【 ဆောင်းပါး 】 မခိုင်းဘဲလည်းမနေနဲ့၊ မနိုင်ဝန်လည်း မထမ်းမိစေနဲ့

【 ဆောင်းပါး 】 မခိုင်းဘဲလည်းမနေနဲ့၊ မနိုင်ဝန်လည်း မထမ်းမိစေနဲ့

အခုဆိုရင် ကျနော့်အဘိုးလေးက အသက် ၉၇ နှစ်တောင် ကျော်လေပြီ။အခုအချိန်ထိ သူ့ကိစ္စ သူ့ဘာသာလုပ်နိုင်တုန်း။အိမ်အတက်အဆင်း၊ ရေချိုး၊ အိမ်သာတက်၊ ထမင်းစား ဘယ်သူမှတွဲစရာမလို။ရေချိုးတဲ့အခါ အရင်ကသူ့ပုံစံအတိုင်း လုံချည်ကိုပါ တစ်ခါတည်းလျှော်လိုက်နိုင်တုန်း။ဘာမှသတိမေ့တယ်ရယ်လို့မရှိ။ဟိုး … အဘိုးငယ်ငယ် လူပျိုအရွယ်က ဂျပန်ခေတ်အကြောင်းအထိ မမှားမယွင်း အကုန်ပြန်ပြောပြနိုင်တုန်း။အဲဒီလိုဆိုတော့ အဘိုးလေးရဲ့ ကျန်းကျန်းမာမာနဲ့ အသက်ရှည်နေပုံကို ရပ်ထဲရွာထဲ အားကျကြတယ်။

ဘာဆေးတွေများ မှီဝဲလို့ အခုလိုကျန်းမာနေသလဲဆိုတော့ ဘာဆေးမှ ဟုတ်တိပတ်တိမစား။ငယ်ငယ်ကတည်းက ဖျားခဲလှတဲ့အဘိုး အခုလည်း အဖျားအနာလုံးဝမရှိ။ဆေးဆို အဘိုးစားဖူးတာဆိုလို့ အင်္ဂလိပ်ဆေးတောင်ရှိတာမဟုတ်ဘူး။ဖျားတာနာတာ ဗမာဆေးနဲ့ ပြတ်ရော။

အဘိုး အသက် ၉၀ ကျော် အရွယ်၊ ကျနော်ရွာပြန်ရောက်ခိုက် အဘိုးဘာလို့ကျန်းမာရတာလဲလို့ မေးကြည့်တော့ မျှမျှတတနေထိုင်တတ်တာကြောင့်ဖြစ်မယ်လို့ အဘိုးက တွေးတွေးဆဆပြောတယ်။မျှမျှတတနေထိုင်မှုဆိုတာကို သေချာရှင်းပြခိုင်းတော့ အလုပ်နဲ့ လက် မပြတ်တာရယ်၊ အလုပ်ကို မနိုင်ဝန်ထမ်းသလိုမျိုး မလုပ်ရတာရယ်၊ အစားအစာမချို့တဲ့ခဲ့တာရယ်နဲ့ စည်းနဲ့ကမ်းနဲ့သောက်တာရယ်ကြောင့်လို့ အဘိုးကဆိုတယ်။

“အဘိုးတို့က လယ်သမားဆိုတော့ အလုပ်နဲ့ လက် မပြတ်ဘူး။လယ်စပါးသိမ်းပြီးလို့ ရွာပြန်နေတဲ့အချိန်ကျရင်လည်း အလုပ်မရှိရင် မနေတတ်တော့ အိမ်အလုပ်တွေလျှောက်လုပ်၊ အဘိုးသား ဆန်စက်မှာ ဝင်လုပ်နဲ့ အလုပ်ပုံမှန်လုပ်ဖြစ်တယ်။ခန္ဓာကိုယ်က အလုပ်မပြတ်လုပ်နေတော့ ကောင်းကောင်းလည်းစားနိုင်တယ်။ကောင်းကောင်းလည်း အိပ်ပျော်တယ်” လို့ အဘိုးက ပြောပြတယ်။

မှတ်မိသေးတယ်။အဘိုးကို အဲဒီလို ကျနော်မေးနေတာ အဘိုးလေးရဲ့တူ၊ ကျနော့်ဘကြီးရဲ့အိမ်မှာ ဝိုင်းဖွဲ့နေကြတဲ့အချိန်။ကျနော်ရွာပြန်ရောက်ပြီဆို ဘကြီးက သူ့ဦးငယ်ကို လှမ်းချိန်း၊မြည်းစရာ ဖွယ်ဖွယ်ရာရာတွေ သေချာပြင်ဆင်လို့ မြေးရယ်၊ ဘကြီးရယ် အဘိုးလေးရယ် အရသာခံနေကျ။အဲဒီလို အဘိုးတွေ ဘကြီးတွေနဲ့ ဆုံခိုက် သူတို့ဘဝအကြောင်း ဆွေမျိုးတွေအကြောင်း သူတို့ဖွဲ့နွဲ့ပြသမျှ နားထောင်ရတာ ကျနော့်အတွက် သိပ်အရသာရှိနေလေတော့ ရှက်ကီနဲ့ တော်ကီမှာ စိတ်ရှိလက်ရှိကို မျောလို့။

“ဘကြီးတို့ တောသားတွေ နောက်ထပ်ကျန်းမာရေးကောင်းတဲ့ အချက်က လေကောင်းလေသန့်ရှူရတာရော၊ ပြီးတော့ ညစာစားတဲ့အချိန် နောက်မကျတာနဲ့လည်း ဆိုင်တယ်” လို့ စာဖတ်ပေဖတ် ကျနော့်ဘကြီးက ဆက်ပြောပြတယ်။

ဘကြီးက တောသားဆိုပေမယ့် သူလက်လှမ်းမီသလောက် စာတွေပေတွေနဲ့ မကင်းတဲ့ အသိကြီးသူမို့ ညမိုးချုပ် အိပ်ခါနီးမှ ထမင်းစားခြင်းရဲ့ ကျန်းမာရေးပြဿနာကြီးပုံကို ကောင်းကောင်းသိနေတဲ့သူ။ဘကြီးတို့ တောသားတွေက နောက်အကျဆုံး ထမင်းစားတဲ့အိမ်တောင် ၇ နာရီမထိုး။ကျနော်ငယ်ငယ် တောမှာ အဘိုးအဘွားနဲ့နေစဉ်က ကျနော်တို့အိမ်ရဲ့ ထမင်းစားချိန်က မြို့ပေါ်နဲ့ တခြားစီ။

မနက်ဆို ၆ နာရီထ၊ မနက်စာ မုန့်တစ်ခုခုစား၊ နေ့ခင်းထမင်းစားချိန်က မနက်ခင်း ဘုန်းကြီးဆွမ်းလောင်းပြီးချိန် ၉ နာရီနောက်ပိုင်း။ ၉ နာရီမခွဲခင်ကို စားကြပြီ။ညစာကျတော့ ညနေ ၅ နာရီကျော်။ဘကြီးတို့ အဘိုးလေးတို့က မနက်ခင်း ဘရိတ်ဖတ်စ်ဆို ထမင်းကြမ်းနဲ့ ငါးပိရည်နဲ့မှ တင်းတိမ်တဲ့သူတွေ။

“အဘိုးက တစ်သက်လုံး ဆင်းရဲခဲ့တဲ့ကာလလည်း မရှိခဲ့ဘူးဆိုတော့ သူများတွေလို အလုပ်တွေ အပင်ပန်းခံလုပ်ရတာမျိုးလည်းမရှိဘူး။အလုပ်ကိုလည်း မလုပ်ရ မနေနိုင်တော့ ခန္ဓာကိုယ်က လုပ်နိုင်တာထက်လည်း မပိုဘူး။ခန္ဓာကိုယ်မှာ အဆီပိုတွေထွက်နေတာမျိုးလည်းမရှိဘူး” လို့ အဘိုးကဆိုရဲ့။

အဘိုးက အဲဒီလိုပြောမှ ကျနော်မြင်ခဲ့ဖူးတဲ့ အဘိုးရဲ့ပုံရိပ်တွေကို စိတ်နဲ့ပြန်ငေးကြည့်ဖြစ်။ကျနော်မြင်ခဲ့ဖူးသမျှ ဟိုး … ငယ်ငယ်ကတည်းကနေ တောက်လျှောက် အဘိုးရဲ့ခန္ဓာကိုယ်ဟာ ဘယ်တော့မဆို ကျစ်ကျစ်လစ်လစ်။ဗိုက်ရွှဲနေတဲ့ပုံစံမျိုး တစ်သက်လုံးမမြင်ခဲ့ဖူး။အသက် ၈၀ ကျော်အထိ ဆန်တစ်အိတ်ကို သက်သောင့်သက်သာ အဘိုးထမ်းနိုင်ဆဲ။

“အခု ဘာမှမလုပ်တော့မှ အသားအရေတွေ နည်းနည်းပျော့တွဲကုန်တာ” တဲ့။ပြီးတော့ အဘိုးက အခုလို ဆက်ပြောသေးတယ်။

“နောက်ထပ် အရေးကြီးတဲ့အချက်က အသောက်အစား စည်းကမ်းရှိဖို့လိုတယ်။အဘိုး လူပျိုဘဝကကတည်းက အရက်ကိုကြိုက်တာရယ်လို့ မဟုတ်ဘူး။ကြုံတဲ့အခါ သောက်လိုက်တာပဲ။ဘုရားပွဲရှိရင် သောက်လိုက်တာပဲ။ဒါပေမဲ့ အမြဲတမ်းလည်း မကြုံကြုံအောင်လည်း လိုက်မကြုံဘူး။အလွန်ဆုံးမှ တစ်ပတ် တစ်ရက်တောင်မရှိဘူး။သောက်ရင်လည်း သူများတွဲပြန်ရတာမျိုး လုံးဝမရှိခဲ့ဖူးဘူး။မူးရင်တော်ပြီ။အဲဒါကြောင့် အရက်ရဲ့ဒဏ်ကို ခန္ဓာကိုယ်က မခံခဲ့ရဖူးဘူး” တဲ့။

ကျနော်တို့ စကားကောင်းနေချိန်မှာ အသက် ၉၀ ကျော် အဘိုးရဲ့လက်ထဲ ချက်အရက် အနေတော်ပြင်းရုံတစ်ခွက်။အရက်ကို အေးဆေးဇိမ်ခံသောက်လိုက်၊ အမြည်းခပ်များများစားလိုက်နဲ့ အရက်သောက်တယ်ဆိုတာ သူဌေးလို လူကြီးလူကောင်းလို သောက်တတ်ရတယ်လို့လည်း ဆိုသေး။အဘိုးပြောတဲ့ အရက်သူဌေးသောက်သောက်နည်းဆိုတာက အမြည်းတွေ ဖွယ်ဖွယ်ရာရာလေးနဲ့ သောက်တာ။လူကြီးလူကောင်းလိုသောက်နည်းက မူးရူးအော့အန်တာမျိုးမရှိဘဲ အိန္ဒြေမပျက် မူးတယ်ဆို အိုကေပြီဆိုတာ။

“အဘိုးသူငယ်ချင်း အသောက်သမားတွေ ငယ်ငယ်တုန်းက တော်တော်သောက်ပြီး ကြီးလာတော့မှ အရက်ဖြတ်ပြီး ဘုရားလိုလို တရားလိုလိုနဲ့ ပုတီးကြီး နင်းကန်စိပ်တဲ့ကောင်တွေ ၇၀ ကျော်တာနဲ့ သေတာပဲ။အဘိုးကတော့ အခု ၉၀ ကျော်ရောက်တော့လည်း မြေးတွေ တောလာလည်ရင် ကိုယ့်မြေးတွေနဲ့ပျော်လို့ တစ်နှစ်မှာ ၄-၅ခါ နည်းနည်းချတုန်းပဲ။အိမ်က အဘွားကြီးကတော့ ကြီးတဲ့အထိ မိုက်တုန်းပဲဆိုပြီး ပြောတုန်းပဲ” တဲ့။

ကျနော့်အဘိုးလေး တောသားကြီးက အတန်းပညာတွေ ဘာတွေမရှိ၊ ဘာသာရေးတွေ ဘာတွေ နားမလည်၊ ဘုန်းကြီးမြင်ရင် ဦးချ၊ မိရိုးဖလာကိုင်းရှိုင်းမှုအပြည့်ရှိပေမယ့် ပုတီးတွေ ဘာတွေ မစိပ်။သူ့ဘဝတစ်သက်တာ စာအုပ်တစ်အုပ်ကိုတောင် ဘာခေါင်းစဉ်လဲဆိုပြီး ကောက်ကိုင်ကာ မကြည့်ဖူး။ဒါပေမဲ့ သူ့ဘဝအတွေ့အကြုံက နေရလာတဲ့အသိက သိပ်ရိုးရှင်းပြီး ခမ်းနားလှတယ်။

         လူဆိုတာ မျှမျှတတ နေထိုင်စားသောက်တတ်ဖို့ လိုတယ်တဲ့။

ငြိမ်းဆက်