【 ဆောင်းပါး 】 မိုခါလက်အောက် အပူမီးငြှိမ်းမည့် ဖေးကူလက်များ

【 ဆောင်းပါး 】 မိုခါလက်အောက် အပူမီးငြှိမ်းမည့် ဖေးကူလက်များ

မိုခါဆိုသည့် နာမည်လှလှလေးနှင့် မုန်တိုင်းက ဘဝများစွာကို မလှမပ ဒုက္ခများစွာနှင့် ထားခဲ့လေသည်။  မိုခါမုန်တိုင်း၏ လက်အောက်တွင် သေဆုံးသူများရှိခဲ့သလို ရှင်ကျန်သူများမှာလည်း ဒုက္ခအတိ။

မေလ ၁၄ရက်နှင့် ၁၅ရက်တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့တော်တော်များများကို မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။ စစ်တွေမြို့အနီးမှ ကုန်းတွင်းပိုင်း သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်း ၁၀၀ ကျော်ရှိသည့်အပြင် မုန်တိုင်းဒီရေများလည်း ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့သည်။ 

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကျောက်ဖြူ၊ သံတွဲ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင် စသဖြင့် ရခိုင်ပြည်နယ်ထဲမှ မြို့ပေါင်း ၁၇ မြို့နယ်တွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်တွင် မတူပီ၊ ပလက်ဝ၊ မကွေးတိုင်းဒေသကြီးတွင် ဆင်ဖြူကျွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး စသဖြင့်ဒေသများမှာ မုန်တိုင်းဒဏ်ကို အများဆုံး ထိခိုက်ခံစားခဲ့ကြရသည်။

မုန်တိုင်းကြောင့် မေလ ၁၇ ရက်အထိ စာရင်းအရ တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် လူနေအိမ် ၄၄၉၂၈ လုံးနှင့် သာသနိကအဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများ ပျက်စီးခဲ့ပြီး ပြည်သူ ၄၈ ဦး သေဆုံးကြောင်း မေလ ၁၇ ရက် ညပိုင်းတွင် သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်း မုန်တိုင်းဖြတ်ကျော်သွားသည့် လမ်းကြောင်းတွင် လူဦးရေ ၅ဒသမ ၄ သန်းနီးပါး မုန်တိုင်းဒဏ်သင့်သည့် အခြေအနေရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး )UNOCHA)က ထုတ်ပြန်ထားသည်။  

သဘာဝဘေးအန္တရာယ်ကျရောက်ပြီးချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများစွာ မဖြစ်မနေလိုအပ်သည်။ ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူမတ်နိုင်ရေးကိုပါ ကူညီဖေးမကြရမည်ဖြစ်သည်။ ကျန်းမာရေး စောင့်ရှောက်မှုလည်း များစွာလိုအပ်လှသည်။

သဘာဝဘေးအန္တရာယ်ဒုက္ခများနှင့် မကြာခဏရင်ဆိုင်ရသော မြန်မာနိုင်ငံအတွက်လည်း ကူညီကယ်ဆယ်ဖေးမသည့် ကမ်းလက်များစွာက ရောက်ရှိလာစမြဲဖြစ်သည်။  

၂၀၀၈ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးရှိ လူပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်ကို ချွေယူခဲ့သော နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်တွင်လည်း ပြည်တွင်းပြည်ပမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပြည်တွင်း ပြည်ပမှ ပံ့ပိုးမှုများစွာရှိခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေး၊ ပွင့်ဖြူ စသဖြင့် မြို့များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်စဉ်ကလည်း ပရဟိတအဖွဲ့များစွာက သွားရောက်ကူညီခဲ့ကြသည်။

ယခု မိုခါတွင်လည်း နိုင်ငံတော်နှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းအသီးသီးက ကူညီမှုများစတင်ဆောင်ရွက်နေပြီဖြစ်သည်။

လတ်တလော မိုခါမုန်တိုင်း တိုက်ခတ်ချိန်၌ ရေငန်များဝင်ရောက်လာမှုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ် လျက်ရှိသည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသည့် သစ်ပင်များ၊ ပျက်စီးသွားသော အဆောက်အအုံ အပိုင်းအစများမှာ လမ်းများပေါ်သို့ ဖုံးလွှမ်းနေပြီး ဝန်ဆောင်မှုနှင့် အကူအညီများပေးပို့ရန် ခက်ခဲနေကြောင်း UNDP Myanmar  က ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးရုံး (UNOCHA) ကလည်း မုန်တိုင်းသင့်ပြည်သူများအတွက် အမိုးအကာ၊ ကျန်းမာ‌ရေး၊ အိမ်သုံးပစ္စည်း၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးအကူအညီများ လိုအပ်နေကြောင်း ထုတ်ပြန်ထားသည်။

UNOCHA က ရခိုင်ပြည်နယ်အတွင်းရှိသော စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် မြို့နယ်တို့ရှိ ပျက်စီးဆုံးရှုံးမှုများအတွက် အရေးပေါ်လိုအပ်ချက်များကို ဦးစားပေးစစ်တမ်းကောက်ယူရန် စတင်ပြင်ဆင်နေပြီဖြစ်သည်။

ထို့အတူ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က မြန်မာနိုင်ငံတွင် အနည်းဆုံး လူ ၈သိန်းအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီ လိုအပ်နေကြောင်းနှင့် မေလ ၁၇ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ အာကျိတ်တော်ကုန်းတွင် အဓိဋ္ဌာန်ကျောင်းမှ မုန်တိုင်း ရှောင်ပြည်သူတွေအတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP မှ ရိက္ခာများ စတင်ရောက်ရှိလာပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကလည်း ပြန်လည်ထူထောင်ရေးအတွက် ကျပ် ၁၀ ဘီလီယံကျော် အလှူငွေရထားကြောင်းနှင့် အဆိုပါအလှူငွေများကို ရခိုင်၊ ချင်း၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီး စသည့်ဒေသများမှ ထိခိုက်ပျက်စီးမှုများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးဆောင်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့အတူ တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ၏ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း  တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ လက်တွေ့လိုအပ်ချက်အရ တတ်စွမ်းသမျှ အရေးပေါ် ဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာ ကူညီမှုများပေးအပ်ရန် ဆန္ဒရှိကြောင်း မေလ ၁၅ ရက်က ပြောကြားထားသည်။

ပြည်တွင်းရှိ တရုတ်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော POWERCHINA RESOURCES LIMITED က ရခိုင်၊ ချင်းပြည်နယ်နှင့်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ပြည်သူများအတွက် အလှူငွေကျပ် သိန်း ၅၀၀ နှင့် ဆန်၊ စားသုံးဆီ စသည့် ပစ္စည်းများကို မေလ ၁၆ ရက်တွင် လှူဒါန်းကူညီခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလကလည်း မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးပမာဏများစွာကို လှူဒါန်းခဲ့ပြီး ယခုမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက်လည်း တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ၏ လက်တွေ့လိုအပ်ချက်အရ တတ်စွမ်းသမျှ အရေးပေါ် ဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ကူညီမှုများပေးအပ်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားထားသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လူအင်အား၊ ငွေကြေးအင်အားနှင့် ကူညီနိုင်ရန် အဖွဲ့အစည်းအသီးသီးက အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက်ရှိသော်လည်း တစ်ဖက်တွင် မုန်တိုင်းကြောင့် လောလောလတ်လတ် မိမိတို့၏ အိုးအိမ်အဆောက်အုံနှင့် မိသားစုဝင်များ ဆုံးရှုံးထားရသည့် ပြည်သူများ၏ ရင်တွင်းဒုက္ခအပူမှာလည်း အေးချမ်းနိုင်ဦးမည်မဟုတ်ပေ။

ထို့ကြောင့် မိုခါလက်အောက်ကျရောက်ခဲ့ရသည့် ပြည်သူများ၏ အပူမီးကိုငြိမ်းသတ်ပေးနိုင်ရန် ဖေးကူမည့်လက်များစွာ လိုအပ်နေဦးမည်ဖြစ်သည်။

မေ