【 ဆောင်းပါး 】 ဖျပ်ကနဲ မြင်ရတဲ့ မာကျောတဲ့စိတ်တွေ

【 ဆောင်းပါး 】 ဖျပ်ကနဲ မြင်ရတဲ့ မာကျောတဲ့စိတ်တွေ

လူတစ်ယောက် စိတ်ဓာတ်ဘယ်လောက်မာကျောသလဲဆိုတာကို ဘယ်အချိန်မှာ သိနိုင်မလဲ။

စာအရဆို သူ့ရဲ့ နောက်ဆုံးအားထားရာတစ်ခု၊ သူမြတ်နိုးရာတစ်ခု ဆုံးရှုံးချိန်၊ ဒါမှမဟုတ် လောကဓံဖြစ်တဲ့ ဘ၀အနိမ့်အကျကို ရုတ်ချည်းခံရတဲ့အခါမျိုးမှာ မြင်ရလေ့ရှိကြောင်း ဆိုသည်။ထိုသည်က အမြဲမဟုတ်သော်လည်း အတော်များများ မှန်သည်ကို ထိုအချိန်တွင် တွေ့ရသည်။

ကျနော် အပြင်စာသင်ဝိုင်းတွင် စာသင်နေချိန်ကဖြစ်သည်။ကျနော် စာသင်နေသည့် အိမ်တွင် နာတာရှည် လူမမာတစ်ဦးဖြစ်သည်။ကျနော်စာသင်ပေးရသည်က ထိုလူမမာ၏ မြေး။ထိုလူမမာကို သမီးအကြီးဆုံးက ပြုစုစောင့်ရှောက်ရသည်။ပြောရလျှင် ထိုအိမ်မှာ စာသင်တာ သုံးလေးနှစ်ဆိုတော့ တခါတလေ လူမမာကို ထူဖို့မဖို့ မလွယ်သည့်အခါ ဝင်ကူရတာတွေလည်းရှိသဖြင့် ထိုတပည့်မ၏ မိသားစုအကြောင်းကို အတော်လေးသိသည်ဟု ပြောလို့ရသည်။

လူမမာကို ပြုစုရသည့် သမီးကြီးမှာ စာသင်ပေးနေသည့် တပည့်မလေး၏ ကြီးဒေါ်ဖြစ်ပြီး လူက အသားဖြူဖြူ သွယ်သွယ်လေးဖြစ်ကာ အဖေကို တော်တော်ချစ်သူဖြစ်သည်။ဖအေကို ပြုစုရန်အတွက် အိမ်ထောင်လည်းမပြု၊ အဖေ နာတာရှည်စဖြစ်ကတည်းက အလုပ်ပါထွက်ကာ ပြုစုနေသူဖြစ်သည်။ထိုအိမ်တွင် အားလုံးက သူတို့ကိုသူတို့ စိတ်ဓာတ်ခိုင်မာသူများအဖြစ် ကိုယ့်ကိုယ်ကို ထင်ထားပြီး ထိုသမီးအကြီးဆုံးကို စိတ်ဓာတ်မခိုင်နိုင်၊ နူးညံ့ထိခိုက်လွယ်ဟု သတ်မှတ်ကာ တစ်ခုခုဆို အသိမပေးဘဲ ဖုံးကွယ်ကာ ကာကွယ်ပေးကြသည်။ထိုအမျိုးသမီးမှာ ထိုစဉ်က အသက်လေးဆယ်ကျော်။သူ့အတွက် နေစဉ်ဘ၀ဆိုသည်မှာ လူမမာ ဖအေနှင့် အိမ်မိသားစုသာ။ဒီထဲက တစ်ခုခုသာ ပဲ့ထွက်လျှင် ထိုအမျိုးသမီး ခံနိုင်ရည်ရှိပါ့မလားဟု စာသင်ဖို့ ထိုအိမ်သွားတိုင်း တွေးမိလေ့ရှိသည်။

ကျနော့် တပည့်မ ၁၀ တန်းနှစ်တွင် ထိုနာတာရှည် လူမမာအဖိုးဖြစ်သူ ကွယ်လွန်သည်။ကွယ်လွန်ချိန်တွင် အသက်က ၆၉။အသုဘကို ရေဝေးမှာ ချသည်။ကျနော်လည်း စာသင်ချိန်တစ်ချိန်ဖျက်ကာ အသုဘလိုက်ပို့ရသည်။ထိုအသုဘတွင် ထိုအမျိုးသမီးနား သူမအဖေ၏ အလောင်းထုတ်မလာခင် သူမကိုထိန်းဖို့ တူတွေ၊ တူမတွေ ညီမဝမ်းကွဲတွေ ဘေးမှာရှိနေကြသည်။အလောင်းထုတ်လာသည့်အခါ တခြားသားသမီးတွေ တစ်ယောက်ပြီး တစ်ယောက် ငိုကြယိုကြ တက်ကြ၊ မေ့လဲကျဖြင့်။ထိုအမျိုးသမီးနား ဘယ်သူမှမရှိ။ထိုအမျိုးသမီးမှာ သူ့အဖေ အသုဘအခမ်းအနားတွင် မျက်ရည်ကျတာတောင် ကျနော်မတွေ့။တခြားသူတွေမှာသာ မြင်မကောင်းအောင် လူးလိမ့်ငိုယိုကျဖြင့်။စာသင်သည့် သုံးနှစ်အတွင်း တစ်ခါမှမတွေ့ဖူးသည့်  သေသူ၏ သမီးတစ်ဦးမှာ အဆိုးဆုံး။အသုဘခန်းမထဲ ဝင်လာသည်နှင့် အော်ဟစ်ငိုယို လူးလိမ့်ကာ။  

အသုဘတွေပြီးတော့ ထိုအမျိုးသမီး အိမ်ရှေ့မှာ အိမ်ဆိုင်လေးဖွင့်ကာ သူ့ဘာသာ နေသည်။တစ်ခါတလေ စာသင်ချိန်စောလို့ ထိုအမျိုးသမီးနှင့် စကားပြောဖြစ်သည့်အခါလည်း ရှိသည်။တစ်ခါတော့ ထိုအသုဘတုန်းက အကြောင်းရောက်သွားပြီး ကျနော်က သူ့ကို အတော်လေးစိတ်ထိခိုက်မည်ဟု ထင်ထားကြောင်း ပြောဖြစ်သည်။

ထိုအခါ သူမက “ဆရာရယ် .. အဖေရှိတုန်း ကျမလုပ်နိုင်သလောက် လုပ်ပေးခဲ့ပြီးပြီလေ။အဖေ အသက်ရှင်နေကော အဖေ့အတွက် ဝေဒနာခံနေရတာ ကျမသိနေတာပဲ။ကိုယ့်အဖေပဲ ဆက်ရှိစေချင်တာပေါ့။ဒါပေမဲ့ အဖေခံနေရတဲ့ ဝေဒနာတွေကနေ လွတ်စေချင်တယ်။အဖေသေတာ အဖေ့အတွက် ဝေဒနာတွေကနေ လွတ်တာလေ။စိတ်မကောင်းပေမယ့် တစ်မျိုးတွေးရင် အဖေ ဝေဒနာမခံရတော့ဘူးဆိုပြီး ဝမ်းသာရတာပေါ့” လို့။   

ကျနော့်စိတ်ထဲ ဒီအမျိုးသမီးပြောတာကို အတော်လေးတွေးမိသလို အချိန်ကြာကြာ ဒီအကြောင်း ခေါင်းထဲမှာရှိနေခဲ့သည်။စိတ်ဓာတ်ကြံ့ခိုင်ခြင်းဆိုတာ တာဝန်ကျေခြင်းနဲ့ သက်ဆိုင်သလားဆိုတာကိုလည်း တွေးမိသည်။ဒီလိုမျိုးထပ်တွေးဖြစ်တာက ကိုဗစ်တတိယလှိုင်းမှာ သေဆုံးခါနီး လူတစ်ယောက်နဲ့ မသေခင် နာရီပိုင်း (တကယ်တော့ သူကော ကျနော်ပါ အဲဒီညမှာ သူသေမယ်ဆိုတာ မသိပါဘူး)။

ထိုသူက ပရဟိတသမား။အောက်ဆီဂျင် လိုက်ရှာပေးပြီး လဘက်ရည်ဆိုင်မှာ ကျနော်ထိုင်နေတာမြင်လို့ သူကဝင်လာခြင်းဖြစ်သည်။အဲဒီအချိန်မှာ လဘက်ရည်ဆိုင်ဆိုတာ ဘိန်းခိုးရောင်းနေရသလို အခြေအနေ။ကျနော်က ကာကွယ်ဆေးလည်းထိုးထား၊ အမေနဲ့ အမျိုးသမီးကို သမိုင်းက တူမအိမ်မှာ သွားထားချိန်ဖြစ်သဖြင့် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပြီဟု ထင်ထားသည့်အချိန်။သူက ကိုဗစ်သမားတစ်ယောက်အတွက် အောက်ဆီဂျင်ရှာပေးပြီး လဘက်ရည်လေး ဝင်မော့တာဖြစ်သည်။

သူက ကျနော့်ကို “ဆရာရေ ဒီည ကျနော်နေရတာ မောတယ်။သွားတာများပြီး မက်စ်တပ်ထားလို့ လေမ၀တာများလို့ ပင်ပန်းသွားလား မသိဘူး” လို့ ပြောတော့ ကျနော်က “ဆေးလေးဘာလေးသောက်ဦး ဆရာသမား။ဘိုးသူတော်လဲမှ တောင်ဝှေးမကယ်နိုင်ဖြစ်မယ်” လို့ ပြောတော့ သူကရယ်သည်။

နောက်တော့ သူက “ဆရာရယ် ကျနော်သေလည်း သေလို့ရနေပြီ။ကျနော်လုပ်နိုင်သလောက်ထက် လုပ်ပေးပြီးပြီလေ။ကိုယ့်ထက် တန်ဖိုးရှိတဲ့သူတွေ ချမ်းသာသူတွေတောင် သေနေရတာ။ကျနော်က အများကြီးလုပ်နိုင်ခဲ့ပေးပြီးပြီ။သေလည်း အေးဆေးပဲ” လို့ ပြောပြီး လဘက်ရည်ဆိုင်မှာ မှာထားတဲ့ လဘက်ရည်ကျဆိမ့်လေး သောက်။ပြီးတော့ ကျနော့် နှုတ်ဆက်ပြီး ပြန်သွားသည်။မနက်ကျတော့ သူဆုံးပြီဆိုတဲ့သတင်း ကြားရတော့သည်။

တာဝန်ကျေတဲ့စိတ်က လူတွေရဲ့စိတ်ကို မာကျောစေသလားဆိုတာ ကျနော်ခဏခဏစဉ်းစားမိသည်။တကယ်တမ်း ကျနော်တို့ ဘာကြောင့် မသေချင်သေးတာလဲလို့ စဉ်းစားမိသည့်အခါ မခိုင်လုံသည့် အကြောင်းပြချက်တွေဖြစ်သည့် “ဘာမလုပ်ရသေးလို့ ညာမလုပ်ရသေးလို့၊ ဘယ်သားအတွက်၊ ဘယ်သမီးအတွက် ဘယ်ညီဘယ်ညီမ ဘယ်သူဘယ်ဝါအတွက် မလုပ်ပေးရသေးလို့၊ ဘာမလုပ်ရပေးသေးလို့” ဆိုသည့် အကြောင်းပြချက်တွေ များနေပါတယ်။

တကယ်က ဒီနေ့ ဖျပ်ကနဲလည်း သေနိုင်သည်။မနက်ဖြန် ဖျပ်ကနဲလည်း သေနိုင်သည်။ဒီလို ဖျပ်ကနဲသေရင် သေဖို့ အဆင်သင့်မဖြစ်တာ၊ သေမယ့်ဘေးကို ရင်မဆိုင်ရဲတာ စဉ်းစားကြည့်တော့ တာဝန်မကျေသေးလို့ဆိုတာ သွားတွေ့သည်။

ယခု ကျနော့်အသက် ၆၀ ကျော်လာပြီ။ကျနော်သေဖို့ တွေးမိတဲ့အခါ အတွေးက ဒီအတိုင်းပါပဲ မသေရဲ။လူငယ်လေးတွေ ဖျပ်ကနဲ ဖျပ်ကနဲ သေတဲ့အခါတိုင်း စိတ်ထဲ ကိုယ့်ကိုယ်ကိုယ် မသေရဲတဲ့စိတ်ကို ရွံမိသည်။တကယ်က ကျနော်တို့ခေတ်မှာမွေးတဲ့သူတွေ အများစုက တာဝန်မကျေတာ များသည်။ဒါကြောင့် သေဖို့ကြောက်ကြသည်လား မသိ။

ဒီခေတ် ကလေးတွေက ကျနော်တို့ခေတ်ကထက် ပိုဆိုးသည့် လောကဓံအတက်အကျနဲ့ ခေတ်ဆိုးခေတ်ကျပ်ကို ပိုခံရသဖြင့် ကျနော်တို့ထက် ပိုပြီး စိတ်ဓာတ်မာကျောကြပေသည်။

မောင်ဦးလွင်