【 ဆောင်းပါး 】 မနီးမဝေးနဲ့ အဝေးပြေးဂိတ်တွေ

【 ဆောင်းပါး 】 မနီးမဝေးနဲ့ အဝေးပြေးဂိတ်တွေ

သက္ကရာဇ် ၂၀၀၀ ကျော် ကာလတုန်းကလို့ ထင်တယ်။ဆင်မလိုက်အဝေးပြေးဂိတ်ပိတ်ပြီး အောင်မင်္ဂလာအဝေးပြေးဂိတ် ပေါ်လာတယ်။အရင်က ဆင်မလိုက်ကိုဝေးတယ်လို့ ထင်ခဲ့မိတာ အခု အောင်မင်္ဂလာဆိုတာက မြောက်ဥက္ကလာရဲ့အပြင်ဘက် ဝေးလိုက်တာမှ တကယ့်ကို တမျှော်တခေါ်။ပြီးတော့ ရေဝေးသင်္ချိုင်းနဲ့ ကပ်လျက်ဆိုတော့ စိတ်ထဲအဆင်မပြေချင်စရာ။

သွားရတာဝေးလွန်းလို့ လူတွေက တော်တော်ညည်းကြ၊ ဆဲကြဆိုကြနဲ့ ဘာပဲဖြစ်ဖြစ် ဗိုင်းရပ်စ်ကင်းကင်းနဲ့ တွေးကြည့်မယ်ဆိုရင် မြန်မြန်ဆန်ဆန် တိုးပွားလာနေတဲ့ မြို့ပြလူဦးရေအရ ဆင်မလိုက်လိုနေရာမျိုးမှာ အဝေးပြေးဂိတ်ထားဖို့ဆိုတာ ဘယ်လိုမှအဆင်မပြေတော့။ဆင်မလိုက်ကနေ မြို့ပြင်ကို ဟိုင်းလတ်လို ကားသေးတွေထွက်တာ ပြဿနာမရှိပေမယ့် နောက်ပိုင်းပေါ်လာတဲ့ အဝေးပြေးသွား အိတ်စ်ပတ်ယာဉ်ကြီးတွေသာဆို ကားလမ်းတွေပိတ်လိုက်မယ်ဖြစ်ခြင်း။ဒါ့ကြောင့် ဆင်မလိုက်ပိတ်ပြီး အောင်မင်္ဂလာဖွင့်တာ လက်တွေ့ကျတာကအမှန်။

ဆင်မလိုက်ပိတ်ပြီးနောက်ပိုင်း ပဲခူးသွားဟိုင်းလတ်တွေက ရန်ကုန်ဘယ်နေရာမှာ ဂိတ်ထိုးသလဲမသိ။ပဲခူးကားနောက်ဆုံးစီးခဲ့တဲ့ ၂၀၀၆ ခုနှစ်တုန်းက သမိုင်းလမ်းဆုံက အင်းစိန်လမ်းမဘေး ဂိတ်ထိုးထားတဲ့ကားတွေကို သွားစီးရတယ်။

သခင်မြပန်းခြံနဲ့ မျက်နှာချင်းဆိုင်မှာတော့ မှော်ဘီ၊ တိုက်ကြီးဘက်ခြမ်းသွားတဲ့ ကားဂိတ်ထင်တယ်။
ဒီဘက်နှစ်တွေအထိ တွေ့ခဲ့တယ်။ဧရာဝတီတိုင်းဘက်သွားတဲ့ ကားတွေကတော့ လှိုင်သာယာက ဒဂုံဧရာအဝေးပြေးဝန်းမှာ။အဲဒီဒဂုန်ဧရာဆိုတာက အောင်မင်္ဂလာထက် နည်းနည်းနောက်ကျပြီးမှ အသစ်ဖွင့်တာလို့ထင်တယ်။ဒဂုန်ဧရာဆိုတာကလည်း တော်တော်လှမ်းတာမို့ တော်တော်သွားရတာပါပဲ။ကျနော် ကျောင်းသားဘဝ ဆင်မလိုက်အဝေးပြေးကနေ မကြာခဏသွားခဲ့တဲ့ မအူပင်ဂိတ်က ဒဂုန်ဧရာကို ရောက်သွားခဲ့တယ်။ဒဂုန်ဧရာကနေပြီးတော့ မအူပင်ကိုတော့ တစ်ခါမှာ သွားမစီးခဲ့ဖူးဘူး။

နောက်ထပ် မြစ်ဝကျွန်းပေါ်သွား ကားဂိတ်တစ်ခုက ဒလဆိပ်ကမ်းမှာ။ဒလကနေ ရန်ကုန်တိုင်းအတွင်းနဲ့ မြစ်ဝကျွန်းပေါ်သို့သွားတဲ့ ကားတွေကမနည်း။ဒလကားဂိတ်ကကျဉ်းကျဉ်း ကားတွေကများများနဲ့ ဒလဆိပ် ကမ်းကနေတက်လာလိုက်တာနဲ့ ရှုပ်ရှက်ကိုခတ်လို့။မြစ်ဝကျွန်းပေါ်သွားမယ့်လူတွေက ဒလဂိတ်ကနေစီးကြတာများတယ်။ဘာလို့လဲဆိုတော့ ဒလကားဂိတ်ကိုသွားရတာ ဒဂုန်ဧရာထက် အများကြီးသွားလာရနီးတာကြောင့်လို့ ဆိုကြတယ်။

ကျနော့်ဆရာဆိုရင် မအူပင်မြို့သား။ရန်ကုန်တက်လာပြီဆို ဘယ်တော့မဆို ဒလကားဂိတ်ကနေသာ အသွားအပြန်လုပ်လေ့ရှိ။ဘာလို့လဲဆိုတော့ ဆရာ ရန်ကုန်လာတာက ရန်ကုန်မြို့တွင်းဝန်းကျင်က စာပေလောကထဲကိုဆိုတော့ ဒလနဲ့ ရန်ကုန်မြို့ထဲဆိုတာက သင်္ဘောစီးလိုက်ရင် အလွန်ဆုံး ၁၅မိနစ်ရယ်။

“မင်းစဉ်းစားကြည့်လေ။ဒလဆိပ်ကနေ ရန်ကုန်မြို့ထဲကို ၁၅ မိနစ်နဲ့ ရောက်တယ်။သင်္ဘောခက ၁၀၀ လား ပေးရတယ်။ဒဂုန်ဧရာဆိုရင် ရန်ကုန်မြို့ထဲရောက်ဖို့ လိုင်းကားစီးရင် ၁ နာရီခွဲကျော်ကြာမယ်။တက္ကစီဌားမယ်ဆို မြို့ထဲကနေ ၈၀၀၀ လောက် ပေးရမယ်” လို့ ဆရာက ပြောပြခဲ့ဖူးတယ်။

အဲဒီလိုပြောခဲ့တာက ၂၀၁၇ ခုနှစ်လောက်တုန်းက။အခုဆိုရင် မြို့ထဲနဲ့ ဒဂုန်ဧရာအဝေးပြေးကို တက္ကစီဌားရင် ၂ သောင်းကျော်တော့ ပေးရတော့မယ်လို့ ထင်ရဲ့။ဒါပေမဲ့ အခု ရန်ကုန်လမ်းတွေပေါ်မှာ ကားတွေကရှင်းရှင်းမို့ လိုင်းကားစီးရင် အရင်လို ၁ နာရီခွဲကျော်တွေ ဘာတွေမကြာတော့ဘူးလို့ ပြောနိုင်ပေမယ့် လှိုင်သာယာသွားလိုင်းကားပေါ် ဓားထောက်လုနေရင် ဘယ်နှယ့်လုပ်မလဲလို့ ပြန်တွေးရပြန်တယ်။

ပြောစရာရှိတာက ဒီနေ့ထိတိုင် ရန်ကုန်မြို့ပြင်သွားကားဂိတ် ရန်ကုန်မြို့တွင်းထဲရှိတာဆိုလို့ သုံးခွနဲ့ ခရမ်းကားဂိတ်ပဲရှိတော့မယ်ထင်တယ်။ရန်ကုန်နဲ့ သုံးခွ၊ ခရမ်းဆိုတာက အဝေးပြေးလို့မဆိုနိုင်ပေမယ့် လိုင်းကားနဲ့ ခရမ်းအထိ တစ်နာရီခွဲလောက်စီးရတာမို့ သိပ်နီးတယ်တော့ ဘယ်ဟုတ်ပါ့မလဲ။

ဦးသိန်းစိန်အစိုးရလက်ထက်အထိက သုံးခွ၊ ခရမ်းကားဂိတ်က ပုစွန်တောင်မြို့နယ်ထဲက အေဘီစီမှတ်တိုင်နား။ပြည်သူ့အစိုးရလက်ထက်ရောက်တော့ အေဘီစီကနေ ရန်ကုန်မြို့တွင်းက သိမ်ဖြူလမ်းဘေးကို ရောက်လာတယ်။သိမ်ဖြူလမ်းအောက်ဘလောက် ကတ္တရာလမ်းဘေး နေရာခပ်ကျယ်ကျယ်လေးမို့ ကားဂိတ်ဝန်းကျင် ကားပိတ်နေတာမျိုး မတွေ့ရ။ထားတော့။

တကယ်တော့ ဒဂုန်ဧရာအဝေးပြေးဂိတ်ဖွင့်တာ တော်တော်ကြာပြီဆိုပေမယ့် ကျနော်ရောက်ဖူးတာ တစ်ကြိမ်တည်းမျှသာ။ ၂၀၀၉ ခုနှစ် အစပိုင်းလောက်လို့ထင်တယ်။ကိုယ့်သူငယ်ချင်း ဝါးခယ်မသူကိုသွားမြန်းလို့ ပါသွားခဲ့တာ။အဲဒီအချိန်ကတည်းက ကားလမ်းတွေတော်တော်ပိတ်နေပြီမို့ ဒဂုံဧရာရောက်ဖို့ စိတ်မရှည်လောက်အောင်သွားရ။ဝါးခယ်မသွားတော့လည်း အဲဒီတုန်းက ဝါးခယ်မလမ်းထက်ဝက်လောက်က မြေနီနဲ့ ကျောက်ခင်းလမ်း။ဘယ်လောက်ထိဆိုးသလဲဆို မှန်ပိတ်ထားတာတောင် ဖုန်မှုန့်က ဖင်ကြားထဲဝင်တဲ့အထိ။

ဂျင်းဘောင်ဘီဝတ်ထားပြီး အတွင်းခံဝတ်ထားတာတောင် ဝါးခယ်မတည်းခိုခန်းရောက်လို့ အိမ်သာတက်တော့ မစင်မှာ သွေးတွေပါနေသလိုတွေ့တော့ အစားလည်းမမှား၊ ဗိုက်လည်းမနာဘဲ သွေးဝမ်းသွားတယ်လို့ထင်ပြီး လန့်သွားတယ်။သေချာရေချိုး သန့်ရှင်းရေးလုပ်ပြီး နောက်တစ်ကြိမ် အိမ်သာတက်၊ မစင်ကို ပုံမှန်အတိုင်းမြင်ရမှ ဖုန်မှုန့်တွေ ဖင်ထဲထိဝင်နေမှန်း စဉ်းစားမိတော့တယ်။

အဲဒီနောက်ပိုင်း ဒဂုန်ဧရာအဝေးပြေးဝန်းရှေ့ ဖြတ်သွားတာသာရှိပြီး တစ်ခါမှမဝင်မိ။ဖြတ်သွားတဲ့ အချိန်တိုင်းမှာလည်း ဒဂုန်ဧရာထဲဝင် တစ်ယောက်ယောက်ဝင်လိုက်ရင်ကို လက်မှတ်ပွဲစားတွေက ဘေးနားတောက်လျှောက်ကပ်လို့ ဘယ်လက်မှတ်ယူမလဲ လိုက်မေးနေတာကို မြင်ရပြီး စိတ်ညစ်ရတယ်။အဲဒါကတော့ ဒဂုန်ဧရာအဝေးပြေးဝန်းမှမဟုတ်။အောင်မင်္ဂလာအဝေးပြေးဝန်းဆိုရင်လည်း ထို့အတူ။တချို့ပွဲစားတွေက လက်မှတ်ဝယ်ထားပြီးသားပါလို့ ပြောတာတောင် မရမက ကပ်လိုက်ပြီး လက်မှတ်ရောင်းနေတော့ စိတ်ပျက်ရ၊ ညစ်လာလို့ ငေါက်မိပြန်တော့ ဘုကြည့်ပြန်ကြည့်တာခံရ။ဒါနဲ့ လက်အုပ်မချီရုံတမယ် တောင်းပန်မှပဲ လစ်တော့တယ်။

ကိုယ်က ဇာတိမြေ မွန်ပြည်နယ် ပြန်လေ့ရှိတာမို့ အောင်မင်္ဂလာကို ရောက်လေ့ရှိတယ်။ပြီးတော့ အလုပ်ကိစ္စတွေက မြစ်ဝကျွန်းပေါ်ဘက်မရှိဘဲ နေပြည်တော်။မန္တလေး စတဲ့နေရာတွေမှာသာရှိလို့ အောင်မင်္ဂလာရောက်ဖြစ်တယ်။အောင်မင်္ဂလာက ကျယ်တယ်ဆိုပေမယ့် မြစ်ကျွန်းပေါ်ကလွဲ ကျန်တဲ့မြို့တွေဆီသွားတဲ့ ကားဂိတ်တွေအများကြီးမို့ ကျယ်တယ်လို့လည်း ဘယ်ပြောနိုင်မလဲ။

ဘာပဲဖြစ်ဖြစ် အောင်မင်္ဂလာကိုရောက်တဲ့အချိန်တိုင်း ပျော်ရတာချည်းပဲ။ဘာလို့လဲဆိုတော့ ကျနော်က ခရီးသွားရတာကို အရသာသိပ်တွေ့သူကိုး။

          ငြိမ်းဆက်