【 ဆောင်းပါး 】 မိတ်ဆွေကောင်းနှင့် ပေါင်းသင်းခြင်း (၁)

【 ဆောင်းပါး 】 မိတ်ဆွေကောင်းနှင့် ပေါင်းသင်းခြင်း (၁)

လောကမှာ လူတိုင်းမှာ မိတ်ဆွေသူငယ်ချင်းဆိုတာ ရှိတတ်ကြတာ ဓမ္မတာပါ။မိတ်ဆွေတိုင်း မိမိအတွက် ကောင်းချင်မှကောင်းပါမည်။ဆိုးသောမိတ်ဆွေရှိသလို ကောင်းသောမိတ်ဆွေလည်းရှိပါသည်။မိတ်ဆွေဆိုးသည် မိမိစီးပွား မိမိမိသားစု မိမိဘဝ မိမိအကျင့်စာရိတ္တကို ဆိုးဝါးစေ၍ အဝီစိငရဲထိရောက်အောင် ဆွဲချသွားနိုင်သလို မိတ်ဆွေကောင်းသည် မိမိစီးပွား မိမိမိသားစု မိမိဘဝ မိမိအကျင့် စာရိတ္တကို ကောင်းမွန်စေ၍ နိဗ္ဗာန်ထိရောက်အောင် ဆွဲတင်ပေးသွားနိုင်ပါသည်။

မိတ်ဆွေကောင်းတစ်ယောက်၏ အဓိကလိုအပ်ချက်မှာ အကျင့်စာရိတ္တကောင်းဖို့ဖြစ်သည်။အကျင့်စာရိတ္တမကောင်းသောသူတစ်ယောက်သည် ဘယ်တော့မှမိတ်ဆွေကောင်းမဖြစ်နိုင်ပါ။အကျင့်စာရိတ္တကောင်းပြီး မိမိအပေါ် စေတနာထားသောသူဖြစ်ပါမှ မိမိအတွက် ထိုမိတ်ဆွေကြောင့် ဘယ်တော့မှအနှောက်အယှက် အန္တရာယ်နှင့်တကွ ဆိုးကျိုးများမဖြစ်ဖို့ သေချာပါသည်။ထိုမိတ်ဆွေကြောင့် မိမိဘဝလည်း အတိုင်းအဆမရှိ ကောင်းမွန်တိုးတက်နိုင်ပါသည်။

ဘုရားရှင်ဟောကြားသော ငါးရာ့ငါးဆယ်နိပါတ်တော်လာ မဟာသုတသောမဇာတ်မှာပါရှိသော လူသားစားသည့် ဧရာမလူဆိုးကြီး ပေါရိသာဒသည် သူတော်ကောင်းနှင့် ပေါင်းဖော်ခဲ့သောကြောင့် မင်းကောင်းမင်းမြတ် ပြန်ဖြစ်ခဲ့ပါသည်။

          ပေါရိသာဒသည် တစ်ချိန်က ဗာရာဏသီပြည့်ရှင်မင်း ဗြဟ္မဒတ်ဖြစ်သည်။သူက ရသတဏှာကြီးသည်။အထူးသဖြင့် အမဲသားဟင်းလျာကို အလွန်ကြိုက်သည်။သူပွဲတော်တည်လျှင် အမဲသားဟင်းပါမှရသည်။သူ့စားတော်ကဲ ရသကသည် အမဲဟင်းလျာကိုတော့ အထူးဂရုစိုက်စီမံရသည်။

တစ်နေ့ စားတော်ကဲ ရသက ဈေးမှကြိုတင်ဝယ်ထားသည့် အမဲသားကို ခွေးချီသွား၍ အမဲသားဟင်း မစီစဉ်နိုင်ဘဲ ရသက အခက်တွေ့ရသည်။ဥပုသ်နေ့ဖြစ်၍ အမဲမသတ်ရသည့်အတွက် ဈေးမှထပ်ဝယ်ရန် မဖြစ်နိုင်တော့။အမဲသားဟင်း မပါလျှင်လည်း သူအသတ်ခံရဖို့ သေချာသည်။နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး သုသာန်သို့သွားသည်။လတ်တလောသေထားသော ယောင်္ကျားတစ်ယောက်၏ ပေါင်သားကို လှီးယူလာပြီး ဆေးကြောခုတ်ထစ် ချက်ပြုတ်ကာ အမဲသားဟင်းလျာအဖြစ် ကမန်းကတန်းဖန်တီးခဲ့သည်။

ရင်တထိတ်ထိတ်ဖြစ်နေသော ရသကကို ဘုရင်က အမဲသားဟင်းလျာနှင့်ပတ်သက်ပြီး မေးလာသည်။ရသကသည် ကြောက်ကြောက်လန့်လန့်နှင့် ကွေ့ပတ်ပြီး ပြောနေသေးသော်လည်း နောက်ဆုံးတွင် ဘုရင်က အမှန်အတိုင်းမပြောလျှင် သတ်မည်ဆိုတော့မှ ဖြစ်ရပ်မှန်ကိုရှင်းပြပြီး လူသားဖြစ်ကြောင်း ဝန်ခံလိုက်ရသည်။လူသား၏ ထူးခြားသည့် အရသာကို ခံစားမိသွားသော ဘုရင်ကြီးက ရသကကို အပြစ်မယူခဲ့ပေ။သို့သော် နောက်နေ့တွေမှာလည်း သူ့ကို လူသားဟင်းချက်၍ ဆက်သစေရန် အမိန့်ချသည်။

စားတော်ကဲ ရသကသည် ဘုရင်ကြီးအား လူသေကို နေ့တိုင်းမရကြောင်း ရှင်းပြတော့ ဘုရင်ကြီးသည် ထောင်ထဲမှ အကျဉ်းသားများကို သေဒဏ်ပေးသည်။နောက်ပိုင်းတွင် အကျဉ်းသားများ မရှိသောအခါ ငွေထုတ်ကို လမ်းမှာချထားသည်။တစ်ယောက်ယောက်ကလာ၍ ကောက်ယူမိလျှင် ထိုသူကိုဖမ်း၍ သေဒဏ်ပေးသည်။ဘုရင်ကြီးအကြောင်း သိသွားသော စစ်သူကြီးက တိုင်းပြည်အုပ်ချုပ်သည့် မင်းတစ်ပါးအနေနှင့် ဤသို့မလုပ်သင့်ကြောင်း သတိပေးသည်။

လူသားမစားရလျှင် မနေနိုင်သော ဘုရင်ကြီးသည် ထီးနန်းကိုစွန့်ကာ ရသကကိုခေါ်၍ တောသို့ဝင်သည်။ထိုအချိန်မှစ၍ ဗြဟ္မဒတ်ဘုရင်ကြီးသည် လူသားစားသော ယောင်္ကျားဟု အဓိပ္ပါယ်ရသည့် ပေါရိသာဒအဖြစ် နာမည်ကြီးလာလေသည်။ပေါရိသာဒသည် တောလမ်းမှစောင့်၍ လာသမျှလူကို အလွတ်မပေးဘဲ သတ်စားသည်။လူသွားလူလာမရှိ၍ လူသားငတ်တော့မလိုဖြစ်လာသော တစ်နေ့မှာ ပေါရိသာဒသည် သူ၏စားတော်ကဲ ရသကကိုပင် သတ်စားတော့သည်။

တစ်နေ့တွင် ပေါရိသာဒသည် လှည်းကုန်သည်ငါးရာအုပ်စုထဲဝင်ကာ ကုန်သည်တစ်ယောက်ကိုထမ်းယူ ထွက်ပြေးရင်း ရှားငုတ်တစ်ခုက သူ၏ခြေဖဝါးကို ဖောက်ထွက်သည်အထိ စူးဝင်သွားသည်။ပခုံးပေါ်မှာပါလာသောသူကိုပင် ဆက်မထမ်းနိုင်တော့ဘဲ လမ်းမှာပစ်ချခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးခဲ့ရသည်။သူနေထိုင်သော ညောင်ပင်သို့ရောက်သောအခါ ညောင်ပင်စောင့်နတ်ကို တိုင်တည်မိ၏။

“အသင်နတ်မင်း ကျွန်ုပ်၏ဒဏ်ရာကို ခုနစ်ရက်အတွင်း ပျောက်အောင်လုပ်ပေးပါလျှင် အသင်နတ်မင်း၏ ညောင်ပင်ရင်းကို တစ်ရာ့တစ်ပါးသောမင်းတို့၏ လည်ချောင်းသွေးများဖြင့် ဆေးပေးပါမည်။”

ခုနစ်ရက်အတွင်းမှာပင် သူ့ဒဏ်ရာက ပျောက်ကင်းခဲ့လေသည်။တကယ်တော့ နတ်မင်းလုပ်ဆောင်ပေးတာမဟုတ်ဘဲ သူ့အလိုလိုပျောက်သွားခြင်းဖြစ်သည်။သူကတော့ နတ်မင်းကိုပေးထားသော ကတိတည်အောင် တစ်ရာ့တစ်ပါးသောမင်းတို့ကိုဖမ်းဖို့ ကြိုးစားပါတော့သည်။

တိုက်တိုက်ဆိုင်ဆိုင် ဆိုရမည်။သူ၏ ယခင်ဘီလူးဘဝက လူသားစားဖက်ဖြစ်သည့် ဘီလူးတစ်ကောင်နှင့်တွေ့ရာ မိတ်ဆွေဘီလူးက သူ့အား အစွမ်းထက်သော ပဒလက္ခမန္တန် ပေးသွားလေသည်။ထိုမန္တန်ကို အသုံးပြု၍ ဖမ်းရာ ခုနစ်ရက်အတွင်းမှာပင် မင်းတစ်ရာကို ဖမ်းဆီးရမိသည်။

ညောင်ပင်စောင့်နတ်သည် သူ့ညောင်ပင်တွင် မကြာမီသွေးချောင်းစီးမည့်အဖြစ်ကိုတွေးကာ စိတ်ပူပန်နေရင်း နောက်ဆုံးတွင် သိကြားမင်းထံသွားကာ သူ့အခြေအနေကို ရှင်းပြသည်။ထိုအခါ သိကြားမင်းက ပေါရိသာဒကို ဆုံးမနိုင်သူမှာ သုတသောမဘုရင်သာရှိသောကြောင့် ပရိယာယ်သုံးပြီး သုတသောမကို ဖမ်းခိုင်းစေသည်။

ညောင်ပင်စောင့်နတ်လည်း ပေါရိသာဒရှေ့မှာ ကိုယ်ထင်ပြကာ သုတသောမမင်းကို ဖမ်းဆီးပေးမှသာ သူ ကျေနပ်နိုင်မည်ဖြစ်ကြောင်း ပြောသည်။ပေါရိသာဒသည် သုတသောမမင်းက သူ၏အကိုလိုခင်သူလည်းဖြစ် ဆရာလိုလေးစားသူလည်းဖြစ်၍ မဖမ်းချင်ပေ။တက္ကသိုလ်မှာ ပညာအတူသင်ယူစဉ်က သူ့ကိုဘာသာရပ်များစွာသင်ပေး ရှင်းပြပေးသည်။သူ့အပေါ်လည်း ညီအရင်းတစ်ယောက်လို ခင်မင်ပြီး အမြဲလိုပင်စောင့်ရှောက်ကာ အကူအညီပေးခဲ့သော မိတ်ဆွေကောင်း မိတ်ဆွေစစ်ဖြစ်သည်။သို့သော်လည်း ညောင်ပင်စောင့်နတ်က အမည်နာမနှင့် အတင်းအကျပ်တောင်းဆိုလာသဖြင့် သွားရောက်ဖမ်းရလေတော့သည်။

ပေါရိသာဒလည်း သုတသောမမင်းကို သွားရောက်ဖမ်းလာပြီး လမ်းသို့ရောက်သောအခါ သုတသောမမင်းက နန္ဒပုဏ္ဏားထံတွင် တစ်ဂါထာကို အသပြာတစ်ထောင်ထိုက်သော သတာရဟလေးဂါထာကို နာကြားရန်အတွက် ကတိပေးထားသောကြောင့် ခဏပြန်ချင်ကြောင်း ထိုဂါထာကိုနာကြားပြီးမှ လိုက်လာခဲ့မည်ဖြစ်ကြောင်း မေတ္တာရပ်ခံလာသည်။

သူ့မိတ်ဆွေ သုတသောမသည်လည်း သေမှာတော့ အလွန်ကြောက်လန့်နေပုံရသည်ဟု တွေးမိပြီး အားလည်းအားနာ သနားလည်းသနားသွားသည်။ထို့ကြောင့် ညောင်ပင်စောင့်နတ်ကို တောင်းပန်ပြီး မတတ်သာလျှင် သူကိုယ်တိုင် သူ့လက်မောင်းသွေးကိုဖောက်ပြီး ပူဇော်ပေးလိုက်မည်ဟု ဆုံးဖြတ်ကာ သုတသောမမင်းကို ပြန်လွှတ်ပေးလိုက်သည်။

သုတသောမမင်းသည် နန်းတော်သို့ပြန်ရောက်ပြီး နောက်တစ်နေ့တွင် နန္ဒပုဏ္ဏားခေါ်ကာ သတာရဟလေးဂါထာကို ရိုသေစွာနာယူပြီးနောက် အသပြာလေးထောင် ပူဇော်လိုက်သည်။တရားနာလိုက်ရသဖြင့် စိတ်တွေလည်း အတော်လန်းဆန်းသွားသည်။အကျိုးအကြောင်းသိသွားကြသော သူ၏မှူးမတ်များက ပေါရိသာဒထံမသွားဖို့ (သို့မဟုတ်) ပေါရိသာဒကို သူတို့ဖမ်းမည်ဟုပြော၍ တားကြသော်လည်း ပေးထားသောကတိကို မဖျက်နိုင်ကြောင်းပြောကာ ပေါရိသာဒထံ ထွက်လာခဲ့သည်။

သုတသောမမင်းက ညောင်ပင်အောက်သို့ လိုက်လာတာကို တွေ့လိုက်ရသော ပေါရိသာဒသည် လွန်စွာအံ့သြသွားသည်။ပြန်မလာလည်း ဖြစ်ပါလျက်နှင့် တမင်အသတ်ခံရဖို့ ပြန်လာသော သုတသောမ၏ မျက်နှာသည် လန်းဆန်းနေပြီး အမူအရာကလည်း သွက်လက်ဖျတ်လတ်နေလေသည်။

သေမှာမကြောက်ဘူးလားဟု သူကမေးတော့ သုတသောမက “ငါသည် နန္ဒပုဏ္ဏားကို ပေးထားသော ကတိအတိုင်း တရားလည်းနာပြီးပြီ။ငါ့မိဘ ငါ့သားမယား ငါ့မှူးမတ်များနှင့် ငါ့ပြည်သူပြည်သား အားလုံးအပေါ် မတရားတာတစ်ခုမှ မလုပ်သည့်အပြင် ကျေးဇူးတွေလည်းဆပ်ပြီးပြီ။လိုအပ်သလိုလည်း ကူညီလုပ်ဆောင်ပေးပြီးပြီ။ငါ့စိတ်မဖြောင့်စရာကိစ္စ တစ်ခုမှမရှိပေ။ထို့ကြောင့် ငါ့အတွက် အသေဖြောင့်နေပြီဖြစ်၍ ဘာကိုမှစိုးရိမ်ကြောက်လန့်စရာ မလိုတော့ပါ” ဟု ပြန်ပြောလေသည်။

ထို့နောက် နန္ဒပုဏ္ဏားထံမှနာခဲ့သော သတာရဟတရားလေးဂါထာကို ပေါရိသာဒကိုတစ်ဆင့် ပြန်ဟောလိုက်သည်။တရားနာယူပြီးသော ပေါရိသာဒသည် စိတ်ထားပိုမိုနူးညံ့လာကာ သုတသောမကို မသတ်တော့ဘဲ ကြိုက်သည့် ဆုလေးဆုကိုပြောရန်နှင့် ထိုဆုအတိုင်း မငြင်းဘဲ ပေးပါမည်ဟုလည်း ကတိပေးလေသည်။

သုတသောမမင်းလည်း သူလိုချင်သော ဆုလေးဆုကို ပြောကြားလိုက်လေသည်။

          ၁။ ငါသည် အသင့်ကို အသက်တစ်ရာပတ်လုံး အနာကင်း၍ အသက်ရှည်တာကို မြင်ချင်သည်။
          ၂။ ဖမ်းထားသော မင်းများကို မသတ်ပါနှင့်တော့။
          ၃။ သူတို့ကို သူတို့တိုင်းပြည်သို့ ဘေးရန်ကင်းစွာ ပြန်ပို့ပေးပါ။
          ၄။ အသင်လည်း ယနေ့မှစ၍ လူသားစားခြင်းကို ရှောင်ကြဉ်ပါတော့။

သုတသောမမင်းက ဆက်လက်၍ ပေါရိသာဒကို ငါးပါးသီလမြဲအောင် ဆောက်တည်စေသည်။ပေါရိသာရနှင့်အတူ တစ်ရာသော မင်းအပေါင်းကိုလည်း သူတို့တိုင်းပြည်သို့ အတူလိုက်ပို့ပေးသည်။ပေါရိသာဒ၏ တိုင်းပြည်ရှိ မှူးမတ်များနှင့် ပြည်သူတို့ကို အကျိုးသင့်အကြောင်းသင့် ရှင်းပြကာ တောင်းပန်သည်။ထိုအချိန်မှစ၍ ပေါရိသာဒ (ခေါ်) ဗြဟ္မဒတ်မင်းသည်လည်း လူသားမစားတော့ဘဲ ငါးပါးသီလကို နိစ္စသီလအဖြစ် စောင့်ထိန်းကာ ဗာရာဏသီပြည်ကြီးကို မင်းကျင့်တရားဆယ်ပါးနှင့်အညီ အုပ်ချုပ်သွားလေတော့သည်။

ဗြဟ္မဒတ်မင်းသားသည် တက္ကသိုလ်မှာ ပညာသွားသင်ရင်း သုတသောမမင်းသားနှင့် အမှတ်မထင်ဆုံမိကြခြင်းဖြစ်သည်။အကျင့်စာရိတ္တကောင်းမွန်ပြီး မိမိအပေါ် စေတနာထားခဲ့သောကြောင့် ထိုမိတ်ဆွေကြောင့် မည်သည့်အနှောက်အယှက်မှမရှိခဲ့သည့်အပြင် အမျိုးမျိုးသောအကူအညီများပင် ရရှိခဲ့ပါသည်။

ဘုရင်တစ်ပါးဖြစ်လာပြီးမှ မိမိ၏ရသတဏှာ အားကြီးမှုကြောင့် ဘီလူးတစ်ပိုင်း လူသားစားကြူးသူဘဝ ရောက်ခဲ့ရသည်။တစ်နေ့ထက်တစ်နေ့ ဆိုးသည်ထက်ဆိုးကာ အကုသိုလ်တွေဆက်လုပ်ရင်း တစ်နေ့နေ့တွင် သူများအသတ်ခံရကာ ခွေးသေဝက်သေဘဝဆိုးနှင့် အဆုံးသတ်ဖို့သာ ရှိတော့ပေသည်။

သို့သော်လည်း မိတ်ဆွေကောင်း သုတသောမကြောင့် ရာဇပလ္လင်ထက်မှ တောထဲတောင်ထဲရောက်နေခဲ့သော ဘဝမှ ရာဇပလ္လင်ထက်သို့ ပြန်ရောက်ခဲ့ရသည် မဟုတ်ပါလား။

ရိုက်မောင်း