【 ဆောင်းပါး 】 မိတ်ဆွေကောင်းနှင့် ပေါင်းသင်းခြင်း - ၂

【 ဆောင်းပါး 】 မိတ်ဆွေကောင်းနှင့် ပေါင်းသင်းခြင်း - ၂

လောကမှာ လူတိုင်းမှာ မိတ်ဆွေသူငယ်ချင်းဆိုတာ ရှိတတ်ကြတာ ဓမ္မတာပါ။မိတ်ဆွေတိုင်း မိမိအတွက် ကောင်းချင်မှကောင်းပါမည်။ဆိုးသော မိတ်ဆွေရှိသလို ကောင်းသော မိတ်ဆွေလည်းရှိပါသည်။

မိတ်ဆွေဆိုးသည် မိမိစီးပွား မိမိ-မိသားစု မိမိဘဝ မိမိအကျင့်စာရိတ္တကို ဆိုးဝါးစေ၍ အဝီစိငရဲထိရောက်အောင် ဆွဲချသွားနိုင်သလို မိတ်ဆွေကောင်းသည် မိမိစီးပွား မိမိ-မိသားစု မိမိဘဝ မိမိအကျင့် စာရိတ္တကိုကောင်းမွန်စေ၍ နိဗ္ဗာန်ထိရောက်အောင် ဆွဲတင်ပေးသွားနိုင်ပါသည်။

အင်္ဂုလိမာလအလောင်းဖြစ်သော လူသားစား ပေါရိသာဒသည် ဂေါတမဘုရားလောင်းဖြစ်သော မဟာသုတသောမမင်းတည်းဟူသော မိတ်ဆွေကောင်းကြောင့် တောတွင်းလူဆိုးဘဝမှ ဘုရင်ပြန်ဖြစ်ခဲ့သည်။

အင်္ဂုလိမာလ ဘဝတွင်လည်း ဘုရားရှင်၏ ကျေးဇူးကြောင့် သေချာပေါက် ငရဲလားရမည့်အဖြစ်ဆိုးမှ လွတ်မြောက်ပြီး ရဟန္တာတစ်ပါးအဖြစ် ပရိနိဗ္ဗာန်စံခဲ့ပြန်သည်။

          ဂေါတမဘုရားရှင် ပွင့်တော်မူသောအချိန်ကဖြစ်၏။သာဝတ္ထိပြည်တွင် ကောသလမင်းကြီး အုပ်ချုပ်သည်။ကောသလမင်းကြီးထံတွင် ခစားသော ပုရောဟိတ်ပုဏ္ဏားကြီး၏ သားသည် အဟိံသကဖြစ်သည်။အဟိံသက အရွယ်ရောက်လာသောအခါ ပုဏ္ဏားကြီးက သားဖြစ်သူကို တက္ကသိုလ်သို့စေလွှတ်ကာ ဒိသာပါမောက္ခဆရာကြီးထံမှာ အတတ်ပညာများ သင်စေသည်။

          အဟိံသကသည် စိတ်ထားနူးညံ့သလောက် ဉာဏ်ကလည်းကောင်း လူကလည်းသန်မာသူဖြစ်သောကြောင့် ဆရာကြီးသင်သမျှ ပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်သည်။ကျောင်းသားအားလုံးတွင် သူ့ကိုမီသူတစ်ယောက်မျှမရှိအောင် ထူးချွန်လေသည်။ပညာသင်ချိန် ပြင်ပအချိန်များတွင်လည်း အလကားမနေဘဲ ဆရာကြီးမိသားစု၏ အိမ်မှုကိစ္စများကိုလည်း ဝင်ရောက်ကူညီ လုပ်ကိုင်ပေးတတ်သည်။ထို့ကြောင့်လည်း ဆရာကြီးတင်မက ဆရာကတော်နှင့် သားသမီးများကပါ သူ့ကိုအထူးချစ်ခင်ကြသည်။သည်တွင် အဟိံသကအပေါ် ဆရာကြီးက အထူးအရေးပေးနေတာကို ကျန်ကျောင်းသားအများစုက မနာလိုမရှုစိမ့်ဖြစ်ကြတော့သည်။သူတို့သည် အဟိံသကအပေါ်ထားသည့် ဆရာကြီး၏သဘောထားပြောင်းပြီး မုန်းတီးသွားစေရန် အကြံထုတ်ကြတော့သည်။နောက်ဆုံးတွင် ယုတ်မာသော အကြံတစ်ခုကိုစဉ်းစားမိကြသည်။

          အဟိံသကနှင့် ဆရာကတော် တရင်းတနှီးနေတာကို ထောက်ပြကာ အဟိံသကသည် ဆရာကတော်ကို သားမယားပြုရန် ကြိုးစားနေကြောင်း  ဆရာကြီးကို အလှည့်ကျတိုင်ကြသည်။ပထမတော့ ဆရာကြီးက မယုံကြည်သော်လည်း အကြိမ်ကြိမ်ပြောလာကြသောအခါ ဆရာကြီးယုံကြည်သွားလေသည်။ဆရာကြီးလည်း အဟိံသကကို သတ်ချင်လောက်အောင် မုန်းတီးသွားသော်လည်း ဆရာဆိုသော ဂုဏ်သိက္ခာကို ထိန်းရသေးသဖြင့် ကိုယ်တိုင်သတ်၍မဖြစ်ကြောင်း ဆင်ခြင်မိသည်။ထို့ကြောင့် လူတကာကပါ မုန်းတီးပြီး ဝိုင်းသတ်ကြစေရန် အကြံတစ်ခုရသည်။

          အဟိံသကကိုခေါ်ကာ ပညာကြိုးစားသော တပည့်ဖြစ်၍ ပညာကုန်ပေးလိုကြောင်း သို့သော် ဆရာ့ကို အထူးသဖြင့် ပူဇော်မှုကြီးလုပ်ရမည်ဖြစ်ကြောင်း ပြောသည်။အဟိံသကကလည်း ဆရာကြီးအလိုရှိတာပြောပါ သူပူဇော်ပါမည်ဟု ပြန်ပြောသည်။လူ့လက်ညှိုးတစ်ထောင်နှင့် ဆရာ့ကို ပူဇော်ရမည်ဖြစ်ကြောင်းပြောရာ အဟိံသကက သဘောတူပြီး ထိုနေ့မှစ၍ လက်ညှိုးတစ်ထောင် လိုက်ဖြတ်ပါတော့သည်။ပထမဖြတ်၍ရသည့် လက်ညှိုးများကို သေချာမစုစည်းနိုင်ခဲ့သဖြင့် အပျောက်အရှ အလေအလွင့်ဖြစ်ကုန်သည်။နောက်ဆုံးတွင် ဖြတ်ပြီးသော လက်ညှိုးများကို ကြိုးနှင့်သီကာ လည်မှာဆွဲထားလေသည်။လက်ညှိုးများကို ပန်းသဖွယ် ကြိုးနှင့်သီ၍ လည်မှာဆွဲထားသောကြောင့် အင်္ဂုလိမာလဟု အမည်တွင်လေတော့သည်။

          လူတိုင်းက အင်္ဂုလိမာလကို သတ်ပစ်ချင်လောက်အောင် မုန်းတီးကြသော်လည်း အင်္ဂုလိမာလ၏ သန်စွမ်းမှု လျင်မြန်မှု ရက်စက်မှုတို့ကြောင့် မိအောင်မဖမ်းနိုင်ကြပေ။ နောက်ဆုံးတွင် ဘုရင်ကြီးက သူ၏စစ်သည်များကို စေလွှတ်ကာ အင်္ဂုလိမာလကို ဖမ်းခိုင်းတော့သည်။မိခင်ပုဏ္ဏားမကြီးက သားအတွက် စိုးရိမ်ပူပန်ကာ ခင်ပွန်းသည် ပုဏ္ဏားကြီးတားနေသည့်ကြားမှ သားကိုသတိပေးရန် သားရှိရာ တောအုပ်သို့ တစ်ယောက်တည်း လိုက်သွားလေသည်။

          ထိုအချိန်တွင် အင်္ဂုလိမာလကလည်း လက်ညှိုးပေါင်းတစ်ထောင်ပြည့်ရန် လူတစ်ယောက်သာ လိုတော့သဖြင့် မိခင်ကိုပင် မညှာတာနိုင်တော့ဘဲ လက်ညှိုးဖြတ်မည်ပြုသည်။ထိုစဉ်မှာပင် ဘုရားရှင်ရောက်လာပြီး သားအမိနှစ်ယောက်ကြားမှာ ဝင်ရပ်သည်။သည်တော့မှ အင်္ဂုလိမာလလည်း မိခင်ကိုယ်စား လက်ညှိုးဖြတ်ရမည့်သူပေါ်လာ၍ အားရဝမ်းသာ ဘုရားရှင်နောက်သို့ အပြေးလိုက်လေတော့သည်။အစွမ်းကုန်ပြေး၍လိုက်သော်လည်း ဘုရားရှင်ကို မမီနိုင်ခဲ့ပေ။ထိုအခါ ဘုရားရှင်ကို “သင်ရဟန်းမပြေးနဲ့။ရပ်လော့” ဟု ဆိုလိုက်သည်။

          အင်္ဂုလိမာလဘုရားရှင်က “အင်္ဂုလိမာလ ငါသည် သတ္တဝါအပေါင်းအား သတ်ဖြတ်ညှဉ်းပန်းမှုအားလုံးကို ပယ်စွန့်ပြီးသူဖြစ်သည်။ထို့ကြောင့် ငါသည်ရပ်နေသူဖြစ်သည်။သင်ကသာ သတ္တဝါတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ညှင်းဆဲရင်း တစ်ဘဝမှ နောက်တစ်ဘဝသို့ ပြေးနေသူဖြစ်သည်” ဟု မိန့်တော်မူလေသည်။

          ထိုအခါ အင်္ဂုလိမာလသည် လည်ပင်းမှာဆွဲထားသော လက်ညှိုးပန်းကုံးနှင့် လက်ထဲမှဓားတို့ကို မြေသို့ပစ်ချပြီး ဘုရားရှင်ရှေ့မှာ ဝပ်ဆင်းဦးချကာ သူ့အားရဟန်းပြုပေးပါရန် တောင်းပန်လေသည်။ဘုရားရှင်က “ဧဟိ ဘိက္ခု ရဟန်းလာခဲ့လော့” ဟု ခေါ်တော်မူသည်နှင့် အင်္ဂုလိမာလသည် သပိတ်သင်္ကန်းအပြည့်အစုံနှင့် ရဟန်းအသွင်သို့ ရောက်ရှိတော်မူလေသည်။

          ထိုအချိန်တွင် ကောသလဘုရင်မင်းမြတ်သည် အင်္ဂုလိမာလကို ဖမ်းဆီးရန် သူ့တပ်ဖွဲ့နှင့်အတူ ချီတက်လာသည်။ဇေတဝန်ကျောင်းနား ရောက်သောအခါ ဘုရားရှင်ကို ဝင်ရောက်ဖူးမြော်သည်။ဘုရားရှင်က စစ်ထွက်ဘုရင်ပုံစံနှင့် ကောသလမင်းကို အကျိုးအကြောင်းမေးရာ လူဆိုးကြီး အင်္ဂုလိမာလကို ဖမ်းဆီးရန်အတွက် စစ်ချီလာကြောင်း လျှောက်တင်သည်။ထိုအခါ ဘုရားရှင်က “ငါ့သားရဟန်းဖြစ်သော အင်္ဂုလိမာလကြောင့် မည်သူမျှအန္တရာယ်မရှိတော့ပြီ” ဟုဆိုကာ အပါးမှာရှိသော သင်္ကန်းဝတ်နှင့် အင်္ဂုလိမာလမထေရ်ကို ပြလိုက်ရာ ဘုရင်ကြီး လွန်စွာအံ့သြ တုန်လှုပ်သွားသည်။

          အင်္ဂုလိမာလမထေရ် မြို့တွင်းသို့ ဆွမ်းခံကြွသောအခါ အချို့လူတွေက ထွက်ပြေးကြသည်။အချို့လူတွေက တုတ်ခဲလုံးများနှင့် ပစ်ပေါက်ကြသည်။အင်္ဂုလိမာလမထေရ်သည် သူ၏မကောင်းမှုကြောင့် ခံရသည်ဟု နှလုံးသွင်းကာ ဆွမ်းခံထွက်မြဲထွက်သည်။သူ့ကိုဆွမ်းလောင်းမည့် ဒါယကာ ဒါယိကာမ မရှိခဲ့ပေ။ဘုရားရှင်က အင်္ဂုလိမာလမထေရ်ကို မီးဖွားရန်အခက်အခဲဖြစ်နေသော အမျိုးသမီးတို့ကို နှမအရင်းလို စေတနာထားကာ သစ္စာစကားဆို၍ ကယ်တင်နိုင်ကြောင်း သင်ပေး၏။

          “ယတောဟံ ဘဂိနိ အရိယာယ ဇာတိယာဇာတော
          နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ
          တေနသစ္စေန သောတ္ထိတေဟောတု သေတ္ထိ ဂဗ္ဘဿ။”

          “ငါသည် ရဟန်းဖြစ်သည့်အချိန်မှစ၍ သတ္တဝါတို့၏အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ဖြတ်ခြင်း လုံးဝမပြုခဲ့ပါ။ဤသစ္စာစကားမှန်ကန်ပါက အသင်မိခင်ရော ဝမ်းတွင်းမှာရှိသော ကလေးငယ်ပါ အန္တရာယ်ကင်းပြီး ချမ်းသာပါစေ” ထိုသစ္စာဆိုစကားကြောင့် ကိုယ်ဝန်ဆောင်သော အမျိုးသမီးများသည် အန္တရာယ်ကင်းကင်းနှင့် ကလေးမီးဖွားနိုင်ခဲ့သည်။ထို့ကြောင့် ဒါယကာ ဒါယိကာမတို့က အင်္ဂုလိမာလမထေရ်ကို ကျေးဇူးတင်လေးစားကာ ဆွမ်းဘောဇဉ်များ လှူဒါန်းကြသည်။ဘုရားရှင်ဟောကြားသော တရားကို ဆင်ခြင်ကာ ဝိပဿနာတရားကို ဝီရိယစိုက်အားထုတ်ရာ မကြာမီမှာပင် ကိလေသာကုန်ခမ်းသော ရဟန္တာအရှင်မြတ် ဖြစ်သွားလေတော့သည်။

          ရဟန်းများက လူများစွာသတ်ခဲ့သောသူသည် ရဟန္တာဖြစ်သွားနိုင်သလားဟု မေးလျှောက်သောအခါ ဘုရားရှင်က “အဆွေခင်ပွန်းကောင်းမရ၍ အကုသိုလ်အမှုများ ပြုလုပ်ခဲ့သည်။ယခုအခါ အဆွေခင်ပွန်းကောင်းမှီရာရရှိ၍ ရှေးကပြုခဲ့သော မကောင်းမှုကံကို အရဟတ္တမဂ်ဖြင့် ပယ်သတ်ပြီးလေပြီ” ဟု မိန့်ကာ အောက်ပါ ဒေသနာကို ဟောကြားလေသည်။

          “မိမိပြုခဲ့ပြီးသော မကောင်းမှုအကုသိုလ်ကို အရိယာမဂ်တည်းဟူသော ကောင်းမှုကုသိုလ်ဖြင့် ပယ်သတ်သောသူသည် တိမ်တိုက်မှလွတ်လာသော လမင်းကဲ့သို့ ဤလောကကို မဂ်ဉာဏ်ရောင်ဖြင့် ထွန်းလင်းတောက်ပစေသည်။”

          အဟိံသကအနားမှာရှိသော သူငယ်ချင်းတချို့သည် မနာလိုဝန်တိုစိတ်ကြီးလွန်းလှသည်။သူတို့သည် အဟိံသကအတွက် မိတ်ဆွေဆိုးများဖြစ်ကြသည်။ဆရာကြီးသည် ဆရာတစ်ယောက်ဖြစ်သော်လည်း သံသယဆိုးတစ်ခုကြောင့် အကျိုးအကြောင်းကို သေချာစွာ မဆင်မခြင်နိုင်ခဲ့ပေ။တပည့်ကို နာမည်ဆိုးနှင့် သေကြောင်းကြံခဲ့သည်။သူသည်လည်း အဟိံသကအတွက် မိတ်ဆွေဆိုးတစ်ယောက်ဖြစ်လေသည်။ထိုမိတ်ဆွေဆိုးများကြောင့် စိတ်ထားနူးညံ့ပြီး လိမ္မာရေးခြားရှိသော အဟိံသကတစ်ယောက် အင်္ဂုလိမာလဟူသော လူ့အသက်သတ်သည့် လူဆိုးကြီးတစ်ယောက် ဖြစ်ခဲ့ရသည်။သို့သော်လည်း ဘုရားရှင်သည် အင်္ဂုလိမာလအတွက် သတိတရားနှင့် အသိတရားကို ပြသလမ်းညွှန်ပေးသော မိတ်ဆွေကောင်းကြီးဖြစ်လေသည်။ထိုမိတ်ဆွေကောင်းကြောင့် ထိုဘဝတွင် သူများသတ်၍ အသေဆိုးနှင့် သေမည့်အပြင် သေပြီးသည့်နောက်တွင်လည်း အပယ်ငရဲမှာ ခေါင်းပင်မပြူနိုင်အောင် ခံစားနေရမည့် အခြေအနေဆိုးမှ လွတ်မြောက်ခဲ့သည်။

သူပြုသမျှအကုသိုလ်ကံများသည်လည်း အရဟတ္တမဂ်ဉာဏ် ဖြင့်အဟောသိကံဖြစ်စေကာ ကိလေသာအာသဝေါကုန်ခမ်းသော ရဟန္တာတစ်ပါးအဖြစ် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့လေပြီ။

          မိတ်ဆွေကောင်း၏ တန်ဖိုးကား အတိုင်းအဆမရှိအောင်တန်ခိုးကြီးလှပေ၏။

ရိုက်မောင်း