【 ဆောင်းပါး 】 ဘ၀ကိုရိုးရှင်းစွာ ဖြတ်သန်းကြည့်သည့်အခါ

【 ဆောင်းပါး 】 ဘ၀ကိုရိုးရှင်းစွာ ဖြတ်သန်းကြည့်သည့်အခါ 

နေ့တိုင်း နေ့တိုင်း ဖြတ်သန်းရသည့်အခါ စိတ်ထဲ တစ်ရက်နှင့် တစ်ရက် ပိုကောင်းလာမည်ဟု စိတ်ကထင်မြင်မိသည်။သို့သော် တကယ်က သည်လိုတော့မဟုတ်။တစ်ရက်ထက် တစ်ရက် လောကကြီးနှင့် ကျနော်တို့ကျင်လည်ရာ ပတ်ဝန်းကျင်သည် ပိုပြီးစက်ဆုပ်စရာကောင်းလာချင်းပဲဖြစ်သည်။ကျနော်တို့ငယ်စဉ်က လိုချင်ခဲ့သော အရာမှန်သမျှသည် ယခုအချိန်ခါတွင် ဘာမှမဟုတ်သည်ကို သိမြင်လာရသည်။ဘယ်အရာမှ မမြဲဟူသည့် ဘုရားဟော တရားဓမ္မ၏ အဆီအနှစ်သည် ယခုအခါ ကျနော်တို့၏စိတ်တွင် ဂွမ်းဆီထိသကဲ့သို့ နှစ်ဝင်နေပြီဖြစ်သည်။
 
နေ့တိုင်းသွားလာလှုပ်ရှားသည့်အခါ ယခင်က မာန်လေးဖြင့် လုပ်ကိုင်သွားလာတတ်သည်။ဘာမဆို ငါလုပ်နိုင်သည် ငါတတ်နိုင်သည် ငါသွားနိုင်သည် ငါလာနိုင်သည်ဆိုသည့် အတ္တစွဲဖြင့်ဖြစ်သည်။တစ်သက်လုံး တရားစကားကို နေ့တိုင်း ညတိုင်း ကြားရသော်လည်း ကိုယ်နှင့်မဆိုင်သကဲ့သို့ပင် နေမိထိုင်မိသည်။တချို့သော နေမှုထိုင်မှုများ၏ နိဂုံးကို မြင်ရသည့်အခါ တရားနှလုံးသွင်းနေထိုင်မှု၏ အစစ်အမှန်ဆိုတာ ဒါပါလားဟု သိလိုက်ရတော့သည်။လူဖြစ်လျှက် လူဖြစ်ရှုံးရသည့်အဖြစ်ဆိုသည်မှာ ရလိုမှုကိုအခြေခံပြီး တည်ဆောက်သည့် ဘ၀တွေ၏ အဆုံးသတ်ဆိုပါလားဆိုတာကို သိရသည့်အခါ ဘ၀၏နေဝင်ချိန်နား ကပ်နေလေပြီ။
 
နှစ်တစ်နှစ်၏ အဆုံးလဖြစ်သည့် ဒီဇင်ဘာလကိုရောက်တိုင်း ကျနော့်ကိုယ်ကျနော် ပြန်သုံးသပ်သည့်အကျင့်ကို လွန်ခဲ့သော ၅ နှစ် ၆ နှစ်လောက်ကစပြီး အလေ့အကျင့် စလုပ်ခဲ့သည်။ထိုအကျင့်ကို တရားစခန်းတစ်ခုမှ ရခဲ့ခြင်းဖြစ်သည်။ထိုတရားပြသည့် ဆရာတော်က စာရင်းကိုင်များ၏ ဥပမာကိုယူကာ လုပ်ငန်းတစ်ခု၊ အလုပ်တစ်ခုတွင် ကာလတစ်ခုကုန်တိုင်း ကုန်တိုင်း ကိုယ်ပေးရတာနှင့် ရတာကို ပြန်စာရင်းသွင်းကြည့်ပြီး လုပ်ငန်းအရှုံး၊ အမြတ်ကို တွက်ကြည့်လေ့ရှိကြသည်ဟု ဆိုသည်။ထိုသည်ကို အခြေခံပြီး နောက်လာမည့်နှစ်တွင်လုပ်ကြသည့် လုပ်ငန်းအစီအစဉ်ကို ရေးဆွဲကြသည်။ 
 
လူတွေလည်း ဒီလိုသာလုပ်ကြမည်ဆိုလျှင် ကိုယ့်ဘ၀ကိုယ် ကောင်းမွန်စွာ ထိန်းကျောင်းနိုင်မည်ဟု ဆိုသည်။ 
 
လူတိုင်း တစ်နှစ်ကုန်ဆုံးသည့်အခါ လုပ်ခဲ့သည့် ကောင်းသည့်လုပ်ရပ်တွေ မကောင်းသည့်လုပ်ရပ်တွေ ဖြစ်သည့်ရောဂါတွေ လုပ်ဖြစ်သည့် အများအကျိုးတွေ၊ သူများစိတ်မဆင်းရဲအောင်နေမှုတွေ၊ သူများစိတ်ချမ်းသာအောင် အခက်အခဲတွေ ကူမမှုတွေကို ရေးမှတ်ထားခြင်းဖြင့် ကုန်ဆုံးခဲ့သည့်နှစ်တွင် ကိုယ့်အတွက် ဘာအကျိုးရှိသလဲဆိုတာကို ပြန်ဆန်းစစ်နိုင်မည်ဟု ဆိုသည်။ 
 
ထိုဟောပြောဆုံးမမှုကို နာကြားရပြီးနောက်ပိုင်း ကျနော် နှစ်စဉ် စာရင်းလေးလုပ်ကြည့်သည်။ပထမနှစ်တော့ သိပ်မမှတ်မိ။နောက်တော့ လစဉ်လေးလုပ်မိသည်။ဒီတော့ နှစ်ကုန်သည့်အခါ ကိုယ်လုပ်ခဲ့သည့် ကောင်းမှုထက် မကောင်းမှုက ပိုများနေသည်ကို တွေ့ရသည်။
နောက်တော့ စိတ်ကိုရအောင်လျှော့ပြီး ကိုယ့်အတ္တ(ဝါ) ကိုယ်ဖြစ်ချင်သည်များကို လျှော့ချလာသည့်အခါ  စိတ်က ပိုပြီး နေရထိုင်ရတာကောင်းလာသည်။စိတ်ခံစားမိသည့်အချက်ကိုပြောရလျှင် ငယ်စဉ်က အိမ်စာမှန်မှန်လုပ်သည့် မူလတန်းကျောင်းသားတစ်ယောက်လို စိုးရိမ်ကြောင့်ကြနည်းလာခြင်းပဲဖြစ်သည်။ 
 
ဘ၀ကို ဘယ်လိုနေရမည်နည်းဆိုသည့် ကျနော်တို့ တစ်လျှောက်လုံးရှာခဲ့သည့် နည်းလမ်းကို ဆရာတော်က ညွှန်ပြပေးခဲ့သလိုပင်ဖြစ်သည်။ 
 
လောဘ၊ ဒေါသ၊ မောဟဆိုသည့် စိတ်ကိုဖိစီးသည့် အကြောင်းတရားများကို ပယ်သတ်နိုင်ဖို့ဆိုသည်က ပြောသလောက်မလွယ်သည့် အလုပ်တွေဖြစ်သည်။တရားထိုင်သည့် ကောင်းသည့်အလုပ် လုပ်နေလျှင်တောင် ခြင်လာကိုက်သည့်အခါ ရိုက်မိသဖြင့် အကုသိုလ်တရားကို ကျူးလွန်မိသွားနိုင်သည်။ထိုကြောင့် စိတ်ကို ကောင်းသည့်ဘက်ရောက်ဖို့ဆိုသည်မှာ အတော်ကိုမလွယ်သည့်ကိစ္စမှန်း ကိုယ့်ဘ၀နေထိုင်မှုကို ပြန်စာရင်းချုပ်သည့်အခါ မြင်လာမိသည်။တစ်ရက် တစ်ရက် ဘယ်လိုနေထိုင်အချိန်ကုန်သလဲဆိုသည်မှာ ယခုအခါ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရပြီဖြစ်သည်။ထိုအခါ ဘ၀ဆိုသည်က ဓမ္မဖြင့်နေထိုင်ပါက နေရကျိုးနပ်ပြီး အဓမ္မဖြင့်နေထိုင်ပါက နေရကျိုးမနပ်သည့်အဖြစ်ကို စိတ်ထဲက သဲသဲကွဲကွဲ မြင်လာခဲ့သည်။ဒီအခါ ရိုးရှင်းစွာ ဘ၀နေထိုင်ခြင်းကို သူတော်ကောင်းတွေ ဘာကြောင့်နှစ်သက်ကြသနည်းဆိုတာ သိလာသလို ယခင်က ကိုယ့်ပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် အထင်ကြီးခဲ့သူအချို့ကို အထင်မကြီးတော့ဘဲ ယခင်က အထင်မကြီးခဲ့သည့်သူအချို့ကို ပြန်အားကျမိသည့်အထိ အမြင်က ပြောင်းလဲသွားလေခဲ့သည်။ 
 
ဘ၀ကို ဘယ်လိုရိုးရှင်းစွာနေရမည်ဆိုတာ တရားကို အသက်ရှင်သန်ဖို့ ကောက်ရိုးတစ်မျှင်လို ဆွဲမိဆွဲရာ ဆွဲခဲ့ရသည့် ကျနော့်အဖို့ အမြဲသိလိုနေသည့် အကြောင်းအရာဖြစ်သည်။ကိုယ်သိလိုသည့် အကြောင်းအရာကို ကိုယ့်ဘေးနားက တချို့တလေ အချိန်ကြာမြင့်စွာကတည်းက ကျင့်သုံးနေကြခဲ့မှန်း မသိခဲ့။ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေခဲ့သည့် ကျနော့်အဖို့ ဘယ်လောက်ထိ  ဓမ္မလမ်းကြောင်းနှင့် ကင်းကွာနေသည်ကို အဆိုပါတစ်နှစ်လုံး ကိုယ်လုပ်ခဲ့သမျှ စာရင်းချုပ်သည့် အလေ့အကျင့်လုပ်သည့်အခါမှ ဘွားဘွားကြီးသိခဲ့ရသည်အခါ ကျန်ခဲ့သည့် နှစ် ၅၀ ကျော်အတွက် အတော်လေးကို တုန်လှုပ်ခဲ့ရသည်။
 
ကျနော်တို့ဘေးတွင် ပြောသမျှ မတုံ့ပြန်ဘဲ လာသမျှ ကူညီနေသူတွေ၊ ယခင်က ရာထူးလုသည့်အခါ လုပ်ပိုင်ခွင့်လုသည့်အခါ အလွယ်တကူအရှုံးပေးပြီး ဆက်လက်အခင်အမင်မပြတ် နေထိုင်နိုင်ခဲ့ကြသည့်သူ တွေမှာ ယခုအခါ  ကျနော့်အတွက် အထင်ကြီးလေးစားရသည့်သူတွေ ဖြစ်လာခဲ့သည်။မသေခင်စပ်ကြား နိုင်သလောက်ရှာကြံပြီး မိဘမဲ့ကျောင်းတွေ မိဘမဲ့ကလေးသူငယ်တွေ အသက်အရွယ်ကြီးမြင့်သူတွေကို လှူတန်းထောက်ပံ့နေကြသူတွေ လမ်းဘေးတိရစ္ဆာန်တွေကို ကယ်တင်နေသူတွေကို ယခင်ကအမြင်တစ်မျိုးဖြင့် မြင်ခဲ့သလောက် ယခုအခါ သူတို့လုပ်ရပ်က ဘာလဲဆိုတာ သိလာသည့်အခါ လေးစားကြည်ညိုလာခဲ့သည်။
 
အတတ်နိုင်ဆုံး စကားနည်းကာ ခပ်အေးအေးနေပြီး လိုအပ်လာလျှင်ကူညီဖို့ ဝန်မလေးခဲ့သူတွေကို မာနကြီးသည့် လူတစ်မျိုးဟု ထင်မှတ်မှားမှုတွေမှာ ယခုအခါ နေလာ နှင်းပျောက်ဆိုသကဲ့သို့ပင် နားလည်လာခဲ့လေပြီ ဖြစ်သည်။
 
ကုန်ရောင်းကုန်ဝယ်လုပ်သည့်အခါပဲဖြစ်ဖြစ်။စျေးရောင်း စျေးဝယ်လုပ်သည့်အခါပဲဖြစ်ဖြစ် အဓိကမှာ မမြတ်ရင်နေ မရှုံးဖို့ဖြစ်သည်။ထိုအချက်က ဘ၀တွင် တရားဓမ္မဖြင့်နေထိုင်သည့်အခါ အရေးကြီးသည့် အဓိကအချက်ပင်ဖြစ်သည်။ဆိုသည်က နေ့စဉ် ရိုးရှင်းစွာနေထိုင်သည့်အခါ ကုသိုလ်၊ အကုသိုလ်ဖြင့် နေကြသည့်အခါ ကုသိုလ်မရရင်နေ အကုသိုလ်မဖြစ်အောင် နေထိုင်နိုင်ဖို့က အရေးကြီးသည်။ထိုစိတ်ကိုအခြေခံပြီး တွေးကြံနေထိုင်သည့်အခါ နေ့တိုင်း ကိုယ်ဘာရအောင်ယူမလဲဆိုတာထက် ဘာတွေပေးရမလဲဆိုတာ အဓိကကျသည့် တွေးခေါ်ခံယူခြင်းဖြစ်လာခဲ့သည်။
 
ကျနော်တို့နေခဲ့သည့် နှစ်များစွာအတွင်း သူများတွေအတွက် ကျနော်တို့ အကုသိုလ်တွေကို ယူခဲ့ကြသည်။ငါ့သား ငါ့သမီး ငါ့မယား ငါ့လင် ငါ့ညီအစ်ကိုမောင်နှမ ငါဆိုသည့်စိတ်နှင့် ငါမဟုတ်သည့် တခြားသော သွေးသားတော်စပ်သည့် သူစိမ်းတွေအတွက် အကုသိုလ်ကို ပုံစံမျိုးစုံဖြင့် ယူခဲ့ကြသည်။မလိုချင်ဘဲရခဲ့သည့် အကုသိုလ်ဆိုတာ နည်းသည်မဟုတ်။နှစ် ၅၀ စာ၊ တစ်ဘ၀စာ၊ တစ်သံသရာစာ။ကိုယ်လိုချင်သည့် ကုသိုလ်ကတော့ ဒီဘ၀အတွက်တောင် မလုံလောက်။ဘ၀က အရှုံးကြီး ရှုံးကြရသည်။
 
နောင်ကျန်သည့်သက်တမ်း ရိုးရှင်းစွာနေထိုင်လွန်းပါမှ ကုသိုလ်အမြတ်စွန်းစွန်းလေးသာထွက်မည့် ဘ၀တွေကို ကျနော်တို့ရောက်နေလေသည်။ဒါကိုမြင်စေချင်ပါသည် ကြားစေချင်ပါသည်။ပြင်စေချင်ပါသည်။ခံရသည်က ကိုယ်တစ်ယောက်တည်း စားရသည်က အများဆိုတာကိုပင်။ 
 
ဖြိုးဝေလှ
ဒီဇင်ဘာ - ၂၃