【 ဆောင်းပါး 】 ပျောက်ဆုံးသွားသော ခန္ဓာကိုယ်များ

【 ဆောင်းပါး 】 ပျောက်ဆုံးသွားသော ခန္ဓာကိုယ်များ

မနေ့က အဖေသေတာ ၁၁ နှစ် ပြည့်သည်။အဖေသည် တနင်္ဂနွေသားဖြစ်ပြီး တနင်္ဂနွေနေ့တွင် တိုက်တိုက်ဆိုင်ဆိုင် အဖေဆုံးသည်။အဖေ မသေခင် အခါမဲ့စွာ မိုးသည်းထန်စွာ ရွာသည်။အဖေသည် မိုးရွာသည်ကို မသိ။သူ့နားတွင်ရှိသည့် အရာများကို ဖယ်ရန် ကြိုးစားသည်။

                                                   (၁)

တစ်ခုသော မိုးရာသီ နေ့ရက်တစ်ခုတွင် ကျနော်တို့ ဘောလုံးကန်ကြသည်။ထိုနေ့က မိုးသည်းထန်စွာရွာသည်။မနက်ကတည်းက ကျနော်တို့ ဘောလုံးကန်ကြသည်။ညနေထိဖြစ်သည်။ထိုနေ့က ဂိုးများစွာသွင်းခဲ့သလို ဂိုးများစွာလည်း သွင်းခံရသည်။ထိုသို့ဂိုးများထဲတွင် မျိုးသန့်က မဖြစ်နိုင်သော နေရာကနေ အနိုင်ဂိုးကို ရအောင် သွင်းသွားသည်။ကျနော်တို့ သူ့ကို ဝမ်းသာအားရ ပြေးဖက်ကြသည်။နောက်တစ်ရက်တွင် မျိုးသန့် ဆေးရုံတင်လိုက်ရကြောင်း သတင်းကြားရသည်။အဆုတ် အအေးပတ်သဖြင့် ဆေးရုံတင်ရတာဖြစ်ကြောင်း ဆိုသည်။ဆေးရုံကပြန်လာသူ သူ့အဒေါ်က မနက်ဖြန် သဘက်ခါဆိုရင် ဆေးရုံဆင်းရမည်ဟု ဆိုသည်။ထိုညတွင် မျိုးသန့် ဆုံးသည်။ကျနော်ဖက်ခဲ့မိသော ခန္ဓာကိုယ်တစ်ခုသည် အချိန်ပိုင်းအတွင်း ထာ၀ရပျောက်ဆုံးသွားသည်။

ပျောက်ဆုံးခြင်းများအကြောင်း ကျနော်တွေးမိသည်။အရာ၀တ္ထုများ ပျောက်ဆုံးခြင်း၊ စိတ်ဝိညာဉ်များ ပျောက်ဆုံးခြင်းနှင့် တခြားသော ဖမ်းဆုပ်မရသော အရာများ။

မျိုးသန့် ဆုံးပြီး နှစ်အတန်ကြာထိ ပျောက်ဆုံးခြင်းများအကြောင်းကို ညဘက် ကျနော်တွေးမိသည်။မိမိရရ ဆုပ်ကိုင်ထားပြီးမှ ပျောက်ကွယ်သွားသည့် အရာတွေထဲ ခန္ဓာကိုယ်အပိုင်းအစတွေက ထိပ်ဆုံးကနေ ပါနေသည်ကို ကျနော်တွေးမိသည်။ထိုနေ့က ကျနော်ဖက်မိသည့် မျိုးသန့်သည် ယခု မည်သည့်နေရာတွင် ရှိနေသည်လဲဆိုသည်ကို ယခုထက်တိုင် ကျနော်တွေးနေဆဲ။ကျနော်တို့ ဆုပ်ကိုင်မိသည်များက  အကောင်ဒြပ်၀တ္တုလား .. အဇ္ဇုတကိုလား … ကျနော်ဝေခွဲမရနိုင်။

တစ်ခုသော မနက်ခင်းတွင် ပြိုလဲနေသော အိမ်များကို မြင်ရသည်။လမ်းများသည် အကိုင်းအခက်များ အပြည့်။ထိုနေ့က မုန်တိုင်းကြီး တိုက်သည်။လမ်းပေါ်နှင့် မြင့်မားသောနေရာများ၊ ရေပြင်များတွင် သစ်ပင်များပေါ်တွင် တစ်ဦးနှင့် တစ်ဦး ဖက်တွယ်ထားသည် ပျက်စီးနေသော လက်များ၊ ခန္ဓာကိုယ်များ။ထိုမှ လမ်းများပေါ်တွင် ပြန့်ကြဲစုတ်ပြတ်သွားသော မျှော်လင့်ခြင်းများ၊ အနာဂတ်များ။ထိုနေ့သည့် ၂၀၀၇ ခုနှစ်ထဲက နေ့ရက်များ၊ ၂၀၀၈ ခုနှစ်ထဲက နေ့ရက်များ၊ ယခုနေ့ရက်များ။မနက်ဖြန်တိုင်းသည် ကျနော်တို့ သိသောသူများ၊ မသိသောသူများ၏ ခန္ဓာကိုယ်များကို  ဆုံးရှုံးရဖို့ သေချာနေသည်မှာ ငြင်းပယ်မရသော အမှန်တရားဖြစ်သည်။

                                                   (၂)

ပန်းချီဆရာတစ်ဦး၏ လူခန္ဓာကိုယ်ကို အဓိပ္ပါယ်ဖွင့်ပုံသည် အဘိဓမ္မာဆရာတစ်ဦး၏ အဓိပ္ပါယ်ဖွင့်ပုံနှင့် ကွာခြားပေလိမ့်မည်။ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း၊ ဦးခေါင်းနှင့် ခန္ဓာကိုယ်ထည်ဆိုကာ အစိတ်အပိုင်းကြီး ၆ ခု ၊  ၃၂ ကောဋ္ဌသ စသဖြင့် … ။ဘယ်လိုပင်ဆိုဆို လူမှန်လျှင် ကိုယ်အင်္ဂါစုံဖို့ လိုသည်ဟု ဆိုသည်။ထို့ကြောင့် ကလေးတစ်ယောက် မွေးလာသည့်အခါ ကိုယ်အင်္ဂါ စုံ၊ မစုံ ကြည့်ကြသည်။သို့သော် ကြီးပြင်းလာသည့်အခါ လူတွေ၏ အသက်နှင့် ခန္ဓာကိုယ် စုံဖို့ထက် မစုံရန် အားထုတ်ကြသည်။

ကျနော်တို့ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကျနော်တို့ တကယ်ကောပိုင်ဆိုင်ရဲ့လား။ကျနော်တို့ အသက်ဇီ၀ဓာတ်ကိုကော။တစ်ခါက ကားပြတင်းပေါက်ဘောင်ပေါ် လက်တင်စီးသဖြင့် လက်ပြတ်သွားခဲ့သည့်သူတစ်ဦးကို မြင်ခဲ့ဖူးသည်။ရထားတိုက်မိသဖြင့် ထက်ပိုင်းပြတ်သွားသည့် လူတစ်ဦးကို မြင်ဖူးသည်။ကိုယ်ခန္ဓာ ကိုယ်အစိတ်အပိုင်းများ ကိုယ်ကနေ ခွဲထွက်သွားသည့်အခါ ဘယ်လိုခံစားရသလဲဆိုသည်ကို ကျနော်တွေးမိသည်။

မနက်ဖက် အတူတူစကားပြောပြီး ညဘက်မှာ သေဆုံးသွားကြသည့် အဖြစ်မျိုးတွေကို ကျနော်တို့ ရက်ပေါင်းများစွာ ကြုံခဲ့ရသည်။ထို့ရက်များတွင် ကျနော်တို့ ချစ်ရသောသူများ မုန်းရသောသူများကို စွန့်လွှတ်ခဲ့ရသည်။တစ်ဦးနှင့် တစ်ဦး ဖက်တွယ်ဆုပ်ကိုင်ထားရန် မဖြစ်နိုင်သည့် ရက်များသည် ကြာရှည်လှသည်။ဘာကိုမှ မသိနိုင်လောက်အောင် နာကျင်မှုက နေရာအနှံ့။ထိုအခါ ခန္ဓာကိုယ်အစိတ်အပိုင်းများ ခွဲထွက်သွားသည့်အခါ ဘယ်လိုခံစားရသည်ဆိုသည်ကို တွေးမိသည်။ယခုကော ကျနော်တို့ ခံနိုင်ရည်ရှိနေသည်လား။ခံရလွန်း၍ ထုံသွားနေခြင်းလား။သေချာသည်က ခန္ဓာကိုယ်များ ပျောက်ဆုံးလွယ်သည့် ခေတ်ကာလတွင် သိစိတ်ကို အမှောင်ချကာ မသိစိတ်ဖြင့် ပျော်အောင်နေရခြင်းဖြစ်သည်။ခန္ဓာကိုယ်သည် ဝဋ်ခံရုံသက်သက်ကလွဲပြီး ဘာမှမဟုတ်မှန်း သိလာရသည့်အခါ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် အလွယ်တကူပင် တန်ဖိုးမဲ့သွားလေသည်။

                                                   (၃)

ကျနော်တို့ ပတ်ဝန်းကျင်တွင် ပျောက်ဆုံးသွားသော ခန္ဓာကိုယ်တွေက အများကြီးရှိခဲ့သည်။အဖိုး အဖွား၊ အဖေ အမေ၊ ဦးကြီး ဘကြီး၊ ကြီးဒေါ် အဒေါ်နှင့် စသည့် ချစ်ခင်ခဲ့ရသူများ။နောက် … ကျနော်တို့ထက် ငယ်ရွယ်သူများ၊ ကျနော်တို့ထက် ရဲရင့်သူများ၊ ကျနော်တို့ထက် ဂုဏ်သိက္ခာရှိသူများ၊ ကျနော်တို့ ယုံကြည်ကိုးစားသူများ … ။ထို့နောက် မဆုံချင်တော့သည့် ယုတ်ညံ့သူများ။

သီချင်းများသည် ပျောက်ဆုံးသွားသည့် ခန္ဓာကိုယ်များကို တမ်းတကြောင်းနှင့် မပျောက်ကွယ်သေးသည့် ခန္ဓာကိုယ်များကို တန်ဖိုးထားကြောင်း ဖော်ပြကြသည်။လမ်းများပေါ်တွင် ခန္ဓာကိုယ်များသည် သွားနေကြသည်။တစ်ခုနှင့် တစ်ခု သိကျွမ်းခြင်းမရှိဘဲ ပူးကပ်ခြင်း၊ ခပ်ခွာခွာသွားခြင်း၊ ဆန့်ကျင်ဘက်သွားခြင်းနှင့် လားရာတူသွားခြင်း။ထိုသည်က  တူညီသော ဆန္ဒရှိ၊ မရှိနှင့် ရိုးစင်းသော စိတ်အခြေခံပေါ် မူတည်ကြသည်။

အဖေ၏ နောက်ဆုံးခန္ဓာကိုယ်ကို သုဿန်ရှိ စင်ပေါ်တွင် ကျနော်တွေ့ထိသည့်အခါ အဖေသည် သက်မဲ့အထိအတွေ့ဖြင့် ကျနော့်ကို ရင်းနှီးကျွမ်းဝင်ဟန်ပြသည်။အဖေ၏ မုတ်ဆိတ်မွေးတိုစိစိများကို လက်ဖမိုးဖြင့် နောက်ဆုံး ဒရွတ်တိုက်ဆွဲခဲ့သည်ကို တစ်ယောက်တည်းရှိသည့်အခါ ကျနော်သတိရနေမိသည်။အဖေ၏ နောက်ဆုံးအချိန်များကို တွေးမိတိုင်း ခန္ဓာကိုယ်ထဲမှ အဖေ၏ အသိစိတ်ထွက်ခွာရခြင်း ဘယ်လောက်ခက်ခဲလှသည်ကို တွေးမိသည်။

ပြတ်နေသည့် လက်ကို ကိုင်ပြီး လျှောက်ပြေးနေသူကို မြင်မိသည်။သေသည်ကိုမေ့ကာ တပ်ဦးကနေချီသည့် မိုက်ရူးရဲများ၏ ရောမဇာတ်လမ်းများကို ကြားဖူးသည်။သို့သော် အဆုံးသတ်တွင် မသေသောသည့်သူဆိုသည်မှာ မရှိနိုင်ခြင်းဆိုသော တောင်ကုန်းအောက် မှောက်အိပ်ခဲ့ကြရသူချည်းသာဖြစ်သည်။

                                                   (၅)

လွန်ခဲ့သော ၁၀ နှစ်ကျော်က အဖေသေသည်။မနေ့က အဖေသေသည်။ဒီနေ့အဖေသေသည်။မနက်ဖြန် အဖေသေသည်။သေချာသည်က အချိန်ကာလဆိုသည်မှာ ခန္ဓာကိုယ်များဆီမှ  စိတ်နှလုံးသားကို ခွာထုတ်ရာတွင် ကျွမ်းကျင်သည့် အရာတစ်ခုဆိုသည်ကိုပင်။

လင်းနိုင်ကျော်စိုး