【 ဆောင်းပါး 】 မန္တလေးဖြစ် အမျိုးသားနေ့ (၂)

【 ဆောင်းပါး 】 မန္တလေးဖြစ် အမျိုးသားနေ့ (၂)

“ပဒေသရာဇ်ခေတ် ပျက်စီးတာ (၃၅) နှစ်ရှိပေမယ့် ပဒေသရာဇ် ပုံစံကိုခံယူတုန်းပဲ ရှိသေးတယ်” လို့ ဒေါက်တာသန်းထွန်းက သုံးသပ်ပြီးတဲ့နောက် စီပီဦးခင်မောင်ရဲ့ အရေးကြီးစကားကို ထုတ်ပြပါတယ်။

“ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တော်မူကြသော မွန်မြန်မာ အမျိုးသားအပေါင်းတို့သည် အစဉ်မပြတ် ဆက်လက်၍ သာသနာတော်၏အကျိုး အမျိုးသားတို့၏အကျိုးစီးပွားကို လိုလားစွာဆောင်ရွက်နိုင်စေရန် မဆုတ်မနစ်သော လုံ့လဝိရိယတို့ဖြင့် အစဉ်ထာဝရအားထုတ်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ဖွယ်ဖြစ်ပါကြောင်း” လို့ ထုတ်ပြပြီးတဲ့နောက် အမျိုးသားရေး နိုးကြားလာပြီလို့ ပြောပါတယ်၊ ယုံကြည်မျှော်လင့်ဖွယ်ဖြစ်ကြောင်းဆိုတာလေးက ထူးတယ်၊ သူ့အရင်က မျှော်လင့်စရာမှမရှိခဲ့ပဲကိုး။

၁၉၁၁ ပထမဆုံးအစည်းအဝေးကြီးလုပ်တဲ့အခါ သဘာပတိ ဦးမေအောင်က မိန့်ခွန်းပြောတယ်၊ အကျဉ်းချုပ်ကြည့်ရင် ...

            ၁/ ကျောင်းမှာ ကလေးတွေ စာရိတ္တကောင်းအောင် ဗုဒ္ဓဘာသာသင်ခန်းစာသင်ဖို့။

            ၂/ စည်းပွားရေးတိုးတက်အောင် သမဝါယမလုပ်ငန်း အားပေးစေချင်တယ်။

            ၃/ ဆင်းရဲသား လယ်သမားတွေ သုမင်္ဂလ ဒုမင်္ဂလ ကိစ္စတွေမှာ အလဟဿ ငွေမဖြုန်းစေချင်ဘူး။

            ၄/ ဘုရားလည်းမကြိုက် အစိုးရကလည်းမကြိုက်တဲ့ ကိစ္စဖြစ်လို့ လက်နက်ပုန်းမကိုင်စေချင်ဘူး ---- စသဖြင့် မဖြုန်းဖို့နဲ့ အချင်းချင်းရိုင်းပင်းကြဖို့ ပြောပါတယ်။

၁၉၁၄ မှာ ဒုတိယအစည်းအဝေးကို ရန်ကုန်မှာလုပ်တော့ အရက်မသောက်ဖို့၊ ဗုဒ္ဓဘာသာ အထက်တန်းကျောင်းဖွင့်ဖို့၊ ပညာရေးနဲ့ စာရိတ္တကောင်းရေး ရှေ့ရှုတယ်၊ အစိုးရက အရက်ဆိုင်၊ ဘိန်းဆိုင် ဖွင့်ထားလေတော့ သိပ်လည်းမပြောရဲသေးဘူးလေ၊ ထူးခြားချက်က “ဂျင်နရယ်ကောင်ဆယ်” ဖွဲ့နိုင်ဖို့ သဘောတူကြတယ်၊

မန္တလေးမှာကျင်းပတဲ့ ၂၀၁၅ အစည်းအဝေးကြတော့ကာ ဆားချက်လုပ်ငန်းချဲ့ဖို့၊ ဗမာတွေ သေတမ်းစာရေးခွင့်၊ အတိုးကြီးနဲ့ ငွေချေးတာ တားမြစ်သင့်၊ မူလတန်း မသင်မနေရ အစရှိသဖြင့် ဆုံးဖြတ်ကြတယ်၊ မသင်မနေရကတော့ အများကြီးကုန်မှာမို့ အစိုးရက မလုပ်ချင်သေးတာနဲ့ ဆိုင်းငံ့။

၁၉၁၆ အစည်းအဝေးမှာ ငါးနှစ်တာလုပ်ခဲ့သမျှကို ပြန်သုံးသပ်တော့ကာ ပထမကမ္ဘာစစ်မှာ ဗမာစစ်သား ၁၀၀ ကျော် သွားခွင့်ရလို့ ဝမ်းသာတယ်၊ ဘာသာပြန်လုပ်ငန်း အင်တိုက်အားတိုက်လုပ်ဖို့၊ အစိုးရက လက်မှုပညာသင်ကျောင်းဖွင့်ဖို့၊ မင်္ဂလာဆောင် ခဲဖိုးတောင်းတဲ့အကျင့်ဖျက်ရန်၊ တိုင်းရင်းဖြစ်သာသုံးဖို့ -- စသဖြင့်  ဒီမှာ ဗမာစစ်တပ်ဖြစ်မြောက်ရေးက တိုးတက်ပါတယ်။

၁၉၁၇ ပျဉ်းမနားမှာ “အစိုးရမင်းတို့က ကောင်းမွန်စွာစောင့်ရှောက်သည့်အတွက် ------- မြန်မာပြည်ဘုရင်ခံမင်းမြတ်ထံ ကြေးနန်းရိုက်ကြား တင်လျှောက်ရန် သဘောတူကြသည်” ဆိုတာလေးက ထူးတယ်၊ အစိုးရဆိုတာ မင်းတုန်းမင်း၊ သီပေါမင်းတို့လိုပဲ သူ့ဘုန်းသူ့ကံနဲ့ဖြစ်လာတာ၊ လူထုက အစိုးရမင်းရဲ့ ဘုန်းရိပ်ကို ခိုလှုံနေတာ၊ ဒါက အရိုးစွဲနေတုန်းပါ၊ သီပေါမင်း ပါတော်မမူခင် အောက်ပြည်နိုင်ငံတစ်ဝက်ကို အင်္ဂလိပ်မင်းအုပ်ချုပ်တာ တိုင်းပြည်အေးချမ်းပြီးသာယာတယ်၊ လယ်လုပ်ခွင့်ပေးတယ်၊ ကောင်းရောင်းကောင်းဝယ် အကျိုးတိုးပွားတယ်၊ အဲသလိုဖြစ်နေတာတော့ အထင်အရှားပါပဲ၊ အထက်ပြည်ကနေ အောက်ပြည်ကို ပြေးကြတာ မနည်းပါဘူး၊ အထက်ပြည် သီပေါမင်းဆီမှာက အရေးကြုံလို့ရယ် စစ်တပ်ဖွဲ့ရရင် သုံးသောင်းနဲ့မှ မကျော်တော့ဘူး၊ လယ်လေးမှဖြောင့်ဖြောင့်မလုပ်ရနဲ့ အင်္ဂလိပ်ဘက်ပြေးတာ နည်းရော့သလား၊ ဒီတော့လည်း အင်္ဂလိပ်ဘုရင်ခံကို ကျေးဇူးတင် ကြေးနန်းပို့တာ ဆန်းသလားလို့ မေးရတော့မယ်။

ဒီလိုအစည်းအဝေးကြီး ၁၉၂၀ အထိ ကျင်းပနိုင်ပါတယ်၊ နည်းနည်းချင်းတော့ တိုးတက်ပါတယ်၊ အင်္ဂလိပ်လက်အောက်နေရတာ ကောင်းတယ်လို့ အယူအဆသွင်းတာ (Imperial Idea) ကန့်ကွက်တယ်၊ ပညာသင်များများလွှတ်၊ လူခွန်တော်ကို ပညာရေးမှာသုံးပေးရန်၊ ဗမာမတွေ နိုင်ငံခြားသားမယူဖို့၊ လူမျိုးခြားလက်ထပ်ရေး ဥပဒေလုပ်သင့်၊ပုံစံခွက်ထဲကလို တွေ့ရသေးတာက အင်္ဂလိပ်အပေါ် သစ္စာရှိခြင်းမှာ ဘယ်သူမှ မိမိတို့ထက် မသာလွန်ပါ၊  နောက်ဆုံး စစ်ကြီးမှာကူညီဖို့ သဘောတူတယ်၊ ဂျော့ဘုရင် ကြည်ညိုကြောင်းကလည်း ပါစမြဲ။

၁၉၂၀ မှာတော့ တက္ကသိုလ်သပိတ်ကြီးပေါ်လာပါတယ်၊ ရွှေတိဂုံရင်ပြင်မှာ ကျောင်းသားကြီး ၁၁ ယောက် တိုင်ပင်ပြီး သပိတ်မှောက်လိုက်ကြတယ်၊ “ဗဟန်းက အမျိုးသားပညာရေးစာတမ်း” မှာ အကျယ်ပါတယ်၊  တပည့်ကရှိပြီးသားပါ၊ ဆရာက အဓိကလိုပါတယ်၊ ကောလိပ်ကျောင်းသားကြီးတွေက ဆိုင်ရာဆိုင်ရာ ဘာသာရပ်မှာ သင်ကြားပေးကြတယ်၊ စာရေးစာချီနဲ့ ကုန်တိုက်လောက်မှာသာ နေရာပေးချင်တဲ့ သူတို့အင်ပါယာပညာရေးကို သပိတ်မှောက်လိုက်ကြပြီ၊ အခြေခံကျောင်းတွေလည်းပါလာပါပြီ၊ ဆရာ ဒေါက်တာသန်းထွန်းက ပြန်တမ်းတစ်ခုကို ထုတ်ပြပါတယ်၊ ပြန်တမ်းက ---

            ကျွန်တော်တို့ အပင်စိုက်ခဲ့ပါမယ်
                     ၁၁ နိုဝင်ဘာ ၁၉၂၁

အကျဉ်းပဲပြောပါ့မယ်၊ အခုလုပ်နေတဲ့ အမျိုးသားပညာရေးစီမံကိန်း ပန်းတိုင်ဟာ အမျိုးသားလွတ်မြောက်ရေးပဲဖြစ်ပါတယ်တဲ့၊ ပညာရေးမှာ အဆုံးမဟုတ်ဘူး၊ ပညာရေးက တိုင်းပြည်လွတ်မြောက်ရေးအထိသွားမှာ
၊ မဖွံ့ဖြိုးမတိုးတက်တဲ့နိုင်ငံကို ပညာအစစ်ပေးရင် တိုးတက်လာရမယ်၊ အခု အင်္ဂလိပ်ပေးတဲ့ ပညာက ညံ့ဖျင်းလွန်းတော့ ဘယ်တော့မှမတိုးတက်နိုင်ဘူး၊ မြန်မာကိုဒီလိုလုပ်ထားမှ “သူတို့လိုသလိုဖြစ်မယ်” သူတို့ဖိနှိပ်ရေးယန္တယားထဲက ခွေးသွားစိတ်ပဲ၊ နှစ် ၇၀ မှာ သူတို့ပေးတဲ့ ပညာရေးသာမှန်ရင် အကောင်းဆုံးအဆင့်ကို ရောက်နေရမယ်၊ အခုတော့ တိုင်းပြည်ဘယ်မှမရောက်ဘူး၊ ဒါကြောင့် အခု “အမျိုးသားပညာရေးကောင်စီ” ဖွဲ့ပြီး စတင်ရတာဖြစ်ပါတယ်၊

သူတို့အင်္ဂလိပ်ရဲ့ အင်ပါယာကြီးကို စီမံဖို့ အစွမ်းအစရှိသူတွေ မွေးထုတ်နိုင်ရင် ကျနော်တို့ကျောင်းတွေကလည်း တစ်နေ့ ဒီလိုလူစွမ်းလူစရှိသူတွေ မုချထုတ်ပေးနိုင်မှာပါ၊ ဒါပေမဲ့ တောင်တက်ခရီးမှာ အခုမှအစရှိသေးတယ်၊ ပြည်သူကစေခိုင်းတဲ့ တာဝန်ထဲမှာ အမျိုးသားပညာရေး မျိုးစေ့ချဖို့လည်း ပါပါတယ်၊ ပြည်သူကထောက်ခံလို့ အပင်ပေါက်မယ် အသီးသီးမယ်၊ ကျနော်တို့ ဥယာဉ်မှူးလုပ်ခဲ့ပါမယ်၊ အပင်စိုက်သူတွေ အသီးမစားရဘူးထားပါတော့ ကျနော်တို့ညီ၊ ညီမတွေ စားရမှာပါ၊ ယုံကြည်စိတ်ထားပါတယ်၊ နောင်ကိုကျေးဇူးရှိမယ်လို့ သိပါမယ်။

မကြာမီ ဂျီစီဘီအေ အစည်းအဝေးကြီးရှိမယ်၊ “ဗဟိုရ်စည်ဂျာနယ်” စီမံသူ ဦးဘဦးက ပြည်သူ့အကျိုးကို ရဲရဲဝံ့ဝံ့ရေးမယ်လို့ ဆိုတယ်၊ ကျောင်းသားသပိတ်ရဲ့ကျေးဇူးနဲ့ တိုးတက်မှုက ၁၉၂၀ နိုဝင်ဘာ ဂျီစီဘီအေ အစည်းအဝေးကြီးမှာ အစဉ်အလာကလို “ဂျော့ဘုရင်ကို ကြည်ညိုကြောင်း” မပါတော့ဘူး၊ သတင်းစာတွေမှာ ဂျော့ဘုရင် ရွှေနှယ်တနှုံးဆိုတဲ့ ဘုန်းတော်ဘွဲ့တွေ သိသိသာသာ မပါတော့ဘူး။

ဒီမယ် သူ့ကိုယ်သူ ဘုရင်ခံရဲ့မိတ်ဆွေဆိုတဲ့ အိန္ဒိယ မင်းတိုင်ပင်အမတ် မောင်မောင်ဆင်ဆိုသူက ဗဟိုစည်ဂျာနယ် ဦးဘဦးကို အသရေဖျက်မှုနဲ့ တရားစွဲတယ် တမင်လုပ်တာပါ၊ “ဘုရင်ခံနှာခေါင်း” ဆွဲလိမ်တာမှ မဟုတ်တာ၊ ဒီဘက်ကတစ်ခါ ပြည်သူအကျိုးမလုပ်တဲ့ မောင်မောင်ဆင်ကို နုတ်ထွက်ခိုင်းတာ မထွက်လို့ လူထုအစည်းအဝေးခေါ်ပြီး “သာမှုနာမှုအစ အဆက်အဆံမလုပ်ရလို့” သပိတ်မှောက်ကြတယ်၊ သပိတ်မှောက်ခံရတော့ ခမျာ ရန်ကုန်ကိုပြေးပါတယ်။

ဗဖူးနှင်းဆီ