【 ဆောင်းပါး 】 ပြန်လည်နိုးထလာသည့် မြန်မာ-တရုတ် လေကြောင်းခရီးစဉ်များ

【 ဆောင်းပါး 】 ပြန်လည်နိုးထလာသည့် မြန်မာ-တရုတ် လေကြောင်းခရီးစဉ်များ

တရုတ်နိုင်ငံအခြေစိုက် China Southern Airlines လေကြောင်းလိုင်းက ရန်ကုန်-ကွမ်ကျိုး ခရီးစဉ်ကို ယခု ၂၀၂၃ ခုနှစ် စက်တင်ဘာလဆန်းမှာ စတင်ပြေးဆွဲလာပြီဖြစ်သည်။

ကိုဗစ်ပြီးသည့်နောက်ပိုင်းတွင် လေကြောင်းခရီးစဉ်များ ပိုမိုလုပ်ဆောင်လာရာတွင် တရုတ်နိုင်ငံမှ လေကြောင်းလိုင်းများကလည်း အပါအဝင်ဖြစ်လာခဲ့သည်။

အဆိုပါလေကြောင်းလိုင်းက ရန်ကုန်မှ ကွမ်ကျိုးအပြင် လော့စ်အိန်ဂျလိစ်ကိုပါ ချိတ်ဆက်ပျံသန်းသွားမည်ဖြစ်သည့်အတွက် လေကြောင်းခရီးသည်များအတွက် အကျိုးရှိစေမည့် ပျံသန်းမှုအစီအစဉ်လည်းဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံမှ လေကြောင်းခရီးသည်များအပေါ် ရောဂါဆိုင်ရာ စစ်ဆေးသတ်မှတ်ချက်များကို လက်ရှိတွင် ဖြေလျှော့လိုက်သည့်အတွက် လေကြောင်းသွားကြမည့် ခရီးသည်များအတွက် အကျိုးရှိစေသည့် အခြေအနေလည်းဖြစ်သည်။

ပြီးခဲ့သော ဇွန်လကုန်ပိုင်းကလည်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဖြင့် တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်၊ မန်စီမြို့ရှိ လေဆိပ်သို့ ပျံသန်းပေးကာ မန်စီမြို့နှင့် မြန်မာနိုင်ငံ၏ အဓိကမြို့များဖြစ်ကြသော ရန်ကုန်၊ မန္တလေး မြို့များသို့ ချိတ်ဆက်ပျံသန်းသည့် ခရီးစဉ်ကို စတင်လိုက်ခြင်းဖြစ်သည်။တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြားတွင် အပြန်အလှန် လေကြောင်းလိုင်းများပြေးဆွဲသည့် လေကြောင်းခရီးစဉ်များရှိသည်။ခရီးသွားလုပ်ငန်းမြှင့်တင်မှုများနှင့်အတူ ဗီဇာဖြေလျှော့မှုများအပါအဝင် လေကြောင်းခရီးစဉ် ပျံသန်းမှုများကလည်း အရေးပါလျက်ရှိသည်။

ကိုဗစ်မတိုင်ခင်ကာလလောက်အထိ တရုတ်နိုင်ငံမှ မြို့ကြီး ၁၆ မြို့နှင့် ရန်ကုန်လေဆိပ်အကြား ချိတ်ဆက်ပျံသန်းနေသည့် တရုတ်လေကြောင်းလိုင်းများ ၁၀ ခုထက်မနည်းရှိခဲ့သည်။ ၂၀၁၈ နှစ်ကုန်ပိုင်းတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် တရုတ်နိုင်ငံမှ လေကြောင်းလိုင်းအချို့က နှစ်နိုင်ငံကြား ခရီးစဉ်စတင်ပျံသန်းမှုများကို ပြုလုပ်ခဲ့ကြသည်။ထို ၂၀၁၈ ခုနှစ်အတွင်းတွင် တရုတ်နိုင်ငံမှ လေကြောင်းလိုင်းခြောက်ခုက ခရီးစဉ် ၁၁ ခုအထိ တိုးချဲ့ပျံသန်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တရုတ်လေကြောင်းလိုင်းများဖြစ်ကြသည့် Hainan Airlines, Sichuan Airlines, China Eastern Airlines, Xiamen Airlines နှင့် Spring Airlines စသည်တို့က ရန်ကုန်လေဆိပ်နှင့် တရုတ်နိုင်ငံရှိ မြို့ကြီးများကို ခရီးစဉ်သစ်ပျံသန်းမှုများ စတင်ခဲ့သည်။ ၂၀၁၉ ခုနှစ် နှစ်လယ်အထိပင် တရုတ်လေကြောင်းလိုင်း ၁၀ ခုက တရုတ်နိုင်ငံရှိ မြို့ကြီး ၁၆ မြို့မှ မြန်မာနိုင်ငံက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးစဉ်များ ချိတ်ဆက်၍ ပျံသန်းနေလျက်ရှိသည်။

ထိုသို့ ရန်ကုန်မြို့နှင့် ချိတ်ဆက်ပျံသန်းနေသည့် တရုတ်နိုင်ငံမှ မြို့ကြီးများမှာ Kuming, Beijing, ဟူးဟန် (Hohhot)၊ Nanning, Shanghai, ဝူဟန် (Wuhan), Shenzhen, Guangzhou, Chengdu, Xi’an, Hangzhou, Guangzhou, Hongkong၊ Taipei, Chongquing, Xiamen စသည့် မြို့များဖြစ်ကြသလို မြန်မာနိုင်ငံမှလည်း မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် MAI လေကြောင်းလိုင်းတို့မှလည်း တရုတ်နိုင်ငံက မြို့ကြီးများဆီသို့ ပျံသန်းခဲ့ကြသည်။ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံက မြို့ကြီးများကြားတွင် ခရီးစဉ်အသစ်များ တိုးချဲ့ပျံသန်းရန် မြန်မာနိုင်ငံရှိ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံ ခွင့်ပြုချက်တောင်းထားသည့် တရုတ်လေကြောင်းလိုင်းများလည်းရှိနေသေးကြောင်း ယင်းဦးစီးဌာန သတင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြားတွင် အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်ကာ လွန်ခဲ့သော ၂၀၁၇ ခုနှစ်အတွင်းကပင် တရုတ်နိုင်ငံရှိ မြို့ကြီးနှစ်မြို့နှင့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတို့ကို တိုက်ရိုက်ချိတ်ဆက်ပျံသန်းသော လေကြောင်းခရီးစဉ်ကို ပြေးဆွဲခဲ့ဖူးသည်။ထိုစဉ်က တရုတ်နိုင်ငံ၊ Chongqing မြို့မှ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုထွန်းကာရာ မြို့ဖြစ်သည့် မန္တလေးမြို့ကို Sichuan လေကြောင်းလိုင်းက သောကြာနေ့၌ ပြေးဆွဲခဲ့ပြီး အသွား၊ အပြန် ခရီးစဉ်များကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ စသည့်နေ့များတွင် တစ်ပတ်လျှင် သုံးကြိမ်စီ အသွားအပြန် ပြေးဆွဲပေးခဲ့သည်။ယင်းလေကြောင်းခရီးစဉ်မှာ ပျံသန်းချိန် အချိန် ၂ နာရီခွဲသာ ကြာမြင့်ပြီး ဒေသတွင်း ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းအပါအဝင် နှစ်နိုင်ငံအကြား၌ များစွာအကျိုးဖြစ်ထွန်းစေသည့် အခြေအနေမျိုးဖြစ်ခဲ့သည်။

တရုတ်လေကြောင်းလိုင်းများက မြန်မာနိုင်ငံသို့ ပြေးဆွဲရာတွင် လေယာဉ်လက်မှတ်ခ စရိတ်နည်းသည့် လေကြောင်းလိုင်းအချို့ပင် ပါဝင်လာခဲ့ရာ စရိတ်အနည်းဆုံးဖြစ်အောင် ချုံ့၍သွားလာလိုသည့် ခရီးသည်များအတွက် အကျိုးရှိစေခဲ့သည်။ထိုစရိတ်နည်း လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Spring Airlines က ရှန်ဟိုင်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်သစ်ကို တစ်ပတ်လေးကြိမ် ပျံသန်းပေးခဲ့သလို ခရီးသည် ၁၈၆ ဦး လိုက်ပါစီးနင်းနိုင်သည့် Airbus A 320 လေယာဉ်အမျိုးအစားသုံးစွဲကာ ပျံသန်းပေးခဲ့သေးသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံတကာမှ လေကြောင်းလိုင်း ၃၀ ကျော်က အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၃၀ ကျော်ကို ပျံသန်းပြေးဆွဲလျက်ရှိရာတွင် တရုတ်နိုင်ငံ လေကြောင်းလိုင်း ၁၀ ခုဝန်းကျင် လောက်က ခရီးစဉ် ၁၆ ခုဖြင့် အများဆုံး ပျံသန်းပေးနေခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ကပ်ရောဂါအလွန် ရုန်းကန်နိုးထနေသည့်ကာလဖြစ်သလို ခရီးသွားမြှင့်တင်နေသည့် အခြေအနေများလည်းရှိနေသည့်အတွက် တရုတ်လေကြောင်းလိုင်းများမှာ တစ်စစဖြင့်တိုး၍ ပြန်လည်ပြေးဆွဲလာလျက်ရှိသလို နှစ်နိုင်ငံကြားတွင် ပေါင်းကူးချိတ်ဆက်မှုများဖြင့် ပျံသန်းပေးလျက်ရှိသည်။

ယခု ၂၀၂၃ ခုနှစ် ပြီးခဲ့သောလအတွင်းက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြားတွင် နှစ်နိုင်ငံခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူစေရန် မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-မန္တလေး-မန်စီ ခရီးစဉ်သစ်ကို တစ်ပတ်သုံးကြိမ် ပျံသန်းလာခဲ့သည်။ထိုခရီးစဉ်ကို Boeing 373-800 NG လေယာဉ်ဖြင့် ပျံသန်းပေးသည့်အပြင် Mobile Application မှတစ်ဆင့်လည်း လေယာဉ်လက်မှတ်ဝယ်ယူခြင်းနှင့် ငွေချေခြင်းတို့ကိုပါ ဆောင်ရွက်လာခဲ့သည်။ထို MNA Application မှ Search flights, Book flight, Make payment, Check flight status, Manage booking, Online Check-in နှင့် E-Boarding Pass ထုတ်ယူခြင်းများကိုပါ ပြုလုပ်နိုင်သည့်အတွက် ခရီးသည်များအတွက် များစွာအကျိုးပြုစေခဲ့သည်။

ထိုသို့ ကိုဗစ်အလွန် ပြန်လည်ရုန်းထကြရင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ရှိ နိုင်ငံတကာလေကြောင်းလိုင်း ၁၇ ခုက လေကြောင်းခရီးစဉ် ၂၀ ကျော်ကို ပျံသန်းနေပြီး ဆက်လက်၍လည်း နိုင်ငံတကာလေကြောင်းလိုင်းများမှ ထပ်မံတိုးချဲ့လာကာ ပျံသန်းသွားရန်ရှိနေကြသည်။ထိုသို့ ထပ်မံတိုးချဲ့ ချိတ်ဆက်ပျံသန်းပေးလာမည့် လေကြောင်းလိုင်းများတွင် တရုတ်နိုင်ငံမှ လေကြောင်းလိုင်းများနှင့် တရုတ်နိုင်ငံသို့ ပျံသန်းပေးမည့် လေကြောင်းလိုင်းများလည်း ပါဝင်နေလျက်ရှိကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ရှိသူတစ်ဦးက ဆိုထားသည်။ထို့အပြင် မကြာခင်ရောက်ရှိလာတော့မည့် မြန်မာနိုင်ငံ၏ ပွင့်လင်းရာသီနှင့်အတူ ကမ္ဘာလှည့်ခရီးသွားရာသီလည်းဖြစ်လာရာ တရုတ်နိုင်ငံမှ ခရီးသွားများ လာရောက်ရန် ဖိတ်ခေါ်လုပ်ဆောင်မှုများဖြင့် ပြင်ဆင်နေသလို လေကြောင်းခရီးစဉ်များကိုလည်း စီစဉ်နေမှုများရှိသည်။

ထိုသို့ဖြင့် နှစ်နိုင်ငံကြား လေကြောင်းခရီးစဉ်များကို ပိုမိုတိုးချဲ့ပျံသန်းလာခြင်းဖြင့် နှစ်နိုင်ငံကြားတွင် ခရီးသည်နှင့် ကုန်စည်စီးဆင်းမှု ချောမွေ့မြန်ဆန်လာစေကာ ချစ်ကြည်ရင်းနှီးကြသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရန် အထောက်အကူကောင်းများ ဖြစ်လာစေမည်ကို ရေးသားလိုက်ရပေသည်။

ဧပရယ်လ်