【 ဆောင်းပါး 】 ဘီလူးကျွန်းသင်္ကြန်၊ ဘုရားပွဲသင်္ကြန်

【 ဆောင်းပါး 】 ဘီလူးကျွန်းသင်္ကြန်၊ ဘုရားပွဲသင်္ကြန်

ကျနော်တို့ ဘီလူးကျွန်းတွင် ဘုရားပွဲတွေ သိပ်များသည်။ဘယ်လောက်ထိအောင်များသလဲဆို ဘီလူးကျွန်းရွာပေါင်း ယခု ၇၀ ဝန်းကျင်စလုံး ရွာတိုင်းနီးပါး ဘုရားပွဲရှိသည်အထိ များသည်။ဘီလူးကျွန်း၏ အဓိကဘုရားပွဲရာသီမှာ ဧပြီလဖြစ်သည်။ဧပြီလ သင်္ကြန်မတိုင်ခင်လေးက စခဲ့သည့် ဘုရားပွဲသည် ဧပြီလကုန်အထိဖြစ်သည်။
 
ဘုရားပွဲမှာ တစ်ရွာလျှင် တစ်ရက်ကျ။ဘယ်ရွာ ဘယ်နေ့ ဘုရားပွဲကျင်းပမလဲဆိုတာ သတ်မှတ်ပြီးသား။သင်္ကြန်တွင်းကျင်းပသည့် ဘုရားပွဲကို သင်္ကြန်ရေစိုစိုနဲ့မို့ အစိုဘုရားပွဲဟုခေါ်ပြီး သင်္ကြန်တွင်းမဟုတ်သော ဘုရားပွဲများကို ရေမစိုသောကြောင့် အခြောက်ဘုရားပွဲဟုခေါ်သည်။အစိုဘုရားပွဲများက သင်္ကြန်တွင်းမို့ သိပ်စည်လေ့ရှိသည်။
 
တချို့ရွာများကတော့ ဧပြီလအတွင်းမဟုတ်။ဝါတွင်းပြင်ပ တစ်ရက်ရက်တွင် ကျင်းပလေ့ရှိသည်။အစိုရောအခြောက်ရော ဘီလူးကျွန်းက မည်သည့်ဘုရားပွဲမဆို တူညီသည့်အချက်မှာ ဘုရားပွဲလာသူတိုင်းကို ဘုရားပွဲကျင်းပရာ ရွာက (အရမ်းအဆင်မပြေသည့် အိမ်ကလွဲလို့) အိမ်တိုင်းလိုလို အကျွေးအမွေးနဲ့ ဧည့်ခံခြင်း ဖြစ်သည်။
 
ကိုယ်နဲ့သိတဲ့အိမ်တက်စား၊ ကိုယ်နဲ့မသိလည်း ပြဿနာမရှိ။ကိုယ်နဲ့အတူလာသူ တစ်ယောက်လောက်နဲ့သိလျှင် လာသမျှလူ အကုန်တက်စား၊ ထို့အတွက် လုံးဝအားနာစရာမလို။ဟင်းကောင်းကောင်း၊ ဟင်းအမယ်စုံစုံနဲ့ ထမင်းကျွေးသည်။မုန့်ကျွေးသည်။အအေး (သို့မဟုတ်) အပူတိုက်သည်။ပြင်းပြင်းရှရှလေး မှီဝဲချင်သော အစ်ကိုကာလသားများကတော့ အိမ်နောက်ဖေးကိုကြွ။သို့သော် အိမ်သို့ရောက်လာသမျှ အစ်ကိုကာလသားတိုင်းတော့ မတောင်းဆို။အားနာစရာမလိုသော ခင်မင်ရင်းနှီးမှုရှိပါမှ။
 
သူ့ရွာဘုရားပွဲ ကိုယ်သွား၊ ကိုယ့်ရွာဘုရားပွဲ သူလာ။သူ့ရွာဘုရားပွဲ ကိုယ်သွားတော့ သူ့အိမ်တင်ဧည့်ခံတာမဟုတ်ဘဲ သူ့မိတ်ဆွေ ရွာခံအိမ်တွေပါ ခေါ်သွားသဖြင့် အသိမိတ်ဆွေတိုးရ။ကိုယ့်ဘုရားပွဲလာတော့လည်း ထို နည်းလည်းကောင်းမို့ အပြန်အလှန်ကူးလူးဖလှယ်မှုသည် ကွန်ရက်တစ်ခုလို ဖြစ်လာခဲ့သည်။
 
ဘီလူးကျွန်းတွင် ထိုသို့သောလူမှုဆက်ဆံရေးကွန်ရက်ကို ဘယ်အချိန်ကတည်းက တည်ဆောက်ခဲ့ကြသနည်း။အခုအသက်ရှိသေးတယ်ဆို အသက် ၁၀၀ ကျော်ပြီဖြစ်သော ကျနော့်အဘွားတို့ ငယ်ငယ်လေးကတည်းက ဘုရားပွဲယဉ်ကျေးမှုရှိနှင့်ခဲ့ပြီမို့ အဘွားတို့မတိုင်မီ တော်တော်စောကတည်းကရှိနှင့်ပြီဟု မှတ်ယူနိုင်သည်။
 
အခု အသက် ၁၀၀ ပြည့်ဖို့ သိပ်မလိုတော့သည့် ကျနော့်အဘိုးလေးက ‘အဘိုးတို့ငယ်ငယ်တုန်းက အဲဒီလို ဘုရားပွဲတွေ အပြန်အလှန်သွားကြရင်းနဲ့ မိတ်ဖွဲ့ကြတာ။လူကြီးတွေက စပါးအရောင်းအဝယ်တွေ၊ စိုက်ကြပျိုးကြတဲ့အခြေအနေတွေ၊ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ နည်းလမ်းအသစ်တွေ၊ နွားအရောင်းအဝယ်တွေ ပြောကြဆိုကြ ချိတ်ဆက်ကြတာ။အဘိုးတို့ လူငယ်တွေကတော့ လူငယ်သဘာဝ ပျော်ပျော်ပါးပါးပဲ။ဒါပေမဲ့ သူများရပ်ရွာမှာ သောက်စားမူးယစ်တာမျိုး လွန်ကျွံအောင် မလုပ်ရဲကြဘူး။ကိုယ့်စည်းကိုယ့်ကမ်းနဲ့ လူကြီးတွေမမြင်အောင် နည်းနည်းပါးပါးသောက်စားကြတာ’ ဟု ဆိုသည်။
 
အဘိုးတို့ခေတ် လူပျို၊ အပျိုများတွင် (ကျနော်တို့ခေတ် ကျောပိုးအိတ်သုံးကြသလို) အဝတ်အစား ၄-၅ ထည်ဆံ့ သစ်သားသေတ္တာလေးများရှိသည်။ထိုသေတ္တာလေးမှာ ခဏတဖြုတ်ခရီးသွားလျှင် သုံးကြသည်။ဥပမာ ခဏတဖြုတ် မော်လမြိုင်သို့သွားတာမျိုး။များသောအားဖြင့် ကိုယ့်ဆွေမျိုးအရင်းအချာ (သို့မဟုတ်) ကိုယ့်မိတ်ဆွေအရင်းအချာတို့ရှိသော ရွာ ဘုရားပွဲသို့ ညအိပ်သွားလည်လျှင် အသုံးပြုလေ့ရှိသည်။
 
ဘုရားပွဲကျင်းပရာ ရွာအများစုမှာ ဘုရားပွဲကျင်းပသည့်ညနှင့် နောက်တစ်ည ဗလာဇာတ်ပွဲသွင်းလေ့ရှိသဖြင့် ကာလသားတို့အကြိုက်၊ ဘုရားလည်းဖူးရင်း ဇာတ်ပွဲလည်းကြည့်ရင်း လိပ်ဥလည်းတူးရင်း အဘိုးခေတ်မှသည် ဒီဘက်ခေတ်ထိတိုင် ဘုရားပွဲဖူးစာတို့သည်လည်း မနည်းလှ။
 
‘အဘိုးတို့လူပျိုတုန်းက အဲဒီသေတ္တာလေးရှိမှ ဂုဏ်ရှိတာ’လို့ အဘိုးလေးက ပြောသည်။
 
အဘိုးခေတ် ဘုရားပွဲ၏ နောက်ထပ်ထူးခြားချက်မှာ အပျော်သဘော လှည်းချင်းပြိုင်မောင်းကြခြင်းဖြစ် သည်။ထိုသို့ပြိုင်မောင်းဖို့ရာ လှည်းကလည်းကောင်း၊ နွားကလည်းကောင်းပါမှ။ထိုခေတ်က လှည်းကောင်း နွားကောင်း ပိုင်ဆိုင်ခြင်းသည် ချမ်းသာခြင်း၏ အမှတ်အသားဖြစ်သလို လှည်းကောင်း နွားကောင်းကို မောင်းရသူ ကိုလူပျိုအတွက်လည်း သိပ်မျက်နှာပွင့်သည်။
 
အပျိုစင်တွေကတော့ ဘုရားပွဲတွေ ဘာတွေ သိပ်အလည်အပတ်မရှိ။တကယ့်ကို ဆွေမျိုးရင်းချာရှိသော ရွာကိုမှ သွားလေ့ရှိသည်။များသောအားဖြင့် အဘွားတို့ခေတ် အပျိုစင်တို့မှာ ကိုယ့်ဘုရားပွဲ၊ ကိုယ့်အိမ်လာသော ဧည့်သည်များကို ဧည့်ခံခြင်းသာလျှင်ဖြစ်သည်။
 
ကျနော့်အဖေတို့ လက်ထက်ကျတော့လည်း ကျေးလက်ဒေသများတွင် သမားရိုးကျ လယ်ယာလုပ်ငန်း၏ အခန်းကဏ္ဍမှာ ထိပ်တွင်ရှိနေဆဲမို့ လှည်းတွေ နွားတွေကလည်း စင်ပေါ်ရောက်နေဆဲဖြစ်သည်။ထို့ကြောင့် အဖေတို့ခေတ် သင်္ကြန်ဘုရားပွဲများတွင် နွားလှည်းခေတ်သည် ဒေါင်ဒေါင်မြည်နေဆဲဖြစ်သည်။သင်္ကြန်တွင်း အရက်သေစာသောက်စားမှုသည် စည်းလွတ်ဘောင်လွတ်ဆိုတာမျိုးလည်းမရှိ။
 
ကျနော်တို့ လူပျိုဖြစ်တော့လည်း လှည်းတွေ နွားတွေ ခေတ်ကောင်းဆဲ။သင်္ကြန်ဘုရားပွဲများတွင် အသောက်အစားလေးကတော့ နည်းနည်းလွန်ကဲလာကာ လမ်းမပေါ် သိသိသာသာ ယိုင်ထိုးနေသူအချို့ကို မြင်တွေ့ရပြီ။ဘုရားပွဲယဉ်ကျေးမှုပုံစံကတော့ ဘာမှမပြောင်းလဲ။စီးပွားရေးသိပ်မပြေကြလည်း ကိုယ့်ရွာဘု ရားပွဲမှာ မျက်နှာအပျက်မခံ၊ အားရပါးရ ဖွယ်ဖွယ်ရာရာ ကျွေးလိုက်မယ်ဆိုတာချည်း။
 
ကျနော်တို့ ဘီလူးကျွန်းဘုရားပွဲတို့၏ ထူးခြားချက်မှာ အိမ်ပေါ်တက်လာသူတိုင်း ထမင်းမစားလျှင် အိမ်ရှင်က စိတ်ဆိုးကြခြင်းဖြစ်သည်။ထို့ကြောင့် အိမ်ပေါ်တက်ပြီဆို ထမင်းတော့နည်းနည်းစား။တချို့မိတ်များသောသူတွေက ဘုရားပွဲရွာသွားလျှင် သွားမစားမဖြစ်အိမ် အနည်းဆုံး ၆ အိမ် ၇ အိမ်ရှိတာမို့ ဘုရားပွဲနှင့် အသားကျပြီးသား ဘီလူးကျွန်းသားများက တစ်အိမ်နည်းနည်းစားလေ့ရှိသည်။စားလို့ပြီးလျှင် ဘုရားပွဲရှိရာ ဘုရားသို့ချီတက်၊လက်ဝှေ့ပွဲလေး ဘာလေးကြည့်။ဘုရားပွဲတိုင်းနီးပါးတွင် အနည်းဆုံး အပျော်တမ်းအဆင့် လက်ဝှေ့ပွဲများရှိသဖြင့် လက်ဝှေ့ကြိုက်သူများအတွက် အဆာပြေရုံ အာသာပြေရုံအဆင့် မဆိုးလှ။လက်ဝှေ့ပွဲလည်းပြီး၊ နေလည်းနည်းနည်းစောင်းလာပြီဆို အိမ်ပြန်ချိန်သည် လှည်းတန်းရှည်ရှည်ကြီး တရွေ့ရွေ့ဖြင့် လှလို့နေသည်။လမ်းကျယ်သည့်နေရာကိုရောက်ပြီဆိုလျှင်တော့ ပြင်းပြင်းရှရှ အရသာများကြောင့် သွေးကြွနေသူတွေက လှည်းပြိုင်မောင်းကြ၊ဒါ့ထက်ပိုသွေးကြွလာလျှင်တော့ ရိုက်ကြနှက်ကြ။
 
ကျနော်တို့ ငယ်ငယ်တုန်းက ဘီလူးကျွန်းဘုရားပွဲများသည် သင်္ကြန်အကြိုနေ့တွင် စတင်သည်။ ၁၉၉၅ ခုနှစ်ဝန်းကျင်ကစလို့ နောက်ထပ်ဘုရားပွဲအသစ် ကုလားတို့ရွာဘုရားပွဲ တိုးလာသည်။ကုလားတို့ရွာဘုရားပွဲရက်မှာ သင်္ကြန်အကြိုမရောက်ခင် တစ်ရက်။ထိုမှစ၍ သင်္ကြန်တွင်းရက်ဆက် နတ်မှော်ရွာဘုရားပွဲ၊ မုရစ်ကြီး ရွာဘုရားပွဲ၊ ချောင်းဆုံမြို့ပေါ် မြင့်မိုရ်တောင်ဘုရားပွဲ၊ကရင်ဝင်းစိန်ရွာ တောင်ပေါ်ကြီးဘုရားပွဲ။မြန်မာနိုင်ငံ တ ခြားဒေသများတွင် နှစ်ဆန်း ၁ ရက်သည် သင်္ကြန်ပြီးပြီဖြစ်သော်လည်း မွန်ပြည်နယ်တစ်ကြောတွင်တော့ နှစ် ဆန်း ၁ ရက်သည် စိတ်လိုက်မာန်ပါ ရေပက်ကြသည့် သင်္ကြန်နောက်ဆုံးရက်။နှစ်ဆန်း ၁ ရက်နေ့ ဘုရားပွဲမှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို အစည်ကားဆုံးသော ကျိုက်သုတ်ဘုရားပွဲ။ကျိုက်သုတ်ဘုရားပွဲ၏ ထူး ခြားချက်မှာ ရွာ ၄ ရွာ ပူးပေါင်းကျင်းပသည့် ဘုရားပွဲဖြစ်ခြင်းပင်။
 
ပလဝမ်း၊ ကွမ်လမိုင်း၊ သက္ကောနဲ့ ဘိုးနက် အစဉ်လိုက်တန်းစီတည်ရှိနေသော ရွာ ၄ ရွာ ဘုရားပွဲ။ဘုရားပွဲ ကျင်းပရာ ကျိုက်သုတ်ဘုရားက သက္ကောနဲ့ ဘိုးနက်ကြား ၂ ရွာစလုံးနဲ့ ခပ်လှမ်းလှမ်း တောထဲတွင်တည်ရှိသည်။စားလို့သောက်လို့ပြီးလျှင် ကျိုက်သုတ်ဘုရားတက်၊ လက်ဝှေ့ပွဲကြည့်။အပြန်ခရီးတွင် လှည်းပေါ်ခင်းထား သော ကောက်ရိုးကိုလုံးကာ ကောင်မလေးတွေပါလာသော လှည်းကိုပစ်ကြ။မည်သူမျှစိတ်မဆိုးကြ။
 
၂၀၁၀ ပြည့်နှစ် မတိုင်ခင်ကိုရောက်တော့ ကျနော်တို့ ဘီလူးကျွန်းသားတွေ ထိုင်းသွားအလုပ်လုပ်ရာမှ တော်တော်များများ အဆင်ပြေလာကြသလို ဆိုင်ကယ်တစ်ခေတ်လည်းသစ်လာပြီမို့ နှစ်များစွာကြာ စိုးမိုးထား သော နွားလှည်းယဉ်ကျေးမှုမှာ နောက်ဆုတ်ခဲ့ရသည်။နွားလှည်းနေရာတွင် ထော်လာဂျီနဲ့ ဆိုင်ကယ်တဝီဝီ။
 
ဆိုင်ကယ်ယဉ်ကျေးမှုမတိုင်ခင်အထိ သောက်ချင်လျှင် အိမ်နောက်ဖေးမှာသာ နေရာပေးသော ယဉ်ကျေးမှုမှသည် အိမ်ရှေ့ဧည့်ခန်းထဲ ဘီယာဗူးတွေနဲ့ ဧည့်ခံတာကို ခပ်ကျဲကျဲမြင်တွေ့လာရသည်မှာ အင်မတန်ဝမ်းနည်းစရာကောင်းလှသည်။
 
ယခင် နွားလှည်းခေတ်က ကျိုက်သုတ်ဘုရားပွဲကအပြန် ကွမ်သဲရွာအထိသွားပြီး ရေပက်ခံထွက်သည့် အခြေအနေမှ ကားတွေ ဆိုင်ကယ်တွေနဲ့မို့ ဟိုး..မုရစ်ကလေးရွာအထိ ရေပက်ခံထွက်လာကြသလို ရန်ပွဲတို့ကို လည်း ခပ်စိပ်စိပ်ကြားလာရသည်။
 
၂၀၁၉ ခုနှစ် သင်္ကြန် ကျနော် ဘီလူးကျွန်းပြန်တော့ ဘီလူးကျွန်းတံတားလည်းဖွင့်နေပြီမို့ ကျနော်တို့ ဘီလူးကျွန်းသင်္ကြန်ဆီ မော်လမြိုင်ဘက်ကလာသူလည်း များလှသည်။ကျိုက်သုတ်ဘုရားပွဲနေ့တွင် ဘုရားပွဲကျင်းပရာရွာတစ်လျှောက် ဆိုင်ကယ်ပင် ဖြည်းဖြည်းသွားလို့မရသည်အထိ လမ်းပိတ်ခဲ့သည်။ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ မွှန်ထူလို့၊ ဟွန်းသံတကြော်ကြော် နားညီးအောင်အော်လို့။
 
မြန်မှဖြစ်မည့် အမြန်ခေတ်ထဲတွင် ကျနော်က နွားလှည်းခေတ် နွားလှည်းယဉ်ကျေးမှုကိုသာ အရသာရှိရှိ လည်ပြန်ငေး လွမ်းနေမိသည်။
 
မည်သို့ပင်ဆိုစေ၊ ကျနော်တို့ ဘီလူးကျွန်းဘုရားပွဲသင်္ကြန်သည် မည်သည့်နေရာနှင့်မှမတူ ထမင်း၊ မုန့်၊ အချိုယမကာ အစုံအလင်ဖြင့် အစဉ်အလာကို ကိုယ်စားပြုမြဲဖြစ်သည်။ဘီလူးကျွန်းသည် လှနေသလို ဘုရားပွဲ တို့သည်လည်း လှနေမြဲမို့ ယခုစာရှုသူ မိတ်ဆွေတို့လည်း တစ်ခေါက်တော့ ရောက်ဖူးသင့်ပါသည်။
 
ငြိမ်းဆက်
ဇန်နဝါရီ - ၁