【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၃

【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၃

ဆရာလေးက အစအစ စနေဝိုင်းကို ပုံမှန်လာသူမဟုတ်ပေမယ့်၊ ဆရာလေး လည်ချောင်းကင်ဆာဖြစ်နေတာကို အစအစထဲက တစ်ယောက်ကပဲ၊ သတင်းသယ်ဆောင်လာတာပါ။
 
သူနဲ့အတူတူ ပရဟိတလုပ်ဖူးတဲ့ ဂျပန်အဖွဲ့တစ်ဖွဲ့က ဂျပန်ခေါ်သွားပြီး ကုသပေးတယ်။နေကောင်းသွားပြီ။မြန်မာပြည်ပြန်ရောက်နေပြီဆိုတဲ့ သတင်းတွေလဲ ထပ်ကြားရပါတယ်။ဂျပန်မှာ သွားကုတာဆိုတော့ စိတ်ချသွားပါတယ်။စာတွေ့နဲ့ ကိုယ်တွေ့တချို့အရ ဂျပန်တွေက (အများစုကိုဆိုလိုပါတယ်) အလုပ်ကို တိတိကျကျလုပ်တယ်။သေသေချာချာလုပ်တယ်။ဇွဲကြီးကြတယ်။စည်းကမ်းကြီးကြတယ်။အချိန်လေးစားတယ် စသဖြင့် သိထားလို့ရော ကုသခတစ်ပြားမှ မပေးရဘူး၊ ဂျပန်က ကုန်ကျစရိတ်ခံပေးတယ်ဆိုလို့ အော် - ဆရာလေး သူ့စေတနာတွေသူ့ကို ပြန်အကျိုးပေးတာပဲလို့တွေးပြီး ဝမ်းသာမိပါတယ်။
 
နောက်ဆက်တွဲကြားရတာက ၆ လတစ်ခါ စင်ကာပူသွားပြီး ဆေးစစ်ရတယ်။ကင်ဆာဆဲလ်မရှိ တော့ဘူးဆိုလို့ ဆရာလေး ကျန်းမာရေးကို စိတ်ချရပြီလို့ ယုံကြည်ခဲ့ပါတယ်။
 
နှစ်တွေအများကြီး ဆရာလေးနဲ့ မတွေ့ရာက၊ ပထမဆုံးပြန်တွေ့တာ ၂၀၁၉ မေလ၊ ဆရာဒဂုန်တာရာ ရာပြည့်ပွဲသွားတဲ့ ခရီးမှာပါ။ဆရာအဝကျွန်းချစ်‌မောင်တို့နဲ့ ရူပါနေဝင်း ဘယ်သူစီစဉ်ပေးလဲ၊ ဒါမှမဟုတ် ပူးတွဲစီစဉ်ပေးတာလားမသိတဲ့ အဝေးပြေးဘတ်စ်ကား ၃ စင်းနဲ့ လိုက်ပါလာကြပြီး ရန်ကုန်က စာရေးဆရာတွေ အောင်ပန်းကို ချီတက်ကြပါတယ်။လမ်းမှခဏနားတော့ ကားအောက်ဆင်းပြီး၊ အပေါ့အပါးသွားကြ၊ လက်ဖက်ရည်၊ ကော်ဖီ၊ မုန့် စားကြသောက်ကြပါတယ်။ 
 
ကားပေါ်ကဆင်းတော့ ဆရာလေး တခြားကားပေါ်က ဆင်းလာတာနဲ့ တန်းတိုးပါတယ်။ဆရာလေးကို အရင်ပုံစံအတိုင်းတွေ့ရလို့ ဝမ်းသာသွားပါတယ်။
 
“ဟာ ဆရာလေးပါလာတာ မသိဘူး။ကျမ ဒီကားနဲ့လိုက်လာတာ။ကော်ဖီသောက်သွားမလို့ လိုက်ခဲ့ ပါလား”
 
“မလိုက်တော့ဘူး။ကျနော်က သူတို့နဲ့ ပျားရည်သွားသောက်မလို့” ပြန်ဖြေလို့ ကြည့်လိုက်တော့၊ သူ့ဘေးမှာ တခြားစာရေးဆရာ ကဗျာဆရာတွေပါလာတာ တွေ့လိုက်ပါတယ်။
 
ဟင် ဒီအချိန်ကြီး ပျားရည်သောက်တယ်တဲ့လား။တကယ်တော့ ပျားရည်ဆိုတာ မနက်အိပ်ရာထ၊ ညအိပ်ခါနီး သောက်ကြတာပဲလို့ တွေးနေတဲ့ ကျမလဲ၊ အနားရောက်လာတဲ့ ရုပ်ရှင်တေးကဗျာတင်တင်ဦးနဲ့ ကဗျာဆရာမ မအိကြောင့် ဆက်မတွေးဖြစ်တော့ပါဘူး။
 
နောက်မှ ဆရာလေး တကယ်သွားသောက်တာ ဘီယာဆိုတာ သိလာရပါတယ်။ဆရာလေးက
“မခင်နှင်းဦး ပျားရည်ကြိုက်လား” မေးတိုင်း ကျမက ဘီယာကို ဆိုလိုတာမှန်းမသိဘဲ
“ကြိုက်တယ် ဆရာ။အများကြီးတော့ မသောက်ဘူး။မနက်ဘက် ဇွန်းသေးလေးတစ်ဇွန်းလောက်တော့ သောက်တယ်” ပြန်ဖြေတိုင်း၊ ဆရာလေးအားရပါးရရယ်တဲ့ အဓိပ္ပာယ်ကိုလဲ သိလာလို့ ပြုံးမိပါတယ်။
 
အစအစတို့ စနေမနက် ပုံမှန်မဆုံနိုင်ကြတော့ပေမယ့်၊ အရေးအကြောင်းရှိရင်တော့ ဖုန်းနဲ့ဆက်သွယ်ကြပါတယ်။ဒါနဲ့မှ မလုံလောက်ရင် လူချင်းတွေ့ကြပါတယ်။အခုနောက်ပိုင်း တစ်ခါတလေသာ ဝိုင်းဖြစ်တဲ့ စနေဝိုင်းကို ဆရာရှမ်း လာမြဲလာပေမယ့်၊ ဆရာ့လှုပ်ရှားပုံတွေ လေးလံနှေးကွေးလာပါတယ်။
 
ဆရာက ပင်ကိုယ်စကားနည်းသူဖြစ်လို့ စနေဝိုင်းမှာ ဆရာတင်မိုးလို ဦးဆောင်ပြောဆိုသူမဟုတ်ဘဲ၊ သူများတွေပြောတာကို နားထောင်တာကများပါတယ်။စီးကရက်လေးဖွာလိုက်၊ ခေါင်းလေးညိတ်လိုက်နဲ့ ပြုံးနေတတ်ပါတယ်။ဆရာမသန့်စင်အေး (မမြငြိမ်း) က ဆရာ့ကို တန်ဖိုးထားခင်မင်သူပီပီ၊ စီးကရက်လျှော့သောက်ဖို့ပြောရင် ပြုံးနေပေမယ့်၊ စီးကရက်သောက်မြဲပါပဲ။
 
သိသိသာသာယိုယွင်းလာတဲ့ ဆရာ့ကျန်းမာရေးကို စိတ်ပူပြီး၊ ဆရာကြည်ဇော်ထူး (ဦးကြည်ထူး) က “ဒီနှစ် ဆရာ့မွေးနေ့ပွဲလေး လုပ်ပေးရအောင်” လို့ လှုံ့ဆော်ပါတယ်။အားလုံးသဘောတူကြပါတယ်။
 
ကြည်ဇော်ထူးက ဦးဆောင်ပြီး ကုန်ကျမယ့် ငွေကြေးကို နိုင်သလောက် ဝိုင်းထည့်ကြပါတယ်။
 
ဆရာ့မွေးနေ့က ( ၂.၂.၁၉၃၃) ဖြစ်ပေမယ့်၊၁၅.၂.၂၀၁၅ မှာမှ ဆရာရှမ်း ၈၂ နှစ်မြောက် မွေးနေ့ကို ကျင်းပပေးခဲ့ကြပါတယ်။ဖော့ကန်၊ သုခလမ်းက ဓမ္မာရုံလေးထဲမှာ မွေးနေ့အခမ်းအနားကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ကျင်းပခဲ့ကြပါတယ်။အစအစတွေသာမက၊ တခြားစာရေးဆရာတွေ၊ ဆရာ့ညီမဆွေမျိုးတွေ၊ စာပေချစ်သူတွေပါ လာကြလို့ စည်ကားသိုက်မြိုက်တဲ့ပွဲလေးဖြစ်ခဲ့ပါတယ်။
 
ဆရာ့ကို ဂုဏ်ပြုစကားတွေပြောကြ၊ ကဗျာတွေရွတ်ကြပြီး အကျွေးအမွေးနဲ့ဧည့်ခံပါတယ်။ဆရာယဉ်မင်းပိုက်နဲ့ နောက်ပန်းချီဆရာတယောက်က ဆရာရှမ်း ပန်းချီပုံတူကား တစ်ချပ်စီယူလာပြီး၊ ဆရာ့ကို မွေးနေ့လက်ဆောင်ပေးကြပါတယ်။ဒီပွဲဟာ ဆရာရှမ်း ကျင်းပခွင့်ရသွားတဲ့ နောက်ဆုံးမွေးနေ့ပါ။အဲဒီနောက် တရှောင်ရှောင်ဖြစ်နေတဲ့ ဆရာရှမ်းရဲ့ ရောဂါအဖြေတိတိကျကျထွက်လာပါပြီ။
 
ပန်ကရိယကင်ဆာ အဆင့် ၄ တဲ့။
 
ကျမတို့က ဆရာရှမ်းကင်ဆာဖြစ်မယ်ဆိုရင်၊ အဆုတ်ကင်ဆာဖြစ်မှာလို့ တွက်ဆခဲ့ကြပေမယ့်၊ ထွက်လာတဲ့အဖြေက ပန်ကရိယကင်ဆာတဲ့။ဘာပဲဖြစ်ဖြစ် ကင်ဆာဆိုတဲ့အသံက ကျမတို့ကိုစိတ်ဓာတ်ကျစေပါတယ်။ဆရာ့အသက် ၈၀ ကျော်လာပြီ။ ခွဲရစိတ်ရမယ်၊ ဓာတ်ကင်ရမယ်ဆိုရင် ဒီဒဏ်တွေကို ဘယ်လိုခံနိုင်ပါ့မလဲ တွေးပူကြပါတယ်။
 
လက်တွေ့အရ ဆရာတိုက်စိုး လည်ချောင်းကင်ဆာဖြစ်တော့ ဆရာ့အသက် ၈၀ ကျော်ပါပြီ။ခွဲစိတ်တာ ခံယူပြီး ပြန်သတိရတာမြန်လို့ ဆရာဝန်တွေတောင် အံ့ဩခဲ့ကြရပေမယ့်၊ နောက်တစ်နှစ်ကျော်အကြာမှာ အကျိတ်တွေ ပြန်ထွက်လာပြီး၊ ကွယ်လွန်ခဲ့တာကိုလဲ ပြန်သတိရလာပါတယ်။
 
ဆရာရှမ်းကို ဆရာလေး မကြာခဏလာကြည့်ပေးနေတယ်။ကုသပေးနေတယ်ဆိုတာသိပေမယ့်၊ ကျမတို့ လူနာမေးသွားတိုင်း ဆရာလေးနဲ့မဆုံဖြစ်ကြပါဘူး။ဆရာတာရာရဲ့ ရာပြည့်ပွဲမှာမှ ပြန်တွေ့ရတာပါ။
 
ဆရာရှမ်း တရှောင်ရှောင်ဖြစ်လာပြီး၊ နောက်ဆုံးဝိတိုရိယဆေးရုံတင်လိုက်ရပြီတဲ့။
 
ဆရာရှမ်းရော ဆရာတိုက်စိုးရော ကင်ဆာဒဏ်ခံရင်း သေမင်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားကြပုံကတော့ အတုယူစရာပါ။ရောဂါကြောင့် ဆရာရှမ်း အိမ်မှာနားနေရတုန်းကလဲ သတင်းလာမေးသူတွေရှေ့မှာ နာကျင်ဟန်မပြဘဲ၊ တတ်နိုင်သမျှ ပြုံးပြပါတယ်။ဆရာ့အပြုံးကြားမှာပဲ ဆရာအတော်ခံစားနေရကြောင်း အရိပ်အယောင်တွေက ထင်ဟပ်နေပါတယ်။ဆေးရုံကို သတင်းမေးလာသူတွေကိုလဲ တတ်နိုင်သမျှ ဟန်မပျက်ပြုံးပြတုန်းပါပဲ။မဆုံးမီ တစ်ရက်အလို လာတွေ့တဲ့ စာရေးဆရာတယောက်ရဲ့စာအုပ်ပေါ်မှာတောင် လက်မှတ်ထိုးပေးတဲ့အထိ ရောဂါကို အံတုအားတင်းထားတာက မြင်ရသူတွေကို စိတ်ထိခိုက်စေပါတယ်။
 
ဆရာရှမ်း အသက် ၈၃ ပြည့်ပြီး၊ သုံးပတ်မြောက်အရောက် ၂၆.၂.၂၀၁၆ မှာ ဆရာကွယ်လွန်ပါတယ်။ကျမတို့ အစအစရဲ့ နတ်နေကိုင်း ၂ ကိုင်း စလုံး ကျိုးပျက်ခဲ့ပါပြီ။ဆရာတင်မိုး ရှိစဉ်တုန်းက ဆရာတင်မိုးက တစ်ခါတလေ အစအစတွေကို သူ့အိမ်ကိုခေါ်ပြီး ကျွေးမွေးတတ်ပါတယ်။အဲဒီအချိန်ဆို ဆရာ့သမီးတွေနဲ့သာမက ရန်ကုန်မှာ ဆရာ့သမီးတွေကို လာစောင့်ရှောက်နေတဲ့ ကန်မြဲကလာတဲ့ ဆရာ့ညီမကိုပါ တွေ့ရတတ်ပါတယ်။ဒါ့အပြင် စနေဝိုင်းကို မိုးချိုသင်း လိုက်လာတတ်လို့ ချိုသင်းနဲ့လဲ အစအစတို့ ရင်းနှီးကြပါတယ်။
 
ဆရာရှမ်း နေမကောင်းမှ ဆရာ့အိမ်ကို သတင်းမေးသွားရင်း၊ ဆရာရှမ်း ဇနီး၊ သားသမီးတို့ကို တွေ့ဖူးလို့၊ ရင်းနှီးမှုသိပ်မရှိပါဘူး။စနေဝိုင်းကိုလဲ ဆရာရှမ်း သားသမီးတွေ တစ်ခါမှလိုက်မလာကြပါ။ဒါပေမဲ့ ဆရာကွယ်လွန်ပြီးချိန်မှာတော့ ကျန်ရစ်တဲ့ ဆရာ့မိသားစုက ဆရာ့ကို တန်ဖိုးထားသလို အစအစတွေကိုလဲ တန်ဖိုးထားကြောင်း သိလာရပါတယ်။ဆရာ့နှစ်ပတ်လည်အတွက် အလှူအတန်းလုပ်တဲ့အခါတိုင်း အစအစတွေကို တခုတ်တရဖိတ်ပါတယ်။ဒါကြောင့် ဆရာရှမ်း ဆုံးပြီးမှ ဆရာ့ဇနီး (ဆရာမဒေါ်ခင်သန်း)၊ တစ်ဦးတည်းသော ဆရာ့သမီး ခင်နံ့သာဦး၊ သား မောင်သစ္စာ၊ မောင်မေတ္တာတို့နဲ့ ထိတွေ့ရင်းနှီးလာပါတယ်။
 
ကိုဗစ်ဖြစ်တဲ့နှစ်ကစပြီး ဆရာရှမ်းအတွက် ပြုလုပ်တဲ့ နှစ်ပတ်လည်အလှူကို ဆရာမတို့ကလဲ မဖိတ်၊ ကျမတို့ကလဲ မသွားဖြစ်တော့ပါ။ ၂၀၂၂ နှစ်ဦးမှာ ဆရာလေးရဲ့သတင်းဆိုးကိုကြားလိုက်ရပါတယ်။အစအစရဲ့ နောက်တိုးအဖွဲ့ဝင် ကဗျာ ဆရာ ဇော်ဖိုးထင်က “ဆရာလေး လည်ချောင်းမှာ ကင်ဆာဆဲလ် ပြန်တွေ့တယ်။ကျနော်တို့ နိုင်သလောက် စုပေးကြမလို့။ဆရာမပါဦးမလား” တဲ့။
 
ကျမလဲ သန့်စင်အေးကို ဆက်အသိပေးပြီး၊ နိုင်သလောက်ထည့်ကြမယ်။ဖိုးဇော်တို့ ဆရာလေးဆီသွားရင် တို့နဲ့ မမြငြိမ်း (သန့်စင်အေး) လဲ လိုက်မယ်လို့၊ ဇော်ဖိုးထင်ကို အသိပေးထားလိုက်ပါတယ်။
 
၂၀၂၂ ဇန်နဝါရီထဲမှာပဲ ဖိုးဇော် (ဇော်ဖိုးထင်) ကားနဲ့ ကျမတို့ ဆရာလေးကိုတွေ့ဖို့ သွားကြပါတယ်။မမြငြိမ်းက ဒူးနာပြီး လမ်းမလျှောက်နိုင်လို့ ကျမပဲပါသွားပါတယ်။ဟိုတုန်းကတည်းက ဆရာလေးဘယ်မှာ‌နေတယ် အတိအကျမသိပေမယ့်၊ ကျောက်မြောင်းဆိုတာတော့ သိပါတယ်။
 
ဖိုးဇော် ကားက ကျောက်မြောင်းဘက်မောင်းနေတာမဟုတ်လို့ “ဆရာလေး အိမ်ပြောင်းသွားတာလား” မေးမိပါတယ်။
 
“မပြောင်းဘူး ဆရာမ။ဆရာလေးက ကျနော်တို့ဆီလာမှာ” လို့ ဖိုးဇော်က ပြန်ဖြေတယ်။ကန်လမ်းက အိမ်တစ်အိမ်ရှေ့ရောက်တော့ ခြံစောင့်လို့ထင်ရတဲ့ လူငယ်တစ်ယောက်က ခြံတံခါးလာဖွင့်ပေးပါတယ်။ဒါဖိုးဇော်တို့အိမ်။အိမ်ငှားတွေ မနေတော့လို့ လောလောဆယ်လွတ်နေတဲ့ အိမ်တဲ့။
 
ဆရာလေးနဲ့ ဆင်လှ၊ မြို့ထဲမှာနေတဲ့ ဆရာထက်မြက်တို့ ရောက်နှင့်နေကြပါတယ်။ဧည့်ခန်းထဲဝင်လာတော့ စားစရာတချို့ စားပွဲပေါ်မှာရှိနေပြီး၊ စားပွဲအစပ်မှာတော့ ဆရာလေးရေးခဲ့တဲ့ စာအုပ်တချို့ကို ပုံထားပါတယ်။ဆရာလေးကိုကြည့်ရတာ ရွှင်ရွှင်လန်းလန်းပေမယ့်၊ စကားပြောတဲ့အခါ အသံက အရင်လိုမဟုတ်ဘဲ ရှတတဖြစ်နေပါတယ်။ကျမတို့ကို သူ့စာအုပ်တွေထဲက ကိုယ်ကြိုက်ရာတစ်အုပ်စီယူပါတဲ့။တစ်ယောက်တစ်အုပ်ယူပြီးတော့ စာအုပ်လေးအုပ် ကျန်နေသေးတယ်။ကျန်နေတဲ့ စာအုပ်တွေကို ဆရာလေးက မဲဖောက်ပေးလို့ ကျမတစ်အုပ်ထပ်ရပါတယ်။လက်ထဲရောက်လာတဲ့ စာအုပ်က “ကင်ဆာမဖြစ်အောင် နေထိုင်စားသောက်နည်း”
ကြည့်ရတာ သူကင်ဆာဖြစ်ပြီးနောက်ပိုင်းရေးတဲ့စာအုပ်ဖြစ်မယ်လို့ တွေးမိပေမယ့် မေးမကြည့်တော့ပါဘူး။
 
ဖိုးဇော်ရဲ့ ဝမ်းကွဲညီတွေလို့ ထင်ရတဲ့ ခြံတံခါးလာဖွင့်ပေးသူက မနက်စာအဆင်သင့်ချက်ထားပါတယ်။ဆရာလေးအတွက် စုယူလာတဲ့ ငွေကိုပေးပြီး၊ ရောဂါအကြောင်း ဘာမှမပြောကြဘဲ၊ စာအကြောင်း စာရေးဆရာတွေ အကြောင်းပဲပြောကြ၊ ထမင်းစားကြပါတယ်။ညနေ ၃ နာရီလောက်ကျတော့ သူတို့ ရီဝေဝေဝိုင်းချင်တာ ကျမပါလို့ အခက်ကြုံနေတယ်ဆိုတာ သိလာပါတယ်။
 
“အစထဲက ရီဝေဝေဝိုင်းမယ်ဆို လိုက်မလာဘူး။ဆရာလေးဆီသွားမယ်ဆိုလို့ ဆရာလေးကျန်းမာရေး သိရအောင် လိုက်လာတာ။ဝိုင်းတော်မူကြပါ” လို့ ပြောပြီး၊ ခြံထဲထွက်ထိုင်၊ စာဖတ်နေလိုက်ပါတယ်။
 
(ဆက်လက်ဖော်ပြပါမည်။)
 
ခင်နှင်းဦး