【 ဆောင်းပါး 】 မရောက်သေးသော်လည်း ရောက်နေသည့်ခရီး

【 ဆောင်းပါး 】 မရောက်သေးသော်လည်း ရောက်နေသည့်ခရီး

ဇရာကို စတင်သတိပြုမိလာခဲ့တာက လွန်ခဲ့သော လေး၊ ငါးလ ကျွန်တော် အသက် ၅၀ ကျော်လာသည့် အချိန်မှစပြီးဖြစ်သည်။ထိုအချိန်တွင် ရုတ်တရက် ကျွန်တော်ဖျားနာသည်။ရက်အတန်ကြာ နေလို့မကောင်း။ပြန်နာလံထလာသည့်အခါ အချိန်အတော်ကြာသည်အထိ အားကမရှိ။တစ်ရက်တော့ အပြင်ကို မဖြစ်မနေထွက်ရဖို့ရှိလာသည့်အခါ ခေါင်းလေးဘာလေးဖီးဖို့ မှန်ကိုကြည့်သည့်အခါ ကျွန်တော် အတော်ကိုတုန်လှုပ်သွားသည်။ကျွန်တော့်မျက်နှာက ကျွန်တော်မသိခဲ့သည့် လူတစ်ယောက်၏မျက်နှာလို။မျက်နှာက ချောင်ကျကာ ပါးရိုးများက ထင်ထင်ရှားရှား။ခေါင်းတွင် ဆံပင်ဖြူက ဟိုတစ ဒီတစ။မှန်ကိုကြည့်သည့် ကျွန်တော့်မျက်လုံးတွေက သိပ်အာရုံလည်းစိုက်မရ။

လုပ်စရာရှိသည့်နေရာသို့သွားပြီး ပြန်လာသည်အထိ ကျွန်တော့်စိတ်ထဲ ငါအသက်ကြီးလာပြီဆိုသည်ထက် ငါအိုလာနေပြီဆိုသည့်စိတ်က ပြင်းပြင်းထန်ထန် ရိုက်ခတ်နေခဲ့သည်။ဇရာဆိုတာကို ရုတ်တရက်ကြုံရသည့်အခါ တုန်လှုပ်မိသလို လက်ခံရန်လည်း တွန့်ဆုတ်နေမိသည်။သူများခေါင်းတွင် ဆံပင်ဖြူတစ်ချောင်းတွေ့ရသည့်အခါ ပေါ့ပေါ့ပါးပါး အားပေးပြောနိုင်သလောက် ကိုယ့်ခေါင်းမှာ ဆံပင်ဖြူတစ်ချောင်းတွေ့သည့်အခါ ကမ္ဘာပျက်မတတ် တုန်လှုပ်ကြသည်ဆိုတာကို လက်တွေ့ကြုံရတော့သည်။ညဘက်မှာ အတော်နှင့်အိပ်မရ။မေ့လျော့နေသည့် တရားဓမ္မကို အတင်းကာရော တွန်းလုပ်ရနိုး၊ အရင်လိုပဲ ဇရာကို မေ့မေ့လျော့လျော့ထားကာ ခပ်ပျော်ပျော်နေရကောင်းနိုး။မနက်မျက်နှာသစ်သည့်အခါ မျက်နှာကို လက်နှင့်ပွတ်သပ်လို့ ထိတွေ့သည့် အရေပြားပင် ပိုပြီးလျော့တွဲလာနေသလို စိတ်ကထင်နေမိသည်။

တကယ်တော့ ကျွန်တော့် အဖေနှင့် အမေမှာ အသက်ရှည်ကြသည်။အဖေဆို အသက် ၇၀ ကျော်မှ ကျွန်တော့်လက်ပေါ် ဆုံးပါးခဲ့တာဖြစ်သည်။အမေမှာ ယခုထိ အသက်က ၉၀ နား ကပ်နေပြီ။မနက်စောစော ဆွမ်းထကပ်၊ တရားထထိုင်။နောက် ကျွန်တော်တို့လင်မယားနိုးလာသည့်အခါ အမေက ဘုရားခန်းမှာ တရားထိုင်နေလေပြီ။ယခုထိ သတိကကောင်းနေဆဲ။သူ့ဘာသာ တရားလေးနာ။တစ်ခါတစ်လေ တီဗီရှေ့ထိုင်ကာ မြေးတွေမြစ်တွေနှင့် နေတတ်သည်။အမေ၏ ဇရာအချိန်တွေ ကျော်ဖြတ်ပုံကို ကျွန်တော်နားမလည်ခဲ့။နားမလည်ခဲ့တာထက် စိတ်မဝင်စားခဲ့တာက အဓိကဖြစ်သည်။အဖေကတော့ အသက် ၆၀ အရွယ်တွင် လေဖြန်းခဲ့တော့ အဖေ၏ အိုမင်းမစွမ်းအချိန်တွေကို ကျွန်တော်မြင်ခဲ့ကြုံခဲ့ ဖြတ်သန်းခဲ့ရဖူးသည်။ဘာပဲလုပ်လုပ် တခြားသူ၏အကူအညီဖြင့် ရပ်တည်ရသည့် အဖေ၏နေဝင်ချိန်တွေကို ကျွန်တော်ကြောက်ရွံမိသည်က အမှန်ပင်။ ဇရာကို ကြောက်သည့်အထဲ ကိုယ်မလုပ်နိုင်သည့်အခါ တခြားသူကိုမှီခိုရမည့် အရေးကိုပဲဖြစ်သည်။ယခု ဇရာက ကျွန်တော့်ရှေ့ကို ရောက်လာခဲ့ပြီ။
ကျွန်တော့်အတွက် မရောက်ချင်လဲ ရောက်ရမည့်အချိန်ကို ရောက်ခဲ့ပြီ။

ဇရာဆိုသည်မှာ ထူးဆန်းလေစွ။ကျွန်တော် မနာမဖျားခဲ့စဉ်က အခြေအနေနှင့် ကျွန်တော့်လက်ရှိအခြေအနေက အကွာခြားကြီး ကွာခြားခဲ့ပြီဖြစ်သည်။ဒီလိုပြောမိလေတော့  အဖေ လေမဖြန်းစဉ်ကအချိန်နှင့် လေဖြန်းပြီးနောက် ပြောင်းလဲသွားသည့် ကာလတွေကို ပြန်သတိရမိသည်။အဖေက အရင်က ကုန်သွယ်ရေးခေတ်က ဝန်ထမ်းဖြစ်သည်။ကုန်သွယ်ရေးဖျက်တော့ ကိုယ်ပိုင်ကုန်သည်အလုပ်ကို လုပ်သည်။အသက် ၆၀ ကျော်တော့ သူ့အလုပ်ကို ကျွန်တော့်အောက်က ညီကိုလွှဲကာ အိမ်မှာသာ မြေးတွေနှင့် နေလေသည်။အဖေ လေမဖြန်းမီက မနက်ဆို လမ်းထလျှောက်သည်။အဖေက အတန်အသင့်၀ပြီး အရပ်က အနေတော် ၅ ပေ ၆ လက်မဖြစ်သဖြင့် အနည်းငယ်၀သည့်အခါ ပုအိုက်အိုက်ပုံစံမျိုးဖြစ်သည်။မျက်နှာက ခပ်ပြည့်ပြည့်ဖြစ်သည်။မနက်ဘက်ဆို အဖေက လမ်းလျှောက်တတ်သည်။လမ်းလျှောက်ပြန်လာလျှင် အနည်းငယ်အိပ်သည်။နောက် ၁၁ နာရီဆို ရေချိုးကာ ထမင်းစားပြီးနောက် အိမ်ထဲမှာ စာဖတ်ရင်ဖတ် မဖတ်ရင် အိမ်ထဲမှာ တစ်ခုခုရှာပြီး လုပ်နေတတ်သည်။ဒီနောက်မှာ လဘက်ရည်ဆိုင်ထွက်သည်။ဒါက အဖေ၏ နိစ္စဓူ၀အလုပ်ဖြစ်သည်။

အဖေ၏ ဇရာအချိန်က ကျွန်တော်တို့အတွက် သိပ်အပြောင်းလဲကြီးမဟုတ်ခဲ့။သို့သော် တစ်သက်လုံး အလုပ်ပေါင်းစုံလုပ်ခဲ့ရသည့် အဖေ့အတွက်တော့ ဘ၀မှာ ပထမဆုံးနားရသည်ဖြစ်ရာ အဖေမှာ ဒီအချိန်လေးကိုပင် မြေးတွေနှင့် ရပ်ထဲရွာထဲမှာ လူကြီးလုပ်ပြီး ပျော်နေသည့်ပုံစံဖြစ်သည်။ဒီလိုနှင့် တစ်ရက်တော့ မနက်ဘက်စောစော မိုးဖွဲဖွဲရွာနေသည့်ကြားမှ လမ်းထွက်လျှောက်ပြီးအပြန် အရင်လို ခဏပြန်အိပ်ရာမှ လေဖြန်းခြင်းဖြစ်သည်။

တစ်ပတ်လောက်အတွင်း အဖေ့ရုပ်က အတော်ကျသွားသည်။ပိုဆိုးသည်က  စိတ်ဓာတ်ပါကျသွားခြင်းဖြစ်သည်။ဆေးပေါင်းစုံကုပြီးသော်လည်း ယခင်လိုသွားလို့လာလို့မရ။အဆိုးဆုံးက သူပြောတာ သူလိုချင်တာကို ကျွန်တော်တို့နားမလည်သည့်အခါ၊ အလေးအပေါ့သွားတာကအစ တခြားသူတွေကို အားကိုးနေရသည့်အခါ စိတ်ပါကျသွားပုံရသည်။လေ့ကျင့်ခန်းတွေလုပ်၊ ဆေးတွေလူးနှင့် ပြန်ကောင်းလာအောင် အဖေကြိုးစားသော်လည်း လေဖြန်းပြီး ခြောက်လခန့်အကြာ နောက်တစ်ကြိမ်ထပ်လေဖြတ်ရာမှာ အဖေ့အသက်ပါ ပါသွားတော့သည်။ထိုစဉ်တုန်းက အဖေ့၏မျက်နှာကို  ယခုထိ ကျနော်မြင်နေမိသည်။တကယ့်ကို အဖိုးအိုကြီးတစ်ယောက်လို။ယခု ကျွန်တော့်မျက်နှာ ရုပ်ကျသွားသည်ထက် အဖေ့တုန်းက ပိုဆိုးသည်။ကျွန်တော်က ပိန်ပိန်ပါးပါးဖြစ်သဖြင့် ရုပ်ကျတာ ကိုယ့်အနေဖြင့် အတော်လေးသိသာသော်လည်း အမြဲမြင်နေကြ လူရင်းတွေကလွဲပြီး သတိမပြုမိ။အဖေက နဂိုကတည်းက မျက်နှာပြည့်ပြည့်ဖြစ်သဖြင့် လေဖြန်းပြီးနောက် အတော်လေးကိုထိုးကျသွားပြီး လေဖြန်းသည့်ဘယ်ဘက်မှာ ပါးစုံတွေကျ၊ မျက်ခွံတွေတွဲကျနှင့်။အတော်လေးကို သိသာသည်။

ဇရာ။ဇရာဆိုသည်ကို ကျွန်တော်တို့ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဇရာက အချိန်တန်လျှင် ရောက်လာတာချည်းပဲဖြစ်သည်။အလုပ်လုပ်ရင်း၊ သွားလိုက်လာလိုက်၊ စားလိုက်သောက်လိုက်နှင့် ပျော်ရာမိသားစုဘ၀တွင် ဘယ်အချိန်ရောက်လာမှန်း မသိရသော်လည်း အသေအချာကိုရောက်လာသည့် အရာဖြစ်သည်။ဇရာဟု လှလှလေးသုံးနှုန်းနေကြသော်လည်း တကယ်က အိုမင်းရင့်ရော်ခြင်းဖြစ်သည်။အိုသည်ဆိုရာဝယ် အသက်အရွယ်ကြီးပြီး အရွယ်အဆင်းအင်အားဆုတ်ယုတ်ခြင်းဖြစ်ရာ အစစအရာရာ ငယ်ရွယ်နုပျိုစဉ်ကနှင့် မတူတော့သည့် ခန္ဓာကိုယ်ပြောင်းလဲလာခြင်းကို ကိုယ်တွေ့ကြုံမှ လက်ခံလိုက်ရခြင်းပင်ဖြစ်သည်။အဖေကို ဇရာက ထုထောင်းလာသည့်အခါ အဖေဘယ်လိုကျော်ဖြတ်ပြီး ကျွန်တော်တို့ရှေ့တွင် နေထိုင်ခဲ့ပါသလဲဆိုသည်ကို ကျွန်တော်စဉ်းစားလို့မရအောင်ဖြစ်ရသည်။အဖေ အသက် ၅၀ အရွယ်၊ ၆၀ အရွယ်တွင် အဖေသည် ကျွန်တော်တို့ရှေ့ တစ်ခါမှနာသည်ဖျားသည် မပြောခဲ့။တစ်ချက်လေးမှ မငြီးငြူခဲ့။ဘာတစ်ခုမှ ငါ့ကိုလုပ်ပေးပါဟု မတောင်းဆိုခဲ့။ဇရာက အဖေကို လေဖြန်းတော့မှသာ တစ်ခါတည်း အပြီးနိုင်အောင် ဝါးမျိုးလိုက်လေသလားဟု ထင်မိသည်။

အမေကျတော့ ယခုထိ  လှုပ်လီလှုပ်လဲ့ဖြင့် အိမ်ထဲသွားလာနေတုန်းဖြစ်သည်။သို့သော် တွဲထူရတာတွေရှိလာပြီ။ညဘက် တစ်ယောက်တည်းမထားရဲ။ချော်လဲမှာကို စိုးရိမ်နေရပြီ။အမေ မစားနိုင်မှာ အစားအသောက်မဝင်မှာကို ကလေးများလို ပူပန်နေရပြီ။ညဘက် အမေ့ချောင်းသံမကြားလျှင်၊ အမေ မနက်ဘက်ထနေကြအချိန်တွင် မထလျှင် စိတ်ကပူနေရပြီ။
ဘယ်အရာကိုဖြစ်ဖြစ် အမေ့မှာ သူ့စိတ်တိုင်းကျအတိုင်း စိတ်ဆောင်သလို မလုပ်နိုင်တော့။ဘေးမှာ မြေးတစ်ယောက်မဟုတ် တစ်ယောက်ကို ထားပေးနေရပြီဖြစ်သည်။ကျွန်တော်ကိုယ်တိုင် ဇရာဖိလာသည့်အခါမှ ဘယ်လိုအားအင်တွေကုန်ခမ်းစပြုလာပြီလည်းဆိုသည်ကို သိလာရသည်။အထိုင်အထတွေ အရင်လိုမကောင်းတော့သလို လမ်းသွားလာရတာ အလေးအပင်တွေ ကိုယ်နိုင်သလောက် 'မ' ရတာမှာပင် စိုက်ထုတ်ရသည့်အားက ယခင်လိုမဟုတ်တော့။ညဘက် အိပ်ရေးပျက်သည့်အခါ ယခင်လို လွယ်လွယ်ကူကူ အားပြန်မပြည့်တော့။တစ်ညလောက် အိပ်ရေးပျက်ပါက နှစ်ရက်သုံးရက်လောက် လူကခေါင်းနောက်တောက်တောက်ဖြစ်လာနေသည်။ဒီတော့ ယခင်လို လက်လွတ်စပယ်မနေရဲတော့။

ဇရာဆိုသည်ကား လူ့လောကကနေဆုတ်ခွာဖို့ အချက်ပေးသည့် သင်္ကေတပင်ဖြစ်သည်။လူတစ်ယောက်ကို ကားတစ်စီးပမာဆိုရလျှင် အင်ဂျင်ကျစပြုလာတာကို အချက်ပြသည့် သဘောလားဟု ထင်မိသည်။ထိုအချိန် ချော့ချော့မော့မော့ခိုင်းပါက နောက်ထပ်သက်တမ်းကို ဆွဲဆန့်နိုင်မည်ဖြစ်သည်။

အဖေသည် ဇရာ၏အချက်ပြမှုကို ရုတ်တရက်ရပြီးနောက် ပြင်ဆင်မှုမရဘဲ ဆုံးပါးသွားခဲ့သည်။အမေကမူ ဇရာ၏အချက်ပြမှုကို စောစီးစွာရသဖြင့် သင့်တင့်သည့် နေထိုင်သွားလာမှု၊ တရားနှလုံးသွင်းမှုဖြင့် သက်တမ်းကိုရအောင် ဆွဲဆန့်ခဲ့သဖြင့် ယခုထိ မြေးတွေမြစ်တွေနှင့် ပျော်နေနိုင်ဆဲ၊ တရားအလုပ် လုပ်နိုင်ဆဲဖြစ်သည်။

ကျွန်တော်ကတော့ ဇရာ၏အချက်ပြမှု၊ ဇရာ၏ရိုက်ခတ်မှုကို  သိရချိန်မှာ ထိန်းနိုင်ဖို့ လက်ခံနိုင်ဖို့ ယခုထိကြိုးစားနေရဆဲဖြစ်သည်။တစ်ခုတော်သေးသည်က သားသမီးမရှိသည့် ကျွန်တော်တို့လင်မယားတွင် အဖေ့လို လေမဖြတ်သေးတာက ကံကောင်းနေခြင်းပဲဖြစ်သည်။ဒီကံကောင်းခြင်းက ဘယ်လောက်ထိခံမည်ဆိုသည်ကို ကျွန်တော်မသိ။ခေါင်းထဲတွင်တော့ “နေပျော်လျှင် သေပျော်အောင် ကြိုးစားရမည်ဆိုသည့်” သူငယ်ချင်း ကျူရှင်ဆရာတစ်ယောက် ရွတ်နောက်နောက်ပြောသည့်စကားကို ကြားနေမိတော့သည်။

ဆရာကျော်
ဒီဇင်ဘာ - ၁၆