုံစံသစ်ပြောင်းပြီး လုပ်ဆောင်ခဲ့တဲ့အတွက် သမာရိုးကျနည်းနဲ့ ဘယ်လိုမှအဖတ်ဆယ်လို့ မရတော့ဘဲ ကျရှုံးနှုန်း အရမ်းများနေတဲ့ သူ့ရဲ့ကျောင်းရဲ့ ဗရမ်းပတာ အခြေအနေကနေ ထိပ်တန်းရောက်အောင် အောင်မြင်ခဲ့ပုံတွေကို ပြောပြပြီးတဲ့နောက်မှာ ဂရင်းရဲ့ အောင်မြင်မှုကို ရှေးရိုးနည်းစနစ်၊ သူ့ သုတေသန လေ့လာမှုက တွေ့ရှိချက်တွေနဲ့ နှိုင်းယှဉ်ဝေဖန်သုံးသပ် လမ်းညွှန်ပြတာတွေကလည်း စိတ်ဝင်စားနည်းယူစရာ ကောင်းလှပါတယ်။

ဆက်လက်ဖတ်ရှုကြည့်ကြပါဦး။

ဂရေ ဂရင်းဟာ သူ့ကျောင်းကို ပြောင်းလဲဖို့အတွက် ခုလိုလုပ်ဖို့ စိတ်ကူးကောင်း စိတ်ကူးခဲ့လိမ့်မယ် - သူ့ဆရာမတွေကို နာရီပေါင်းများစွာ ဇွတ် စည်းရုံးဆွဲ‌ဆောင်မယ်။သူက အိမ်စာမလုပ်တဲ့ ကျောင်းသားတွေကို စည်းကမ်းသတ်မှတ် ထိန်းကွပ်မယ်။သူက ကျောင်းသင်ခန်း အငွေ့အသက်ကို ဟင်းပေါင်းအိုးတစ်ခု အသွင်ပြောင်းတဲ့အလား ကျောင်းသားတွေအပေါ်မှာ စမ်းသပ်မှုတွေလုပ်ပြီး ဆရာ/ဆရာမတွေကိုလည်း ပူးပေါင်းပါဝင် အမှတ်ပေးစေဖို့အတွက် လှုံ့ဆော်မယ်၊ အဲလိုသာ လုပ်ဆောင်ခဲ့မယ်ဆိုရင် ဂရင်းဟာ ရှိရင်းစွဲပုံစံအတိုင်း အလုပ်ပိုကြိုးစားလုပ်လာအောင် တွန်းတယ်လို့ ဆိုနိုင်ပါတယ်။

ဒါက “အလုပ်ပိုလုပ်” (Work Harder) ရှေးရိုးပုံစံတစ်ခုပေါ့။ဒါပေမဲ့ ဂရင်းက ဒီလိုတွေလုပ်ဖို့ မရွေးချယ်ခဲ့ပါဘူး။အဲဒီအစား ဂရင်းက အလုပ်လုပ်တဲ့ ပုံစံကိုပြောင်းပြီး အရင်က သင်ကြားခဲ့တဲ့ နည်းစနစ်ကို ပြောင်းပစ်ခဲ့ပါတယ်။သူက နဂိုရ်အတိုင်း အားစိုက်လုပ်ရုံနဲ့ အောင်မြင်မှု ပိုကြီးမားစေတဲ့ နည်း (တစ်နည်းအားဖြင့် ဉာဏ်ပါပါလုပ်တဲ့နည်း) ကို တွေ့ရှိ ကျင့်သုံးခဲ့ပါတယ်။

ကလင်တန်ဒဲလ်က သာဓကပြခဲ့တဲ့အတိုင်း ပိုကောင်းပြီး ဉာဏ်ပါပါလုပ်နိုင်တဲ့နည်းက အမြဲလိုလို ရှိနေတတ်တယ်။ကျွန်တော်တို့က အဓိကလုပ်ရမယ့် အလုပ်တွေကို လိမ္မာပါးနပ်စွာ ထုတ်ဖော်ပြီး ပုံစံအသစ်နဲ့လုပ်ဖို့ပဲ လိုတာပါ။ကျွန်တော်တို့ရဲ့ မန်နေဂျာတွေနဲ့ ဝန်ထမ်းတွေ အယောက် ၅၀၀၀ ပါဝင်တဲ့ လေ့လာမှုကနေ အဲလိုလုပ်ရင် ဘာအကျိုးတွေရမလဲဆိုတာကို သက်သေပြခဲ့ပါပြီ။ကျွန်တော်တို့က အချက်ငါးချက်ပါတဲ့ “ပုံစံပြောင်း” အလုပ်လုပ်ခြင်း အမှတ်ပေးကဒ်ကို ဖော်ထုတ်ဖန်တီးနိုင်ခဲ့တယ်။အဲဒီမှာ ပါဝင်တာတွေကတော့ “သူတို့ရဲ့ အလုပ်ကို ပိုကောင်းအောင် မွမ်းမံဖန်တီးပြီး တန်ဖိုးပိုများအောင် ထည့်သွင်းခြင်း” ၊ “သူတို့ရဲ့အလုပ်မှာ - လှုပ်လျှားမှုအသစ်များ၊ ပရောဂျက်အသစ်များ၊ လုပ်နည်းလုပ်ဟန်အသစ်များ စတဲ့ အခွင့်အလမ်းအသစ်တွေ ဖန်တီးခြင်း” နဲ့ “ပိုပြီး အားသွန်ခွန်စိုက် ထိထိရောက်ရောက် လုပ်သင့်တဲ့ အလုပ်ကဏ္ဍ ဖော်ထုတ်လုပ်ကိုင်ခြင်း” စသည်တို့ဖြစ်ပါတယ်။ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ပုံစံပြောင်း အလုပ်လုပ်ခြင်း အမှတ်ပေးကဒ်ကို များများအသုံးပြုတဲ့သူတွေဟာ ပျမ်းမျှခြင်းအားဖြင့် လုံးဝမသုံးတဲ့သူတွေထက် ရလဒ်ကောင်းတွေ ပိုရတာ တွေ့ရပါတယ်။တကယ်လို့ သင်ဟာ သင့်အလုပ်မှာ အကောင်းဆုံးအစွမ်းပြ အလုပ်လုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ လေ့လာမှုမှာပါဝင်တဲ့ ဂရေ ဂရင်းနဲ့ အခြားသူတွေလုပ်သလို - ရှေးရိုး လုပ်ထုံးလုပ်နည်း လုပ်ဟန်တွေကနေ ခွဲထွက်ပြီး အလုပ်လုပ်နည်း ပုံစံသစ်တွေကို စမ်းသပ်လုပ်ကြည့်ရမှာ ဖြစ်ပါတယ်။

           လိမ္မော်သီးကို အရည်ညှစ်ခြင်း

သင် ဘယ်လိုမတူညီတဲ့ နည်းသစ်လမ်းသစ်နဲ့ အလုပ်လုပ်နိုင်သလဲဆိုတာ ကျွန်တော်တို့ သွားမကြည့်မီ အရင်ဆုံး ဘယ်လိုပြောင်းလုပ်ကြည့်လို့ရမလဲဆိုတာ အရင်စဉ်းစားကြည့်ရအောင်။အလုပ်ကို ပုံစံသစ်နဲ့လုပ်ဖို့ စဉ်းစားမကြည့်ဘဲ သင့်စွမ်းဆောင်ရည်ကို ဘယ်လိုမြှင့်တင်နိုင်မှာလဲ။အထင်ရှားဆုံး လုပ်ကြည့်နိုင်တာကတော့ လုပ်နေကျ ပုံစံအတိုင်းပဲ အလုပ်ချိန် ပိုလုပ်ခြင်းပါ။ဒါက သင် အခုလည်း လုပ်ကြည့်နေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဟားဗတ်စ် စီးပွားရေးကျောင်းက ပရော်ဖက်ဆာ လက်စလီပါလိုနဲ့ သုတေသနလုပ်ကိုင်ဖက် ဂျက်ဆီကာပေါ်တာတို့ရဲ့ ၂၀၀၉ ခုနှစ်က လေ့လာစစ်တမ်းအရ ကျွမ်းကျင်ပညာရှင် ၁၀၀၀ အနက် ၉၄ ရာခိုင်နှုန်းက တစ်ပတ်ကို နာရီ ၅၀ နဲ့အထက် အလုပ်လုပ်ကြတယ်တဲ့။အံ့ဩစရာ ကောင်းတာက အဲဒီထဲက ၅၀ ရာခိုင်နှုန်းသောသူတွေက သူတို့ဟာ တစ်ပတ်ကို ၆၅ နာရီမက အလုပ်လုပ်ပါသတဲ့။အဲဒါကို တစ်နည်းအားဖြင့်ပြောရရင် သူတို့ဟာ တစ်ရက်ကို ၁၃ နာရီနဲ့ တစ်ပတ်ကို ငါးရက်အလုပ်လုပ်တယ်ဆိုတဲ့ သဘောပါ။

အလိုလေးလေး။စီမံအုပ်ချုပ်ရေးအကြောင်းရေးတဲ့ ဆဲလ်ဗီယာ အန်းဟျူးလက်နဲ့ ကယ်ရိုလင်းဗတ်လူးစ်တို့ရဲ့ ဝင်ငွေမြင့်မားသူတွေအပေါ် လေ့လာတွေ့ရှိချက်အရ ၃၅ ရာခိုင်နှုန်းသော လူတွေက တစ်ပတ်ကို နာရီ ၆၀ အထက် လုပ်ကြပြီး၊ ၁၀ ရာခိုင်နှုန်းကတော့ တစ်ပတ်ကို ၈၀ နာရီအထက် လုပ်ကြသတဲ့။အဲဒါတွေနဲ့ နှိုင်းစာတော့ တစ်ပတ်ကို နာရီ ၄၀ အလုပ်လုပ်တဲ့ ပုံမှန်သမားတွေက အချိန်ပိုင်းဝန်ထမ်းလေးတွေနဲ့သာ တူနေတော့တယ်။

အချိန်အကြာကြီး အလုပ်လုပ်တာက စွမ်းဆောင်ရည်ကို မြင့်မားစေသလား။ “အလုပ်ပိုလုပ် (Work Harder)” သမားတွေကတော့ ဟုတ်တယ်လို့ ဖြေကြမှာပဲ၊ ဒါပေမဲ့ တကယ်က ဒါ့ထက်အများကြီးရှုပ်ထွေးပါတယ်။ ကျွန်တော်တို့ရဲ့ တစ်ပတ်အတွင်း အလုပ်လုပ်ချိန်နဲ့ စွမ်းဆောင်ရည် ဆက်နွယ်မှုနဲ့ စပ်လျဉ်းပြီး မန်နေဂျာနဲ့ ဝန်ထမ်း ၅၀၀၀ အပေါ်  လေ့လာတွေ့ရှိချက်အရ လိမ္မော်သီးအရည်ညှစ်ခြင်း ပုံပြဇယားမှာ ဖော်ပြထားတဲ့အတိုင်း အချိန်ကြာရှည် အလုပ်လုပ်ခြင်းဟာ စွမ်းဆောင်ရည်ကို အတိုင်းအတာတစ်ခုအထိတော့ ပိုကောင်းစေနိုင်ပါတယ်။တကယ်လို့ သင်ဟာ တစ်ပတ်ကို ၃၀ နာရီကနေ ၅၀ နာရီအထိ အလုပ်လုပ်မယ်ဆိုရင် အချိန်ပိုလုပ်ခြင်းကြောင့် သင့်စွမ်းဆောင်ရည်ကို မြင့်တက်စေပါတယ်။ဒါပေမဲ့ တစ်ပတ်ကို နာရီ ၅၀ ကနေ ၆၅ နာရီအထိ လုပ်လာပြီဆိုရင်တော့ အချိန်ပိုလုပ်ခြင်းကြောင့် ရရှိတဲ့ အကျိုးကျေးဇူးက ကျဆင်းလာမှာပါ။ဒါထက်ပိုပြီး ၆၅ နာရီထက်ကျော်ပြီး အလုပ်လုပ်မယ်ဆိုရင်တော့ အချိန်ပိုကုန်တာသာ အဖတ်တင်ပြီး စွမ်း‌ဆောင်ရည်အားလုံးကို ခြုံကြည့်ရင်တော့ ကျဆင်းလာတယ်လို့ တွေ့ရပါတယ်။

အခြားသုတေသနတွေကလည်း အလားတူရလဒ်ရရှိကြောင်း သက်သေပြထားတာ ရှိပါတယ်။ဗြိတိန်နိုင်ငံမှာ ၁၉၁၄ က လက်နက်ထုတ်လုပ်တဲ့ လုပ်ငန်းတစ်ခုကို လေ့လာထားတဲ့ စတန်းဖို့ဒ် စီးပွားရေးပညာရှင် ဂျွန်ပန်ကေဗယ်ရဲ့ တွေ့ရှိချက်အရ အလုပ်လုပ်ချိန် တစ်ပတ်မှာ ၆၄ နာရီကနေ ၆၇ နာရီအတွင်းဆိုရင် စွမ်းဆောင်ရည်က ထိပ်ဆုံးမှာရှိနိုင်ပြီး အဲဒါထက်ပိုလုပ်တာနဲ့ စွမ်းဆောင်ရည် စတင်ကျဆင်းလာတယ်လို့ ဖော်ပြထားပါတယ်။ဇယားရဲ့ မျဉ်းကွေးက တန်းလာပြီး အဲလိုတန်းနေတဲ့အချိန် ဘယ်လောက်ကြာမလဲ ဆိုတာကတော့ အလုပ်တစ်ခုနဲ့ တစ်ခု လုပ်ငန်းအမျိုးအစား တစ်ခုနဲ့ တစ်ခု မတူနိုင်ပါဘူး။ဒါက လိမ္မော်သီးအရည်ညှစ်တာနဲ့ ဆင်တူပါတယ်။အစပိုင်းမှာ အရည်များများထွက်ပေမယ့် ဆက်ပြီး လက်ဆစ်တွေဖြူလာတဲ့အထိ ညှစ်ပေမယ့် အရည်တစ်စက်နှစ်စက်ပဲ ရတော့မှာပါ။တကယ်တော့ သင်က သင့်ညှစ်နိုင်သမျှ အစွမ်းကုန်ညှစ်ခဲ့တာပါ ဒါပေမဲ့ အရည်မထွက်တော့ပါဘူး။လိမ္မော်သီးအရည်ကုန်ရင် ဆက်မညှစ်ဘဲ ထားလိုက်တာ အကောင်းဆုံးပါပဲ။ဒါက အလုပ်လုပ်ချိန်နဲ့ အလားတူပါတယ်။တကယ်လို့ သင်က တစ်ပတ်ကို နာရီ ၅၀ အလုပ်လုပ်ပြီး ဆက်လုပ်ချင်နေသေးတယ်ဆိုရင် သင့်ကိုယ်သင်မေးပါ - “ငါအလုပ်ကို ပိုလုပ်မယ့်အစား ဉာဏ်ပါပါလုပ်လို့ မရနိုင်ဘူးလား။”

           တန်ဖိုးတက်အောင် ပုံစံပြောင်းပါ

ပုံစံပြောင်း အလုပ်လုပ်တယ်ဆိုတာ အလုပ်ချိန်ပြောင်းလုပ်တာကို ဆိုလိုခြင်း မဟုတ်ပါ။အလုပ်လုပ်တဲ့ပုံစံ‌ ပြောင်းလုပ်တာကို ဆိုလိုခြင်းဖြစ်တယ်။ပုံစံပြောင်း အလုပ်လုပ်တိုင်းလည်း ပိုကောင်းတဲ့ရလဒ် ရလာမယ်လို့ မပြောနိုင်ပါ။ကျွန်တော်တို့ရဲ့ လေ့လာမှုမှာပါဝင်တဲ့ မန်နေဂျာတစ်ယောက်က သူ့ဖွဲ့စည်းပုံကို တစ်ဆယ့်နှစ်လ တစ်ခါပြောင်းလေ့ရှိပါတယ်။ဒါပေမဲ့ သူ့အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်က ပိုမှေးမှိန်သွားခဲ့ပါတယ်။ဆေးဝါးကုမ္ပဏီတစ်ခုက အရောင်းအမျိုးသမီးက သူ့အဖွဲ့ အရောင်းတက်အောင် အမြဲပုံစံပြောင်းလုပ်လေ့ရှိတယ်၊ ဒါပေမဲ့လည်း သူ့အရောင်းဝင်ငွေက ဒီအတိုင်းပဲ တန်းနေတယ်။ဆိုတော့ ထူးချွန်တဲ့ ပုံစံပြောင်းတာနဲ့ သိပ်မထူးတဲ့ ပုံစံပြောင်း အလုပ်လုပ်တာနဲ့ ဘာတွေ သိသိသာသာ ကွာခြားတာလဲ။

ကျွန်တော်တို့ရဲ့ စာရင်းဇယားတွေကို ပြန်ကြည့်တော့ အကျိုးကျေးဇူးရှိတဲ့ အလုပ်ပုံစံပြောင်းလဲခြင်းအားလုံးမှာ တူညီတဲ့တစ်ခုကို တွေ့ရတယ်။အဲဒါက - တန်ဖိုးပါ။ကောင်းမွန်တဲ့ အလုပ်ပုံစံပြောင်းလဲခြင်းက လုပ်အားစိုက်ထုတ်ရတာခြင်းအတူတူ ပိုသာတဲ့ တန်ဖိုးတွေ ရရှိစေပါတယ်။ဆိုတော့ ဒီနေရာမှာ သိဖို့ အရေးကြီးလာတာက တန်ဖိုးဆိုတာ အတိအကျ ဘာကိုဆိုလိုတာလဲ ဆိုတာပါပဲ။

ကျွန်တော်တို့ရဲ့ လေ့လာမှုက အကြံပေးတဲ့အတိုင်း ကျွန်တော်တို့ရဲ့ အလုပ်နဲ့ပတ်သက်ပြီး အခြားသူတွေက ဘာအကျိုးကျေးဇူးရလဲဆိုတာကို တွက်ဆပြီး အလုပ်ရဲ့တန်ဖိုးကို တိုင်းတာကြည့်သင့်ပါတယ်။အဲဒါက အပြင်မှ အတွင်းသို့ အမြင်လို့ ခေါ်ရမှာပေါ့ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်တို့ အလုပ်ကနေ အခြားသူတွေအတွက် ဆောင်ယူလာတဲ့ အကျိုးကျေးဇူးကို ညွှန်းဆိုဖို့ ရည်ရွယ်တာမို့လို့ ဖြစ်ပါတယ်။ပုံမှန် အတွင်းမှ အပြင်သို့ အမြင်နဲ့ နှိုင်းယှဉ်ကြည့်ပြီး အလုပ်ပြီးဆုံးမှုနဲ့ ပန်းတိုင်ကို ရောက်၊ မရောက် တိုင်းတာကြည့်ရင်တော့ အကျိုးကျေးဇူး ရှိ၊ မရှိ ထည့်မစဉ်းစားပါဘူး။ လူအများစုကလည်း သူတို့ရဲ့အလုပ်ရဲ့ တန်ဖိုးက ဘာလဲဆိုတာ ဘယ်တော့မှာ မမေးပါဘူး။ကျွန်တော် ဟျူးလက်-ပက်ကပ် (HP) မှာ သုတေသနလုပ်တုန်းက ကုမ္ပဏီရဲ့ ကိုလာရာဒို စပရင်း၊ ကိုလာရာဒိုရုံးမှာ အင်ဂျင်နီယာတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးပြီးချင်းမှာပဲ သူက သူအလုပ်သိပ်များနေတယ် မတွေ့နိုင်ဘူးဆိုပြီး ကျွန်တော့်ကို သွားတော့ဆိုတဲ့ သဘောမျိုး လက်ခါပြပါတယ်။သူ တကယ်လည်း အလုပ်သိပ်များပါတယ် - သူက သူ့လုပ်ငန်း ဖော်ပြချက်ထဲမှာ ပါတဲ့အတိုင်း ဒီအပတ်ပြီးရမယ့် ပန်းတိုင်ရှိနေပါတယ်၊ အဲဒါကတော့ ပရောဂျက် သုံးလပတ် အခြေပြ အစီရင်ခံစာ ရုံးချုပ်ကို တင်ပြဖို့ ရှိနေတာပါ။သူ လွန်ခဲ့တဲ့ သုံးလပတ် အစီရင်ခံစာတွေလိုပဲ အချိန်မီ အစီရင်ခံစာ ပေးပို့ခဲ့ပါတယ်။ပန်းတိုင်တစ်ခု အောင်မြင်ပြီးဆုံးပြီ၊ ဟုတ်တယ်ဟုတ်၊ ကိစ္စတစ်ခုကလွဲရင် ဟုတ်ပါတယ်။

ကျွန်တော် သိနေပြီး သူမသိတဲ့ ကိစ္စတစ်ခုက ကယ်လီဖိုးနီးယား ပလိုအယ်တိုက ကုမ္ပဏီရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲက သုံးလပတ် အစီရင်ခံစာတွေကို အသုံးမချတော့တာပါပဲ။သူ့ အစီရင်ခံစာဟာ ဘယ်သူကမှ အရေးတယူ ဖတ်ရှုခြင်းမရှိတဲ့ အီးမေးလ်ဝင်စာ အပုံလိုက်ကြီးအောက်မှာ ပျောက်ဆုံးသွားပါပြီ။သူက သူ့လုပ်ငန်းဖော်ပြချက်ထဲမှာ ပါတဲ့အတိုင်း သူ့လုပ်ငန်း ပန်းတိုင်ကို အောင်မြင်ခဲ့တယ် ဒါပေမဲ့ သူပေးဆပ်လိုက်တဲ့ လုပ်ငန်းတန်ဖိုးကတော့ သုညပါပဲ။

“ပန်းတိုင်ရောက်ရှိရေးကနေ စတင်ပါ” ဆိုတဲ့ လုပ်အားစီမံချက်အတွက် အကြံဉာဏ်က မှားနေတာပါ။ကျွန်တော်တို့ တန်ဖိုးနဲ့ စတင်ရမှာပါ။သင့်ရဲ့ များမြှောင်လှတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေက အမှန်တကယ်ပေးတဲ့ တန်ဖိုးက ဘာတွေလဲလို့ သင့်ကိုယ်သင် မေးကြည့်ပါ။အဲဒီ HP က အင်ဂျင်နီယာလိုပဲ အခြားများစွာသောသူတွေဟာ ဒုံရင်းအတိုင်း ဒါမှမဟုတ် လုံးဝ တန်ဖိုးပေးနိုင်ခြင်းမရှိတဲ့ လှုပ်ရှားလုပ်‌ဆောင်မှုတွေမှာ ဘာလို့အာရုံစိုက်ကြတာလဲလို့ သင်တွေးကောင်း တွေးမိလိမ့်မယ်။အဖြေတစ်ခုက‌တော့ - ညံ့ဖျင်းတဲ့ တိုင်းသာမှုစံပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ ပါဝင်တဲ့ စားသုံးသူရဲ့ မှာယူမှုတွေကို ကိုင်တွယ်ရတဲ့သူတစ်ယောက်ရဲ့ ပြောပြချက်အရ သူက ဖောက်သည်များရဲ့ ၉၉ ရာခိုင်နှုန်းဆီကို အချိန်မီရောက်အောင် ပေးပို့နိုင်တယ်။ဒါကလည်း အချက်တစ်ချက်ကလွဲရင် လေးစားစရာကောင်းပါတယ်။သူ့အထက်အရာရှိက ဖောက်သည်တွေကို စစ်တမ်းကောက်ကြည့်တဲ့ အခါ ၃၅ ရာခိုင်နှုန်းသော ဖောက်သည်တွေက သူတို့မှာတဲ့ ပစ္စည်းတွေဟာ လိုအပ်တဲ့အချိန်ထက် နောက်ကျမှရောက်တယ်လို့ တိုင်တောကြပါတယ်။ဘာလို့ ဒီလို ဖြစ်ရတာပါလိမ့်။စားသုံးသူရဲ့ မှာယူမှုတွေကို ကိုင်တွယ်ရတဲ့သူရဲ့ သူ့အလုပ်ကို ပို့ရမယ့် ပစ္စည်းတွေ သူ့အချိန်ဇယားအရ ဂိုဒေါင်ကနေ ထွက်ခွာမှုနဲ့ တိုင်းတာပါတယ်။ (အတွင်းမှ အပြင်သို့ အမြင်) ဖောက်သည် ဘယ်အချိန်မှာ ပစ္စည်းတွေကို အလိုရှိမလဲ (အပြင်မှ အတွင်းသို့ အမြင်) ဆိုတာနဲ့ မတိုင်းတာပါဘူး။

နောက်ထပ်ပြဿနာတစ်ခုက ကျွန်တော်တို့ရဲ့ အရိုးစွဲနေတဲ့ အယူအဆဖြစ်တဲ့ လှုပ်ရှားလုပ်ဆောင်မှု ပမာဏများလေ အောင်မြင်ပြီးမြောက်မှုများလေဆိုတဲ့ အစွဲအလန်းတစ်ခု ဖြစ်ပါတယ်။

ဆရာဝန်တွေက သူတို့ရဲ့ စွမ်းဆောင်ရည်ကို သူတို့ကြည့်ရှု ကုသပေးခဲ့တဲ့ လူနာအရေအတွက်နဲ့ တိုင်းတာတတ်တယ်၊ အမှန်က သူတို့ ရောဂါဘယ်နှစ်မျိုး မှန်ကန်အောင် စစ်ဆေးသတ်မှတ်နိုင်သလဲဆိုတာအပေါ်မှာ သူတို့ရဲ့ အရည်အချင်းအစွမ်းကို တိုင်းတာသင့်တာ မဟုတ်ပါလား။ရှေ့နေတွေကလည်း သူတို့အမှုကိစ္စအတွက် ကောင်းကောင်းဆွေးနွေး အကြံဉာဏ်ပေးခဲ့နိုင်သလား ဆိုတာထက် သူတို့အမှုသည်နဲ့ စကားပြောခဲ့တဲ့ ကြာချိန် နာရီအပေါ်မှာ ငွေတောင်းခံတတ်ကြတယ်။အရောင်းသမားတွေကလည်း သူတို့ရဲ့ ကုန်ပစ္စည်းက ဖောက်သည်အတွက် ဘယ်လိုအကျိုးကျေးဇူးပေးနိုင်တယ်ဆိုတဲ့အပေါ်မှာ အာရုံမထားဘဲ အရင်းအနှီးအပေါ်မှာပဲ ဈေးနှုန်းတွက်ချက်တတ်ကြတယ်။အဲဒါတင်မက ကျွန်တော်တို့ဟာ သူတို့အလုပ်ဘယ်လောက်များတယ်ဆိုတဲ့အပေါ် အလုပ်များတာက တန်ဖိုးတစ်ခုလို့ အထင်ရောက်ပြီး ဂုဏ်ယူဝင့်ကြွားတတ်သူတွေကိုလည်း ကြုံတွေ့ဖူးမှာပါ။လူတွေက အစည်းအဝေးများများတက်ရတာ၊ လူအင်အားများများရှိတာ၊ ကော်မတီအဖွဲ့ဝင်တွေများများရှိတာ၊ ဖောက်သည်များများနဲ့ ဖုန်းဆက်ရတာ၊ တွေ့ဆုံရတာ၊ အလုပ်အတွက် ခရီးခဏခဏထွက်ရတာ၊ ခရီးရှည်သွားရတာတွေနဲ့ အလုပ်ပြီးမြောက် အောင်မြင်တာနဲ့ အမှတ်မှားနေတတ်ပါသေးတယ်။တကယ်တော့ အဲဒါတွေက လှုပ်ရှားဆောင်ရွက်မှုတွေပဲဖြစ်ပြီး တန်ဖိုးအဖြစ် သတ်မှတ်နိုင်တာ မဟုတ်သေးပါဘူး။အလုပ်များတယ် အလုပ်ရှုပ်တယ်ဆိုတာ ပြီးမြောက်အောင်မြင်တာ မဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ လူတချို့ရဲ့ တန်ဖိုးထည့်သွင်း ဖန်တီးပုံက အပြင်မှ အတွင်းသို့ အမြင်နဲ့ သူတို့က အခြားသူအတွက် ဘယ်လိုအကျိုးရှိအောင် လုပ်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာ အာရုံစိုက်ပြီး လုပ်ဆောင်တာဖြစ်ပါတယ်။ (ပန်းတိုင်ကိုမဟုတ်ဘဲ တန်ဖိုးကို ဘယ်လိုဖန်တီးမလဲဆိုတာကို ဖော်ပြထားတဲ့ ဇယားကိုကြည့်ပါ)။

တယ်ရီဆိုတဲ့ ထုတ်လုပ်ရေးပညာရှင်က နယူးအောလင်းက စားသောက်ကုန် ထုတ်လုပ်ရေး စက်ရုံတစ်ခုမှာ လုပ်ကိုင်ပြီးသူက သံဘူးပေါ်မှာ ကုန်အမှတ်တံဆိပ်ကပ်တဲ့ စက်နဲ့ သံဘူးတွေကို ပုံးထဲထည့်စီတဲ့ စက်တွေကို ကြီးကြပ်ရတဲ့သူပါ။သူ့ သူဌေးက သူ့ကို သူထုတ်လုပ်တဲ့ ပစ္စည်းပုံးအရေအတွက်အလိုက် အမှတ်ပေးပါတယ်။တယ်ရီကတော့ သူ့ကို အဲဒီကျဉ်းမြောင်းတဲ့ အရည်အချင်းနဲ့ တိုင်းတာတာကို သိပ်အလေးမထားပါဘူး။သူ့စက်က ထုတ်လိုက်တဲ့ ပုံးတွေကို ဂိုဒေါင်ဆီပို့ရပြီး အဲဒီမှာ အလုပ်သမားတွေက ပုံးတွေကို သယ်ယူတင်ပို့ဖို့အတွက် ပဲလက်လို့ခေါ်တဲ့ လေးထောင့်ခုံပြားတွေ အပေါ်မှာ ပစ္စည်းတင်စီကြရတယ်။တယ်ရီက ကျွန်တော်တို့ကို ပြောပြတာက “ဟိုတစ်နေ့က ကျွန်တော် ဂိုဒေါင်ဖက်သွားပြီး ဒါထက်ပိုကောင်းအောင် ကျွန်တော်တို့ ဘာလုပ်ပေးနိုင်မလဲ” လို့ မေးခဲ့တယ်။ဂိုဒေါင်က ပြောတာက ကျွန်တော့်စက်ကထွက်တဲ့ ပုံးတွေက ပိတ်တာက သပ်ယပ်ပါတယ်။ဒါပေမဲ့ လေးထောင့်အတိအကျ မရှိဘူးလို့ ပြောပြတယ်။အဲဒါကြောင့် သူတို့က ပဲလက်ပေါ်မှာ တင်စီတဲ့အတွက်ရော ထရပ်ကားပေါ်တင်စီတဲ့ နေရာမှာရော အချိန်ပိုပေးပြီး လုပ်နေရလို့ ဂိုဒေါင်ကနေ နောက်ကျမှ ထွက်နေရတာ သိလိုက်ရတယ်။

တယ်ရီက ပစ္စည်းပုံးတွေ လေးထောင့်အတိအကျထွက်အောင် ထုတ်တဲ့ အစီအစဉ်ကို ပြန်ပြင်လိုက်တယ်။ဒီလိုပြုပြင်လိုက်တဲ့အတွက် ဂိုဒေါင်ဌာနအတွက် ပစ္စည်းအ‌ရေအတွက်များများကို မြန်မြန်တင်စီနိုင်ပြီး ထရပ်ကားတွေလည်း အချိန်မီထွက်နိုင်လာတယ်။အမှန်က တယ်ရီ ဒီလိုတာဝန်သိသိမလုပ်လည်း ရတာပဲ။သူ့ကိုယ်သူ အတွင်းမှ အပြင်သို့ အမြင်နဲ့ ကျေနပ်နေပြီး သူ့ထုတ်ရမယ့် ပစ္စည်းပုံးအရေအတွက်အပေါ်မှာပဲ အာရုံစိုက်နေလို့ ရပါတယ်။

သူ့အလုပ်တာဝန်သတ်မှတ်ချက် ပြည့်မီအောင်ပဲ သာသာယာယာ အာရုံစိုက်မနေဘဲ အလုပ်တန်ဖိုးပိုရှိ‌အောင်ထည့်ဖို့ အာရုံစိုက်လိုက်တဲ့အတွက် သူ့ရလဒ်ဟာ ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ ထိပ်တန်းစွမ်းဆောင်ရှင်တစ်ဦး (ထိပ်ပိုင်း ၁၅ ရာခိုင်နှုန်း) အနေနဲ့ ရပ်တည်လာခဲ့တယ်။

တန်ဖိုးနဲ့ပတ်သက်ပြီး ပိုတိတိကျကျ နားလည်သဘောပေါက်လာတဲ့အတွက် ရှေးအစဉ်အလာအရ အသိအမှတ်ပြုခဲ့တဲ့ ထုတ်လုပ်စွမ်းအားထက် ပိုပြီးသိသာအကျိုးရှိအောင် လုပ်ဆောင်လာနိုင်ခဲ့တယ်။ဒါက ရှေးရိုးအစဉ်အလာအရ ထုတ်လုပ်စွမ်းအားကိုတွက်တဲ့ ညီမျှခြင်းပါ -
လူတစ်ဦး၏ ထုတ်လုပ်စွမ်းအား = ထုတ်လုပ်မှု/အလုပ်ကြာချိန်
ချားလ်စ်က အသံဖိုင်ကနေ တစ်မိနစ်ကို စာလုံး ၆၀ ဘာသာပြန်နိုင်ပါတယ်။ဘီထရေ့စ်ကတော့ တစ်မိနစ်ကို စာလုံး ၁၂၀ ဘာသာပြန်နိုင်ပါတယ်။သူမက ထုတ်လုပ်စွမ်းအား နှစ်ဆပိုသာတာပေါ့။ကဲ အခု တန်ဖိုးကို ဦးစားပေးတဲ့ ညီမျှခြင်းကို ကြည့်လိုက်ကြရအောင် - လူတစ်ဦး၏ ထုတ်လုပ်တန်ဖိုး = အခြားသူအတွက် အကျိုးကျေးဇူး x အရည်အသွေး x ထုတ်လုပ်မှုပမာဏ

မော်တန် တီ ဟန်ဆန်ရဲ့  အလုပ်ကို ပိုမိုကောင်းမွန်အောင် လုပ်နိုင်ပြီး စွမ်း‌ဆောင်ရည် မြင့်မားစေဖို့အတွက် လုပ်ပုံလုပ်နည်း ပြောင်းလဲလုပ်ဆောင်ရုံမက တန်ဖိုးပါအောင် ထည့်သွင်းနိုင်ရင် ပိုထူးချွန်တဲ့ အလုပ်ဖြစ်လာနိုင်ကြောင်း လမ်းညွှန်ခဲ့တာကလည်း စဉ်းစားစရာ၊ နည်းယူစရာ တော်တော်ကောင်းပါတယ်။

ကိုယ့်လုပ်ငန်းကို ပုံစံပြောင်း၍ တန်ဖိုးထည့်သွင်း ဆောင်ရွက်ကြခြင်းဖြင့် ဆထက်တပိုး တိုးတက်အောင်မြင်သူများ ဖြစ်ကြပါစေ။

           (ဆက်လက်ဖော်ပြပါမယ်။)

သက်ထွန်း (သျှမ်း)