【 ဆောင်းပါး 】 ပျံကြဲ ဖြန့်ထုတ်ခြင်း

【 ဆောင်းပါး 】 ပျံကြဲ ဖြန့်ထုတ်ခြင်း

လွန်ခဲ့တဲ့အပတ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးမှာ “နည်းနည်းနဲ့ စွဲမြဲလုပ်” ဆိုတဲ့ သီအိုရီ ကို တင်ပြပြီးတဲ့နောက်မှာ မော်တန် တီ ဟန်ဆန်က ထိုအဆိုကို ထောက်ခံမယ့် နောက်ထပ်အဖြစ်အပျက်တွေကို နမူနာပြပြီး၊ အသေးစိတ် စိစစ် သုံးသပ်ပြခဲ့တယ်။

အမှုဆောင်ရှာဖွေရေး အကြံပေး စူစန်ဘစ်ရှော့က သူမရဲ့ကိုယ်ပိုင် ဖက်ရှင်အထည်ဆိုင်လုပ်ငန်း နယူးယောက်စီးတီးမှာဖွင့်တော့ သူမမှာ အောင်မြင်အောင်လုပ်ဖို့ ရှင်းလင်းတိကျတဲ့ စိတ်ကူးရှိခဲ့တယ်၊ “ကျွန်မတို့ စီစဉ်ထားတာကတော့ ခိုင်ခိုင်မာမာ နေရာရပြီးသား ပြိုင်ဖက်ကြီးတွေကို အဆင့်မြင့်နည်းလမ်းတွေနဲ့ အကောင်အထည်ဖော် ယှဉ်ပြိုင်ဖို့ပါပဲ” လို့ သူမက ရှင်းပြခဲ့တယ်။

“ကျွန်မတို့နဲ့ ဆက်သွယ်လာတဲ့ ဖောက်သည်မှန်သမျှကို ပျော်ရွှင်ကျေနပ်မှုရစေဖို့ လူသားတစ်ယောက်အနေနဲ့ တတ်စွမ်းမျှ ဆောင်ရွက်ပေးပါတယ်။”

ဘစ်ရှော့ ယုံကြည်တာက မိမိရဲ့ဖောက်သည်တွေကို ပျော်ရွှင်မှု အရင်ဆုံးပေးရင် ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှုကို ဖော်ကျူးနိုင်လိမ့်မယ်၊ အလုပ်တွေလည်း ပိုလက်ခံရရှိလိမ့်မယ်လို့ဖြစ်ပါတယ်။ဒီအထိတော့ သူမ မှန်နေပါသေးတယ်။တောင်းဆိုတာ အားလုံးနီးပါးကို “ရစေရမယ်” လို့ ပြောခြင်းဖြင့် လိုအပ်တဲ့ ဖောက်သည်အရေအတွက်ထက် ပိုရလာတာကို ဘစ်ရှော့ တွေ့လာခဲ့တယ်။

ဒါပေမဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ အချိန်ရော အားအင်ရော မလောက်တော့တာကို သူမတွေ့ကြုံလာရတယ်။နောက်နှစ်အနည်းငယ်ကြာတဲ့အခါ သူမရော သူမရဲ့အဖွဲ့လေးရောဟာ ငွေနည်းနည်းနဲ့ အလုပ်အပ်ချင်သူတွေ၊ ဆက်ဆံရခက်တဲ့ လုပ်ငန်းရှင်တွေနဲ့ စိတ်ဝင်စားစရာမရှိတဲ့ နေရာတွေအတွက်ပဲ အလုပ်လုပ်ပေးရဖို့ ဖြစ်လာတာကို တွေ့ရခဲ့တယ်။

သူမဟာ သူမကျွမ်းကျင်ပိုင်နိုင်တဲ့ နယ်ပယ်ရဲ့ ပြင်ပကိုထွက်ပြီး နယ်ချဲ့ခဲ့တယ်၊ နောက်ပြီး သူမ သေသေချာချာ နားမလည်တဲ့ ငွေကြေးဝန်ဆောင်မှုနဲ့ လူသုံးကုန်လုပ်ငန်းလောကထဲကို ဝင်ခဲ့တာကြောင့် သိသင့်သိထိုက်တဲ့ အခြေခံဗဟုသုတတွေကို အမြန်နှုန်းနဲ့ အချိန်တိုလေးအတွင်း သိအောင် လေ့လာခဲ့ရတယ်။  

အဲဒီလို သူမရဲ့ အင်အားတွေကို အခြေခံမတူတဲ့ ဖောက်သည်မျိုးစုံတို့ ပြန့်ကျဲနေတဲ့ နယ်ပယ်အများအပြားထဲ ဖြန့်ကျက်လိုက်ရတဲ့အတွက် သူမရဲ့ စွမ်းဆောင်ရည်မှာ အခက်အခဲတွေ ကြုံရတော့တာပါ။ရောင်းအားနဲ့ အမြတ်အစွန်းတွေကလည်း တန့်ကုန်တယ်၊ အချို့နှစ်တွေမှာ ထိုးတောင်ကျကုန်တယ်။အမြတ်အစွန်းတွေကလည်း ၁၅ ရာခိုင်နှုန်းလောက်ပဲ ချိနဲ့နဲ့ ကျန်တော့တယ်၊ အခြားဝန်ထမ်းရှာဖွေရေးလုပ်ငန်းတွေရဲ့ တစ်ဝက်လောက်ပဲ ရတော့တယ်။

“စိတ်ဓာတ်ကျသွားတာ ကြောက်စရာတောင်ကောင်းတယ်” လို့ ဘစ်ရှော့ ပြောတယ်။ “အရပ်မျက်နှာ တစ်ရာလောက်ဆီကို ဆွဲဆန့်ခံရသလို ခံစားရတယ် (ဘာမှသေသေချာချာ အာရုံစိုက်လို့မရဘူး ပြန့်ကြဲနေတယ်)”။

သူမရဲ့ အာရုံစူးစိုက်မှု ရမှတ်ဟာ ကျွန်တော်တို့ရဲ့ သုတေသနရဲ့ ၅၀၀၀ ဦးအတွက် အကဲဖြတ်မှုမှတ်တမ်းမှာ အောက်ခြေ ၂၀ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့တယ်။

ဘစ်ရှော့လိုပဲ လူများစုက ဟုတ်ကဲ့လို့ပဲ မြန်မြန်ဆန်ဆန် ဖြေတတ်ကြတယ်။

အိမ်ခြံမြေအကျိုးဆောင်တွေက နောက်ထပ် ရပ်ကွက်အသစ်ကို လုပ်ငန်းချဲ့ချင်တယ်၊ အင်ဂျင်နီယာတွေက ကုန်ပစ္စည်းမှာ လုပ်ဆောင်ချက်တစ်ခု ထပ်ထည့်ချင်တယ်၊ လူသားရင်းမြစ်ဌာနက ဝန်ထမ်းတွေက အလုပ်တာဝန်တစ်ခု ထပ်လိုချင်တယ်၊ ဈေးကွက်သမားက လုပ်ဖော်ကိုင်ဖော်တွေအတွက် လှုံ့ဆော်ရေးတစ်ခုလုပ်ပြီး ကူညီချင်တယ်။

“တာဝန်ပိုယူခြင်း” က ကျွန်တော်တို့ကို ဘစ်ရှော့လို အခြေအနေမျိုးဆိုက်အောင် ကိုယ်တိုင်မသိလိုက်ခင် အရောက်ပို့တတ်တယ်။

ဒါပေမဲ့လည်း အလုပ်ပိုလုပ်ခြင်းမှာ အခွင့်သာတွေလည်း ရှိနေပါသေးတယ်၊ မဟုတ်လား၊ အကယ်လို့ သင်က တာဝန်ပိုယူရင်၊ သင်အလုပ်ပိုပြီးမှာဖြစ်ပြီး ဒါက သင့်ဆရာကို စိတ်ကျေနပ်စေမယ် မဟုတ်လား။သင့်ကိုယ်သင် ဖောက်သည်အများကြီးကြားမှာ ဒါမှမဟုတ် ပရောဂျက်တွေအများကြီးကြားမှာ ဖြန့်ကျက်ထားတာက အလှည့်အပြောင်းအမျိုးမျိုးကို ရစေတယ်။ဒါကြောင့်လည်း စကော့က ခရီးသွားဖို့ နည်းငါးမျိုးကို ရွေးချယ်ခဲ့တာပေါ့။စက်တပ် စွပ်ဖားလှည်းက ဒုက္ခပေးရင်၊ ခွေးဘက်လှည့်သုံးမယ်။ခွေးနဲ့သွားတာက ဖောက်လာရင် ပိုနီမြင်းတွေ ပြောင်းသုံးနိုင်မယ်၊၊အရန်ထားပြီး အလုပ်လုပ်တာက ဉာဏ်ကောင်းတဲ့လုပ်ကွက်လို့ ထင်စရာဖြစ်ပါတယ်၊ အလုပ်ပိုများများပြီးအောင်လုပ်တဲ့ နည်းလမ်းကောင်းပါ။

ဒါပေမဲ့ ကိုယ့်လုပ်အားကို ခုလိုဖြန့်ကျက်လိုက်တဲ့အတွက် ပြဿနာအကြီးကြီးနှစ်ခု ဖြစ်လာနိုင်ပါတယ်။

ပထမတစ်ခုက အာရုံတွေ ဖြန့်ကျက် ပြန့်ကျဲနေတဲ့အတွက် တစ်ခုခြင်းစီကို တိတိကျကျ အာရုံမစိုက်နိုင်ဘဲ ဖြစ်တာပါ။ (ငါးပွက်ရာ ငါးစာချ၊ ဆန်စင်ရာ ကျည်ပွေ့လိုက်ဆိုတဲ့ မြန်မာစကားပုံတွေနဲ့ ခိုင်းနှိုင်းပုံ တူပါတယ်။ - စာရေးသူ)

ဘစ်ရှော့ရော စကော့ရော သူတို့ရဲ့အလုပ်တွေထဲက တစ်ခုတလေကိုမှ အချိန်ပေးပြီး သေသေချာချာကိုင်တွယ် မအုပ်ချုပ်နိုင်ခဲ့ပါဘူး။ဘစ်ရှော့က သူ့ဖောက်သည်အားလုံးရဲ့ အကောင့်တွေနဲ့ နပမ်းလုံး လုံးလည်ချာလည် လိုက်နေရသလို စကော့ကလည်း ပထမတန်းစား ပိုနီမြင်းတွေကိုရအောင် မလုပ်နိုင်ခဲ့ဘူး။ကျွန်တော်တို့အားလုံးမှာ ကျွန်တော်တို့အလုပ်ကို ကောင်းကောင်းလုပ်နိုင်ဖို့အတွက် အာရုံစိုက်နိုင်စွမ်းက အကန့်အသတ်နဲ့ပဲ ရရှိထားတာပါ။

စီးပွားရေး နိုဘယ်ဆုရှင် ဟာဘတ်ဆိုင်မွန်က “သတင်းကြွယ်ဝခြင်းဟာ အာရုံစိုက်မှု ဆင်းရဲခြင်းကို ဖြစ်စေတယ်” ဆိုတဲ့ အဆိုအမိန့်တစ်ခုကို ရေးခဲ့တယ်။ကျွန်တော်တို့ ဂရုစိုက် အာရုံစိုက်ရမှာတွေများလေ၊ တစ်ခုခြင်းအပေါ်မှာ အချိန်ပေးနိုင်မှု နည်းလေပါပဲ၊ အဲဒီတော့ တစ်ခုတလေကိုမှ ကောင်းကောင်းလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။  

          ရှုပ်ထွေးမှုကပေးတဲ့ ဒုက္ခ

ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု ရှုထောင့်ကို ပြဿနာတက်စေမယ့် နောက်ထပ်တစ်ခုကိုတော့ ကျွန်တော်က ရှုပ်ထွေးမှု ထောင်ချောက်လို့ နာမည်တပ်ထားတယ်။တောင်ဝင်ရိုးစွန်းပြိုင်ပွဲမှာ တပ်မှူး စကော့က သယ်ယူပို့ဆောင်ရေး အမျိုးမျိုးကိုပဲ စီမံရတာမဟုတ်ဘဲ အတွင်းပိုင်း လူမှုဆက်ဆံရေးတွေကိုလည်း ကိုင်တွယ်ရသေးတယ်။အဲဒါက အခက်အခဲရှိတယ်ဆိုတာကို သူတို့မတူညီတဲ့ အရှိန်နှုန်းနဲ့ သွားခဲ့ရတာက သက်သေပြနေပါတယ်။ဦးစားပေးအလုပ်တွေကြားမှာ ပေါင်းကူးအလုပ်လုပ်ရတာက စိတ်အင်အားစိုက်ထုတ်ဖို့ လိုအပ်ပါတယ်။လူတော်တော်များများကတော့ အလုပ်များများကို တပြိုင်နက်လုပ်တာကို စွမ်းဆောင်ရည်ကောင်းတယ်လို့ ယူဆကြပါတယ်။ဒါပေမဲ့ သုတေသနတွေ့ရှိချက်အရတော့ အလုပ် ၂ ခုကြားမှာ အာရုံခဏခဏ အကူးအပြောင်းလုပ်တာ - ဥပမာ အီးမေးလ်တွေဖတ်နေရင်း သင့်လုပ်ဖော်ကိုင်ဖက်ရဲ့ သရုပ်ပြအစီရင်ခံတာကို ကြည့်ရှုနားထောင်တာကို တပြိုင်နက်လုပ်မယ်ဆိုရင် အလုပ်နှစ်မျိုးလုံးအပေါ်မှာ သင့်ရဲ့အာရုံစိုက်နိုင်မှုဟာ ကျဆင်းသွားမှာဖြစ်တယ်။သင် တစ်ခုကနေ တစ်ခုကို လွှဲပြောင်းတဲ့အခါတိုင်း သင့်ဦးနှောက်က အလုပ်တစ်ခုကို ရပ်တန့်ပြီးမှ နောက်တစ်ခုအတွက် ပြင်ဆင်ရပါတယ်။

မီလန်မြို့က အီတာလျံ တရားသူကြီးတွေ ကြားနာစီရင်ခဲ့တဲ့ တရားရုံး အမှုပေါင်း ၅၈,၂၈၀ ကို လေ့လာမှုကနေ တွေ့ရှိထားတာက အမှုအများကြီးကို တပြိုင်နက် ကိုင်တွယ်တဲ့ တရားသူကြီးတွေက အမှုတစ်ခုပြီးမှ တစ်ခု ကိုင်တွယ်တဲ့ တရားသူကြီးတွေတွေထက် အမှုပြီး (စီရင်ချက်ချ) ဖို့ အချိန်အကြာကြီး ပိုယူရပါတယ်တဲ့။ကွာခြားချက်က သိသာပါတယ် - အနှေးဆုံး တရားသူကြီးက အမှုတစ်ခုပြီးဖို့ ပျဉ်းမျှ ၄၉၈ ရက် ကြာတတ်ပြီး၊ အမြန်ဆုံးတရားသူကြီးကတော့ ၁၇၈ ရက်ပဲ ကြာပါတယ်။တစ်နည်းအားဖြင့် အချိန်တစ်ဝက်တောင် မကြာပါဘူး။ (သူတို့အားလုံးမှာ အလုပ်ဝန်ထုပ် အတူတူပဲဖြစ်ပြီး အမှုတွေကိုလည်း ကျပန်းချပေးတာဖြစ်တယ်။ဆိုတော့ သူတို့ရဲ့အမှုတွေက သာတူညီမျှရှိပါတယ်။)

အလုပ်အများအပြားကို တပြိုင်တည်းလုပ်တာကို ၅၀ ရာခိုင်နှုန်း မြှင့်လိုက်ရင် အမှုတွေပြီးအောင် လုပ်ဆောင်ရမယ့် ရက်ပေါင်း ၂၀ ရာခိုင်နှုန်း တက်သွားတယ်လို့ သုတေသနသမားတွေက ခန့်မှန်းထားပါတယ်။အမှုတွေ တစ်ခုနဲ့ တစ်ခု ပြောင်းလဲတာက သူတို့ရဲ့မြန်နှုန်းကို လျော့ကျစေပါတယ်။အခြားလေ့လာမှုတစ်ခုက တွေ့ရှိတာက အလုပ်တစ်ခုကနေ တစ်ခု ရွှေ့ပြောင်းတာက လုပ်ကိုင်နိုင်စွမ်းကို လေးဆယ်ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပါသတဲ့။

ရှုပ်ထွေးမှုထောင်ချောက်က ကုမ္ပဏီအတွင်းမှာ ပျက်စီးဆုံးရှုံးမှု အများအပြားဖြစ်စေနိုင်ပါတယ်။တိုးတက်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့က ပန်းတိုင်တွေ၊ ဦးစားပေး လုပ်ဆောင်ဖွယ်တွေ၊ အလုပ်တာဝန်တွေ၊ တိုင်းတာမှုစံတွေ၊ အလုပ်ပြီးစီးမှု စစ်ဆေးချက် အဆင့်ဆင့်တွေ၊ အဖွဲ့ဝင်တွေ စသဖြင့် အများကြီးထိုးသိပ် စုပုံထားတတ်တယ်။ဒါပေမဲ့ အဲဒါတွေကို ထည့်သွင်းတာက ပိုပြီးရှုပ်ထွေးအောင် လုပ်လိုက်သလိုသာ ဖြစ်ပါလိမ့်မယ်။အဲဒီလိုဖြစ်ကြောင်းကို အချက်အလက်အရေအတွက်နဲ့ အဲဒီအချက်အလက်အချင်းချင်း ချိတ်ဆက်ဆက်နွယ်မှု အရေအတွက်ကိုကြည့်ပြီး ကျွန်တော်တို့ သိနိုင်ပါတယ်။ဒါက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ လေ့လာချက်မှာ ၆၅ ရာခိုင်နှုန်းသောသူတွေက သူတို့ရဲ့ကုမ္ပဏီက အလွန်ရှုပ်ထွေးကြောင်း - ဌာနခွဲတွေ၊ မူဝါဒ၊ လုပ်ငန်းစဉ်နဲ့ အစီအစဉ်တွေ များလွန်းပြီး ထိရောက်အောင် စုစည်းပူးပေါင်းလုပ်ဆောင်ဖို့ လိုနေပါတယ်လို့ လုံးဝအခိုင်အမာ သဘောတူကြတာ တွေ့ရပါတယ်။

ထူးထူးချွန်ချွန် လုပ်ဖို့အတွက် ကျွန်တော်တို့ အလုပ်တာဝန် အပိုထပ်ယူဖို့ မလိုပါဘူး။ကျွန်တော်တို့ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘာမှမထိရောက်တာမျိုးတို့၊ ရှုပ်ထွေးမှုထောင်ချောက်ထဲ ကျသွားတာမျိုးတို့ မဖြစ်အောင် ကာကွယ်ပေးမယ့် ပိုကောင်းတဲ့နည်းလမ်းရှိပါတယ်။

တကယ်လို့ ကျွန်တော်တို့က လုပ်ငန်းနည်းနည်းပဲရွေးပြီး အဲဒါကိုပဲ စွဲစွဲမြဲမြဲနဲ့ ထူးချွန်ပြောင်မြောက်အောင် လုပ်မယ်ဆိုရင်၊ ကျွန်တော်တို့ အကောင်းဆုံး အစွမ်းပြနိုင်မှာဖြစ်ပါတယ်။စွဲစွဲမြဲမြဲ အလုပ်လုပ်တာကို လုပ်ငန်းခွင်ရဲ့ အမြင်က ဘယ်လိုရှိမလဲ။

          ရေဘဝဲကို နှိပ်ပေးခြင်း

လွန်ခဲ့တဲ့ငါးနှစ်ထဲက စပြီး အသက် ၉၁ နှစ်အရွယ် ဂျီရိုအိုနိုက ဆူကီယာဘာရှီဂျီရို နာမည်နဲ့ ဆူရှီစားသောက်ဆိုင်လေးတစ်ဆိုင်ကို တိုကျိုမြို့ရှိ မြေအောက်ဘူတာရုံတစ်ခုမှာ ဖွင့်ခဲ့တယ်။ဘီ အဆင့် ရုံးခန်းနဲ့ ဆင်ဆင်တူတဲ့ သစ်သားဝင်ပေါက်က လူသွားစင်္ကြန်ဆီကို မျက်နှာဖွင့်ထားတယ်။သင့်အနေနဲ့ မီးနူးအစားအသောက်စာရင်းနဲ့ပတ်သက်ပြီးလည်း စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ မီးနူးကို မရှိလို့ပါပဲ။

ဂျီကိုက လူဆယ်ယောက်ထိုင်နိုင်တဲ့ သူ့ရဲ့ အမြန်ကောင်တာပေါ်မှာ ဆူရှီအမျိုးနှစ်ဆယ်ကို ရောင်းချပါတယ်။ညစာမစားခင် သောက်ဖို့ ကော့တေးလည်း မထားပါဘူး၊ တန်ပူရာလည်း မထားပါဘူး၊ အရန်ဟင်းလျာလည်း မထားပါဘူး။ ဪ ဒါနဲ့ သန့်စင်ခန်းသွားချင်ရင်လည်း မြေအောက်ဘူတာရုံရဲ့ စင်္ကြန်အထိ သွားရမှာဖြစ်ပါတယ်။ကြားရတာ ရှုံးတော့မယ့် အဆင်အပြင်နဲ့ တူမနေဘူးလား။တကယ်လို့ သူ့ဆူရှီတွေကသာ ချည်ထိုးလက်ရာလေးတွေကို မြင်ရသလို အရမ်းလှမနေဘူး၊ နူးညံ့မနေဘူးဆိုရင်တော့ ရှုံးတော့မယ့် အဆင်အပြင်ပါပဲ။

အိုနိုက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆူရှီလုပ်တဲ့သူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရသူပါ။သူက အဆင့်အမြင့်ဆုံး စားသောက်ဆိုင်တွေကို ချီးမြှင့်တဲ့ မီရှဲလင်း ကြယ်ပွင့် တစ်ခု - နှစ်ခုမက အမြင့်ဆုံး ကြယ်ပွင့်သုံးခုအထိ ရထားတဲ့သူဖြစ်ပါတယ်။သူက သူ့ဘဝတစ်လျှောက်လုံးကို အဲဒီဆူရှီနှစ်ဆယ်လုပ်ဖို့ နှစ်မြှုပ်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ အဲဒီစားသောက်စာရင်း မီးနူးငယ်လေးကို ဖန်တီးတာ တစ်ခုတည်းက အိုနိုကို တမူထူးခြားစေတာ မဟုတ်ပါဘူး။သူဘယ်လိုအာရုံစိုက်ခဲ့သလဲဆိုတာက သူ့ကို သီးခြားကွဲပြားအောင် ခွဲထုတ်လိုက်တာပါ။

၂၀၂၂ ရဲ့ အထူးခြား အဆန်းကြယ်ဆုံး မှတ်တမ်းဇာတ်ကား ဂျီရိုရဲ့ ဆူရှီအိပ်မက်များကို သူ့နေ့စဉ်အော်ဒါတွေကို ဖန်တီးနေတဲ့ ပုံရိပ်တွေနဲ့ ရိုက်ကူးမှတ်တမ်းတင်ခဲ့တယ်။မနက်ခင်းမှာ သူနဲ့ နှစ်သုံးဆယ် အတူအလုပ်လုပ်ရင်း သင်ကြားခဲ့တဲ့ သူ့ရဲ့သားအကြီးက ငါးဈေးကိုသွားပြီး အကြီးဆုံး အကောင်းဆုံး တူနာငါးတစ်ပိုင်းကို ရွေးဝယ်ရတယ်။အကောင်းဆုံးထဲက အစိတ်အပိုင်းတစ်ခုကို ဆိုလိုတာ မဟုတ်ဘူးနော်၊ တစ်ဈေးလုံးမှာ အကောင်းဆုံးအပိုင်းကို ရွေးဝယ်ရတာ။တကယ်လို့ ဂျီရိုက အကောင်းဆုံးအပိုင်းကို ရှာလို့မရခဲ့ဘူးဆိုရင် သူ အဲဒီနေ့ တူနာငါး မဝယ်တော့ပါဘူး။အကောင်းစား ဆူရှီကို အကောင်းဆုံး အကောင်းဆုံး ငါးအသားတုံးတစ်တုံးလေးမှမပါပဲ ဘယ်လိုလုပ်လို့ရမှာလဲ။အဲလိုဆိုရင် ရေဘဝဲနဲ့လုပ်ဖို့ ပြင်ချိန်ကျပြီပေါ့။

ဂျီရိုက နူးညံ့ပြီး စားကောင်းအောင် ရေဘဝဲကို လက်နဲ့ နှိပ်နယ်ပေးပြီး ပြင်ဆင်ရပါတယ်။ဘယ်လောက်ကြာကြာ နှပ်ရမှာလဲ၊ ဂျီရိုက ရေဘဝဲကို မိနစ် ၃၀ ကြာအောင် နှိပ်ပေးလေ့ရှိတယ်၊ ဒါပေမဲ့ သူတွေ့ထားတာက မိနစ် ၄၀ ကနေ ၅၀ လောက်ကြာအောင် နှိပ်ပေးရင် ရေဘဝဲအသား အနူးညံ့ဆုံးအနေအထားကို ရပါတယ်။ဆိုတော့ အဲဒီတာဝန်ကို အလုပ်သင်ဝန်ထမ်းတစ်ယောက်ယောက်ကို လွှဲအပ်ရပါတော့တယ်။

အလုပ်သင်သက် ဆယ်နှစ်ရှိပြီဖြစ်တဲ့ နောက်ထပ် အလုပ်သင်ဝန်ထမ်းတစ်ယောက်အနေနဲ့ကျတော့ ပထမရှစ်နှစ်က ငါးတွေကို ရေဆေးပြီး ပြင်ဆင်တဲ့အလုပ်ကို လုပ်ခဲ့ရတယ်။အဲဒီနောက်မှာ ကြက်ဥမွှေ ဆူရှီပြင်ဆင်ဖို့ ရာထူးတိုးမြှင့်ခံရတာပါ။ဒါပေမဲ့ ဂျီရိုက သူ့ကို ဒီကြက်ဥမွှေဆူရှီ ပြင်ဆင်ဖို့ တာဝန်မပေးမီ ကြက်ဥမွှေ အခု ၂၀၀၊ ဟုတ်ပါတယ် အခု ၂၀၀ အရင်ချက်ခိုင်းပါတယ်၊ အဲဒီနောက်မှ စားသုံးသူကို ရောင်းချမယ့် ကြက်ဥမွှေဆူရှီကို ပြင်ဆင်ခွင့်ပြုတာပါ။အမျိုးနှစ်ဆယ်ပဲ လုပ်တဲ့အခါ သင်က တစ်ခုခြင်းအတွက် စွဲစွဲမြဲမြဲ စိတ်ပါလက်ပါ လုပ်နိုင်ပါတယ်။ဂျီနိုက တော်ရုံသင့်ရုံ အမျိုးနှစ်ဆယ်ပဲ လုပ်ကြရအောင်လို့ ပြောခဲ့တာလား။နိုးပါ။သူက တစ်မျိုးခြင်းအပေါ်ကို ခွန်အားအပြည့် စုပြုံထည့်သွင်းလုပ်တာပါ။ဒါတင်မက သူ့တစ်ဘဝလုံးကို အဲဒါလေးတွေ ပြည့်စုံကောင်းမွန်အောင်လုပ်ရင်း နှစ်မြှုပ်အသုံးချခဲ့တာပါ။

သင့်အလုပ်အမျိုးအစားပေါ် မူတည်ပြီး စွဲစွဲမြဲမြဲနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားတဲ့အရာမှာ ပုံစံအမျိုးမျိုးရှိပါတယ်။နော့စတရွန်က အရောင်းသမားတစ်ယောက် လုပ်တာက ဖောက်သည်လိုချင်တဲ့ ဆွယ်တာအရွယ်အစားနဲ့ အရောင် ရဖို့အတွက် စတိုးဆိုင်ငါးဆိုင်ကို သွားပါတယ်၊ လိုချင်တာတွေ့တဲ့အခါ ဖောက်သည်ရဲ့ အိမ်အထိကို အရောက်ပို့ပေးပါတယ်။အဲဒီနောက် ဝတ်ရတာ တော်လား၊ အဆင်ပြေလား ဖုန်းဆက်ပြီး မေးသေးတယ်။

အိမ်ခြံမြေအကျိုးဆောင် ကိုယ်စားလှယ် လုပ်သူကျတော့ သူရောင်းဖို့ ရည်ရွယ်ထားတဲ့ အိမ်ရဲ့ ပုံပေါင်း ၁၀၀ လောက်ကို အချိန်တစ်နာရီလောက်ယူပြီး အကောင်းဆုံးတစ်ပုံကို ရွေးထုတ်၊ ကုမ္ပဏီရဲ့ဝဘ်ဆိုဒ်မှာ တင်ဖို့ လုပ်တယ်။

မူလတန်း ကျောင်းဆရာကျတော့ သူနှစ်နှစ်ဆယ်လောက်သင်ဖူးတဲ့ အတန်းမှာ နောက်နေ့ သင်ပြပေးဖို့အတွက်ကိုတောင် သင်ခန်းစာအစီအစဉ်ကို နောက်ထပ်တစ်ခေါက် အစမ်းလေ့ကျင့်နေပြန်တယ်။

ဒီလူတွေဟာ သူမတူအောင်ကောင်းတဲ့ အရည်အသွေးရအောင် အထူးကြိုးပမ်း အားထုတ်နေတာဖြစ်တယ်။

စမတ်ဖုန်းတစ်လုံးကို အသုံးပြုသူတွေ အလွယ်တကူသုံးနိုင်အောင် ထည့်သွင်းထားတဲ့ အသွင်အပြင်တွေဖြစ်ဖြစ်၊ လက်လီဆိုင်တစ်ဆိုင်ရဲ့ ဝယ်ယူသူအတွက် သူမတူတဲ့ ဝန်ဆောင်မှုပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်က အရမ်းနူးညံ့တဲ့ ရေဘဝဲအသားပဲဖြစ်ဖြစ် ထင်ရှားကျော်ကြားတဲ့ အရည်အသွေးကို ရချင်တယ်ဆိုရင် ရေရှည်ကြိုးစားအားထုတ်မှုနဲ့ အလွန်အကျူးတပ်မက်တဲ့စိတ် လေးလေးနက်နက်ရှိမှ ဖြစ်မှာပါ။အရည်အသွေးကောင်း လိုလားတောင်းတတဲ့ စွဲလန်းစိတ်နဲ့ အာရုံစူးစိုက်မှုတွေရှိရမှာပါ။

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ စွဲလန်း၊ စွဲမြဲခြင်း တစ်ခါတလေ လျော့ရဲတတ်ပါတယ်၊ အန္တရာယ်ရှိစေတယ် ဒါမှမဟုတ် ပျော့ညံ့စေတယ်လို့ အထင်အမြင်ရှိလို့ ဖြစ်ပါတယ်။ဒါပေမဲ့ စွဲလန်းခြင်းဟာ ထုတ်လုပ်မှုအားကောင်းစေတဲ့ တွန်းအားတစ်ခုပါ။

လုပ်ငန်းခွင်၊ အနုပညာနှင့် သိပ္ပံပညာတို့မှာ ကျွမ်းကျင်ဖို့အတွက် အရည်အသွေးကောင်းခြင်းအပေါ်မှာ စွဲလန်းစိတ်နဲ့ အသေးစိတ်အပေါ်မှာ ထူးထူးကဲကဲ စိတ်နှစ်မြှုပ်ခြင်းတို့ လိုအပ်ပါတယ်။

အာန်းနက်စ် ဟဲမင်းဝေးက “အခြားစာရေးဆရာအများစုက ကျေနပ်ပြီဆိုပြီး လက်လွှတ်လိုက်တတ်တဲ့ ကိစ္စတော်တော်များများကို ကျွန်တော်ကတော့ ကျောက်မျက်ရတနာ သေးသေးလေးတွေ ဖြစ်လာအောင် ဆက်လက်အရောင်ဖွင့်ပေးလိုက်တယ်” လို့ ရှင်းပြခဲ့တယ်။

အဲဖရက်ဟစ်ချ်ကော့က ဆိုက်ကိုရုပ်ရှင်ဇာတ်ကားထဲက ရေချိုးတဲ့ ဇာတ်ကွက်ကို စိတ်တိုင်းမကျမချင်းအခါ အခုနှစ်ဆယ်ထက်မနည်း ပြန်ရိုက်ကူးခဲ့တယ်။

ဂျိမ်းစ်ဒိုင်ဆန်က နမူနာ ၅,၀၀၀ စမ်းထုတ်ကြည့်ပြီးမှ သူ့ရဲ့ နာမည်ကျော် ဖုန်စုပ်စက်ကို ဖန်တီးခဲ့တယ်၊ အဲဒီအတွက် တစ်ဆယ့်ငါးနှစ် အချိန်ယူလုပ်ခဲ့တယ်။စွဲစွဲလမ်းလမ်း စွဲစွဲမြဲမြဲ လုပ်တယ်ဆိုတာ အဲဒါမျိုးတွေကို ပြောတာ။

ကျွန်တော်တို့ သုတေသန သတင်းအချက်အလက်ထဲက အလုပ်လုပ်တဲ့ အမူအကျင့်စွဲလမ်းခြင်းနဲ့ စွမ်းဆောင်ရည်စွဲလမ်းခြင်း နှစ်ခုကြားကနေ ကိန်းဂဏန်းဖော်ထုတ်နိုင်မယ့် ဆက်နွယ်မှု ရှာနိုင်မလားလို့ ကျွန်တော်စဉ်းစားခဲ့တယ်။ကျွန်တော်တို့ရဲ့ လေ့လာမှုမှာပါတဲ့ လူ ၅၀၀၀ ကို ပုံစံချပြီး သူတို့ရဲ့ အာရုံစိုက်မှုနဲ့ စွဲလမ်းမှု (သူတို့ရဲ့ အင်အားစိုက်ထုတ်မှုပါ ထည့်တွက်ပါတယ်။) အတိမ်အနက်ပေါ် မူတည်ပြီး အုပ်စုလေးစု ခွဲလိုက်တယ်။ဒီအုပ်စုလေးစုရဲ့ စွမ်းဆောင်ရည်က သိသိသာသာကြီး ကွဲပြားတာ တွေ့ရတယ်။

အဆိုးဆုံး စွမ်းဆောင်ရှင်အုပ်စုထဲမှာ ဦးစားပေး အများကြီးရွေးချယ်ပြီး၊ အားသွန်ခွန်စိုက်မလုပ်တဲ့သူတွေပါပါတယ်။သူတို့ကို “များများယူ၊ မျှောပြီးလုပ် (Accept More, Then Coast)” ဝန်ထမ်းများလို့ သတ်မှတ်ပြီး အောက်ခြေ ၁၁ ရာခိုင်နှုန်း အမှတ်အဆင့်မှာ ထားလိုက်ပါတယ်။မှတ်ကရော။

ဒုတိယအနိမ့်ဆုံး စွမ်းဆောင်ရှင်အုပ်စုကိုတော့ ၅၃ ရာခိုင်နှုန်း အမှတ်မှာ ထားပါတယ်။ “အဓိကဦးစားပေးအလုပ် သတ်မှတ်ရာမှာ အလွန်ထူးချွန်သူများ” အရာမှာ အလွန်မြင့်ပြီး၊ အားစိုက်အလုပ်လုပ်ရာမှာတော့ နည်းနေပါတယ်။ဒီအုပ်စုကို ကျွန်တော်တို့က “နည်းနည်းလုပ်၊ မပင်မပန်းလုပ် (Do Less No Stress)” လို့ နာမည်ပေးထားပါတယ်။ဒီအုပ်စုကလူတွေကို လေ့လာကြည့်တော့ သူတို့က ဦးစားပေးနည်းနည်းပဲ ရွေးချယ်တာ မှန်ပေမယ့်၊ စွဲစွဲလမ်းလမ်းလုပ်ဖို့တော့ လိုအပ်နေတာပါ။အလုပ်ထုတ်လုပ်အား ကျွမ်းကျင်ပညာရှင်တွေက အကြံပေးတိုက်တွန်းသလို အာရုံစိုက်ရမယ့်အလုပ်ကို ရွေးချယ်ရုံနဲ့တော့ အကောင်းဆုံးစွမ်းဆောင်ရှင်တွေ ဖြစ်မလာနိုင်သေးပါဘူး။

ဒုတိယအကောင်းဆုံး စွမ်းဆောင်ရှင် အုပ်စုကတော့ ၅၄ ရာခိုင်နှုန်း အမှတ်နေရာကို ရထားပါတယ်။ဒီအုပ်စုမှာ ပါဝင်သူတွေကတော့ အလုပ်တာဝန်အမြောက်အများကို လက်ခံပြီး အားလုံးကိုပြီးစီးအောင် မနားမနေ ပင်ပင်ပန်းပန်း ကြိုးစားလုပ်တတ်တဲ့သူတွေပါ။သူတို့ရမှတ်တွေက အလုပ်ရွေးချယ်ရာမှာ နိမ့်ပြီး အင်အားစိုက်ထုတ် ကြိုးစားရာမှာတော့ အမှတ်မြင့်ပါတယ်။သူတို့ကို ကျွန်တော်တို့က “များများလုပ်၊ များများပင်ပန်း (Do More, Then Stress)” အုပ်စုလို့ နာမည်ပေးထားတယ်။အမှုဆောင်ရှာဖွေရေးက စူစန်ဘစ်ရှော့ကို ဒီအုပ်စုထဲမှာ ထည့်ရမှာပေါ့။သူက အလုပ်တာဝန်အမြောက်အများကို အလွန်အကျွံ တာဝန်ယူခဲ့တယ်။ (နည်းနည်းလုပ် ရမှတ် ၇ မှာ ရမှတ်နိမ့် ၃ ပဲ ရတယ်)။ ဒါပေမဲ့ အင်အားကြီးကြီးစိုက်ထုတ်တဲ့ ရမှတ်ကျတော့ အများကြီးရတယ်။ (ထိပ်တန်းရမှတ် ၇)။ သတိထားမိတာက ဒီအုပ်စုရဲ့အလုပ်စွမ်းရည်အဆင့်က “နည်းနည်းလုပ်၊ မပင်မပန်းလုပ် (Do Less No Stress)” အုပ်စုနဲ့ တန်းတူလောက်ပဲဆိုတာ တွေ့ရတယ်။အဓိပ္ပာယ်က “နည်းနည်းလုပ်” အတွက်ပဲဖြစ်ဖြစ်၊ “စွဲမြဲလုပ်” အတွက်ပဲဖြစ်ဖြစ် လိုအပ်တဲ့ အရည်အချင်း သတ်မှတ်ချက်တစ်ခုခုကို မပြည့်မီရင်တောင်မှ သင့်စွမ်းဆောင်ရည် ရမှတ်က သာမာန်အဆင့် (၅၀ ရာခိုင်နှုန်း ရမှတ်ထက် နည်းနည်းပိုသောအဆင့်) မှာပဲ ရှိနေတယ် ဆိုတာပါ။

နောက်ဆုံးအနေနဲ့၊ ဂျီရိုတို့ အမန်ဆန်တို့လို ဦးစားပေး နည်းနည်းရွေးချယ်ပြီး အဲဒီအပေါ်မှာ စွဲစွဲမြဲမြဲ စွဲစွဲလမ်းလမ်းလုပ်တဲ့အရာမှာ ထူးချွန်တဲ့နေရာမှာရှိတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ ကျွန်တော်တို့ တွေ့ခဲ့ဖူးပါပြီ၊ သူတို့ရဲ့ စွမ်းဆောင်ရည်က သူတို့ကို တစ်ဆင့်နိမ့်အုပ်စုထက် ၂၈ ရာခိုင်နှုန်း ရမှတ်ပိုများတဲ့ ၈၂ ရခိုင်နှုန်း ရမှတ်နေရာကို ရစေခဲ့ပါပြီ။

(ဒါက “နည်းနည်းလုပ် စွဲမြဲလုပ် (Do Less, Then Obsess)” အလေ့အကျင့် တစ်ခုတည်းကရတဲ့ အကျိုးပဲရှိပါသေးတယ်၊ အခြားအလေ့အကျင့်ခုနစ်မျိုးကို ထည့်မတွက်ရသေးပါ။)

ဆိုတော့ သင်က ဘယ်အုပ်စုထဲမှာ ပါနေသလဲ၊ မှန်မှန်ဖြေပါ၊ ကိုယ့်ကိုယ်ကိုယ် ဝန်ခံရရင်တော့ ကျွန်တော်က “များများလုပ်၊ များများပင်ပန်း” အုပ်စုဝင် ဖြစ်ဖြစ်သွားတတ်ပါတယ်။ကျွန်တော်က အလုပ်တာဝန်အများကြီး ယူမိသွားတတ်ပြီး၊ နောက်လည်းကျရော လုပ်ရမှာတွေ အများကြီးထဲမှာ ယက်ကန်ယက်ကန် ဖြစ်သွားတတ်ပါတယ်။ဒါပေမဲ့ အခုတွေ့ရှိချက်တွေက ကျွန်တော့်အပေါ် သက်ရောက်မှုရှိတယ်၊ အခု ကျွန်တော့်ကိုယ် ကျွန်တော် “နည်းနည်းလုပ် စွဲမြဲလုပ်” အုပ်စုထဲ ရောက်သွားအောင် ကြိုးစားပမ်းစား လုပ်နေပါပြီ။ဆိုလိုတာက ကျွန်တော်က “နိုး” လို့ မကြာခဏငြင်းတတ်လာပြီး၊ ကိုယ့်ခွန်အားကို ကိုယ်ကျန်တဲ့ ဦးစားပေးကိစ္စ အနည်းငယ်ကိုဆောင်ရွက်ဖို့ ဦးတည်တတ်လာပါပြီ။

ကျွန်တော့်ရဲ့ အားရုံစူးစိုက်မှုကို ဘာတွေကလျော့ကျစေလဲဆိုတာကို ဂရုစိုက်တတ်လာတယ်လို့လည်း ဆိုလိုရာ ရောက်ပါတယ်။ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ ဘယ်အရာက သင့်ကို “နည်းနည်းလုပ်” ရာကနေ ဟန့်တားသလဲဆိုတဲ့ မေးခွန်းကို ထည့်သွင်းထားပါတယ်။

ကျွန်တော်မှန်းကြည့်တာကတော့ လူတွေဟာ များသောအားဖြင့် အာရုံမစိုက်ကြပါ၊ဘာလို့လဲဆိုတော့ သူတို့မှာ အနှောင့်အယှက်တွေရှိနေလို့ပါ။အပတ်စဉ်တိုင်းလိုလို မီဒီယာတွေမှာပါတဲ့အတိုင်း ဆက်သွယ်ရေးနည်းလမ်းအသစ်တွေ ဝင်လာတဲ့အတွက် လူတွေ မအားမလပ်ဖြစ်နေရတယ်၊ လူမှုကွန်ရက်တွေမှာ သူတို့ ဘယ်လောက်အချိန်ဖြုန်းနေလဲ၊ သူတို့ FOMO (Fear Of Missing Out - တစ်ခုခုလွတ်သွားမှာ ကြောက်ခြင်း) အပေါ်မှာ ဘယ်လိုခံစားနေရသလဲ၊ အဲဒါတွေကြောင့် သူတို့က စာတို၊ အီးမေးလ် ဒါမှမဟုတ် ပင်းအင်တာနက် ရှာဖွေခြင်း (Ping Network Search) မှန်သမျှကို မလွတ်တမ်း မျက်စေ့မခွာ ကြည့်နေကြတယ်ဆိုတာတွေ ဖော်ပြလာနေတယ်။ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အချက်အလက်တွေ ပြနေတာက၊ ဒီအနှောင့်အယှက်တွေက ပြဿနာကြီးတစ်ခုရဲ့ အစိတ်အပိုင်းလောက်လေးပဲ ရှိသေးတယ်ဆိုတာကို ကျွန်တော်သိလာခဲ့ရတယ်။

ကျွန်တော်တို့ရဲ့ လေ့လာချက်မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်တွေက အာရုံစိုက်လို့မရအောင် နှောင့်ယှက်တဲ့ အဓိကအကြောင်းသုံးချက်ကို ညွှန်ပြပေးလာပါတယ်။များလွန်းတဲ့ အလုပ်ဆောင်ရွက်ရန် ဖော်ပြချက်များ (များလွန်းတဲ့ အစည်းအဝေးတွေ၊ များလွန်းတဲ့ လုပ်စရာတွေအပါအဝင်)၊ စိတ်ဆွဲဆောင်မှုများ (အခြားသူတွေကလုပ်တဲ့ အာရုံထွေပြားစရာများ၊ မိမိကိုယ်တိုင် ဖန်တီးတဲ့ လုပ်ချင်စရာများအပါအဝင်)၊ အဖျက်အမှောင့်များ- “များများလုပ်ကြ” အထက်အရာရှိများ (ဦးတည်ချက်မရှိဘဲ ဦးစားပေး အများကြီးသတ်မှတ်ပေးတတ်သူများ။)

အဲဒီအဓိကအချက် သုံးချက်ကို ကျွန်တော်တို့က “နည်းနည်းလုပ်၊ စွဲမြဲလုပ်” နည်းဗျူဟာသုံးခုအဖြစ် ပြောင်းလဲလိုက်လို့ရပါတယ်။အလုပ်သတ်မှတ်ချက်ကို ဘယ်လိုချုံ့လို့ရမလဲ ကြည့်လိုက်ကြရအောင်။

          အစွမ်းပြပြီး အလုပ်လုပ်ကိုင် အောင်မြင်သူများ ဖြစ်ကြပါစေ။

          (ဆက်လက်‌ဖော်ပြပါမည်။)

သက်ထွန်း (သျှမ်း)