【 ဆောင်းပါး 】 မိုက်ဗိုင်းရပ်စ်

【 ဆောင်းပါး 】 မိုက်ဗိုင်းရပ်စ်

ဒီနေ့ ဗိုင်းရပ်စ်အရမ်းခေတ်စားနေသည်။ဗိုင်းရပ်စ်ပိုးကြောင့် လူတွေအနာရောဂါဖြစ်ကြရသည်။စိတ်ဝေဒနာတွေဖြစ်သည်။အသေအပျောက်တွေများသည်။ငွေကြေးအကုန်အကျများသည်။ဗိုင်းရပ်စ်အကိုက်ခံရလို့ လူတွေအတော်ဒုက္ခရောက်ကြရသည်။ဗိုင်းရပ်စ်ကလည်း အမျိုးမျိုးရှိပြန်သည်။ကူးစက်တတ်သည့် ဗိုင်းရပ်စ်ကတော့ အဆိုးဆုံးဖြစ်၏။

ကူးစက်ဗိုင်းရပ်စ်ကလည်း အမျိုးအစားတွေများသည်။မကြာမီက ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံး အလုပ်ရှုပ်ခဲ့ရသည်။တစ်ကမ္ဘာလုံး ဒုက္ခရောက်ကြသည်။တချို့နိုင်ငံတွေမှာဆို အသေအပျောက် တော်တော်ကိုများသည်။တစ်ကမ္ဘာလုံးက သူ့ကိုလက်မခံချင်ပေမယ့် သူကတော့ tourist virus လုပ်နေခဲ့သည်။

ဗိုင်းရပ်စ်သည် အဏုကြည့်မှန်ပြောင်းနှင့်ပင် မြင်ရန်ခက်ခဲသော အလွန်သေးငယ်သည့် ကူးစက်ကိုယ်စားလှယ်ဖြစ်သည်။သက်ရှိတို့၏ ကျန်းမာသော ဆဲလ်အတွင်းဝင်ကာ ပုံတူပွားသည်။သက်ရှိအားလုံးကို ကူးစက်နိုင်သည်။ကူးစက်ပြီးလျှင်လည်း အေးအေးဆေးဆေးမနေဘဲ အိမ်ရှင်ဆဲလ်ကို ဗိုင်းရပ်စ်မိတ္တူများ ထောင်နှင့်ချီပြီးထုတ်လုပ်အောင် တွန်းအားပေးပြန်သည်။

ဗိုင်းရပ်စ်သည် နည်းအမျိုးမျိုးဖြင့်ပျံ့နှံ့သည်။အပင်မှ အပင်သို့ ဗိုင်းရပ်စ်ကူးချင်ပါက ပင်တွင်းရေကို သောက်သောပျားမှတစ်ဆင့် ကူးသည်။တိရစ္ဆာန်ချင်းဆိုပါက သွေးစုပ်သော ဆစ်များကောင်တို့မှတစ်ဆင့် ကူးသည်။အဖျားနှင့်ပတ်သက်သော ဗိုင်းရပ်စ်တို့မှာ နှာချေချောင်းဆိုးမှပျံ့နှံ့သည်။သေစေသော ဝမ်းပျက်ဝမ်းလျှောရောဂါကိုဖြစ်စေသည့် နိုရိုဗိုင်းရပ်စ်နှင့် ရိုတဗိုင်းရပ်စ်သည် ပေသောလက်ဖြင့် အစာ (သို့မဟုတ်) ရေကိုကိုင်ကာ ပါးစပ်ထဲထည့်ခြင်း စသော ဝမ်းထဲရောက်စေသောနည်းများဖြင့် အစာဝင်၊ အစာထွက် လမ်းကြောင်းမှဖြတ်သည်။

သိပ္ပံပညာရှင်များ၏ စမ်းသပ်တီထွင်သော ဗိုင်းရပ်စ်ကာကွယ်ဆေးများက ရောဂါပြင်းထန်ခြင်းကို လျော့ကျစေသည်။ရောဂါကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်သည်။ဆရာဝန်များ၏ ကြိုးစားကုသခြင်းကြောင့် ရောဂါဖြစ်ပွားမှု ရောဂါပြင်းထန်မှုများကို လျော့နည်းစေသည်။ဆေးပညာဆိုင်ရာ ညွှန်ကြားမှုများကိုလိုက်နာကာ ရိုင်းပင်းကူညီသော လူထုညီညွတ်မှုကြောင့် ရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေနိုင်သည်။

မည်သို့ပင်ဆိုစေ ဆယ်စုရာစုနှစ်များကြာမှ တစ်ခါတစ်ခါဖြစ်တတ်သော ဗိုင်းရပ်စ်ကူးစက်ရောဂါသည် အချိန်တစ်ခုရောက်လျှင် ရပ်တန့်သွားကြသည်။ဘယ်တော့မှ မရပ်တန့်သော ဘယ်ဆေးဝါးနှင့်မှကုလို့မရသော ဘယ်ဆရာဝန် ဘယ်သိပ္ပံပညာရှင်ကိုမှ အားကိုးလို့မရသော ကူးစက်ဗိုင်းရပ်စ်တစ်မျိုးရှိပါသည်။ထိုဗိုင်းရပ်စ်က လူလူချင်းကူးစက်တတ်သည်။တစ်ဦးချင်းအသိစိတ်နှင့် သတိမပြတ်ထိန်းသိမ်းခြင်းဖြင့်သာ ကာကွယ်နိုင်ပါသည်။ကုသနိုင်ပါသည်။သူကတော့ မိုက်ဗိုင်းရပ်စ်ပါ။

မိုက်ဗိုင်းရပ်စ်ဆိုသည့်အတိုင်း မိုက်သလားလို့ မမေးပါနှင့်။တကယ်ကြီးကိုမိုက်ပါသည်။ဘယ်သူ့ကိုမှ မေတ္တာမထား၊ ဘယ်သူ့ကိုမှ မကြင်နာ၊ ဘယ်သူ့ကိုမှ မုဒိတာမပွားတတ်သော၊ ဘယ်သူသေသေ သူတစ်ယောက် သူ့မိသားစု သူ့အုပ်စုမာရင်ပြီးရောဆိုသည့် ငတေ ငမိုက်ကြီးများဖြစ်ပါသည်။

မိုက်ဗိုင်းရပ်စ် မျိုးတူတွေများစွာရှိပါသည်။ထိုမျိုးကွဲ မိုက်ဗိုင်းရပ်စ်တို့၏ တူညီသော အရည်အချင်းကတော့ ငါဆိုသောအတ္တကို ရှေ့တန်းတင်တတ်တာပါ။ငါ့အတွက်ဆိုရင် ဘယ်သူတွေဘာဖြစ်ဖြစ် လုံးဝဂရုမစိုက်တတ်ပါ။ငါ့အတွက်ဆိုရင် သူများပစ္စည်းခိုးရမှာ လုရမှာ ဝန်မလေးသလို သူများအသက်သတ်ရန်လည်း လုံးဝလက်မတွန့်တတ်ပါ။ဒါကြောင့်လည်း မိုက်ဗိုင်းရပ်ကူးစက်ခံရသူတို့၏ အတွေးထဲမှာ ‘ငါ့’ ပစ္စည်း ‘ငါ့’ ဘဝ ‘ငါ့’ အသက်ထက် အရေးကြီးတာဘာမှမရှိပါ။ ‘ငါ့’ ပစ္စည်းအတွက် ‘သူ့’ ပစ္စည်းကို ယူရဲသည် ယူရက်သည်။ ‘ငါ့’ဘဝအတွက် ‘သူ့’ဘဝကို ဖျက်ရဲသည် ဖျက်ရက်သည်။ ‘ငါ့’ အသက်အတွက် ‘သူ့’ အသက်ကို သတ်ရဲသည်။သတ်ရက်သည်။

သာမန်လူသားတို့သည် သူတို့ကိုယ်သူတို့ကောင်းအောင် ကြိုးစားသည်။သူတို့ပတ်ဝန်းကျင်ရှိ လူသားအချင်းချင်း ရိုင်းပင်းကူညီသည်။မိုက်ဗိုင်းရပ်စ်ကူးစက်ခံရသူများကတော့ တစ်ယောက်တစ်မျိုးစီဆိုသလို သူတို့ကိုယ်သူတို့ အမှန်၊ အမှား မဆန်းစစ်တော့ပါ။သူတို့ပတ်ဝန်းကျင်ရှိ လူသားအချင်းချင်းပေါ် အခွင့်အရေးယူကာ ဆိုးသွမ်းရက်စက်တတ်သည်။သူတို့အသိ သူတို့အတွေးထဲမှာ အရက်သေစာ မူးယစ်ဆေးဝါးသောက်သုံးခြင်းကို အပြစ်ဟု မယူဆသည့်အပြင် စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း၊ ဖြန့်ဖြူးခြင်းတို့ကိုပင် အားကြိုးမာန်တက်ပြုလုပ်ပါသည်။ထိုမူးယစ်ဆေးဝါးများကို အသုံးပြုကာ လူငယ်လေးများကို သိမ်းသွင်းဖျက်ဆီးသည်။လူစင်စစ်ကို ကုန်ပစ္စည်းလို သဘောထားကာ ပေါ့ပေါ့ပါးပါးလေး အရောင်းအဝယ်လုပ်သည်။လူကုန်ကူးသည်။တချို့က လူငယ်လေးများကို နိုင်ငံခြားပို့ပေးမည်ဆိုပြီး ပိုက်ဆံယူသည်။ထို့နောက် လူကိုပါရောင်းစားသည်။တချို့က မိန်းကလေးများကို အွန်လိုင်းမှစည်းရုံးပြီး ရည်းစားဖြစ်ကြသည်။ထို့နောက် ချိန်းတွေ့ ပစ္စည်းယူ လူသတ်သည်။တချို့ယာဉ်မောင်းတွေက သူ့ကားကိုငှားစီးသော ခရီးသည်များထံမှ ငွေကြေးပစ္စည်းများ လုယူသည်။အသာတကြည်လုယူလို့မရလျှင် ထိုခရီးသည်ကို သတ်ပစ်သည်။တချို့က ခရီးသည်အသွင်ယူကာ ယာဉ်မောင်းဆီက ပစ္စည်းယူသည်။တစ်ခါတလေ ထိုယာဉ်မောင်းကိုပါသတ်ပစ်သည်။သူများအိမ်ပေါ်တက်ပြီး လက်နက်ပြခြိမ်းခြောက်ကာ ပစ္စည်းလုသည်။အခြေအနေပေးလျှင် ပစ္စည်းပိုင်ရှင် အမျိုးသမီးကိုပင် ဖျက်ဆီးသည်။ဒါကိုတောင် အားမရသေးလျှင် ပိုင်ရှင်တွေကို သတ်ပစ်သည်အထိ မိုက်ပြတတ်သည်။

မိုက်ဗိုင်းရပ်စ် ကူးစက်ခံရသူတချို့ကတော့ အတူနေမိသားစုကိုတောင် မိုက်သွေးပြကာ မိုက်ရိုင်း ရမ်းကားတတ်ကြသည်။ထိုသူမျိုး ကောင်လေးတစ်ယောက်နှင့် ကြုံဖူးသည်ကို သတိရမိသည်။ခေတ်ပညာတတ် ဘွဲ့ရတစ်ယောက်ဖြစ်သည်။ဉာဏ်ရည်ထက်မြက်သည်။မိသားစုအတွက်သာမက ပတ်ဝန်းကျင်ဆွေမျိုး အပေါင်းအသင်းများပေါ်တွင်လည်း ဆက်ဆံရေးကောင်းပြီး ကူညီတတ်သူတစ်ယောက်ဖြစ်သည်။မိသားစုများပြီး အငယ်ဆုံးသားဖြစ်လို့ မိဘနှင့်တကွ အကိုအမအားလုံးက သူ့ကိုချစ်ကြသည်။အဖေသေဆုံးပြီးနောက် သူ့ကိုပိုအလိုလိုက်ကြသည်။အိမ်ထောင်ကျသွားပြီး မကြာမီ မိန်းမနှင့်ကွဲလာသည်။သမီးလေးတစ်ယောက်ပါလာသည်။သူ့မိသားစုက သူ့ကိုကြည့်ရှုစောင့်ရှောက်ထားသည်။သူ့ကိုရော သူ့ကလေးကိုရော ယုယကြသည်။ဘယ်အချိန်က ဘယ်လိုလုပ်ပြီး မိုက်ဗိုင်းရပ်စ်က အဲဒီကောင်လေးကို ကူးစက်သွားလဲမသိပါ။အရက်သမားလေးဖြစ်သွားသည်။အလုပ်ကထွက်ပြီး ဘာအလုပ်မှ မယ်မယ်ရရ မလုပ်စားတော့။အပြင်မှာ အရက်သောက်လာပြီး အိမ်မှာရှိသော အမေနှင့် အကို အမများကို ပြဿနာအမျိုးမျိုးရှာသည်။အမျိုးမျိုးအကြောင်းပြပြီး ပိုက်ဆံတောင်းသည်။ပထမတော့ သူတောင်းသည့်ပိုက်ဆံကို အသာတကြည်ပေးကြသေးသည်။တဖြည်းဖြည်းနှင့် သူတောင်းသော ငွေပမာဏက များသည်ထက် များလာသည်။အမေနှင့်တကွ တစ်အိမ်သားလုံး စိတ်ညစ်ကြရသည်။အမေနှင့် အမ အကြီးဆုံးဆိုရင် မျက်ရည်နှင့် မျက်ခွက်။မိသားတစ်စုလုံးက သူမတရားလုပ်တာကို ခေါင်းငုံ့ခံနေကြတာကိုကြည့်ပြီး သနားမယ့်အစား အားနာမယ့်အစား အပြစ်ကိုကြောက်ရမယ့်အစား ကျေးဇူးကိုထောက်ထားရမယ့်အစား သူ့ကိုယ်သူရှက်နေရမည့်အစား သူကဂုဏ်ယူဝင့်ကြွားပြီးမိုက်သွေးတွေပြသည် ထက်ပြလာသည်။

တကယ်တော့ မိုက်ဗိုင်းရပ်စ်က အချိန်တိုင်း နေရာတိုင်းမှာ အမြဲရှိနေသော ကူးစက်ဖို့ အမြဲအားဖြည့်ထားသော လောကမှာ ကြောက်စရာအကောင်းဆုံး ကူးစက်ဗိုင်းရပ်စ်ပါ။ကိုရိုနာဗိုင်းရပ်စ်လို ရောဂါပိုးဗိုင်းရပ်စ် အကူးစက်ခံရသူက ဝေဒနာခံစားရလို့ တဖြည်းဖြည်း အားနည်းသည်ထက် နည်းလာသည်။သူ့မျက်နှာမှာ အပြုံးတစ်ချက်တွေ့ရဖို့ မလွယ်တော့ပါ။မိုက်ဗိုင်းရပ်စ် အကူးစက်ခံရသူကတော့ အားကောင်းသည်ထက် ကောင်းလာသည်။သူ့မျက်နှာအမြဲပြုံးနေတတ်သည်။လက်ရှိအချောင်ရတာကို ရှက်ရမှန်းမသိဘဲ ဂုဏ်ယူနေတာပေါ့။သူများပစ္စည်းလည်း အလကားရသေးသည်။ပိုင်ရှင်ကလည်း သူ့ကိုပြန်ကြောက်နေရသေးသည်။သူ့အတွက် ဘယ်လောက်တောင် စည်းစိမ်ကြီးလိုက်သလဲ။ဘယ်လောက်ဇိမ်ရှိလိုက်သလဲ။ ‘ငါကွ’ ဆိုပြီး ဘဝင်များတောင် မြင့်နေလိုက်သေး။ဘုရားမသိ တရားမရှိ သူ့ကိုယ်သူတွင်းတူးပြီး မိုက်နေတာကို သတိမထားဘဲ သာယာနေလိုက်တာ။အမှန်က သူသာ သတိထားမိမယ် တွေးမိမယ်ဆိုရင် မိုးပေါ်ကိုမပြတ်ကြည့်နေသင့်သည်။သူနေနေတဲ့ မြေကြီးကို မပြတ်ကြည့်နေသင့်သည်။သူ့ဘဝ နေဝင်ချိန်မှာ သူ့ကိုမိုးကြိုးပစ်မှန်း မြေမြိုမှန်း သိသွားအောင်ပေါ့။

အချောင်သမားသက်သက် လူစိတ်ကင်းမဲ့သူသက်သက် အလွယ်လမ်းလိုက်သူသက်သက်ဖြစ်သော မိုက်ဗိုင်းရပ်စ် ကူးစက်ခံရသူများကတော့ ဆင်ခြင်အသိမဝင်မချင်း အရှက်အကြောက်မရှိဘဲ ဆက်မိုက်နေကြဦးမှာပါပဲ။

          ဘုရားဟောသလို ‘သဗ္ဗေသတ္တာ ကမ္မသကာ’ ပေါ့လေ။

ရိုက်မောင်း