【 ဆောင်းပါး 】 မထင်မှတ်တဲ့ အပြောင်းအလဲတွေ (၁)

【 ဆောင်းပါး 】 မထင်မှတ်တဲ့ အပြောင်းအလဲတွေ (၁)

ကျွန်တော်က ကျူရှင်ဆရာတစ်ယောက်ပါ။အနုပညာကိုတော့ ဝါသနာကြီးတယ် ပြောရမှာပဲ။ဒါပေမဲ့ မဖြစ်ထွန်းပါဘူး။ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဆောင်းပါးလေးရေးလိုက် ဝတ္ထုတိုလေးရေးလိုက်ပေါ့။

နောက်ပိုင်းကျတော့ ရုပ်ပြဇာတ်လမ်းလေးရေးလိုက် ရုပ်ရှင်ဇာတ်ညွှန်းလေးရေးလိုက် ဖြစ်လာပြန်ရော။ဒါပေမဲ့ နာမည်တော့ မကြီးပါဘူး။ရေးတတ်တယ် ရေးဖြစ်တယ်ဆိုရုံပါ။ပုဂ္ဂိုလ်အရ ခင်မင်ရင်းနှီးတဲ့ အဲဒီလောကသားတချို့က အလုပ်လာအပ်လို့ ရေးဖြစ်ခဲ့တာပါ။

အဓိကအလုပ်ကတော့ ကျူရှင်ဆရာပါ။ကျူရှင်မှာလည်း ဒီလိုပါပဲ။နာမည်မကြီးပါဘူး။စာရေးတာနဲ့ စာရင်တော့ နာမည်နည်းနည်းရတယ်လို့ ပြောရမယ် ထင်တယ်။အိမ်ဝိုင်းတွေလည်း တော်တော်သင်ဖြစ်ခဲ့တယ်။အချိန်မရွေး ဝင်သင်လို့ရတဲ့ ကျူရှင်ကျောင်းတချို့လည်း ရှိတယ်။မြို့နယ်အလိုက် နာမည်ကြီး ကျူရှင်ကျောင်းတချို့မှာလည်း သူတို့ရဲ့ လိုလိုလားလား ဖိတ်ခေါ်မှုနဲ့ သင်ပြခဲ့ဖူးပါတယ်။လောလောဆယ်တော့ ကျန်းမာရေးမကောင်းလို့ ကျူရှင်လည်း မပြနိုင်တော့ပါဘူး။

နေ့တိုင်း ဘုရားရှိခိုး ပရိတ်ရွတ် ပုတီးစိပ်ဖြစ်ပါတယ်။တရားတော့ ညအိပ်ရာဝင်ခါနီးမှ နာဖြစ်ပါတယ်။တချို့က ကျွန်တော့်ကို “အသက်ငယ်တုန်း သန်တုန်းမြန်တုန်းမှာ တရားအားထုတ်ရမှာ အသက်ကြီးမှ တရားအားထုတ်တော့ ဘယ်ရတော့မှာလဲ” လို့ ပြောကြတယ်လေ။

သူတို့ပြောတာ ဟုတ်ပါတယ်။ကြမ်းပြင်ပေါ်မှာ ကြာကြာမထိုင်နိုင်ဘူးလေ။ဘုရားရှိခိုးရင် ကုလားထိုင်ပေါ်ထိုင်ပြီး ရှိခိုးရတယ်။ဆီးကျိပ်ရောင်လို့ ဆေးစားနေရတယ်။ဒါတောင် ဆီးက ခဏခဏသွားနေရတယ်။ဒူးခေါင်းကနာတယ်။ခြေသလုံးသားတွေက အမြဲတောင့်တင်းနေတယ်။ခါးကလည်း မကြာခဏနာတတ်တယ်။ချောင်းဆိုးရင်ကျပ်ကလည်း ပျောက်တယ်ကို မရှိဘူး။နည်းနည်းကျပ်တာနဲ့ များများကျပ်တာပဲရှိတယ်။အဆုပ်နာရောဂါက သုံးကြိမ်တောင် ပြန်ဖြစ်ထားတာလေ။ဒီကြားထဲ သွေးကလည်း တိုးသေးတယ်။အူကလည်း ကျနေသေးတယ်။တကယ့်ကို အိုတာရော နာတာရော လက္ခဏာတွေ ထင်ထင်ရှားရှားပြတော့တာပဲ။

ကျွန်တော်မွေးကတည်းက ကမာရွတ်မှာ နေလာခဲ့တာ။ကျွန်တော့်သမီး တက္ကသိုလ်တက်မယ့်နှစ်မှာပဲ ရပ်ကွက်တွေဖျက်ရလို့ မိန်းမအလုပ်လုပ်တဲ့ မင်္ဂလာဒုံမှာ သူ့အတွက် လိုင်းခန်းရလို့ ပြောင်းနေဖြစ်ခဲ့တယ်။မိန်းမအငြိမ်းစားယူပြီးတော့ မြောက်ဥက္ကလာမှာ သမီးနဲ့အတူ ပြောင်းနေဖြစ်တယ်။ပတ်ဝန်းကျင်အသစ်ဆိုတော့ ကျွန်တော့်ငယ်ဘဝကို မသိကြဘူးလေ။အသက်ငယ်ငယ်လေးထဲက တရားအားမထုတ်လို့ဆိုပြီး အပြစ်တင်နေကြတယ်။

ကျွန်တော် သူတို့ကရုဏာနဲ့ အပြစ်ပြောကြတာကို အရမ်းတော့ မငြင်းချင်ပါဘူး။ဒါပေမဲ့လည်း ခေါင်းငုံ့ထားရပြန်တော့ တော်တော်အခံရခက်နေတယ်လေ။ကျွန်တော့်ဘဝ အပြောင်းအလဲတချို့ကိုတော့ သူတို့ကိုရှင်းပြချင်မိတယ်။

ကျွန်တော်ငယ်ငယ်က တော်တော်အေးတယ်။အရက်သောက်ဖို့နေနေသာသာ ကွမ်းလည်းမစားဘူး။ဆေးလိပ်လည်းမသောက်ဘူး။စာလည်းကြိုးစားတယ်။ဉာဏ်လည်းကောင်းတယ်။ကိုးတန်းအထိ အတန်းထဲမှာ တတိယအဆင့်ရဲ့အောက်ကို တစ်ခါမှမရောက်ဖူးဘူး။ဆယ်တန်းရောက်တော့ ကျွန်တော်ကျောင်းပြေးတတ်လာတယ်။ဆယ်တန်းတစ်နှစ်ကျ ကျောင်းသားဟောင်းတွေ ရောက်လာတော့ သူတို့နဲ့ တွဲမိပြီး ကျောင်းတက်ရက်ကို မရှိသလောက် ဖြစ်လာတယ်။ကျောင်းတက်ရင်လည်း စာသင်ချိန်ကို လစ်တတ်လာတယ်။တိုတိုပြောရရင် အဲဒီနှစ်က ကျွန်တော်ဆယ်တန်းကျတယ်။အမှတ်စာရင်းတောင်းကြည့်တော့ သင်္ချာနဲ့ ရူပဗေဒမှာ ဂုဏ်ထူးထွက်တယ်။ဇီဝဗေဒမှာ အမှတ်နှစ်ဆယ်ပဲ ရတယ်လေ။နောက်တစ်နှစ် ကျောင်းပြန်တက်တယ်။ထပ်ကျတယ်။နှစ်နှစ်ကျနဲ့ ဘွဲ့ထူးနဲ့ ကျွန်တော်ကျောင်းထွက်လိုက်ရတယ်။ငယ်ဆရာတွေနဲ့တွေ့ရင် ကျွန်တော့်ပြောင်းလဲမှုကိုကြည့်ပြီး နင်အရမ်းဆိုးလွန်းလို့ဖြစ်တာလို့ ပြောကြတယ်။

ဆယ်တန်းမအောင်ဘဲ မြို့နယ်သမဝါယမရုံးမှာ ဝင်လုပ်တော့ အကူစာရေးပဲ ရတယ်လေ။လခက ကိုးဆယ့်ခုနစ်ကျပ်ဆိုတော့ နည်းတာပေါ့။ဒါပေမဲ့ သိတယ် မဟုတ်လား။အဲဒီအချိန်က ကုန်သွယ်ရေးတစ်ခေတ်ကုန်လို့ သမဝါယမကောင်းစားတဲ့ ခေတ်လေ။အကြံအဖန်က ဘာရသလဲ မမေးနဲ့။နိုင်ငံခြားအရက်ကို အလကားသောက်ရတယ်။စားသောက်ဆိုင်တွေမှာ ဝင်စားရင် ပိုက်ဆံရှင်းမယ့်သူက အဆင်သင့်ပဲလေ။ကျွန်တော့်မိဘတွေကို လမ်းထဲမှာ အကောင်းဆုံး အိမ်တစ်လုံးတောင် ဝယ်ပေးနိုင်ခဲ့သေးတယ်။

အကြောင်းစပ်လာလို့ တရားစကား နည်းနည်းပြောချင်တယ်။အဲဒီအချိန်မှာ ဆယ်တန်းကျပြီး ရန်အမြဲဖြစ်တတ်တဲ့ အရက်သမားအဖြစ် ညံ့ဖျင်းနေပေမယ့် အတိတ်ကုသိုလ်ကံက လာအကျိုးပေးနေတော့ လက်ဖျားငွေသီးနေတယ်လေ။အဲဒီအချိန်ကစပြီး ကျွန်တော်အရက်တော်တော်သောက်ဖြစ်တယ်။အရက်မသောက်ရလို့ ခန္ဓာကိုယ်က တုန်ရီတာတို့ ဘာတို့တော့ မဖြစ်ပါဘူး။ကျွန်တော့်စိတ်ကတော့ မသောက်ရရင် မနေနိုင်ဘူး။နေ့တိုင်းသောက်တယ်။အိမ်မှာအရက်သောက်ရင် အဖေမကြိုက်လို့ သီရိမြိုင်မှာ သူငယ်ချင်းတွေနဲ့ အိမ်ငှားပြီး အဲဒီမှာနေတာများတယ်။အိမ်ကိုတော့ အလုပ်ကိစ္စ အကြောင်းပြလိုက် ဆယ်တန်းစာမေးပွဲ ပြန်ဖြေမယ် အကြောင်းပြလိုက်နဲ့ပေါ့။

အဲဒီသမဝါယမကြောင့်ပဲ ကုန်သည်တစ်ယောက် မှောင်ခိုလုပ်တဲ့ကိစ္စမှာ ကျွန်တော်အတိုင်ခံရတယ်။တိုင်တဲ့သူက တိုင်တော့ အစစ်ဆေးခံရတယ်။ကျွန်တော်မလုပ်တဲ့ ကိစ္စပေမယ့် ကျွန်တော်နဲ့ငြိတဲ့လူက ပါတီက အာဏာရှိလူကြီးဆိုတော့ ကျွန်တော်အကျဉ်းအကျပ်ထဲ ရောက်နေတာပေါ့။အဲဒီမှာပဲ ကျွန်တော့်အကိုဝမ်းကွဲက သူ့ဆရာရှိတယ် ဗေဒင်မေးကြည့်မလားပြောတော့ ကျွန်တော်လည်း လိုက်မေးတယ်လေ။သူ့ဆရာက ဓာတ်ဆင်ပေးလိုက်တာ အားလုံးအဆင်ပြေသွားတယ်။အန္တရာယ်တွေများလာလို့ သမဝါယမကတော့ ထွက်လိုက်ရတယ်။

အဲဒီအချိန်ကစပြီး ကျွန်တော့်အကိုရဲ့ ဆရာက ကျွန်တော့်ဆရာလည်း စ်သွားတယ်။ဆရာ့ဆီရောက်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်အရက်လုံးဝပြတ်သွားတယ်။အဲဒီအချိန်ကစပြီး ပုတီးစိပ်တာ ဒီနေ့အထိပါပဲ။ဆရာက ကျွန်တော့်မိဘနှစ်ပါးပြီးရင် ကျွန်တော့်ဘဝမှာ ကျေးဇူးအကြီးဆုံးပါပဲ။ဆရာမွေးပေးလို့ နောက်တစ်ခါ လူပြန်ဖြစ်လာတယ်လို့တောင် ခံစားရတယ်။အားတဲ့အချိန်ဆိုရင် ဆရာ့အိမ်မှာ ကျွန်တော်အမြဲရှိတယ်။ဥပုသ်စောင့်တယ်။အဓိဋ္ဌာန်ဝင်တယ်။တစ်ခါတလေ ဆရာ့ဆီက ဗေဒင်ပညာသင်တယ်။ဆရာ့အိမ်မှာ ဆရာ့ရဲ့ ဓမ္မမိတ်ဆွေတွေ တွေ့ရတယ်။ပြီးတော့ ကျွန်တော့်လို ဆရာ့တပည့်တွေကလည်း အများကြီးရှိတယ်လေ။ဒီလိုနေလာရင်း ကျွန်တော့်ဘဝ အပြောင်းအလဲကြီးတစ်ခု ထပ်ဖြစ်လာတယ်။အဲဒီအပြောင်းအလဲကြီးဖြစ်စေတဲ့ အဓိကဇာတ်လိုက်ကတော့ “အဘိဏှသုတ်” ပါ။

“ပဉ္စိမာဏိ ဘိက္ခေဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ။ ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေန ဝါ ပဗ္ဗဇိတေနဝါ။
ကတမာနိပဉ္စ
ဇရာဓမ္မောမှိ ဇရံအနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ဗျာဓိဓမ္မောမှိ ဗျာဓိံအနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
မရဏဓမ္မောမှီ မရဏံအနတီတော်တိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
သဗ္ဗေဟိမေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါ တိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပဋိသရဏော ယံကမ္မံ ကရိဿာမိ ကလျာဏံဝါ ပါပကံဝါ တဿဒါယာဒေါ ဘဝိဿာမီတိ အဘိဏှံပစ္စဝဂ္ဂီတဗ္ဗံ။
ဣတ္ထိယာဝါ ပုရိသေနဝါ ဂဟဋ္ဌေနဝါ ပဗ္ဗဇိတေနဝါ။
ဣမာဏိဝေါ ဘိက္ခေဝေ ပဉ္စဌာနာနိ အဘိဏှံ ပစ္စဝဂ္ဂီတဗ္ဗာနိ။ဣတ္ထိယဝါ ပုရိသေနဝါ ဂဟဋ္ဌေန ဝါ ပဗ္ဗဇိတေနဝါ။”

အဘိဏှသုတ်ရဲ့ လိုရင်းအဓိပ္ပါယ်က အချက်ငါးချက်ပါ။ထိုငါးချက်ကို မိန်းမတို့သည်လည်းကောင်း ယောင်္ကျားတို့သည်လည်းကောင်း လူတို့သည်လည်းကောင်း ရဟန်းတို့သည်လည်းကောင်း နေ့ညဉ့်မပြတ် ဆင်ခြင်အပ်တယ်လို့ ဘုရားရှင်က သတိပေးမှာကြားထားတာပါ။

          (၁) ငါသည် အိုခြင်းသဘောရှိသည် ဖြစ်၏။အိုခြင်းသဘောကို မလွန်ဆန်နိုင်ပေ။
          (၂)  ငါသည် နာခြင်းသဘောရှိသည် ဖြစ်၏။နာခြင်းသဘောကို မလွန်ဆန်နိုင်ပေ။
          (၃)  ငါသည် သေခြင်းသဘောရှိသည် ဖြစ်၏။သေခြင်းသဘောတရားကို မလွန်ဆန်နိုင်ပေ။
          (၄)  ငါခင်မင်ချစ်မြတ်နိုးသောသူတွေနှင့် ရှင်ကွဲ ဒါမှမဟုတ် သေကွဲကွဲရမည်။
          (၅) ကံသာလျှင် ငါ့ဥစ္စာဖြစ်သည်။ကံသာလျှင် အမွေခံဖြစ်သည်။ကံသာလျှင် အကြောင်းရင်းဖြစ်သည်။ကံသာလျှင် အဆွေအမျိုးဖြစ်သည်။ကံသာလျှင် မှီခိုအားထားရာဖြစ်သည်။ငါပြုသမျှ ကောင်းမှုကံ မကောင်းမှုကံအတိုင်း ငါပြန်ပြီးစံစား ခံစားရမည်။

အဘိဏှသုတ်ရဲ့ အဓိပ္ပာယ်ကိုကြည့်ပြီး ကျွန်တော်တို့ ဆရာတပည့်တွေ အတော်လေး စိတ်ဝင်တစား ဆွေးနွေးဖြစ်ကြတယ်။လူ့ဘဝကို အတော်ညည်းငွေ့တဲ့ လေသံတွေနဲ့ပေါ့။ဆရာနဲ့ ကျွန်တော်အပါအဝင် ဆရာ့တပည့်အများစုက နေ့တိုင်းလိုလို သံဝေဂရတဲ့ ခံစားချက်တွေ ပြောဖြစ်ကြတယ်။

လိုရင်းထပ်ပြောရရင် အဲဒီအထဲက သူရဲကောင်းသုံးယောက်လို့ ပြောရမလား လူမိုက်သုံးယောက်လို့ ပြောရမလားမသိ ထွက်ပေါ်လာခဲ့တယ်။ကျွန်တော်ရယ် ဆရာရယ် ကျွန်တော့်အကိုဝမ်းကွဲရယ်ပေါ့။ယုံကြမလား မသိဘူး။ ကျွန်တော်တို့သုံးယောက် အိမ်ကထွက်ပြေးတယ်ပြောမလား တောထွက်တယ်ပြောမလား မသိဘူး။ဆရာနဲ့ အကိုကတော့ သူတို့မိန်းမတွေဆီ အကျိုးအကြောင်း စာတစ်စောင်စီ ရေးထားခဲ့ကြတယ်။ကျွန်တော်ကတော့ မရေးဖြစ်ခဲ့ပါဘူး။

ဆရာက ကျွန်တော့ထက် ငါးနှစ်ကြီးတယ်။အကိုက ကျွန်တော့ထက် နှစ်နှစ်ကြီးတယ်။အဲဒီအချိန်မှာ ဆရာက တရားအားထုတ်တယ်။ဗေဒင်ဟောတယ်။အကိုက ဒလသင်္ဘောကျင်းမှာ အလုပ်လုပ်တယ်။ကျွန်တော်က သံလမ်းမှာရှိတဲ့ ငါးပိငံပြာရည်စက်ရုံမှာ အလုပ်လုပ်တယ်။ကျွန်တော့် ဆရာဆီမှာ သမီးနှစ်ယောက်ရှိတယ်။တစ်ယောက်ကရှစ်နှစ် တစ်ယောက်ကခြောက်နှစ်။ကျွန်တော့်အကိုဆီမှာလည်း သမီးနှစ်ယောက်ရှိတယ်။တစ်ယောက်ကငါးနှစ်။တစ်ယောက်ကနှစ်နှစ်။ကျွန်တော့်မှာက သမီးတစ်ယောက်ရှိတယ်။သူက ငါးလသမီးလေး။

အဲဒီနေ့ နေ့လယ်မှာ ကျွန်တော်တို့သုံးယောက် ပြည်ကိုရောက်တယ်။ပြည်ဈေးထဲမှာ ကျွန်တော်တို့ အဝတ်အစားတွေ နာရီလက်စွပ်တွေ ရောင်းတယ်။ပြီးတော့ အိမ်ကပါလာတဲ့ ငွေတွေရော ရောင်းရတဲ့ငွေတွေရော အားလုံးပေါင်းပြီး ပြည်ရွှေစံတော်ခြေရင်းမှာရှိတဲ့ ဒက္ခိဏာရုံဘုန်းကြီးကျောင်းက ဆရာတော်ကတစ်ဆင့် ကပ္ပိယကြီးကို အပ်လိုက်ပြီး ကျွန်တော်တို့သုံးယောက် ညနေငါးနာရီအချိန်လောက်မှာ ကိုရင်ကြီးအဖြစ် သင်္ကန်းဝတ်ဖြစ်ခဲ့တယ်။နောက်တစ်နေ့ မနက်ကိုးနာရီလောက်မှာ ကျွန်တော်တို့ ကိုရင်သုံးပါးအဖြစ်ကနေ ရဟန်းသုံးပါးအဖြစ် ဘဝထပ်ပြောင်းဖြစ်တယ်။

ကျွန်တော်တို့ ရဟန်းသုံးပါး တစ်နေ့ကို အနည်းဆုံးသုံးခါ တရားထိုင်ဖြစ်တယ်။ကျန်တဲ့အချိန်တွေမှာ ဆရာတော်က ရဟန်းဝိနည်းတွေ ရှင်းပြတယ်။ဘုရားအနေကဇာတင်ရယ် မေတ္တာသုတ်ရယ် ဥပုသ်သီလပေးတာတွေရယ် ကျက်ရတယ်။တစ်ပတ်လောက်ရှိလာတော့ အပြောင်းအလဲတစ်ခုဖြစ်ဖို့ ဖန်လာပြန်တယ်။အဲဒီနေ့က ဆွမ်းခံထွက်တော့ တစ်နေရာမှာ ကိုးနှစ် ဆယ်နှစ်အရွယ် ညီအမနှစ်ယောက် ကျွန်တော်တို့သုံးပါးကို ဆွမ်းထွက်လောင်းတယ်။အဲဒီညကစပြီး ဆရာနဲ့ အကိုက တရားမထိုင်နိုင်ကြတော့ဘူး။လိုရင်းကိုပြောရရင် သူတို့သမီးတွေကို သတိရသွားတယ်လေ။လိုရင်းကို ထပ်ပြောရရင် နောက်လေးငါးရက်အကြာမှာ သူတို့နှစ်ယောက် လူထွက်ပြီး ရန်ကုန်ပြန်သွားကြတယ်။

သိတယ်မှတ်လား တစ်ဦးတည်းသော သူရဲကောင်းလို့ပြောမလား အမိုက်ဆုံးကောင်ကြီးလို့ပြောမလား မသိ။ဘုန်းကြီးကျောင်းမှာ သင်္ကန်းဝတ်နဲ့ ကျွန်တော်တစ်ယောက်ထဲ ကျန်ခဲ့တယ်။ကျောင်းထိုင်ဆရာတော်နဲ့ ကျောင်းက ဦးပဉ္ဇင်းတွေကတော့ ကျွန်တော့်ကို ပြန်လိုက်သွားဖို့ ပြောကြပါတယ်။ဒါပေမဲ့ ကျွန်တော်မလိုက်ချင်လို့ ပြန်မလိုက်ဖြစ်ခဲ့ဘူး။

မှန်တာပြောရရင် အဲဒီအချိန်က ကျွန်တော်စတန့်ထွင်တာ မဟုတ်ပါဘူး။မိသားစုအပေါ် ရက်စက်တာ မဟုတ်ပါဘူး။ရူးသွားတာလည်း မဟုတ်ပါဘူး။တကယ့်ကို ဘုန်းကြီးဘဝမှာ သဒ္ဓါစိတ်အပြည့်နဲ့ လိုလိုချင်ချင် ကျေကျေနပ်နပ်နဲ့ စိတ်ရှင်းရှင်းနဲ့ နေဖြစ်ခဲ့တာပါ။

ရိုက်မောင်း