【 ဆောင်းပါး 】 မိမိယူဆချက်များကို ဆန်းစစ်ခြင်း (Examining Assumptions)

【 ဆောင်းပါး 】 မိမိယူဆချက်များကို ဆန်းစစ်ခြင်း
                           (Examining Assumptions)

မန်နေဂျာတို့သည် မိမိတို့၏ဝန်ထမ်းများကို မိမိတို့ခံယူထားသည့် ယူဆချက်များအတိုင်း ပြုမှုဆက်ဆံကြလေ့ရှိသည်။မိမိတို့ခံယူထားသလို တွေးမြင်သိရှိထားသလို ဆောင်ရွက်လုပ်ကိုင်လေ့ရှိကြသည်။အဆိုပါခံယူချက်များ အတွေးအမြင်များသည် ဝန်ထမ်းများအပေါ် လွှမ်းမိုးသက်ရောက်လေ့ရှိသည်။

မန်နေဂျာကောင်းတစ်ယောက် ဖြစ်လာရေးတွင် မိမိခံယူချက် တွေးမြင်ယူဆချက်များကို မိမိကိုယ်တိုင် ပြန်လည်ဆန်းစစ်ခြင်းသည် အရေးကြီးသော ပထမခြေလှမ်းတစ်ရပ်ဖြစ်သည်။

စီမံခန့်ခွဲမှုပညာရှင် ဒေါက်တာ်ဂလက်စ်မက်ဂရီဂေါ (Douglas MC Gregor) က မန်နေဂျာတို့၏ မန်နေဂျာဟန်ပန် ၂ မျိုးရှိသည်ဟု ခွဲခြားခဲ့သည်။ X ဟန်ပန် မန်နေဂျာနှင် Y ဟန်ပန် မန်နေဂျာ။တစ်နည်း Theory X နှင့် Theory Y ကို ကျင့်သုံးသော မန်နေဂျာ။

"မိမိ၏ဝန်ထမ်းများအပေါ် စေ့ဆော်မှု၊ စိတ်ဓာတ်တက်ကြွမှု ဖြစ်ပေါ်လာရေးတွင် မည် ကဲ့သို့ နားလည်ခံယူကျင့်သုံးပါသနည်း။"

Theory X ကို လက်ခံကျင့်သုံးသည့် မန်နေဂျာတို့သည် ဝန်ထမ်းများအပေါ် ဤသို့မြင်သည်။ဝန်ထမ်းများထံမှ စေ့စော်မှုရရှိလာစေရန်နှင့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေဖို့

(၁) လမ်းညွှန်မှုပြရန်နှင့်

(၂) ဆုပေးဒဏ်ပေးစနစ်ကျင့်သုံးရန် လိုအပ်သည်ဟုယူဆသည်။

X ဟန်ပန် မန်နေဂျာတို့သည် စည်းကမ်းတင်းကျပ်၍ ထိန်းချုပ်ကွပ်ကဲဆောင်ရွက်သည်။အပြစ်ပေးဆောင် ရွက်သည်။နိမ့်ကျသော စွမ်းဆောင်ရည်ကို သည်းမခံ။ရလဒ်ကောင်းမွန်မှုကို အလေးထားသည်။ဆုပေး ဒဏ်ပေးတွင် ဆုပေးသည်ထက် ဒဏ်ပေးမှုကများသည်။ပြစ်တင်ရှုတ်ချသည်။ ယအနုတ်လက္ခဏာဆောင်သည်။ဝန်ထမ်းများ အလုပ်သမားများသည် ပူးပေါင်းဆောင်ရွက်ရန် အားနည်းသည်ဟု ယူဆ၍ လုပ်ပိုင်ခွင့်ကိုအပြည့်အ၀မပေး၊ အနည်းငယ်သာပေးလေ့ရှိသည် ခိုင်းမှလုပ်တတ်သူများဟု ထင်မြင်ယူဆလေ့ရှိသည်။

Theory Y မန်နေဂျာတို့သည် ဝန်ထမ်းများ၊ လူသားအရင်းမြစ်များပေါ်တွင် ပို၍အကောင်းမြင်လေ့ရှိပြီး လုပ်ပိုင်ခွင့်ကို အပြည့်အ၀ပေးလေ့ရှိသည်။

"ဝန်ထမ်းတို့သည် ခိုင်းမှလုပ်တတ်သူများမဟုတ်။ကိုယ့်အလုပ်ကို ကိုယ်သိသူများ၊ တာဝန်ကျေပွန်လိုသူများ၊ စေ့စော်မှုအားကောင်းသူများ၊ အောင်မြင်တိုးတက်လိုစိတ်ရှိသူများ" ဟု ယုံကြည်ယူဆသည်။

စွမ်းဆောင်ရည်ပြည့်၀သူများကို တာဝန်ပိုမိုပေးအပ်ပြီး လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်စေသည်။

Y style မန်နေဂျာ

(၁) ဝန်ထမ်းတို့သည် ကိုယ်တိုင်စေ့စော်မှုကောင်း၍ အလုပ်ကိုတက်ကြွစွာ လုပ်ကိုင်လိုသည်။အလုပ် လုပ်ခြင်းနားခြင်းသည် သဘာ၀ဖြစ်သည်။

(၂) ဝန်ထမ်းတို့သည် ထိန်းချုပ်နိုင်စွမ်း၊ ထိန်းသိမ်းနိုင် စွမ်းရှိသည်။ကိုယ့်အလုပ်ကို ကိုယ်သိသည်။အလုပ် တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြသည်။

(၃) လေ့လာသင်ယူလိုစိတ်ရှိသည်။တာဝန်ယူလိုသည်။

(၄) အလုပ်တွင်ပျော်ရွှင်ပြီး ရည်မှန်းချက်ကြီးသည်။တိုးတက်လိုစိတ်မြင့်မားသည်။အလုပ်ကိုဦးစားပေး သည်။

X style မန်နေဂျာ

(၁) ဝန်ထမ်းတို့သည် အလုပ်ကိုမလုပ်လို ရှောင်ဖယ်လို သည်။

(၂) ဝန်ထမ်းတို့ကို တိုက်တွန်းရမည်။အတင်းအကျပ်ခိုင်း စေဖို့လိုသည်။ထိန်းချုပ်ကွပ်ကဲရမည်။အပြစ်ပေးသင့် ကအပြစ်ပေးရမည်။

(၃) တာဝန်ကိုရှောင်လွှဲလိုသည်။လမ်းညွှန်တည့်မတ်ရန် လိုသည်။

(၄) အလုပ်နှင့်စပ်လျဉ်း၍ အရာရာတွင်အကာအကွယ် ယူသည်။လုံခြုံမှုကို ဦးစားပေးသည်။ရည်ရွယ်ချက် ရည်မှန်းချက် နည်းသည်။

လုပ်ငန်းအဖွဲ့အစည်းအသီးသီးတို့၏ Theory X ကျင့်သုံးသောကုမ္ပဏီ၊ Theory Y ကျင့်သုံးသောကုမ္ပဏီဟူ၍ ကွဲပြားနိုင်ပေသည်။အဖွဲ့အစည်းတစ်ခုအတွင်း၌ပင် Theory X မန်နေဂျာ၊ Theory Y ကို အလေးကဲသော မန်နေဂျာဟူ၍ ကွဲပြားနိုင်ပေသည်။

X style မန်နေဂျာတို့သည် စောင့်ကြည့်ကွပ်ကဲခြင်း၊ ထိန်းချုပ်ခြင်းဖြင့် ရလဒ်ကောင်းရရှိအောင် အားထုတ်သည်။

Y style မန်နေဂျာတို့သည် လုပ်ပိုင်ခွင့်ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်စေခြင်း၊ ပါဝင်စေခြင်း၊ ဆုံးဖြတ်စေခြင်း၊ ထောက်ပံ့ကူညီခြင်းဖြင့် လုပ်ငန်းများပြီးမြောက်အောင်မြင်စေလျှက် ရလဒ်ကောင်းရရှိစေသည်။

ကိုယ့်ကိုကိုယ် မညှာမတာဆန်းစစ်

မန်နေဂျာတစ်ဦးသည် မိမိကိုယ်ကို အမှန်အတိုင်း ရိုးသားစွာဆန်းစစ်ရန် လိုသည်။

"(၁) မိမိဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်အတိုင်းကို ပြန်လည်ဆန်းစစ်သုံးသပ်ရန် လိုသည်။"

"(၂) တာဝန်ခွဲဝေပေးလိုက်သော လုပ်ငန်းတိုင်းလုပ်ဆောင်ချက်တိုင်းကို ဆန်းစစ်ရန်လိုသည်။"

"(၃) ကိစ္စရပ်တစ်ခုစီတိုင်းတွင် မိမိသည် ဝန်ထမ်းကို မည်သို့ယူဆ၍ တာဝန်ပေးခဲ့သနည်း။မည်သို့လုပ်ဆောင်မည်ဟု မျှော်လင့်ခဲ့သနည်း။"

"(၄) သတိပြုမှတ်သားရမည်မှာ "အပြုသဘောဆောင်သော မျှော်လင့်မှုတို့သည် အပြုသဘောဆောင်သောရလဒ်ကောင်းတို့ကို ဖြစ်ပေါ်စေသည်" ဟူသော အချက်ပင်ဖြစ်ပါသည်။

ပိုတော်သော မန်နေဂျာတို့သည် အကောင်းမြင်စိတ်ရှိပြီး အပြုသဘောတွေးကာ အောင်မြင်တိုးတက်လိုစိတ်ကို မွေးမြူလျက် မိမိဝန်ထမ်းများကို ပြုစုပျိုးထောင်လျက်လုပ်ငန်းခွင် ပတ်ဝန်းကျင်ကောင်းကို ပုံဖော်ဆောင်ရွက်တတ်ကြသူများဖြစ်ပါသည်။

ဝန်ထမ်းတို့သည်လည်း "လူထဲကလူ" "မတစ်ရာသားများ" ဖြစ်ပေရာ စောင့်ကြည့်ကွပ်ကဲသင့်သူကို စောင့်ကြည့်ကွပ်ကဲ၊ ပူးပေါင်းဆောင်ရွက်ပေးရမည့်သူကို ပူးပေါင်းကူညီ။ကြိုးစားယုံကြည်ရသူများကို လုပ်ပိုင်ခွင့်ပေး။တာဝန်ခွဲပေးသင့်သူကို တာဝန်ခွဲပေးလျက် အရည်အသွေးတိုးတက်မြင့်မားလာစေဖို့ ပြုစုပျိုးထောင်ပေးရမည်ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်။)

မှူးခန့်စံ
ဖေဖော်ဝါရီ - ၂