【 ဆောင်းပါး 】 မန္တလေးဖြစ် အမျိုးသားနေ့ (၄)

【 ဆောင်းပါး 】 မန္တလေးဖြစ် အမျိုးသားနေ့ (၄)

နိုင်ငံခြားကုန် သပိတ်မှောက်ရေးအတွက် ဆရာတော် ဦးဥတ္တမဟာ သူသိခဲ့ လေ့လာခဲ့တဲ့ ကမ္ဘာ့သုတတွေကို မျှဝေဖို့ ဒေသအသီးသီးကို တရားဟောထွက်တော့တာပဲ။

ရန်ကုန်က ၃ မတ် ၁၉၂၁ ထွက်၊ ၅ မတ် ကြံခင်း၊ ၆ မတ် အင်္ဂပူ၊ ၇ မတ် ဟင်္သာတ၊ ၁၀ မတ် ဖျာပုံနယ် ကျောက်ကုန်း၊ အဲဒီမှာဟောတုန်း ပုဒ်မ ၁၅၃ (က) နဲ့ဖမ်းပြီး ဖျာပုံမှာ စစ်ဆေးဖို့ စီစဉ်တယ်၊ ဆရာတော်အဖမ်းခံရတဲ့သတင်းရောက်လာတော့ ၁၁ မတ်မှာ မန္တလေးကဆိုင်တွေပိတ် ပြီး ကန့်ကွက်ဆန္ဒပြပွဲလုပ်တယ်၊ သန်လျင် ဘီအိုစီ လုပ်သားသပိတ်ကို ၁၂ မတ် ၁၉၂၁ မှာ စတယ်၊ ၂ မေမှာ မီးရထားသပိတ်၊ ၄ မေ ဓာတ်ရထားသပိတ်၊ ၁၂ မေ မက္ကင်စီ (စက်ကရိယာ) သပိတ်၊ လုပ်သားသပိတ်မှာ မန္တလေးက အတော်စောတာ သတိထားဖတ်မိတယ်၊ ဦးဥတ္တမ လှုံ့ဆော်ရေးမှာ ပါရဂူမြောက်တယ်၊ သူ့ဦးတည်ချက်ကို ဗဟိုရ်စည်ဂျာနယ်က ဒီလိုသတင်းပေးတယ်။

“မိမိကိုထောင်ချသော်လည်း နိုင်ငံခြားကုန်ကို ရှောင်ကြဉ်ကြမည်ဆိုလျှင် အမှုလွတ်ရန် အလိုမရှိ”

တိုင်းရင်းဖြစ်ကို အသုံးပြုကြမည်ဆိုလျှင် ဆရာတော်က ထောင်ကျရကျိုးနပ်တယ်ဆိုတဲ့ သဘောပါပဲ၊ ဦးဥတ္တမကို ထောင်ချတဲ့ တရားသူကြီး ဦးဖိုးလှဟာ လွတ်လပ်ရေးခေတ်ဦးမှာ ပထမသမ္မတဖြစ်ခဲ့တဲ့ ဒေါက်တာဘဦးရဲ့ အဖေပါ၊ ဒေါက်တာဘဦးကလည်း ဆရာစံကို ကြိုးပေးတဲ့ တရားသူကြီးသုံးဦးထဲမှာပါပါတယ်၊ သူ့ဦးလေး ဘကြီးတွေကလည်း တရားသူကြီးတွေပါပဲ။ (စကားချပ် - သမ္မတကြီး စဝ်ရွှေသိုက်က ယာယီသမ္မတပါ။)

ဦးဥတ္တမလောက်နီးနီး နာမည်ရလာတဲ့ နောက်ကိုယ်တော်တစ်ပါးကတော့ ဦးနာဂိန္ဒပါ၊ မန္တလေးမလာရလို့ တားမြစ်ထားပါလျက် လာတယ်၊ တရားဟောတယ်၊ အဲဒီတော့ ပုလိပ်ကဖမ်းပြီး ၁၇ မတ် ၂၀၂၁ မှာ ထောင် ၆ လချလိုက်တယ်၊ နောက် ဦးဥတ္တမကို ရုံးထုတ်တဲ့ ၂၁ မတ်မှာ ဦးနာဂိန္ဒကို အပြီးလွှတ်လိုက်တယ်၊ အဲဒီနေ့ ဆန္ဒပြပွဲသဘောနဲ့ တစ်နိုင်ငံလုံး ဆိုင်အားလုံး ပိတ်လိုက်ကြတယ်၊ မန္တလေး ဂျီစီဘီအေက တရားဟောဖို့ ကော်မတီဖွဲ့ပြီး ကိုဘသီကို ခန့်ထားတယ်၊ သူကအကျိုးဆောင်အဖြစ်နဲ့ တရားဟောဖိတ်ရင်လိုက်မယ်လို့ ကြေညာတယ်၊ ဟောပြောချက်မှာ ကလေးတွေကို သခင်ပညာအစစ်ကိုသာ ရစေနိုင်တဲ့ အမျိုးသားကျောင်းမှာထားဖို့ ဆော်သြတယ်၊ ကျွန်ပညာကိုမသင်နဲ့ဆိုတဲ့ သဘောဖြစ်တယ်၊ ကျွန်ပညာက ကျောင်းကထွက်တဲ့အခါ လခစားအလုပ်ကိုပဲ မျှော်ကိုးတယ်၊ ရတော့ စာရေးစာချီလောက်၊ အစွမ်းအစတုံးတယ်၊ အင်္ဂလိပ်က ဗမာလူငယ်တွေ အစွမ်းအစရှိမှာလည်း မလိုလားပါဘူး၊ သတင်းစာအချပ်ပိုစာမျက်နှာမှာ “အမျိုးသားပညာကိုအားပေးပါ” လို့ ကြော်ငြာတယ်။

ဂျီစီဘီအေရဲ့ ကိုးကြိမ်မြောက် နှစ်လည်အစည်းအဝေးကြီးကို ၂၁ အောက်တိုဘာ ၁၉၂၁ မန္တလေးမှာ ကျင်းပတယ်၊ နေမျိုးသိဒ္ဓိကျော်ထင်ဘွဲ့ခံ တပယင်းဝန်ထောက် ဦးမြဲက သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဖွင့်ပွဲ မိန့်ခွန်းစကားပြောတယ်၊ ဦးမြဲက ကင်းဝန်မင်းကြီး ဒိုင်ရာယီမှာ တွေ့ရတဲ့ ပညာတော်သင် မောင်မြဲပါပဲ၊ အရင်တော့ အင်္ဂလိပ်လူလို့ ထင်ကြသေးတယ်၊ သဘာပတိမိန့်ခွန်းကတော့ အရင်ခေတ်အတိုင်းအတာနဲ့ သတ္တိပြောင်တယ်လို့ ဒေါက်တာသန်းထွန်းက ပြောပါတယ်၊ ဦးဥတ္တမကိုဖမ်းတဲ့ ကိစ္စကို ဦးမြဲက “အစိုးရတို့သည် ဘာသာသာသနာရေးကိစ္စတို့၌ အတိအလင်းသော် ၎င်းသွယ်ဝိုက်၍သော် ၎င်းတိုင်းသူပြည်သားတို့ သည်းမခံနိုင်စရာ အမျိုးမျိုးသောနည်းလမ်းတို့ဖြင့် နှောင့်ယှက်ကန့်ကွက်ခြင်းသည် အထူးသဖြင့် ဝမ်းနည်းဖွယ်ရာကောင်းသော အချက်တစ်ခုဖြစ်ပေသည်” လို့ ပြောတယ်၊ အသင်းကြီးက “ရှက်ဖွယ် ရှက်ဖွယ်” လို့ အော်ကြပါတယ်။

တစ်ခါ ဘုရားမြေ ကျောင်းမြေမှာ ဖိနပ်စီးတာ၊ ခံတပ်ဆောက်တာကို ရည်ညွှန်းပြောပါတယ်၊ “စက်ရုံတွေ ကုမ္ပဏီတွေ ပေါလာတာမှန်ပေမယ့် ဗမာတွေဆင်းရဲတုန်းပဲ၊ ဒီက ကုန်ကြမ်းအရိုင်းယူသွားတယ် ပြန်လာတော့ အဆတစ်ရာ ဈေးတက်သွားတယ်၊ ဒါကိုကာကွယ်ဖို့ ဗမာစက်ရုံရှိရမယ်၊ စက်ဆရာရှိရမယ်၊ အစိုးရကလုပ်မပေးဘူး၊ တိုင်းရင်းသားစက်မှုလုပ်ငန်းလေးတွေ ပြုတ်ကုန်တယ်၊ ဒီတော့ ဗမာတွေလုပ်စရာ တစ်ခုတည်းရှိတယ် နိုင်ငံခြားကုန်သပိတ်မှောက်ရမယ်၊ တစ်အိမ် ရက္ကန်းတစ်စင် စီမံပါ” ပြောတာတွေ ထိမိပါတယ်။

အချက်အလက်တွေ စကားတွေက စက်သေနတ်ပစ်သလိုပဲ၊ “မြေယာနဲ့ပတ်သက်ရင် စိုက်ခင်းတွေတိုးလာပေမယ့် ဗမာက ကူလီပဲရတယ်၊ပညာရေးကတော့ ကျွန်ပညာ၊ အုပ်ချုပ်ရေးမှာ ဒိုင်အာခီက ညံ့တယ် အဲဒီမှာထပ်ပြီး ကုလားဒိုင်အာခီထက် ဗမာဒိုင်အာခီက ပိုညံ့သေးတယ်၊ ဖိစီးတာကို တွန်းလှန်တာ မွန်မြတ်တယ်လို့သိရမယ် လွတ်လပ်ရေးရ'ရမယ်၊ သက်သက်သာသာရမယ်မထင်နဲ့၊ မျက်နှာဖြူကို ဓါးပြလို့မြင်ရမယ်၊ ဂျပန်ကိုနမူနာထား” မျက်နှာကလေးနက်တယ် အယူအဆက ခေတ်မီတယ်။

ဒေါက်တာသန်းထွန်းက “ဦးမြဲက ဒီမိန့်ခွန်းအတွက် မန္တလေးအရေးပိုင်ကို မှားတယ် သည်းခံပါ တောင်းပန်ပါတယ်လို့ တမင်သတင်းလွှင့်သေးတယ်၊ ရန်ကုန်အသင်းချုပ်က ဟုတ်၊ မဟုတ် လှမ်းမေးတော့ မန္တလေးက မဟုတ်ပါလို့ အကြောင်းပြန်ပါတယ်” တဲ့။

အစည်းအဝေးမှာ အရင်ဆုံးတင်တာက ဦးဥတ္တမ ဖမ်းတာကို ကန့်ကွက်တာပါ၊ ဥပဒေအတွက် ဝှိုက်ကော်မီတီကို ဗွိုင်းကော့သာမက ဂဲလ်ကော့ပါလုပ်ဖို့ပြောတယ်၊ ဆန်ကရတဲ့အမြတ် ပြည်သူ့အတွက်သုံးပါ၊ မီးရထားကို အစိုးရအုပ်ချုပ်ပါ၊ ဝေလမင်းသားလာရင် မကြိုနဲ့၊ အင်္ဂလိပ်ပေးတဲ့တံဆိပ် ပထမပြန်စာမေးပွဲကအစ သပိတ်မှောက်ပါ၊ သပိတ်မှောက်ရမယ့် ကုန်ပစ္စည်းစာရင်းထုတ်မယ်၊ အဲဒီနောက်မှာ အဓိကကျတာလာပါပြီ၊ “အမျိုးသားနေ့” အတွက် ရက်တစ်ရက်သတ်မှတ်ဖို့ ဆုံးဖြတ်ရန် စဉ်းစားကြတယ်၊ ကြည်တောင်ကန်ဦးဘသော်က တက္ကသိုလ်သပိတ် စတဲ့နေ့လို့ အဆိုသွင်းတယ်၊ ဦးဥတ္တမမွေးနေ့ ထောင်ကျနေ့ အဆိုလည်းရှိတယ်၊ မပြီးပြတ်တော့ သဘာပတိ ဦးချစ်လှိုင်က အဖွဲ့ချုပ်ကိုလွှဲဖို့ပြောတာ လက်ခံပါတယ်။၏

ရန်ကုန်က ဗဟိုအသင်းချုပ် အစည်းအဝေးလုပ်ကြတဲ့အခါ ၁၁ ဒီဇင်ဘာ ၂၁ မှာ ဦးဥတ္တမ ထောင်ကျတဲ့နေ့နဲ့ ပါတော်မူနေ့ကိုသာ စဉ်းစားခဲ့ကြပြီး မဲခွဲဖို့ ရက်ချိန်းပါတယ်၊ ၁၂ ဒီဇင်ဘာမှာ သဘာပတိ ဦးဘဘေက အမှုဆောင်အဖွဲ့ကိုလွှဲပါလို့ တောင်းပန်တာနဲ့ မဲမခွဲဖြစ်ဘဲ နောက်တစ်ခါစည်းဝေးကြပြန်တော့ ၁၈ ဇွန် ၂၂ မှာ တစ်ရက်တည်းလိုရင် ကျောင်းသားသပိတ် စတဲ့နေ့ နှစ်ရက်လိုရင် ပါတော်မူနေ့ကနေစပြီး ကျောင်းသားနေ့ကို အဆုံးထားလို့ တန်ဆောင်မုန်းလဆုတ် ၈ ရက်က ၁၀ ရက်တင်ပါလို့ အမှုဆောင်အဖွဲ့က နှစ်ခွတင်ပါတယ်၊ အဲဒီတော့ အုတ်ဖိုကိုယ်စားလှယ် ဦးဟန်က တန်ဆောင်မုန်းလပြည့် ၁၀ ရက် ကျောင်းသားသပိတ် စတဲ့နေ့ကို ကြိုက်တယ်လို့ အပြတ်ဖြတ်လိုက်မှ အတည်ဖြစ်လာပါတယ်။

ပထမဦးစွာစိတ်ကူးရတာက ကြည်တောင်ကန်ဦးဘသော်၊ နောက်ဆုံးအပြတ်တာက အုတ်ဖိုဦးဟန် အရင်းမူလက မန္တလေးပါပဲ၊ ဆရာ ဒေါက်တာသန်းထွန်းက သူ့ရဲ့စာတမ်းကို မန္တလေးဖြစ် အမျိုးသားနေ့လို့ အမည်ပေးထားပါတယ်၊ ကျနော်ကတော့ ဖတ်စရာ မှတ်စရာအဖြစ် အားပေးတယ်ဆိုရင်ပဲ ကျေနပ်ပါပြီဗျား။

လင်းထင်