【 ဆောင်းပါး 】 မပြင်ရင် မပြောင်းရင် မသစ်ရင်

【 ဆောင်းပါး 】 မပြင်ရင် မပြောင်းရင် မသစ်ရင်

ကျနော် အပြင်ထွက်တဲ့အခါ လုံချည်မဝတ်တာ နှစ်အတော်ကြာပါပြီ။ကိုယ့်ဘာသာ အလုပ်နဲ့အကိုင်နဲ့ ဘောင်းဘီတွေ ဘာတွေစိတ်ကြိုက်ဝယ်နိုင်တဲ့အချိန်ကစလို့ လုံချည်ကို လုံးဝချွတ်ပစ်ကာ ဘောင်းဘီသာ ဝတ်တော့တာပါ။

ဘာ့ကြောင့် လုံချည်မဝတ်တော့တာလဲဆိုတော့ မကြိုက်လို့ မဝတ်တာပါ။လုံချည်ဝတ်တဲ့အချိန်တုန်းက လုံချည်ကို မြဲမြဲမြံမြံ ဝတ်တတ်လို့ မကြာခဏပြင်ဝတ်ရလေ့မရှိပေမယ့် ရန်ကုန်မှာ လိုင်းကားပေါ် တိုးတိုးကြိတ်ကြိတ် စီးရတဲ့အခါ လုံချည်ကျွတ်လေ့ရှိပြီး ကားပေါ်လုံချည်ကျွတ်တိုင်း ဝတ်ရခက်တာကြောင့် ဖိုသီဖတ်သီဖြစ်လေ့ရှိတာကလည်း လုံချည်မဝတ်ချင်ရခြင်း အကြောင်းတစ်ရပ်လို့ ထင်တယ်။

ကျနော်တို့ ချာတိတ်ဘဝ ရန်ကုန်မှာ ဟိုင်းလက်ကိုခေါ်တဲ့ ကားငယ်လိုင်းကားတွေရှိစဉ်တုန်းက ယောကျာ်းလေးတွေဆို တွယ်စီးရလေ့ရှိတယ်။တချို့ခမျာ တွယ်စီးနေရင်း လုံချည်ကျွတ်တာကြောင့် လုံချည်ကို လက်တစ်ဖက်နဲ့ ကိုင်ထားရပြီး နောက်မှတ်တိုင်မရောက်မချင်း လက်တစ်ဖက်တည်းနဲ့ တွယ်စီးရတာမျိုး မကြာခဏတွေ့ရလေ့ရှိ၊ တချို့ဆို လုံချည်စကို ပါးစပ်မှာကိုက်ထားပြီး တွယ်စီးရတာမျိုး။မြင်ရရင် ရယ်ရမောရပေမယ့် လုံချည်ကျွတ်နေသူအတွက်ကတော့ ကားထဲမှာ မိန်းကလေးတွေပါလို့ ရှက်လည်းရှက်။တွယ်စီးရတာ လက်တစ်ဖက်တည်းမို့ ပြုတ်ကျမှာလည်း စိုးရ။လေတဝှီးဝှီးတိုက်နေတာတောင် ချွေးတွေပျံလို့။

ကျနော်က အဲလိုဒုက္ခကနေ လွတ်မြောက်ချင်တာရော၊ လုံချည်ဆိုတာ ကျနော့်အတွက် စတိုင်မကျဘူးလို့ ယူဆတာရောကြောင့် ပါတယ်။ပြီးတော့ ဘောင်းဘီဆိုတာက ကျနော့်အတွက် စတိုင်လည်းကျ၊ စွပ်ထားပြီးရင် မချွတ်မချင်း ပြင်ဝတ်စရာမလိုတာကြောင့်ပါ ဘောင်းဘီကို စွဲစွဲလန်းလန်းဝတ်ခဲ့တာ နှစ်တွေကြာပေါ့။

ဒါပေမဲ့ အိမ်မှာနေတဲ့အချိန်တွေမှာတော့ လုံချည်သာ ဝတ်လေ့ရှိတယ်။လုံချည်ခပ်နွမ်းနွမ်းလေးကို အိမ်နေရင်း ဝတ်ထားတာဟာ ကျနော့်အတွက် အင်မတန်သက်သောင့်သက်သာရှိတယ်။ဒါပေမဲ့ အိမ်ထဲကနေ လမ်းထိပ်ထွက် လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် ဘောင်းဘီကောက်စွပ်ပြီးသာ သွားမြဲ။

ဘောင်းဘီစဝတ်ခါစက ဂျင်းဘောင်းဘီကိုမချွတ် စွဲစွဲမြဲမြဲဝတ်လေ့ရှိတယ်။နောက်ပိုင်း ထူထဲထဲ ဂျင်းသားအပူဒဏ်ကို မခံနိုင်တော့လို့ ဂျင်းအပျော့သားကို ပြောင်းဝတ်ဖြစ်တယ်။အပေါ်ပိုင်းအင်္ကျီကျတော့ တီရှပ်၊ စပို့ရှပ်စသဖြင့်။ဘောင်းဘီဝတ်တာ ကြာလာတော့  စိတ်ထဲသိပ်အဆင်မပြေတဲ့ ပြဿနာတစ်ရပ်ဖြစ်လာတယ်။အဲဒါက အင်္ကျီကို ဘောင်းဘီထဲထည့်ဝတ်တဲ့အခါတိုင်း အင်္ကျီဟာ ဘောင်းဘီထဲ အချိုးတကျဝင် နေ၊ မနေ ဆိုတာပါပဲ။အင်္ကျီစက ဘောင်းဘီထဲကနေ အပြင်ထွက်နေတာ အရမ်းများနေရင်လည်း ဖို့ရိုးဖားရားနဲ့ ကြည့်မကောင်း။လုံးဝမထွက်နေပြန်ရင်လည်း ကြည့်ရ အဆင်မပြေလို့ အင်္ကျီနဲ့ဘောင်းဘီဝတ်ပြီးတဲ့အခါတိုင်း မှန်ရှေ့မှာ သေချာရပ်ကြည့်။ဘောင်းဘီထဲဝင်နေတဲ့ အင်္ကျီစကို ရှေ့ရောနောက်ပါ ကြည့်ကောင်းရုံ အနည်းငယ်ဆွဲထုတ်နဲ့ ရှုပ်ပါ့။ဘောင်းဘီက နည်းနည်းလေးချောင်နေရင်ကို သွားရင်းလာရင်း ဘောင်းဘီထဲက အင်္ကျီစဟာ အပြင်ဘက် ထွက်ထွက်လာတတ်လို့ ကြည့်ရတာ အဆင်မပြေ။

ဒါနဲ့ ဘောင်းဘီအပြင်ထုတ်ဝတ်လို့ရတဲ့ အင်္ကျီမျိုး ရွေးချယ်ဝတ်လာမိတယ်။တီရှပ်ဖြစ်ဖြစ်၊ စပို့ရှပ်ဖြစ်ဖြစ် ဝယ်တဲ့အခါ ဘောင်းဘီအပြင်ထုတ်ဝတ်ရင် ကြည့်လို့ကောင်းမယ့် သိပ်မတိုလွန်း သိပ်မရှည်လွန်းတဲ့ဟာမျိုး။ တစ်ခါကျတော့ မြို့ထဲမှာ သွားရင်းလာရင်းနဲ့ ဂျင်းဘောင်းဘီနဲ့ ရှမ်းအင်္ကျီ အပြင်ထုတ်ဝတ်ထားတဲ့ လူငယ်တစ်ယောက်ကိုမြင်ပြီး သဘောကျသွားတယ်။ဘောင်းဘီနဲ့ ရှမ်းအင်္ကျီ ကြည့်ရတာ စတိုင်ကျသားမို့ ရှမ်းအင်္ကျီဈေး စုံစမ်းကြည့်တော့ ကိုယ့်အကြိုက် ဈေးနှုန်းကမများ။

ဆိုတော့ လကုန်တာနဲ့ အရောင်မတူတဲ့ ရှမ်းအင်္ကျီ ၄ ထည်လောက်ဝယ်။ကျနော့်ကိုယ်ပေါ်မှာ ရှမ်းအင်္ကျီတစ်ခေတ် တစ်နှစ်ဝန်းကျင်လောက် ထူထောင်လိုက်တယ်။ပြီးတော့ ပြည်တွင်းဖြစ် ချည်သားရှပ်အင်္ကျီ။ ဝတ်တာ နည်းနည်းကြာလာတော့ ပုံစံဒီဇိုင်းလုံးဝမပြောင်းတဲ့ ဒါပြီး ဒါပြန် ရှမ်းအင်္ကျီကို ဘဝင်မကျဖြစ်လာတယ်။ပြီးတော့ လျှော်တာသုံး၊ လေးခါလောက်ရှိလာရင် ရှမ်းအင်္ကျီရော ချည်သားအင်္ကျီပါ တဖြည်းဖြည်းကျုံ့ဝင်သွားတဲ့ ပြဿနာကရှိလာပြန်တော့ ခံတွင်းပျက်ချင်ချင်။

ဒါပေမဲ့ ရှမ်းအင်္ကျီဆိုတာက ဘောင်းဘီထဲလည်း အင်္ကျီထိုးထည့်စရာမလိုလို့ အချိုး ကျ၊ မကျ မှန်ထဲ ကြည့်စရာမလို ဒီအတိုင်းကောက်စွပ်သွားရုံဆိုတော့ အဲဒီလွတ်လပ်တဲ့ ဝတ်စားဆင်ယင်မှုကို ကြိုက်တာကြောင့် မစွန့်လွှတ်ချင်။ဒါ့ထက် ပိုကြိုက်တာ မတွေ့သေးခင် ခံတွင်းမလိုက်တာကို သည်းခံကာ ဆက်ဝတ်ဖြစ်တယ်။

ဂျန်းရှင်းစီးတီးပေါ်လာပြီးနောက် ဂုံးကျော်တံတားကနေ ဗိုလ်ချုပ်ဈေး ပထမထပ်ကို ရောက်သွားစဉ် ချည်ထည်အင်္ကျီ သီးသန့်ရောင်းတဲ့ဆိုင်ကို တွေ့ရှိ။ပူလွန်းတဲ့ရာသီဥတုနဲ့ လိုက်ဖက်တဲ့ ချည်သားအပါးထည်လေးတွေကို ငေးကြည့်မိရာ ဘောင်းဘီအပြင်ထုတ်ဝတ်လို့ရတဲ့ ချည်သားအပါးထည်ကို သွားတွေ့တယ်။အင်္ကျီလည်ပင်းက အင်္ဂလိပ်အက္ခရာ ဗွီ ပုံသဏ္ဍာန် တီရှပ်ပုံစံမျိုး။အင်္ကျီက အပါးလေးမို့ ဝတ်လို့ဝတ်ထားမှန်းမသိ လောက်အောင်ကို အိုကေ။ဈေးနှုန်းကတော့ သင့်တင့်လွန်းတာကြောင့် ရှမ်းအင်္ကျီနဲ့ ချည်သားတီရှပ်နေရာ အစားထိုးရန် ဆုံးဖြတ်ကာ အရောင်စုံ သုံး၊ လေးထည် ဝယ်လိုက်တယ်။

အဲဒီတီရှပ်ပုံစံက လုံချည်နဲ့ ဘယ်လိုမှ မလိုက်ဖက်ပေမယ့် ဘောင်းဘီနဲ့ဆို အပြင်ထုတ်ဝတ်ရင် လိုက်မှလိုက်။လက်ရှည်နဲ့လက်တို ၂ မျိုးရှိတဲ့အထဲ ကျနော်က လက်တိုတွေပဲ ရွေးဝယ်လိုက်တယ်။ကိုယ့်နိုင်ငံထွက်လားလို့ မေးကြည့်တော့ ထိုင်းနိုင်ငံထုတ်ပါတဲ့။စဝယ်ခါစက တစ်ထည်ကို ကျပ်  ၆၀၀၀။ငွေ ၆၀၀၀နဲ့ ၆ လကျော် အပြင်သွားဝတ်လို့ရတာမို့ တန်တယ်လို့ ပြောရမယ့် ချည်ပါးထည်။

အဲဒီဆိုင်မှာက ချည်သားဘောင်းဘီကို ထပ်တွေ့လို့ ဈေးမေးကြည့်တော့ တစ်သောင်းမပြည့်။ချည်သားဘောင်းဘီက ဇစ်မပါ၊ ခါးပတ်ပတ်ဖို့မလို၊ ရှုံ့ကြိုးနဲ့ ဘောင်းဘီအပြင်ထွက်နေတဲ့ ကြိုး ၂ ချောင်းကို ချည်ကာ ဝတ်လိုက်ရုံမို့ အင်္ကျီအပြင်ထုတ်ဝတ်ရတဲ့ ဘောင်းဘီမျိုး။ပွပွယောင်းယောင်း စတိုင်ကျကျနဲ့ လွတ်လပ်မှုအပြည့်၊ အေးလည်းအေးတာမို့ ကျနော့်အကြိုက်။

ဒီဘောင်းဘီ ဘယ်ကထုတ်တာလဲဆိုတော့ ထိုင်းနိုင်ငံကပါပဲတဲ့။ထပ်သိရပြန်တာက ထိုင်းမှာရှိတဲ့ ကျနော်တို့ ရှမ်းနဲ့ နီးစပ်တဲ့သူတွေက သူတို့ရိုးရာ ရှမ်းအင်္ကျီနဲ့ ရှမ်းဘောင်းဘီကို ဆန်းသစ်တီထွင်ခဲ့ခြင်းလို့ သိရပြီး ကျနော်ကြွေသွားတယ်။

ပြောရရင် အဲဒီချည်သားအင်္ကျီအပါးထည်ရော ချည်သားဘောင်းဘီတို့ဟာ ရိုးရာကို ခေတ်အမြင်နဲ့ ပေါင်းစပ်ဆန်းသစ်ထားခြင်း။ကျနော်က ရိုးရာကို ရိုးရာအတိုင်း အသေဆုပ်ကိုင်ထားခြင်းထက် ရိုးရာကို ခေတ်သစ်နဲ့ ပေါင်းစပ်ဖွဲ့စည်းခြင်းကို ခံတွင်းလိုက်သူမို့ ကြွေရတယ်။

တစ်ခုခုကို အသေဆုပ်ကိုင်ထားခြင်းဟာ ခေတ်နဲ့ဝေးနိုင်တယ်။ခေတ်နဲ့ဝေးခြင်းဟာ ဒိတ်အောက်ခြင်းလို့ မြင်တယ်။၊ရိုးရာအစဉ်အလာကို မပြင်မပြောင်း အံကြိတ်ဆုပ်ကိုင်ထားခြင်းဟာ ဂလိုဗယ်ယဉ်ကျေးမှုထဲ ပျော်ဝင်ဖို့ ဘယ် ဖြစ်နိုင်ပါ့မလဲ။

အခု အဲဒီချည်သားအပါးထည်နဲ့ ချည်ဘောင်းဘီကို စွဲလန်းနေမိတာ ကြာပေါ့။ပြီးတော့ နောက်ထပ်သစ်ဆန်းတာတွေ ဘာရှိမလဲလို့ လိုက်စူးစမ်းဖြစ်နေတယ်။ကျနော့်မိတ်ဆွေ တရားသေသမားကြီးတွေကတော့ ကျနော့်နောက်ကွယ်မှာ ဒီကောင်  ဗလောင်းဗလဲများတဲ့ကောင်လို့ ပြောကြမယ့်ပုံပါပဲ။

ငြိမ်းဆက်