【 ဆောင်းပါး 】 ဖဲကြောင့် ပျက်တဲ့ဘဝ

【 ဆောင်းပါး 】 ဖဲကြောင့် ပျက်တဲ့ဘဝ

အင်မတန်အောင်မြင်ချင်တဲ့ ငယ်သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်။သူက တစ်ဦးတည်းသောသားလည်းဖြစ်ပြန်တော့ ဘာမဆို နံပါတ်တစ်အဖြစ်နဲ့ ကြီးပြင်းလာတဲ့ ဘဝပေးအခံကြောင့်လည်းပါမလား မပြောတတ်။သူငယ်ချင်းတွေကြားမှာလည်း သူက နံပါတ်တစ် သိပ်ဖြစ်ချင်ခဲ့တာကလွဲ စိတ်ကောင်းရှိတဲ့သူ။

နံပါတ်တစ်ဖြစ်ဖို့ သူကြိုးစားတယ်။မခံချင်စိတ်ကလည်းကြီးတော့ ဖြစ်ကိုဖြစ်ရမယ်ဆိုပြီး ချွေးဒီးဒီးကျခဲ့တယ်။သူများလုပ်နိုင်ရင် သူလည်းလုပ်နိုင်ရမယ်ဆိုတဲ့စိတ်မျိုးလည်း ပြင်းပြင်းပြပြရှိခဲ့တယ်။အဲဒီမခံချင်စိတ်ရဲ့ နောက်ဆက်တွဲ လောင်းကြေးထပ်ရမှာကိုလည်း သူဝါသနာပါခဲ့သလို သိပ်အနိုင်လိုချင်ခဲ့တယ်။

သူ့ရဲ့ပညာရေးမှတ်တမ်းက ထိပ်ဆုံးအဆင့်မရှိပေမယ့် လူရိုသေရှင်ရိုသေ ဒီကောင်လေး ကြိုးစားတယ်။စာတော်တယ်ဆိုတာမျိုး အဆင့်။ကျနော်တို့ သူငယ်ချင်းတွေထဲ ၁၀ တန်းကို စောစောစီးစီး သူအောင်သွားတယ်။ ၁၀ တန်းအောင်မှတ်က အဲဒီတုန်းက ဆေးတက္ကသိုလ်ပြီးတော့ နံပါတ် (၂) အဆင့် စက်မှုတက္ကသိုလ်ဝင်ခွင့်ရဖို့ ကပ်သီးလေးနည်းသွားတဲ့အဆင့်မို့ သူတော်တော်ခံစားခဲ့ရဖူးတယ်။ဒါပေမဲ့ အင်ဂျင်နီယာဖြစ်ချင်တဲ့ သူ့ရဲ့ဆန္ဒအတိုင်း ဂျီတီအိုင်ဝင်ခွင့် စာမေးပွဲဖြေ၊ တစ်ခေါက်တည်းနဲ့ ဝင်ခွင့်အောင်ပြီး ဝင်ခွင့်အောင်မှတ်ကောင်းသူတွေသာ တက်ခွင့်ရတဲ့ အင်းစိန်ဂျီတီအိုင်မှာ ကျောင်းတက်ခွင့်ရ။စောစောစီးစီး လမ်းကြောင်းတစ်ခုပေါ် ရောက်ခဲ့တယ်။

သူ့ရဲ့ မခံချင်စိတ်နဲ့ အလောင်းအစားစိတ်ဟာ ဘယ်လောက်ထိပြင်းပြခဲ့သလဲ။တစ်ခါက ညဘက် သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်ထိုင်ကာ ရောက်တတ်ရာရာပြောကြရင်း ဆမူဆာနဲ့ တို့စားရတဲ့ ငရုပ်ဆီအချဉ်ရည်ကို ပန်းကန်လုံးနဲ့အပြည့် ၅ မိနစ်အတွင်း သောက်နိုင်၊ မသောက်နိုင် ငြင်းခုံကြရာကနေ သူငယ်ချင်းတစ်ယောက်က သောက်နိုင်တယ်လို့ ဆိုလိုက်တယ်။အဲဒီမှာ ဂျီတီအိုင်ကျောင်းသားကြီးက ချက်ချင်းဆိုသလို လောင်းမလားလို့ ဆိုတယ်။အခုထိုင်နေတဲ့ လက်ဖက်ရည်ဝိုင်းမှာ ကြိုက်တာ ထပ်မှာစားကြ တစ်ဝိုင်းကြေးလို့ သူကကြေးသတ်မှတ်လိုက်တယ်။ဂျီတီအိုင်ကျောင်းသားကြီးက မသောက်နိုင်ဘူးဆိုတဲ့ဘက်ကနေ စိန်ခေါ်လိုက်တာ။

အဲဒါနဲ့ အလောင်းအစားဖြစ်ပြီး အချဉ်ရည်သောက်။ ၅ မိနစ်မပြည့်မီ အချဉ်ရည်ကုန်အောင် သောက်ပြနိုင်လို့ ဂျီတီအိုင်ကျောင်းသားကြီးက တခြားသူငယ်ချင်းတွေ လက်ကုန်စားကြတဲ့ တစ်ဝိုင်းစာဖိုး ရှင်းလိုက်ရ။နောက်တစ်ညကျတော့ ဂျီတီအိုင်ဆရာက လက်ဖက်ရည်ဆိုင်ရောက်ရောက်ချင်းမှာပဲ မပြောမဆိုနဲ့ အချဉ်ရည်တွေကို ပန်းကန်လုံးထဲထည့်ပြီး တစ်ချိုးတည်း မော့ချ။

‘ဒီနေ့ကတော့ ငါလည်းသောက်နိုင်တယ်ဆိုတာ မင်းတို့ကို လက်တွေ့ပြတာ။ကဲ ဒီနေ့လည်း ငါ့ကိုယ်ငါ ဂုဏ်ပြုတဲ့အနေနဲ့ ဒီတစ်ဝိုင်လုံး ငါထပ်ရှင်းမယ်’ တဲ့။သူ့ရဲ့မခံချင်စိတ်က အဲဒီလို။

ဂျီတီအိုင် ဒုတိယနှစ်ရောက်တော့ အညွန့်တလူလူတက်နေတဲ့ သူ့ဘဝကို ဖျက်ဆီးပစ်လိုက်တာက သူ့ရဲ့မခံချင်စိတ်နဲ့ အလောင်းအစားစိတ်ပါပဲ။ကျောင်းသားသဘာဝ ဖဲရိုက်တတ်ရာကနေ ရှိုးရိုက်တာကို အစွဲကြီးစွဲကာ ပုံအောပစ်တော့တယ်။တစ်ဦးတည်းသောသား ပိုက်ဆံက နည်းနည်းပေါ။ မခံချင်စိတ်နဲ့ ကမူးရှူးထိုး ရိုက်တာဆိုတော့ ရှုံးချက်ဟာ နက်လို့။

ဂျီတီအိုင်ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲဝင်တော့လည်း ရသမျှ ပိုက်ဆံ အဲဒီဖဲကြောင့်ပဲ ကုန်ရတယ်။မိန်းမရတယ်။ဖဲရိုက်ဖို့ ငွေလိုရင် မိန်းမကိုရန်ရှာ။မိန်းမဆွဲကြိုးကအစ ပေါင်နှံဖဲရိုက်။ရိုက်စရာငွေမရှိရင် ပင်စင်စားမိဘဆီ အကြောင်းပေါင်းစုံပြကာ သွားတောင်း။မိဘ ၂ ပါး ကွယ်လွန်သွားတော့လည်း ကျန်ခဲ့တဲ့ အမွေတွေက လူလတ်တန်းစားတွေအတွက် ဘယ်နည်းလိမ့်မလဲ။အဲဒီဖဲကြောင့်ပဲ ရသမျှ အမွေတွေလည်း ကုန်ခဲ့ဟန်တူသလို မိန်းမနဲ့လည်း သမီးတစ်ယောက်ရပြီးမှ ကွဲသွားရှာတယ်။

သူ ဂျီတီအိုင်ကျောင်းပြီးကတည်းက ကျနော်တို့ငယ်သူငယ်ချင်းတွေနဲ့ ခပ်လှမ်းလှမ်းဖြစ်သွားတဲ့ အဲဒီသူငယ်ချင်း လုပ်ငန်းခွင်ထဲ ရောက်သွားတဲ့အချိန်မှာ တော်တော့်ကို အလှမ်းဝေးသွားတော့တယ်။သူ့မခံချင်စိတ်ရဲ့ လှုံ့ဆော်မှုကြောင့်နဲ့လည်း ဆိုင်မယ်။သူကိုယ်တိုင်က အင်ဂျင်နီယာဘာသာရပ်အပေါ် စိတ်ဝင်စားတာကြောင့်လည်းဖြစ်မှာပေါ့။ပုဂ္ဂလိကစက်ရုံကြီးတစ်ရုံမှာ လုပ်သက်တိုတိုနဲ့ အားကိုးရတဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာကြောင်း ကြားရသလို ဖဲဝိုင်းရှိရင် အလုပ်ကိုပစ်ထားဖို့ ဝန်မလေးဘူးဆိုတာလည်း သတင်းသဲ့သဲ့ကြားရတယ်။

သူ မိန်းမနဲ့ကွဲပြီးနောက် သတင်းအစအနရယ် မရတော့။သူအရင်လုပ်ခဲ့တဲ့ စက်ရုံမှာပဲ စွဲစွဲမြဲမြဲအလုပ်လုပ်ကာ ရာထူးတွေ တစ်ရစ်ရစ် တိုးနေတာလောက်ပဲ တစ်ခါတရံကြားရတယ်။ကြာလာတော့ ကျနော်တို့မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြတယ်။ငယ်သူငယ်ချင်းတွေ ပြန်ဆုံတဲ့အချိန် တစ်ယောက်နဲ့ တစ်ယောက် သူ့အကြောင်း မေးကြည့်ကြပေမယ့် ဘယ်သူကမှ ရေရေရာရာမသိကြတော့အထိ ပြတ်တောက်သွားကြတယ်။

၂၀၁၂ ခုနှစ်အတွင်းက တစ်ရက်။ရန်ကုန်မြို့တွင်းက ဘီယာဆိုင်တစ်ဆိုင်မှာ ကျနော်ထိုင်နေခိုက် ဘေးဝိုင်းကတစ်ယောက် ထလာပြီး ကျနော့်ပုခုံးကို ခပ်ဆတ်ဆတ်ပုတ်ကာ ကျနော့်နာမည်ခေါ်လိုက်လို့ ကြည့်မိတော့ ဘယ်သူမှန်း ကျနော်မမှတ်မိ။

‘ဟေ့ကောင်၊ ငါ …. လေ’ လို့ ပြောလည်းပြော ဆဲလည်းဆဲမှ ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်မှန်း သိတော့တယ်။အရင်က ဖြူဖြူလွင်လွင်နဲ့ ကြည်စင်နေတဲ့ သူငယ်ချင်း အခုအခါမှာတော့ ဘယ်လိုမှမမှတ်မိလောက်အောင်ကို ညစ်ညစ်ထေးထေး။

နောက်မိန်းမနဲ့ သားတစ်ယောက် မွေးထား။အခု ဒုတိယမိန်းမနဲ့ ကွဲချင်ချင်။နောက်ထပ်မိန်းမတစ်ယောက် ထပ်ရဖို့လည်း လမ်းစမြင်နေပြီတဲ့။သာမန်ထမင်းစားရေသောက်ကိစ္စရပ်ပမာ ပေါ့ပေါ့ပါးပါးပဲ သူပြောပြနေလို့ ကျနော်အံ့အားသင့်ရတယ်။

သူ့ဝိုင်းသူ ပြန်သွားပြီးနောက် ကျနော်ကြည့်လိုက်တော့ သူတို့ဝိုင်းတော်သားတွေသောက်နေတာ ဈေးပေါလှတဲ့ အကြမ်းစားဝီစကီ။ကြမ်းလွန်းလို့ ကျနော်မသောက်နိုင်တဲ့ အဲဒီဝီစကီကို သူငယ်ချင်းက ရေတောင်မရော အလွယ်တကူပဲ မော့ချနေလိုက်တာများ ဖြုံရ။သူသောက်နေပုံကို ကြည့်လိုက်တာနဲ့ နေ့စဉ်မဟုတ်တောင် တစ်ပတ် လေး၊ ငါးရက် သောက်နေမှန်း သိသာရဲ့။

သူ့ဘဝသူ လွှတ်ချထားလိုက်မှန်းလည်း သိသာတယ်။ဖြစ်ချင်သလိုဖြစ် အရာရာဟာ ပေါ့ပေါ့ပါးပါးပဲဆိုတာမျိုး။ဘဝမှာ ဘာကိုမှထပ်မမျှော်လင့်တော့သလို ဘာကိုမှလည်းမကြောက်တော့တာလည်း အသေအချာ။ဘဝဟာ ဖဲကြောင့် ဒီလောက်တောင် ပျက်သွားသင့်သလားလို့ ကျနော်မချိတင်ကဲဖြစ်ရတယ်။

အဲဒီတုန်းက ‘မင်းဖဲရိုက်သေးလား’ လို့ မမေးချင်လို့ ကျနော်မမေးခဲ့ဘူး။၂၀၂၀ ပြည့်နှစ်လောက်က သူကွယ်လွန်သွားပြီဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းရောက်လာတယ်။တကယ်သေတာလည်း ဖြစ်နိုင်တယ်။တကယ်မသေသေးတာလည်း ဖြစ်နိုင်ပါတယ်။

အခုအချိန်ထိ သူ့ကို ထပ်မတွေ့တော့တာလည်း သေချာရဲ့။

ငြိမ်းဆက်