【 ဆောင်းပါး 】 ဘီလူးကျွန်းသားတို့ရဲ့ ချွေးတွေ

【 ဆောင်းပါး 】 ဘီလူးကျွန်းသားတို့ရဲ့ ချွေးတွေ

၂၀၁၉ ခုနှစ်၊ သံလွင်မြစ်ကူးတံတား ဖွင့်လှစ်လိုက်ပြီးနောက် လူသူအရောက်အပေါက်နည်းခဲ့သော ဘီလူးကျွန်းဆီသို့ ခရီးသွားဧည့်သည်များ ရောက်လာကြသည်။တကူးတကန့်ရောက်လာကြတာတော့မဟုတ်။မော်လမြိုင်သားတွေနဲ့ မော်လမြိုင်ရောက်လာကြကုန်သော ဧည့်သည်များက လှမ်းမြင်နေရသော ဘီလူးကျွန်းဆီငေးကြည့်ရင်း တစ်ကြိမ်တစ်ခါမှမရောက်ဖူးခဲ့သောကျွန်းဆီ အလွယ်တကူရောက်နိုင်မှန်းသိသဖြင့် လာရောက်စပ်စုကြခြင်းဖြစ်သည်။

မော်လမြိုင်၊ မုပွန်လမ်းဆုံမှာ ဘီလူးကျွန်းတံတားထိပ်၊ တံတားပေါ် ကားနဲ့တစ်မိနစ်လောက်ဖြတ်လျှင် ဘီလူးကျွန်းမြေပေါ်သို့ရောက်ရှိ၊ နောက်ထပ် ၅ မိနစ်လောက် ထပ်သွားလျှင် ပထမဆုံးတွေ့ရသည့်ရွာမှာ ကညှော်ရွာ၊ ကညှော်ရွာဆိုတာက တကယ့်ကို မွန်ရွာကြီးတစ်ရွာ။ကျနော်တို့ ကဗျာဆရာ စာရေးဆရာ အစ်ကိုကြီး မင်းချမ်းမွန်၏ ဇာတိရပ်ရွာ။ကညှော်ရွာကနေ နောက် ၅ မိနစ်လောက် ဆက်သွားလျှင် ဘီလူးကျွန်းအဝိုင်း။ဘီလူးကျွန်းအ ဝိုင်းဆိုတာက ကတောင်စိန်ရွာထိပ်မှာ။အဝိုင်းရောက်ပြီးနောက် တည့်တည့်ဆက်သွားလျှင် မုဒွန်းဆိုသောရွာ၊ မုဒွန်းဆိုတာ တစ်ခေတ်တစ်ခါက မြန်မာတစ်နိုင်ငံလုံးရှိ မူလတန်းကျောင်းသားတိုင်း အသုံးပြုကြသည့် ကျောက်သင်ပုန်းထွက်ရှိရာ ရွာဖြစ်၍ မုဒွန်းကျောက်သင်ပုန်းဆိုပြီး နာမည်ကြီးခဲ့သောရွာဖြစ်သည်။မုဒွန်းကျော်ပြီးနောက် ညာဘက်ချိုးလမ်းအတိုင်းဆက်သွားလျှင် ဘီလူးကျွန်းမြောက်ဘက်ခြမ်း အဓိကကားလမ်းမကြီးဆုံးရာ ကလွီရွာ။ဘယ်ဘက်သို့ချိုးလျှင် သစ်သားလက်မှုထည်များဖြင့် နာမည်ကျော် ရွာလွတ်ရွာ။ရွာလွတ်ကနေ ဆက်သွားလျှင် ဘီလူးကျွန်း၏ ဗဟိုချက်၊ ဘီလူးကျွန်းပေါ်ရှိ ချောင်းဆုံမြို့။

ဘီလူးကျွန်းအဝိုင်းကနေ ဘယ်ဘက်ချိုးလိုက်ပြီး မိနစ် ၂၀ လောက် ကားမောင်းလျှင် ချောင်းဆုံမြို့ပေါ်သို့ရောက်ပြီ။ပြောရလျှင် ဘီလူးကျွန်း အဓိကလမ်းမကြီးတစ်ပတ်ပါ တစ်နာရီကျော်လောက်ဆို ပြတ်ပြီ။ထို့ကြောင့် ဘီလူးကျွန်းရှိ အထင်ကရနေရာများကို သွားရောက်လည်ပတ်သည့်တိုင် နေ့တစ်ဝက်ဆိုပြတ်သည်။ထို့ကြောင့် တံတားမထိုးမီအချိန်က ရေလမ်းခရီးဖြင့် တကူးတကန့်အချိန်ပေးသွားရသဖြင့် တော်တော်များများမရောက်ခဲ့ဖူးသည့် ဘီလူးကျွန်းကို တံတားထိုးပြီးနောက် အလွယ်တကူရောက်နိုင်သဖြင့် မော်လမြိုင်ရောက်ပြီး ကိုယ်ပိုင်ကားရှိသူများစွာ ရောက်ကြခြင်းဖြစ်သည်။

ကျနော့မိတ်ဆွေတချို့သည်လည်း ဘီလူးကျွန်းသို့ရောက်ကြသည်။သူတို့ ဘီလူးကျွန်းပေါ်ခြေချသည့်အခါ သူတို့မိတ်ဆွေ ကျနော့ဆီ လှမ်းဖုန်းဆက်လေ့ရှိသည်။ဘာရယ်မဟုတ်၊ မိတ်ဆွေချင်း သတိတရလှမ်းနှုတ်ဆက်ခြင်း။ကျနော့ဆီ လှမ်းနှုတ်ဆက်သည့် မိတ်ဆွေတိုင်းက ‘ခင်ဗျားတို့ဇာတိမြေ သန့်ရှင်းသပ်ရပ်ပြီး အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ’ လို့ ဆိုတတ်ကြသည်။

သူတို့ဆိုမယ်ဆိုလည်းဆိုလောက်အောင် ဘီလူးကျွန်း အဓိကကားလမ်းမကြီးဘေးတစ်လျှောက် အိမ်ကြီးအိမ်ကောင်းတွေကများသလို ကားလမ်းမအတွင်းပိုင်းတွေဆိုလျှင်လည်း အဆင်ပြေကြတာကများသည်။တစ်ကျွန်းလုံးအတိုင်းအတာနဲ့ ယေဘုယျခြုံပြောရလျှင် အမှန်တကယ်အဆင်ပြေကြတာကများသည်။သို့သော် ဘီလူးကျွန်း၏ အဆင်ပြေကြွယ်ဝမှုမှာ ဘီလူးကျွန်းတွင် အလုပ်အကိုင်ပေါသဖြင့်၊ဘီလူးကျွန်းသားတို့မှာ ရှေးယခင်ကတည်းက ချမ်းသာကြွယ်ဝသဖြင့်မဟုတ်။ဒါဆို ဘာကြောင့်ကြွယ်ဝသလဲဟုမေးပါက ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ကြသောကြောင့်ဟု တစ်ခွန်းတည်းဖြေရပေမည်။

ရှေးယခင် ဘီလူးကျွန်း၏ အဓိကအလုပ်အကိုင်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသာလျှင်ဖြစ်သည်။ရွာလွတ်တွင် သစ်သားထည်လက်မှု၊ မုဒွန်းတွင် ကျောက်သင်ပုန်း စသည်ဖြင့် ရွာအချို့တွင် ရွာအလိုက် လုပ်ငန်းခိုင်ခိုင်မာမာရှိသော်လည်း အများစုမှာ လယ်ယာလုပ်ငန်းကိုသာ မှီခိုအားထားရသည်။ထို့ကြောင့် ဘီလူးကျွန်းရွာသားများအနက် လယ်ယာပိုင်ဆိုင်မှုရှိသူများမှာ ပိုင်ဆိုင်မှုအနည်းအများအလိုက် အသက်ရှူချောင်ကြသော်လည်း လယ်မ ပိုင်သူများမှာ လက်လုပ်လက်စားအဖြစ် ရပ်တည်ကြရသည်။ခြုံပြောရလျှင် သိပ်မချောင်လည်သူက ခပ်များများဖြစ်သည်။

၁၉၉၀ ပြည့်နှစ်လွန်ကာလကိုရောက်တော့ ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်လိုအပ်ချက်များလာမှုအပေါ် အကြောင်းပြုကာ ဘီလူးကျွန်းတွင် ရွှေ့ပြောင်းလုပ်သားအဖြစ်ခံယူသူ တဖြည်းဖြည်းအစပျိုးလာသည်။တစ်ယောက်သွားလို့ အဆင်ပြေသဖြင့် အဆင်ပြေသူ ရွာကိုပြန်ရောက်တော့ ကိုယ့်ဆွေမျိုးနှင့် နီးစပ်ရာသူငယ်ချင်းများကို အခမဲ့ခေါ်သွားခြင်းဖြစ်သည်။

တချို့က ထိုင်း-မြန်မာ နယ်စပ်ဝန်းကျင် ထိုင်းဘက်ခြမ်းရှိ ရော်ဘာခြံများတွင် ရော်ဘာစေးခြစ်ကြသည်။တချို့ကတော့ တခြားအလုပ်ကြမ်းလုပ်ရသော အလုပ်သမားများဖြစ်ကြသည်။သွားရောက်အလုပ်လုပ်သူ ရာနှုန်းပြည့်စလုံးမှာ တရားဝင်တော့မဟုတ်၊ သို့သော် ကျနော်တို့ဘီလူးကျွန်းသားများမှာ တရားဝင်ဆိုတာ ဘာ၊ တရားမဝင်တာ ဘာဆိုတာမျိုး သေချာမသိ။နိုင်ငံကူးလက်မှတ်ဆိုတာ ကြားပင်မကြားဖူး။

ကျနော်တို့ ဘီလူးကျွန်းက တောသားတွေမပြောနဲ့၊ ရန်ကုန်မြို့သား ကျနော့သူငယ်ချင်းတစ်ဉီးပင် ၁၉၉၅ဝ ဝန်းကျင်ကာလ၊မလေးရှားသွားမယ်ဆိုတော့ တရားဝင်သွားတာလား၊ တရားမဝင်လား သေချာမသိ။ရန်ကုန်ကနေ ဘန်ကောက်အထိ လေယာဉ်စီး၊ဘန်ကောက်ရောက်တော့ မလေးရှားနယ်စပ်ကို ရထားစီး၊ နယ်စပ်ရောက်တော့ ပွဲစားက ပြေးဆိုပြေး၊ ဝပ်ဆိုဝပ်၊ ဘာပစ္စည်းကျကျ ပြန်မကောက်နဲ့ဟု ပွဲစားကမှာထားကြောင်း သို့သော် ထိုသို့သွားခြင်းမှာ တရားဝင်သွားခြင်းဖြစ်ကြောင်း ပြောပြခဲ့ဖူးသဖြင့် ကျနော်မျက်လုံးပြူးခဲ့ရဖူးသည်။ထားတော့။

ထိုသို့ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိသလို အလုပ်သမားအခွင့်အရေးဆိုတာကို ကြားတောင်မကြားခဲ့ဖူးသဖြင့် ကျနော်တို့ ဘီလူးကျွန်းသားများခမျာ ပြောသမျှခံ ခိုင်းတဲ့အတိုင်းလုပ်၊ ပေးသလောက်ယူ၊ ပြန်မပြောရဲဘဝဖြင့် အနာဂတ်ဆိုတာကို စာလုံးပေါင်းမှန်အောင် စိတ်ရောကိုယ်ပါ ချွေးဒီးဒီးကျခဲ့ကြရသည်။

တစ်နေ့ ၁၂နာရီ မက အလုပ်ခိုင်းတော့လည်း အချိန်ပိုလုပ်အားခရသင့်သည်ဆိုတာကိုမသိ၊ ထို့ကြောင့် အချိန်ပိုလုပ်အားခကို မုန့်ဖိုးဟုဆိုကာ မဖြစ်စလောက်သောငွေပေးလျှင် ဝမ်းသာကျေနပ်ကြရ၊ မကျေနပ်ခဲ့လျှင်လည်း တိုင်စရာနေရာကမရှိသဖြင့် မြိုချကြရ။

သူတို့လို တစ်ပါးသောအရပ်တွင် တရားမဝင်အလုပ်သွားလုပ်ရသူမပြောနဲ့၊ ကျနော်တို့ ရန်ကုန်မြို့တော်က စက်မှုဇုန်များမှာပင် အလုပ်သမားအခွင့်အရေးဆိုတာကို အလုပ်ရှင်၏ စာနာထောက်ထားမှုဟု အဓိပ္ပါယ်ဖွင့်ဆိုနေသောကာလ၊ ရန်ကုန်မြို့တော်လိုနေရာမျိုးမှာပင် တိုင်စရာနေရာမရှိသည့်ဘဝ။မကျေနပ်လျှင် အလုပ်ထွက်၊ တစ်ပြားမှ လျော်ကြေးမပေးနိုင်ဘူးဆိုသည့်နေ့များ။မကျေနပ်လို့ ကန့်ကွက်ခဲ့သော် လက်ထိပ်နဲ့ နှစ်ပါးသွားရပါသောကာလ။ထို့ကြောင့် ထိုင်းရောက် ဘီလူးကျွန်းသားများသာမက ထိုင်းရောက် မြန်မာတိုင်းက ထိုင်းအလုပ်ရှင်လုပ်သမျှ ခါးစည်းခံကြရသည်။

တကယ်တော့ ထိုင်းတွင်အလုပ်သမားသွားလုပ်ကြခြင်းမှာ လစာဝင်ငွေ သိပ်ကောင်းလွန်းလို့တော့မဟုတ်။ ၂၀၁၀ ဝန်းကျင်ထိတိုင် စားပြီးနေပြီး လက်ထဲစုဆောင်းမိ တစ်လ ၃ သိန်းလောက်သာဖြစ်သည်။သို့သော် ကျနော်တို့ ဘီလူးကျွန်းမှာက ပုံမှန်အလုပ်မရှိသလို ရာသီအလိုက် အလုပ်ရှိသောကာလတွင် တစ်လ တစ်သိန်းရဖို့ပင် မလွယ်သဖြင့် လစဉ်ဝင်ငွေ ၃ သိန်းဆိုတာက မက်စရာဖြစ်သည်။

ထို့ကြောင့် ရသလောက်စုဆောင်းကာ အိမ်ပြန်ပို့ကြသည်။ငွေနည်းနည်းစုမိလျှင် အိမ်အသစ်ဆောက်ကြသည်။ရွာသို့ပြန်လာပြီးနောက် လက်ကျန်ငွေပါးလာပြီဆို မူလချည်တိုင် ထိုင်းသို့ပြန်ကာ အလုပ်ပြန်လုပ်ကြသည်။ထို့သို့သောနည်းဖြင့် ဘီလူးကျွန်းမှာ အစိုးရအမှီအခိုမပါ၊ကိုယ့်ချွေးစက်နဲ့ကိုယ် ကိုယ့်ဘဝကိုယ်မီးမြှိုက်ကာ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

ပျော်သလားလို့မေးခဲ့သော် ဘယ်ပျော်ပါ့မလဲ၊ ဘဝဆိုတာကလည်း တော်သလိုရပ်တည်ရင်း ပျော်အောင်နေရခြင်းဆိုတော့ မပျော်ပေမယ့် ပျော်ကြပါသည်ဟုဆိုလျှင်လည်း မမှားဟု ထင်ရပါသည်။

ငြိမ်းဆက်
ဇန်နဝါရီ - ၂၂