【 ဆောင်းပါး 】 မိန်းမ၊ လောင်းကစားနဲ့ ဇောက်ထိုးမိုးမျှော်

【 ဆောင်းပါး 】 မိန်းမ၊ လောင်းကစားနဲ့ ဇောက်ထိုးမိုးမျှော်

သူ့ကို ကျနော်စတွေ့တာ ကုမ္ပဏီယာဉ်မောင်း ရုပ်ဖြောင့်ဖြောင့် ဘဲကြီးတစ်ယောက်အနေနဲ့။ဘယ်သူ့ကိုမဆို ရယ်ကာမောကာ ရည်မွန်စွာနဲ့။ကားမောင်းလို့ ရေဘင်မျက်မှန်တွေ ဘာတွေ ကောက်တပ်လိုက်ပြီဆို အသက် ၃၅ နှစ်အရွယ် ဘဲကြီးတစ်ယောက်ဟာ ၃၀ သို့ အလိုလိုခုန်ချပြီး နုပျိုသွားသလိုမျိုး။ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ကားကိုမောင်းလို့သာ ယာဉ်မောင်းလို့ ထင်ရတာ၊ အိမ်စီးကားလေးတွေ မောင်းတယ်ဆို ကားပိုင် ကားစီးနိုင်တဲ့ သင်္ဘောသားတစ်ယောက်ပုံစံအတိုင်း။

သူက ကုမ္ပဏီအရာရှိကြီးတွေကိုဆိုရင်လည်း ဖားရားတဲ့ပုံစံမျိုးမပေါက်ဘဲ ကျိုးနွံလေ့ရှိတာမို့ အားလုံးက မှတ်မှတ်သားသားရှိကြတယ်။ဒါပေမဲ့ သူ့ရဲ့ အရေးတကြီးအားနည်းချက်က ကားသိပ်မမောင်းတတ်တာပါပဲ။

သူ့မှာက လိုင်စင်အနီလည်းရှိ၊ လိုင်စင်အနီသက်တမ်းကလည်း အိုးဆားဗစ်။သူ့အရင်အလုပ်က နှစ်များစွာကြာ အစိုးရဆောက်လုပ်ရေးလုပ်ငန်းခွင် ယာဉ်မောင်း။အခုခေတ် Faw ကားလိုမျိုး ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်ကြီးတွေကို နှစ်လရှည်ကြာ မောင်းခဲ့တာ သေချာပေမဲ့ သူမောင်းခဲ့တဲ့နေရာတွေက တစ်နေ့လုံးနေမှ ကား ၁ စီး၊ ၂ စီးလာ ကံကောင်းဆိုတဲ့ ကားအသွားအလာ အင်မတန်နည်းတဲ့ လမ်းမျိုးတွေချည်း။သူတို့အစိုးရဆောက်လုပ်ရေးလုပ်သားဘဝတွေက မိသားစုလိုက်နေဖို့ရာပင် အဆင်မပြေတဲ့ ခပ်ခေါင်ခေါင်နေရာတွေမှာ တာဝန်ကျတာများလို့ မိသားစုနဲ့ လူလိုသူလိုဘဝမျိုးပဲ နေချင်တော့တယ်ဆိုပြီး သက္ကရာဇ် ၂၀၀၀ မတိုင်ခင် အစိုးရအလုပ်ကနေ ထွက်လိုက်တယ်တဲ့။သူ့ဇာတိမြေက ရန်ကုန်တိုင်းအတွင်းက မြို့တစ်မြို့။မိန်းမက အထက်တန်းပြဆရာမဆိုလား။

သူက ကုမ္ပဏီလူကြီးတစ်ဦးရဲ့ အဆက်အစပ်နဲ့ ရောက်လာတဲ့အပြင် ယာဉ်မောင်းလိုင်စင်ကလည်း အိုးဆားဗစ်၊ ကုမ္ပဏီရှေ့က ကားအသွားအလာမများတဲ့လမ်းမှာ ခဏစမ်းမောင်းခိုင်းတော့လည်း ဖြူးနေရောဆိုတော့ အလွယ်တကူပဲ ယာဉ်မောင်းအလုပ်ရရှိ။

သူက ယာဉ်မောင်းအသစ်မို့ ယာဉ်အသွားအလာမများတဲ့ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ မှော်ဘီ၊ တိုက်ကြီးဘက် စက်ရုံဝန်ထမ်းကြို့ပို့ ကားအသေးလေးတွေ စမောင်းရတယ်။ကားအသေးလေးဆိုတာက ကျနော်တို့ ပေါင်မုန့်ကားခေါ်မလား၊ လူ ၁၀ ယောက်ဝန်းကျင်ဆံ့တဲ့ တောင်းအေ့စ်။သူက ကားမောင်းတတ်ပေမဲ့ အခုလို ကားအသွားအလာများတဲ့လမ်းပေါ် တစ်ခါမှမမောင်းဘူးလို့ အစမ်းခန့် ၃ လအတွင်း ကား ၃ ကြိမ်တိုက်တယ်။လမ်းစည်းကမ်းတွေဘာတွေလည်းမသိဘဲ ထင်သလိုမောင်းလို့ လမ်းပြပုလိပ်ဖမ်းတာလည်း မကြာခဏခံရတယ်။ကားတိုက်လိုက်ပြီဆို သူ့အမှားကြောင့်ချည်းမို့ လျော်ရတယ်။ကုမ္ပဏီသတ်မှတ်စည်းကမ်းချက်က ကားတိုက်လို့လျော်ရရင် ကုမ္ပဏီတစ်ဝက်၊ ယာဉ်မောင်းတစ်ဝက်။

အစမ်းခန့် ၃ လအတွင်း လျော်လိုက်ရတာ မိန်းမရဲ့ တစ်ကျပ်သားဆွဲကြိုး ရောင်းလိုက်ရတယ်တဲ့။ ၃ လ အစမ်းခန့်ပြည့်တော့ ကုမ္ပဏီက သူ့ကို ဆက်မခန့်တော့ဘူးဆိုတော့ စက်ရုံအတွင်း တစ်နေရာရာမှာ အလုပ်ဆက်ခန့်ပေးဖို့ မေတ္တာရပ်ခံတယ်။သူ့အထက်လူကြီးတွေချစ်အောင် နေတတ်သူလည်းဖြစ်တော့ ထောက်ထားငဲ့ညှာစွာနဲ့ ကျနော်တို့ အင်ဂျင်နီယာဌာန (mechanical) ရဲ့ အထွေထွေလုပ်သားအဖြစ် ဆက်ခန့်ပေးတယ်။

အင်ဂျင်နီယာဌာနဆိုတာက ရံဖန်ရံခါမှသာ အလုပ်များပြီး ပုံမှန်အားဖြင့် သိပ်အလုပ်မများတဲ့ဌာန။ပြီးတော့ ဌာနမှာ လူအင်အားကနည်းတော့ နေ့စဉ် အချိန်ပိုဆင်းနေရတာမို့ တခြားဌာနတွေနဲ့ယှဉ်ရင် သက်သောင့်သက်သာနဲ့ လစာကောင်းနေတာမျိုး။သူတို့ mechanical ဌာနမှာက အလုပ်သမားကလည်း ၂ ယောက်တည်းရှိတာမို့ အထက်အရာရှိက သူတို့အပေါ် နားလည်မှုနဲ့ နေ့စဉ် အချိန်ပို ၃ နာရီ၊ ၄ နာရီလောက် ပေးထားတာကြောင့် သူ့အတွက် ယာဉ်မောင်းကနေပြုတ်လာတာ ကံကောင်းသွားတဲ့သဘော။

‘အခုမှပဲ စိတ်အေးလက်အေးဖြစ်သွားတော့တယ်ဗျာ။အရင် ၃ လလုံးက တထိတ်ထိတ်နဲ့ စိတ်ညစ်နေရလို့ စော်တွေတောင် ကောင်းကောင်းမရှိုးနိုင်ဘူး’ တဲ့။သက်သောင့်သက်သာဖြစ်သွားချိန်ရောက်တော့ အသာဝပ်နေတဲ့ ဇတွေက ပြန်လည်ရုန်းကန် တိုးထွက်လာတဲ့သဘော။

သူက အရက်၊ ဘီယာ မကြိုက်တာမို့ ရံဖန်ရံခါမှသာ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့တာကလွဲ သူ့ဘာသာ ဆိုင်ထိုင်တာမျိုးမရှိ။သူ့အကြိုက် သူ့ဝါသနာက မိန်းမ။ရုပ်ကလည်း အဖြောင့်၊ ပြောတတ်ဆိုတတ် မိန်းမတွေအကြိုက် အလိုက်အထိုက်တွေကိုလည်း ကျွမ်းကျင်ပိုင်နိုင်သူမို့ တရားဝင်လက်မှတ်ထိုးပြီးယူထားတဲ့ မိန်းမချည်း ၅ ယောက်။

‘ကျနော်တို့အလုပ်က ဒေသအစုံရောက်နေတာ။ကိုယ်ကလည်း ဘယ်တုန်းကမှ ခြေမငြိမ်တဲ့ကောင်ဆိုတော့ ရောက်တဲ့အရပ်မှာ အနည်းဆုံး တစ်ယောက်တော့ငြိတာပဲ။ဘယ်လိုမှမတတ်သာလို့ ယူရမယ်ဆိုလည်း လက်မှတ်ထိုးပြီး ယူလိုက်တာပဲ။တစ်ခြားတစ်နေရာပြောင်းရင် ထားခဲ့လိုက်တာပဲ’

‘ခင်ဗျား အခုပေါင်းနေတဲ့ မိန်းမကရော’

‘သူက တကယ့်အမှန်အကန် ပွဲတက်မယားပေါ့ဗျာ။ဘယ်သူနဲ့ ဘယ်လိုရရ အချိန်တန်ရင်တော့ ကိုယ့်မိန်းမဆီ ပြန်လာတာပဲ။ကျနော့်စိတ်ထဲမှာ ကိုယ့်မိန်းမလို့သတ်မှတ်တာလည်း သူပဲရှိတယ်’

‘ခင်ဗျားကဲနေတာ မိန်းမ မသိဘူးလား’

‘မသိဘဲနေမလား၊ သိတာပေါ့။အရင်ငယ်ငယ်တုန်းကတော့ မိန်းမသိသွားရင် ပွဲကြမ်းတာပေါ့။ပွဲကြမ်းလည်း ကျနော်က ကဲမပျက်ပဲဆိုတော့ ကြာတော့ မိန်းမလည်း စိတ်လျှော့လိုက်တယ်။ကိုယ့်မြို့ကိုယ့်ရွာမှာ ကဲတာမျိုး၊သူ့ကိုအရှက်ခွဲတာမျိုးမလုပ်ရင်ပြီးရော။အချိန်တန်ရင် ဒင်းအိမ်ပြန်လာမှာပဲဆိုပြီး မတတ်သာလို့ လွှတ်ပေးလိုက်တော့တာ’ တဲ့။

အခုလည်း အင်ဂျင်နီယာဌာနရောက်ပြီး ဘယ်ကြာလိမ့်မလဲ။လစဉ် အချိန်ပိုကြေးငွေက ဆူဆူဖြိုးဖြိုးနဲ့ဆိုတော့ ရည်းစားရတော့တာပါပဲ။သူ့ကောင်မလေးတွေက ၁၈၊ ၁၉ အရွယ် အထည်ချုပ်သမငယ်တွေ။သူနဲ့အတူ အင်ဂျင်နီယာဌာန အလုပ်သမားလေးက သူ့ရည်းစားဆီသွားရင် လိုက်သွားရင်းနဲ့ ရည်းစားရလာတာတဲ့။

ကျနော်တို့စက်ရုံနားတစ်ဝိုက် အထည်ချုပ်တွေက ခပ်များများဆိုတော့ သူ့အကြိုက်၊ တစ်ယောက်ပြီး တစ်ယောက်။များသောအားဖြင့် ၂ ယောက် တစ်ပြိုင်နက်တွဲနေတာမျိုး။ချာတိတ်မတွေရဲ့ကြား ကြီးကောင်ကြီးမားဆိုပေမဲ့ တဟီးဟီးတဟားဟားမို့ ရည်းစားမဟုတ်ဘဲ ခင်လို့မင်လို့ဆိုပြီး သူ့ဆီလာကြတဲ့ သူ့ဘော်ဒါမလေးတွေလည်း မနည်း။

နည်းနည်းကြာတော့ ရနေတဲ့ အချိန်ပိုကြေးတွေလည်း ဘယ်အလျင်မီတော့မလဲ။ဒါနဲ့ ထုံးစံအတိုင်း ၂ လုံး၊ ၃ လုံး လောင်းကစားလောကထဲရောက်ကာ အကြွေးတွေနဲ့ ပတ်လည်ရိုက်ကုန်တော့တယ်။လကုန်ရင် အကြွေးထိုးဆပ်နေရတာ မနည်းတော့ တမှိုင်မှိုင်တထွေထွေ။ဒါပေမဲ့ ညနေ အလုပ်ဆင်းလို့ ကောင်မလေးတွေနဲ့တွေ့လိုက်ရင် စိတ်ညစ်တာတွေ အကုန်ပျောက်သွားပြန်ရောတဲ့။

အင်ဂျင်နီယာဌာနရောက်ပြီး ၁ နှစ်ကျော်လောက်ကြာတော့ အကြွေးတွေကင်းရုံတင်မက ကိုယ်တွေထက်ပင် သုံးနိုင်တဲ့အဆင့်သို့ရောက်လာ၊ မိန်းမက အမွေရလိုက်လို့ အဆင်ပြေသွားတာတဲ့။လောင်းကစားလောကကို စွန့်ခွာခဲ့ပြီတဲ့။ကောင်မလေးတွေကတော့ အသက်ရှည်ဆေးမို့ ရည်းစားထားတာတော့ မပျက်။

နောက်ထပ် ၁ နှစ်ခွဲလောက်ကြာမှ အင်မတန် ပိရိလျှို့ဝှက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ သူထောခဲ့တာကို စက်ရုံတစ်ရုံလုံးက သိရပြီး ပါးစပ်အဟောင်းသားဖြစ်ရတော့တယ်။အဲဒါက စီစီတီဗီကင်မရာတွေ စက်ရုံအနှံ့ ရေချိုးခန်း၊ အိမ်သာတွေကလွဲ ထောင့်စေ့နေအောင် တပ်ဆင်စောင့်ကြည့်နေတဲ့ကြားက တစ်နှစ်ကျော်ကြာ ဘယ်သူမှ မရိပ်မိဘဲ စက်ရုံထုတ်ပစ္စည်း ခိုးဝှက်အပြင်ထုတ်ခြင်း။

စက်ရုံကိုဦးစီးတဲ့ နိုင်ငံခြားသားတွေတောင် သြချခဲ့ရတဲ့ အဖြစ်အပျက်။

ငြိမ်းဆက်