【 ဆောင်းပါး 】 ဘာမှန်းမသိတဲ့ အစည်းအဝေးတွေ

【 ဆောင်းပါး 】 ဘာမှန်းမသိတဲ့ အစည်းအဝေးတွေ

အစည်းအဝေး အင်မတန်ကြိုက်တဲ့ လူကြီးတွေနဲ့ နှစ်အတန်ကြာ အလုပ်တွဲလုပ်ခဲ့ဖူးတယ်။

ကျနော်တို့ မြန်မာလုပ်ငန်းတွေရဲ့ ထုံးစံအတိုင်း ကုမ္ပဏီပိုင်ရှင်သူဌေးက မန်နေဂျင်းဒါရိုက်တာ။သူကလည်း အစည်းအဝေး ကြိုက်မှကြိုက်။သူ့အောက်မှာရှိတဲ့ ဒါရိုက်တာဆိုသူတွေကလည်း သူဌေးအကြိုက် အစည်းအဝေးလိုက်ကြိုက်ရင်း အစည်းအဝေးကြိုက်သွားတာလား။နေ့စဉ် ပြစရာအလုပ်က ရေရေရာရာမရှိတာကြောင့် အစည်းအဝေးလုပ်ခြင်းကို အလုပ်လို့ခံယူကာ အစည်းအဝေးချည်း လျှောက်လုပ်နေတာလား မပြောတတ်။သူဌေးက အစည်းအဝေးခေါ်လိုက်၊ ဒါရိုက်တာတွေက အစည်းအဝေးခေါ်လိုက်နဲ့ ဝန်ထမ်းတွေခမျာ ချာလပတ်ကိုရမ်းလို့။

အထူးသဖြင့် ကျနော်တို့လို အလယ်အလတ်အဆင့် ရာထူးရှိသူတွေက မစားသာ။အပတ်စဉ် ကိုယ်တာဝန်ယူလုပ်ကိုင်နေရတဲ့ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ မဖြစ်မနေ အစည်းအဝေးထိုင်ရ။ဒါရိုက်တာခေါ်တဲ့ အစည်းအဝေးသွားတက်ရ။မန်နေဂျင်းဒါရိုက်တာခေါ်တဲ့ အစည်းအဝေးဆိုရင်လည်း လုံးဝမပျက်မကွက် တက်ရ။

ကိုယ်ဦးဆောင်ခေါ်ရတဲ့ အစည်းအဝေးကတော့ ပြဿနာမရှိ။ကိုယ်ကိုယ်တိုင်ကလည်း အစည်းအဝေးဆို ကြောက်တတ်တာမို့ ကိုယ့်ကြောင့် ကိုယ့်အောက်က ဝန်ထမ်းတွေပါ အစည်းအဝေးကြောက်သွားမှာ စိုးရိမ်တာကြောင့်ရော ကျနော်တို့ရဲ့ လုပ်ငန်းသဘာဝကိုက နေ့စဉ်အလုပ်ရှုပ်၊ ဖိအားတွေများပြီး ဒီနေ့ပြီးရမယ့်အလုပ် ဒီနေ့ပြီးကိုပြီးမှဖြစ်တဲ့ အလုပ်မျိုးမို့ အစည်းအဝေးမှာ စကားကြောမရှည်နိုင်။စကားကြောရှည်တဲ့ ဝန်ထမ်းတွေကိုလည်း အပိုစကားတွေ မပြောအောင် မြန်မြန်ဖြတ်ချနိုင်တဲ့ အခွင့်အာဏာလည်း ကိုယ့်မှာရှိတာမို့ ကိုယ်ကစလို့ ဘယ်သူမဆို မလိုအပ်ဘဲ အပိုဆာဒါးတွေ မပြောကြေး။ပြောစရာအလုပ်ကိစ္စ မြန်မြန်ပြော မြန်မြန်အစည်းအဝေးပြီး၊အားလုံးအကြိုက်။

ကိုယ့်အထက်ကလူကြီးတွေခေါ်တဲ့ အစည်းအဝေးကျတော့ အဲလိုတွေသွားလုပ်လို့မရ။သူတို့သဘော၊ သူတို့စိတ်ကြိုက်။အဲဒီအထက်လူကြီးတွေအားလုံးက အားနေကြတာမို့ အစည်းအဝေးဆိုရင် မပြီးနိုင်မစီးနိုင်။ထုံးစံအတိုင်း အစည်းအဝေးက ၁ နာရီခေါ်ထားရင် ၁ နာရီခွဲလောက်မှ လူစုံတာက  မြန်မာ့ရိုးရာ။များသောအားဖြင့် အစည်းအဝေးနောက်ကျလေ့ရှိတာက ရာထူးကြီးသူတွေပါပဲ။သူတို့က ရာထူးကြီးသူတွေဆိုတော့ အစည်းအဝေးနောက်ကျခွင့်ရှိတဲ့သဘော။ပြီးတော့၊ အရေးကြီးလုပ်ငန်းတာဝန်တွေ မနိုင်မနင်းထမ်းဆောင်နေတာကြောင့် နောက်ကျမှ အစည်းအဝေးခန်းထဲ ရောက်ရှိလာသလိုလည်း ဟန်ဆောင်တတ်ကြသေးတယ်။

ရာထူးမကြီးတဲ့သူတစ်ယောက်ယောက်က အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်အချိန်ထက် နောက်ကျပြီးမှ အစည်းအဝေးခန်းထဲ ရောက်လာတယ်ဆိုရင်တော့ သိပ်မကြည်လင်။ ‘ဒီကောင် လူကြီးတွေကို မလေးစားဘူး’ ဆိုတဲ့ အချိုးမျိုးနဲ့ မငေါက်ငမ်းရင်တောင် ခပ်စိမ်းစိမ်း အကြည့်စူးစူးတွေနဲ့။

အစည်းအဝေးခန်းထဲ ရောက်လာသူတွေက မဆုံတာကြာပြီဖြစ်တဲ့ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ မထင်မှတ်ဘဲ ပြန်တွေ့ရသလို ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေလိုက်တာများ တော်ရုံနဲ့ မပြီးနိုင်။ကျနော်တို့ သူဌေးကလည်း ဒါမျိုးရောက်တတ်ရာရာပြောရမယ်ဆို သိပ်ကြိုက်ပြီး အဲဒီလိုပြောဆိုတာဟာ မိသားစုဆန်တယ်လို့လည်း ခံယူထားလေတော့ အစည်းအဝေးခန်းထဲ တဟီးဟီးတဟားဟားတွေနဲ့ ပွဲတော်ပမာ။

အဲ၊ သူဌေးက မကြည်မလင်ဖြစ်နေလို့ကတော့ အစည်းအဝေးဆိုတာ မုန်တိုင်းရဲ့ ဗဟိုချက်နေရာပဲ။သူဌေးက ဝုန်းဒိုင်းကြဲတော့မယ့်လက္ခဏာ အစည်းအဝေးခန်းထဲ နောက်ကျပြီးမှ မျက်နှာကြောတင်းတင်းနဲ့ ရောက်လာ၊ မှတ်စုစာအုပ်ကို အသံမြည်အောင် စားပွဲပေါ် ပစ်ချ။အစည်းအဝေးခန်းတစ်ခုလုံး အပ်ကျသံမကြား တိတ်လို့။ကျနော်တို့ဝန်ထမ်းတွေက သူဌေးနဲ့ မျက်လုံးချင်းမဆိုင်ရဲ၊မှတ်စုစာအုပ်ကိုဖွင့်ကာ တစ်ခုခုပဲရေးတော့မလို ဘာလိုလို။

အစည်းအဝေးစတင်တဲ့အချိန်က သူဌေး (သို့မဟုတ်) ဒါရိုက်တာတို့ စပြီဆိုတဲ့အချိန်ပါပဲ။အစည်းအဝေးမှာ ဘာအကြောင်းအရာဆွေးနွေးမလဲဆိုတာ တစ်ခါတရံရှိပေမယ့် များသောအားဖြင့်ကတော့ သူဌေးဆွေးနွေးခိုင်းတာ လိုက်ဆွေးနွေးရတာများပါတယ်။ကျနော်တို့ရဲ့ ဒါရိုက်တာတွေက အစည်းအဝေးလုပ်တမ်းကစားသူတွေဖြစ်တာမို့ မဆိုင်တဲ့အကြောင်းအရာတွေရောက်လိုရောက်၊ ကိုယ်ရည်သွေးတီးလုံးတွေ တီးလို့တီးနဲ့ အစည်းအဝေးပြီးတဲ့အချိန်က သူတို့လူကြီးတွေ အာတော်တော်ညောင်းတဲ့အချိန်ရောက်မှပါပဲ။

ပြီးတော့၊ သူဌေးက အစည်းအဝေးမှာ သူပြောတဲ့စကားကို ဝန်ထမ်းတွေ လိုက်မှတ်ကြတာမျိုးမှ ကြိုက်တော့ စာအုပ်ဖွင့်ကာ မှတ်ရရှာတယ်။ကျနော့်မိတ်ဆွေက ပုံဆွဲတာ ဝါသနာပါတာမို့ သူဌေးပြောစကား မှတ်သယောင်နဲ့ ပုံချည်းထိုင်ဆွဲနေလေ့ရှိတယ်။ကျနော်က ပုံမဆွဲတတ်သူမို့ ရောက်တတ်ရာရာ လျှောက်ခြစ်နေမိတယ်။လုပ်ရည်ကိုင်ရည်ညံ့သလောက် ဖားတဲ့နေရာ ကျွမ်းကျင်သူတစ်ဦးကတော့ သူဌေးက အောက်ခြေဝန်ထမ်းတွေကို မှာကြားသမျှ သေချာလိုက်မှတ်ကာ အစည်းအဝေးပြီးတာနဲ့ တစ်ခါတည်းစာစီ၊ ချက်ချင်းဆိုသလို သူ့ဌာနစိတ်အတွင်း ‘မန်နေးဂျင်းဒါရိုက်တာ၏ လမ်းညွှန်ချက်များ’ ဟု ဆိုကာ စာထုတ်။အဲဒီလို လုပ်တတ်တဲ့ ငနဲဟာ ကျနော်တို့နဲ့ ရာထူးတူပေမယ့် လစာကတော့ အမြဲတမ်းများနေလေ့ရှိပါတယ်။

အစည်းအဝေးလုပ်ရင် နားကွဲမတတ် ဒုက္ခရောက်သူတွေကတော့ HR ဌာနလို့ခေါ်တဲ့ ရုံးစာရေးမတွေပါပဲ။သူတို့ခမျာ အစည်းအဝေး အစ၊ အဆုံး ပြောဆိုသမျှတွေကို အသံဖမ်းစက်နဲ့ ဖမ်းထားကာ အစည်းအဝေးပြီးတာနဲ့ သူတို့စာရေးမ ၃ ယောက်က ကိုယ့်အပိုင်းနဲ့ကိုယ် အသံဖမ်းထားသမျှ ပြန်နားထောင်ကာ ပြောသမျှ အတိအကျပြန်ချရေး။ကွန်ပျူတာစာစီ။ပြောထားသမျှ အကုန်စာစီပြီးတဲ့အခါ သူတို့ဌာနခေါင်းဆောင်က ပြန်တည်းဖြတ်။လုံးဝပြီးပြီဆို ဒါရိုက်တာတစ်ဦးဆီ တင်ပြ။ဒါရိုက်တာက မီးစိမ်းပြတဲ့အခါ အစည်းအဝေးမှတ်တမ်းဆိုပြီး စာထုတ်ကာ အစည်းအဝေးတက်သူတွေကို လိုက်ဝေရ။

အစည်းအဝေးလုပ်ပြီး နောက်တစ်ရက်မှာ အစည်းအဝေးမှတ်တမ်း မထုတ်ပြန်နိုင်ရင် သူဌေးရန်ရှာခြင်းဒဏ် ကောင်းကောင်းခံရတာမို့ စာရေးမတွေခမျာ ကောင်းကောင်းဒုက္ခရောက်ရတယ်။အစည်းအဝေးမှာ ပြောထားသမျှ တစ်လုံးမကျန် အရည်မရအဖတ်မရများစွာတွေကိုပါ ပြန်ချရေးရတာမို့ အိမ်အထိပါ အလုပ်သယ်၊ ည ၁၂ နာရီ၊ ၁နာရီအထိ နားကွဲမတတ် နားထောင် ချရေးရ။ (မလိုအပ်တဲ့စကားတွေကိုတော့ သူတို့ဌာနခေါင်းဆောင်က ပြန်တည်းဖြတ်သတဲ့။)

ဒါ့ကြောင့် အစည်းအဝေးဆို ကြောက်လှချည့်ရဲ့အစားထဲမှာ အဲဒီစာရေးမတွေက ကျနော်တို့ထက်သာတယ်။ HR ဌာနက အလုပ်ထွက်သွားတဲ့ စာရေးမတိုင်းဟာ အစည်းအဝေးမှတ်တမ်း အသံဖိုင် နားထောင်ရတဲ့ဒဏ်ကို မခံနိုင်လို့ ထွက်သွားကြတာချည်းမို့ ကျနော်ဖြတ်သန်းခဲ့ဖူးတဲ့ အစည်းအဝေးတွေဟာ သိပ်ကြောက်စရာကောင်းလှတယ်။

အစည်းအဝေးဆိုရင် ကျနော်တို့ ဘာကြောင့်ကြောက်ရသလဲဆိုတော့ အစည်းအဝေးမဟုတ်တာကြောင့်လို့ ဆိုရပါမယ်။

အလုပ်လုပ်ရတာ မပင်ပန်းပေမယ့် အစည်းအဝေးဆိုရင် ကျနော်သိပ်ပင်ပန်းခဲ့တယ်။အစည်းအဝေးများများမလုပ်ပါစေကြောင်း ဘုရားမှာ ဆုတောင်းခဲ့ရတယ်။

ငြိမ်းဆက်
Photo Credit - Clipart Library