【 ဆောင်းပါး 】 ဖြောင့်သော် စားမနိုင်

【 ဆောင်းပါး 】 ဖြောင့်သော် စားမနိုင်

“ကောက်သော် မစားလောက် ဖြောင့်သော် စားမနိုင်”

ရိုးရိုးသားသား စိတ်ထားနှင့် စီးပွားရှာဖို့ သတိပေးထားသည့် မြန်မာစကားပုံလေးပါ။

‘တံငါသည်’သည် ကောက်သော ငါးမျှားချိတ်ဖြင့် တစ်နေကုန် ငါးမျှားသည့်တိုင်အောင် လှေတစ်စင်းစာ ငါးမရနိုင်။မုဆိုးသည် ဖြောင့်သော မြားဖြင့် သားကောင်ကိုပစ်ခတ်လျက် တစ်နေ့တည်းနှင့် လှေတစ်စင်းစာမက ရနိုင်သည်။ထို့အတူ ကောက်ကျစ်စဉ်းလဲသောနည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုသော် ဝဝလင်လင် မစားရ။ရိုးသားဖြောင့်မှန်သော နည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုပါက စားမကုန်နိုင်အောင် ကြွယ်ဝသည်။

ရိုးသားသူသည် တည်ကြည်ဖြောင့်မတ်၍ ကောက်ကျစ်ခြင်းကင်းပြီး လိမ်လည်လှည့်ဖြားမှု မရှိသူဖြစ်သည်။တစ်နည်းအားဖြင့် အကျင့်စာရိတ္တကောင်းမွန်ပြီး အလိမ်အညာ မုသားစကားမပြောဘဲ မတရားမှုကို အညစ်အကြေးလို ရွံရှာသူဖြစ်သည်။

ဒါကြောင့်ပင် ရှေးလူကြီးများက လောကမှာလည်း အန္တရာယ်လည်းကင်း မကောင်းမှုအကုသိုလ်လည်းမဖြစ်ဘဲ ဘဝတစ်ခုတိုးတက်ဖို့ ‘ရိုးရိုးကျင့် မြင့်မြင့်ကြံ မှန်တာလုပ်’ လို့ ဆိုမိန့်ခဲ့ခြင်းပင်။

ရိုးရိုးကျင့်ပြီး မှန်တာလုပ်ခြင်းက မိမိပေးဆပ်လိုက်ရသော အရင်းအနှီးဖြစ်သည်။မြင့်မြင့်ကြံထားသည်ကို ရရှိအောင်မြင်ခြင်းက အသီးအပွင့် အကျိုးအမြတ်ဖြစ်၏။ရိုးရိုးသားသား တွေးခေါ်ကြံစည်ပြီး မှန်မှန်ကန်ကန်လုပ်မှသာ မိမိဘဝမြင့်မားလာပြီး ထိုမြင့်မားမှုကလည်း အပြစ်ကင်းသော နောက်ဆံမတင်းသော ငြိမ်းချမ်းသော အောင်မြင်မှုဖြစ်လာသည်။

အမြင့်သို့မှန်းပြီး ကြီးပွားချမ်းသာလိုသူတိုင်း တကယ်ကြီးပွားချမ်းသာသူရှိသလို မကြီးပွား မချမ်းသာသူလည်းရှိသည်။သို့သော် အမြင့်မှန်းပြီးနောက်ပိုင်း ရိုးသားမှုပျောက်ကာ ဝိသမလောဘသမား ဖြစ်လာတတ်သည်။မရိုးသားသည့်အတွက် ကိုယ်ကျင့်တရားပျက်သည်။အန္တရာယ်များသည်။အချုပ်အနှောင် အဖမ်းအဆီးခံရသည်။မိမိအပေါ် ယုံကြည်သူနည်းလာသည်။အထူးသဖြင့် မကောင်းမှု အကုသိုလ်တွေများလာပြီး မိမိကိုယ်မိမိလည်း ယုံကြည်မှုမရှိတော့။

ရိုးရိုးသားသားပြောဆို လုပ်ကိုင်သူတို့တွင်လည်း တကယ်ကြီးပွားချမ်းသာသူရှိသကဲ့သို့ မကြီးပွားမချမ်းသာသူလည်းရှိပါသည်။ သို့သော် ရိုးသားသူသည် လူချစ်လူခင်များ၏။အန္တရာယ်ကင်း၏။အချုပ်အနှောင် အဖမ်းအဆီး မခံကြရ။အကုသိုလ်ကင်း၍ ကုသိုလ်တရား ပွားများလာ၏။မိမိစိတ်မိမိ လုံခြုံမှုရှိ၍ လိပ်ပြာသန့်သန့်နှင့် နေနိုင်သည်။ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိ။အနည်းဆုံးစိတ်ချမ်းသာ၏။မှန်မှန်စားရ၏။မိသားစုလွတ်လပ်ပျော်ရွှင်ရ၏။

မရိုးသားသူတစ်ယောက်သည် ဘယ်တော့မှ စိတ်ဖြောင့်ဖြောင့်မနေနိုင်ပေ။မနက်အိပ်ရာထမှ အိပ်ရာဝင်ချိန်အထိ မကောင်းသော မတရားသော အတွေးဆိုးများကသာ သူ့စိတ်ကို အစဉ်စိုးမိုးနေ၏။

ရိုးသားသူတစ်ယောက်အတွက် ပရိယာယ် မာယာမလို အကွက်ချနေစရာမလို မုသားစကားဆိုစရာမလို စိတ်ယုတ်မာ မမွေးသဖြင့် စိတ်ရှင်း၏။ကြောင့်ကြကင်း၏။မိမိကိုယ်မိမိ ယုံကြည်မှုရှိသောကြောင့် စိတ်ခွန်အားတွေ တိုးပွားလာ၏။

ဤဘဒ္ဒကမ္ဘာမတိုင်မီ ငါးကမ္ဘာထက် ဘဝတစ်ခုတွင် ဂေါတမမြတ်စွာဘုရားလောင်းနှင့် ဒေဝဒတ်လောင်းတို့သည် တစ်နယ်မြေထဲ တစ်ရွယ်ထဲ ဘဝတူချင်း ရွဲကုန်သည်များအဖြစ် စီးပွားတူချင်း ဈေးကွက်တူချင်း ဆုံဖူးခဲ့သည်။အားလုံး တိုက်တိုက်ဆိုင်ဆိုင် တူညီသော်လည်း အရေးအကြီးဆုံးဖြစ်သည့် စိတ်ဓာတ်ချင်းကတော့ ထုံးစံအတိုင်း လုံးဝဆန့်ကျင်လျက်ပါ။ထိုဘဝက သူတို့နှစ်ယောက်၏ လှုပ်ရှားမှုကို ကြည့်ခြင်းဖြင့် ရိုးသားမှုနှင့် ကောက်ကျစ်မှုကို အဖြူနှင့် အမည်းလို ရှင်းရှင်းလင်းလင်း ကွဲပြားစွာမြင်နိုင်သည်။

တစ်ခါသော် သူတို့နှစ်ယောက်သည် ဈေးရောင်းထွက်ခဲ့ကြသည်။သွားရမည့်နေရာကလည်း အတူတူဖြစ်နေသည်။မြစ်တစ်ဖက်ကမ်းတွင်ရှိသော မြို့သို့ သွားကြမည်ဖြစ်သဖြင့် နှစ်ဦးသဘောတူညီမှုယူကာ တစ်နေရာတည်းသို့ ပြိုင်တူမသွားဘဲ တစ်ယောက်ပြီးမှ တစ်ယောက် သွားကြသည်။

ထိုမြို့မှာ အလွန်ဆင်းရဲချို့တဲ့သော မြေးအဘွားနှစ်ယောက်ရှိ၏။ဘိုးစဉ်ဘောင်ဆက်က ပစ္စည်းဥစ္စာ အတော်အတန် ချမ်းသာခဲ့ဖူး၍ ရွှေခွက်တစ်လုံးရှိ၏။မသုံးစွဲတာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ ကြေးညှိများတက်နေပြီး ရွှေခွက်မှန်း မြေးအဘွားနှစ်ယောက်လုံး မသိခဲ့ကြပေ။

ဒေဝဒတ်လောင်း ရွဲကုန်သည်က ထိုမြေးအဘွားနှစ်ယောက် အိမ်သို့ ဦးစွာရောက်သည်။ဒေဝဒတ်လောင်း၏ လက်ထဲမှ ရွဲများကို မြင်သောအခါ မြေးမလေးက လိုချင်သဖြင့် အဘွားကို ပူဆာသည်။အဘွားကလည်း ဝယ်စရာ ငွေကြေးမရှိ လဲလှယ်စရာ ပစ္စည်းကောင်းလည်းမရှိ၍ မဖြစ်နိုင်ကြောင်း မည်သို့ပင် ရှင်းပြသော်လည်း မြေးမလေးက မရမက ပူဆာနေတော့သည်။နောက်ဆုံးတွင် အဘွားက ဒေဝဒတ်လောင်းကို မေတ္တာရပ်ခံကာ ရွှေခွက်ကိုပေးပြီး ကလေးအတွက် ရွဲအနည်းငယ်ပေးခဲ့ပါရန် ပြောသည်။

ဒေဝဒတ်လောင်းက ခွက်ကို ကိုင်ကြည့်သောအခါ ရွှေခွက်မှန်း သိသွားသည်။သို့သော် ရွှေခွက်မှန်း မသိသော ရိုးသားသည့်မြေးအဘွားအပေါ် အခွင့်အရေးယူကာ ရွဲအနည်းငယ်မျှ အကုန်အကျမခံဘဲ ရွှေခွက်ကို အလကားရဖို့သာ ဝိသမလောဘစိတ်က တွန်းအားပေးနေ၏။ထို့ကြောင့် အဘွားပေးသည့် ဘာတန်ဖိုးမှမရှိသော ခွက်စုတ်ကို ဘာလုပ်သုံးလို့မရကြောင်း ဟန်လုပ်ပြောကာ ထွက်လာခဲ့သည်။

ဒေဝဒတ်လောင်း ထွက်သွားပြီးနောက် ဘုရားလောင်း ရွဲကုန်သည် ရောက်လာသည်။ထုံးစံအတိုင်း မြေးမလေးကလည်း ရွဲလိုချင်၍ ပူဆာသည်။အဘွားကလည်း တားသည်။နောက်ဆုံးတွင် အဘွားက ဘုရားလောင်းကို မေတ္တာရပ်ခံကာ ရွှေခွက်ကိုပြပြီး ရသလောက် ရွဲနှင့် လဲလှယ်ပါရန် ပြောသည်။

ဘုရားလောင်းက ကိုင်ကြည့်သောအခါ ရွှေခွက်မှန်း သိလိုက်သည်။ဘာမှမသိရှာသော မြေးအဘွားကိုလည်း သနားသွားသည်။မသိနားမလည်သောသူတွေကို လိမ်ညာလှည့်ဖျား မယူချင်ပေ။အထူးသဖြင့် သူတို့ပိုင်သော ပစ္စည်း၏ တန်ဖိုးကို အတိအကျသိသင့်သည်ဟု ယူဆမိသည်။ထို့ကြောင့် အသပြာတစ်သိန်းထိုက်တန်သော ရွှေခွက်ဖြစ်ကြောင်းနှင့် မိမိထံ၌ ထိုမျှတန်ဖိုးနှင့် ညီမျှသည့် ရွဲလည်းမပါ ငွေကြေးလည်းမရှိကြောင်း တောင်းပန်ရှင်းပြသည်။

အဘွားက ဘုရားလောင်း၏ ရိုးသားမှုကို ချီးကျူးကာ ရွဲကို ပေးချင်သလောက်သာ ပေးခဲ့ပါဟုပြောပြီး ရွှေခွက်ကို ဘုရားလောင်းထံသို့ ကျေကျေနပ်နပ်ပင် ပေးလိုက်သည်။

ဘုရားလောင်းလည်း အသပြာငါးရာ တန်ဖိုးရှိသော ရွဲများကို အကုန်ပေးသည့်အပြင် မိမိမှာရှိသမျှ အသပြာငါးရာပါပေးကာ ရွှေခွက်ကိုယူပြီး ပြန်ခဲ့သည်။

ပရိယာယ်ဆင်ကာ ဟန်ဆောင်ထွက်လာခဲ့သော ဒေဝဒတ်လောင်းသည် တစ်ခေါက်ပြန်လှည့်၍ မြေးအဘွား အိမ်သို့ ဝင်ခဲ့သည်။မဖြစ်စလောက် ရွဲအနည်းငယ်ထုတ်ပေး၍ ရွှေခွက်ကို တောင်းသည်။အဘွားက ဘုရားလောင်း ရွဲကုန်သည်ထံ အသပြာတစ်ထောင်နှင့် လဲလှယ်လိုက်ပြီဖြစ်ကြောင်း ရှင်းပြလိုက်သည်။

လောဘကြီးသော ဒေဝဒတ်လောင်းသည် အိန္ဒြေပင်မဆည်နိုင်တော့ဘဲ သူထမ်းပိုးလာသည့် ပစ္စည်းများကို ပစ်ချပြီး ဘုရားလောင်းနောက်သို့ အပြေးလိုက်လေသည်။

သူကမ်းနားသို့ရောက်သောအခါ ဘုရားလောင်းစီးသော လှေက မြစ်ကိုဖြတ်ကူးနေသည်မှာ အတန်ငယ်လှမ်းနေလေပြီ။ဘုရားလောင်းကို အသံကုန်ဟစ်၍ အော်ခေါ်သော်လည်း ဘုရားလောင်းက လှည့်မလာပေ။ထိုအခါ ရွှေခွက်နှင့်လွဲပြီဟူသော လောဘအတွေးကြောင့် သောကအပူမီးလောင်ကာ အရူးတစ်ပိုင်းဖြစ်ပြီး ရင်ဘတ်ကို ထုကာ ထုကာ အော်ဟစ်ရင်း နောက်ဆုံးတွင် သွေးအန်ကာ သေဆုံးခဲ့လေသည်။

ရိုးသားမှုမရှိဘဲ မသိနားမလည်သူအပေါ် ယုတ်မာပက်စက်သောအကြံနှင့် မတရားလောဘတက်မိသော ရွဲကုန်သည်တစ်ယောက် ပစ္စည်းလည်းရှုံး အသက်လည်းဆုံးခဲ့ရလေသည်။

အဓိကအချက်ကတော့ ရိုးသားသူသည် ဒုစရိုက်လုပ်ရမှာ အပြစ်လုပ်ရမှာ သူများကို ဒုက္ခဆင်းရဲပေးရမှာ သေမတတ် ရှက်သည်။ထိုသို့ မတရားလုပ်ရမှာ မရိုးသားသူဖြစ်ရမှာကို သေမှာထက်ကြောက်သည်။

ကောက်ကျစ်သူကတော့ ရိုးသားသူနှင့် လုံးဝဆန့်ကျင်ဘက်။ဘယ်သူဒုက္ခဆင်းရဲဖြစ်ဖြစ် ကိစ္စမရှိ။သူ့အဖို့ မကောက်ကျစ်ရမှာ ရှက်စရာ။ မယုတ်မာရမှာ ကြောက်စရာ။

ကောက်ကျစ်မှ သူလိုချင်တာ ရမှာလေ။

ယုတ်မာမှ သူဖြစ်ချင်တာ ဖြစ်မှာလေ။

ရိုက်မောင်း
Photo Credit - ပညာရေးဝန်ကြီးဌာန