【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ (၇)

【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ (၇)

မိုးတစိမ့်စိမ့်ရွာနေရာမှ သည်းချင်သည်း ရပ်ချင်ရပ်သွားသည်ကို အခန်း၏ မှန်တံခါးမှတစ်ဆင့် သူငေးကြည့်နေသည်။ယခင်ကတော့ အိပ်ချိန်မှအပ အချိန်ပြည့်နီးပါး သွားလာလှုပ်ရှားနေရစဉ်က သည်လို မိုးရွာသည်ကို သတိမထားအား၊ ယိုးမယ်မဖွဲ့အားခဲ့ပေ။ယခုမူ မိုးရွာသံဖျော့သွားသည်။အသံကျယ်လာသည်ကအစ စိတ်ကသိနေသည်။မျက်လုံးကလည်း မိုးစက်မိုးပေါက်များကို ငေးနေမိသည်။

“ဖုန်းဝင်လာတယ်။လေထီးဦးအုန်းမောင် သမီးတဲ့။နီနီမာတဲ့။မနက်ဖန်လာမယ်တဲ့” သူ့ကိုအနီးကပ်ပြုစုပေးနေသော နှမဖြစ်သူ ခေတ္တနယ်သို့ပြန်သွားစဉ်၊ အဖော်အဖြစ် ခဏလာနေပေးသည့် သူငယ်ချင်းဆရာဝန်၏ အသံကြောင့် သူသတိပြန်ဝင်လာသည်။လည်ချောင်းအပေါက်ဖောက်လိုက်ရပြီးကတည်းက၊ သူ့အသံက ပိုအားနည်းသွားသည်။ရှတတအသံဖြင့် တစ်ဘက်သို့ ပြန်ဖြေရသည်မှာ အဆင်မပြေ။သို့ဖြင့် ဖုန်းလာလျှင် သူငယ်ချင်းက နားထောင်ပေးပြီး သတင်းပြန်ပေးသည်။လူက ၁၅ ပေ၊ ပေ ၆၀ တိုက်ခန်းကျဉ်းလေးထဲတွင် ငုတ်တုတ်ထိုင်လျက်၊ စိတ်က ကဆုန်ပေါက်ထွက်လေပြီ။

တကယ်တော့ သူလည်ချောင်းကင်ဆာဖြစ်နေကြောင်း စသိခဲ့သည်မှာ ၂၀၁၂ ခုနှစ်။ယခု ၂၀၂၃ ဆိုတော့ သူ့ကင်ဆာသက် ၁၁ နှစ်ကျော်ခဲ့ပြီ။သူ့တွင် သည်ဝေဒနာဆိုး ဘယ်အချိန်က စတင်စွဲကပ်ခဲ့သည်မသိ။အင်းလေ - ကင်ဆာဖြစ်ပြီ ကြိုသိဖို့ဝေးစွ၊ စောစောစီးစီးသိသူပင်ရှားမည် ထင်၏။သူကုသပေးခဲ့ဖူးသည့် ကင်ဆာရောဂါသည်များခမျာ တချို့က အဆင့် - ၃ တွင် သိကြပြီး၊ အများစုက နောက်ဆုံးအဆင့်ဟုဆိုရမည့် အဆင့် - ၄ ရောက်မှ သိကြကြောင်း သူပြန်သတိရလာသည်။သူလည်း ပုံမှန်သွားလာလှုပ်ရှားနေပြီး မိမိကိုယ်မိမိကျန်းမာနေသည်ဟု ခံယူထားသူ။ဂျပန်သို့ သွားရောက် ဆုယူရမည်ဖြစ်၍ ၂၀၁၂ အောက်တိုဘာလဆန်းတွင် ခရီးသွားရန် ပြင်ဆင်ရသည်။ထိုစဉ် ခင်မင်ရင်းနှီးနေသော ဆရာဝန်မတစ်ယောက်က ဆေးစစ်သွားလိုက်ပါဟု တိုက်တွန်းသဖြင့် ဆေးစစ်ရာမှ လည်ချောင်းကင်ဆာ အဆင့် - ၁ ဆိုသော အဖြေထွက်လာသည်။အဆင့် - ၁ ဆိုတော့ ယခုမှ အစပျိုးရုံသာဟုတွေးရင်း ဂျပန်သို့ထွက်ခဲ့ရသည်။ကင်ဆာရောဂါသည်အတော်များများကို ကုသပေးဖူး၊ ကြုံထားဖူး၍ တုန်တုန်လှုပ်လှုပ်တော့ သိပ်မဖြစ်မိ။ကင်ဆာကို ရင်းနှီးကျွမ်းဝင်နေသလိုပင် ခံစားလိုက်ရသေးသည်။  

လေထီးဦးအုန်းမောင်သည် သူလေးစားရသည့် နိုင်ငံရေးသမားတစ်ဦး။စာရေးဆရာတစ်ဦး။လေထီးဦးအုန်းမောင် လည်ချောင်းကင်ဆာဖြစ်ပြီဟု သိရပြီးနောက်၊ အိမ်သို့သွားကြည့်ပေးသည်။လိုအပ်သည်များကို ကူညီလုပ်ကိုင်ပေးသည်။သည်ကျေးဇူးတွေကို ဆရာ့သမီး နီနီမာက ဘယ်တော့မှမမေ့ပါဟုပြောရင်း၊ သူ့အတွက် ယူဆောင်လာသည့် စားသောက်ဖွယ်ရာများကို စားပွဲပေါ်သို့ တင်လိုက်သည်။

သူဘာမှမမေးရသေးမီ၊ နီနီမာက “ဖေ့စ်ဘုတ်ပေါ်မှာ အစ်မခင်နှင်းဦး ရေးတင်နေတာဖတ်ရလို့၊ ဆရာနေမကောင်းပြန်ဖြစ်နေတယ်ဆိုတာ သိရတာ - - -” ဟု အစချီပါသည်။

သူကဖေ့စ်ဘုတ်မသုံး။သူ့မှာ အချိန်သိပ်မကျန်တော့ဟု သိရချိန်တွင် ကျန်ရှိသည့်အချိန်ကို အကျိုးရှိရှိသုံးရန် သူဆုံးဖြတ်ထားသည်။ဖေ့စ်ဘုတ်သုံးသူအများစု ဖေ့စ်ဘုတ်စွဲနေသည်ကိုလည်း သူမကြိုက်။သည်ဖေ့စ်ဘုတ်ဖြင့် သူအချိန်ကုန်မခံနိုင်။သို့သော် သည်ဖေ့စ်ဘုတ်ကြောင့်ပင် သူ့တွင် ကင်ဆာဆဲလ်ပြန်တွေ့ပြီး ကုသရပြန်ပြီဆိုသည့် သတင်းက သူနှင့်ရင်းနှီးသော စာပေလောကသားများကြားသို့ တောမီးသဖွယ် ပျံ့နှံ့သွားသည်။သူ့တွင် ကင်ဆာဆဲလ်ပြန်တွေ့သည်ကို မပြောမဖြစ်သူတချို့မှအပ သူအသိမပေးဘဲနေခဲ့သည်။ ၂၀၂၁ နှစ်ကုန်တွင် သူ့ကိုစမ်းသပ်စစ်ဆေးပေးသော ဆရာဝန်က “၆ လပဲ” ဟု အတိုချုံး အသိပေးပြီး၊ သူ့မျက်နှာကိုကြည့်သည်။

သူက ပြုံးလျက် “ပြင်ဆင်ဖို့ အချိန်နှစ်ဝက်ကျန်နေသေးတာပဲ” ဟု အရွှန်းဖောက်လိုက်ပြီး နှစ်ယောက်သား ရယ်မောမိကြသည်။ ဆရာဝန်များအတွက် နာခြင်းနှင့် သေခြင်းတရားသည် မဆန်းပါ။သို့သော် လူတွေ နာမကျန်းဖြစ်ကြတာ၊ သေဆုံးကြတာကို ထပ်တလဲလဲတွေ့ရစဉ် မတုန်လှုပ်ကြသော်လည်း၊ မိမိကိုယ်တိုင်သေရမည်ဆိုသည်ကို သိရချိန်တွင်မူ အများစုက တုန်လှုပ်ကြသည်။ယခု သူမတုန်လှုပ်ဟု မလိမ်ညာလိုပါ။သို့သော် သွေးပျက်ကြောက်လန့်ခြင်းကားမရှိ၊ ရင်ဆိုင်ရုံပဲဆိုသည့် စိတ်က ဦးဆောင်နေသည်။

မနီနီမာမေးသည့် မေးခွန်းများကို ပြန်ဖြေရသည်။ထုံးစံအတိုင်း သတင်းမေးလာသူက အားပေးသည်။ပြန်ကောင်းသွားမှာပေါ့။မည်သို့ဖြစ်စေ လေထီးဦးအုန်းမောင်ကို ကုသပေးတုန်းက တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးစားခဲ့သည့် နိုင်ငံရေးသမားတစ်ဦး၊ စာရေးဆရာတစ်ဦးအဖြစ် လေးစားရသူကို မိမိတတ်ကျွမ်းသည့်ပညာဖြင့် ပြန်ပေးဆပ်လိုသည့် စေတနာသာရှိခဲ့သည်။ဤသို့ မိမိကိုယ်တိုင် ကင်ဆာရောဂါသည်ဖြစ်လာပြီး၊ ဆရာလေထီးသမီးက တဖန်လက်ခံရမည်ဟု အိပ်မက်ပင် မမက်ခဲ့။ဆရာလေထီးသည် အသက် ၈၀ ကျော်နေစေကာမူ၊ ကင်ဆာဒဏ်ကို တည်တည်ငြိမ်ငြိမ်ခံယူလျက်၊ သေမင်းကိုလည်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သွားသည်။

ဆရာလေထီးဦးအုန်းမောင် ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၂၈ ရက်နေ့၌ အသက် ၈၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ကံတရားက ဆန်းကျယ်ပါပေသည်။လေထီးဦးအုန်းမောင်နှင့် ဆရာတိုက်စိုးတို့သည် ဖျာပုံသားဖြစ်ကြပြီး ငယ်သူငယ်ချင်းများဖြစ်ကြပြီး၊ ဆရာလေထီးက ဆရာတိုက်စိုးထက် တစ်နှစ်အသက်ကြီးသည်။သည်အသက် သည်အရွယ်ထိ သူတို့ချင်း မင်းနှင့်ငါနှင့်ပြောကြသည်ကို သူသဘောကျသည်။ဆရာတိုက်စိုးက ညွှန်ကြားရေးမှူးချုပ် ရာထူးလက်ကိုင်ရှိသူ။ဆရာလေထီးက ဘာရာထူးမျှမရှိသူ။သို့သော် ထိုညွှန်ကြားရေးမှူးချုပ်ရာထူးက သူတို့အတွက် အရေးပါပုံမရ။ ဆရာတို့၏စကားဝိုင်းတွင် သူနစ်မြောရသည်။ဆရာတိုက်စိုးသည်လည်း သူလေးစား တန်ဖိုးထားရသည့် စာရေးဆရာတစ်ဦး။ပညာရှင်တစ်ဦး။လေထီးဦးအုန်းမောင်နှင့် ဆရာတိုက်စိုးတို့ကို တွေ့မြင်ရတိုင်း သူတို့၏ ရိုးရှင်းမှု ပွင့်လင်းမှု မာန်မာနကင်းမှုများက ဖမ်းစားခြင်းကို သူခံစားရသည်။သူတို့နှစ်ယောက်က မင်းနှင့်ငါနှင့် စကားပြောကြသည်။သူတို့တွင် ပြောစရာ ငယ်ဘဝအကြောင်း၊ စာအကြောင်းတွေကလည်း များလှသည်။ဆရာလေထီး ကွယ်လွန်ပြီး တစ်နှစ်ကျော်အကြာတွင် ဆရာတိုက်စိုးလည်း လည်ချောင်းကင်ဆာ အဆင့် - ၄ တဲ့ ဆိုသော သတင်းက သူ့ဆီရောက်လာသည်။အော် - သည်သူငယ်ချင်းနှစ်ယောက်ကလည်း၊ ရောဂါတောင် ဆင်တူဖြစ်ကြသကိုးဟု ဆိုချင်စရာ။

ဆရာတိုက်စိုး နှင်းဆီကုန်း နားနှာခေါင်းလည်ချောင်းဆေးရုံတွင် တက်ရောက်ပြီး ခွဲစိတ်မှုခံယူသည်။ခွဲစိတ်ပေးသူက ဆရာဇော်ဂျီ၏ သားသမက် သမားတော်ကြီး ဒေါက်တာမျိုးမင်း။ခွဲစိတ်မှုအောင်မြင်ရုံသာမက၊ ထိုနေ့က ခွဲစိတ်ခံရသည့် လူနာများအနက် ဆရာတိုက်စိုးက အသက်အကြီးဆုံး။သို့သော် ပထမဆုံးပြန်သတိရလာသူ စသည့် သတင်းများ သူ့ဆီရောက်လာသည်။ဆရာအိမ်ပြန်ရောက်ပြီကြားသည်နှင့် သူသွားတွေ့သည်။ဆရာနှင့် သူ့ဇနီး ဆရာမတက္ကသိုလ်မြစိမ်းတို့က တောင်ဥက္ကလာပတွင် နေထိုင်ကြသည်။  အိမ်အကူလေးတစ်ယောက်၊ ကြောင်တစ်ကောင်နှင့် အတူနေနေကြသည်။ကြောင်ကတော့ ဆရာမမြစိမ်း မွေးထားတာ။ဆရာမက ကြောင်ချစ်သတဲ့။ဆရာ့ကို အပြုံးမပျက်တွေ့ရသည်။ဆရာတိုက်စိုးနှင့် ဆရာလေထီး အသက် ၈၀ ကျော်အရွယ်တွင် လည်ချောင်းကင်ဆာဖြစ်ကြပုံ တူရုံသာမက၊ ညာဘက်လည်ပင်းအောက်ခြေနေရာ၌ အကြိတ်စထွက်လာကြပုံကလည်း တူနေပြန်သည်။

ခါတိုင်းလိုပင် ရယ်ရယ်မောမော ရွှင်ရွှင်ပျပျဖြင့် သူ့ကိုနှုတ်ဆက်စကားပြောသဖြင့် သူစိတ်သက်သာရာရသွားပြီး၊ ဆရာ၏ အသက်အရွယ်နှင့်မလိုက် ခံနိုင်ရည်ရှိပုံကို နှစ်ခြိုက်မိပြန်သည်။ဆရာတိုက်စိုးလည်း ကင်ဆာဟု သိရပြီး တစ်နှစ်ကျော် နှစ်နှစ်ခန့်တွင် ဆုံးပါးခဲ့သည်။ဆရာလေထီးက အသက် ၈၂ တွင် ကွယ်လွန်သည်။ဆရာတိုက်စိုးက ၈၃ နှစ်တွင် ကွယ်လွန်သည်။ယခု မနီနီမာကို ပြန်တွေ့ရတော့၊ ဆရာလေထီးကိုသာမက၊ ဆရာတိုက်စိုးကိုပါ ပြန်သတိရပြန်သည်။

တမလွန်မှာ စကားတွေဖောင်ဖွဲ့နေကြပြီလား။သူလည်း ဆရာတို့နောက်လိုက်ဖို့ မဝေးလှတော့ပေ။တမလွန်တွင် သုံးယောက်သားပြန်ဆုံရပါက၊ ဆရာတိုက်စိုးက
“ဟာ - ခင်ဗျားက ငယ်သေးတာကို၊ ဘယ်နှယ့်လိုက်လာရတာလဲ” ဟူသော ပဋိသန္တာရ စကားဆိုလေကြမလား။”

မည်သို့ဆိုစေ၊ ကင်ဆာကြောင့် သူစိတ်ဓာတ်ကျမိသည့်အခါ ဆရာကြီးနှစ်ယောက်ကို ပြန်တွေးရင်း အားတင်းရသည်။ဆရာလေထီးရော ဆရာတိုက်စိုးပါ သူတို့လည်ချောင်းကင်ဆာဖြစ်ပြီဟု သိရချိန်တွင်၊ ကင်ဆာက အဆင့် - ၄ ဖြစ်နေပြီ။သူတို့အသက်က ၈၀ ကျော်။သို့သော် သူတို့နိုင်သလောက် ကင်ဆာကို အံတုရင်ဆိုင်သွားကြသည်။သူတို့နှစ်ယောက်စလုံး၏ နောက်ဆုံးအချိန်တွင် သူရှိနေသည်။မညည်းမညူ အသံထွက်အော်ဟစ်ခြင်းကင်းလျက်၊ သေခြင်းကို ရင်ဆိုင်သွားကြသည်။

မိမိကား စတင်သိရချိန်တွင် အဆင့် - ၁။စိတ်ပူစရာအဆင့်မဟုတ်ပေ။တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်က ဂျပန်သို့သွားရန် ပြင်ဆင်နေရချိန်။ဂျပန်တွင် တက်ရောက်ရမည့် ဆုပေးပွဲကလည်း ကိုယ့်ဘက်က ပြင်ဆင်ခွင့်မရှိ။ဂျပန်တို့ စည်းကမ်းကြီးကြောင်း၊ အလုပ်ကိုတိတိကျကျလုပ်ကြကြောင်း သူသိသည်။သို့ဖြင့် ခရီးစဉ်ကို နောက်ဆုတ်၍မရ။

၁၉၇၃ တွင် သူဆယ်တန်းအောင်ခဲ့ပြီး၊ ဆေးတက္ကသိုလ် (၁) တွင် ဆက်လက်ပညာသင်ခဲ့သည်။သူတို့တုန်းက ပြည်လမ်းမဘေးရှိ လိပ်ခုံးခန်းမကို မဖျက်ရသေးပေ။ဆေးတက္ကသိုလ် (၁) ကလည်း လိပ်ခုံးခန်းမတည်ရှိသည့် ပရဝဏ်ထဲတွင်ရှိသော အဆောက်အအုံတွင်တက်ရသည်။လူအများကလည်း ဆေး (၁) နှင့် လိပ်ခုံးကို တွဲလျက် မှတ်သားကြ၊ ပြောကြသည့်ကာလ။ ၁၉၈၇ တွင် သူ အမ်ဘီဘီအက်စ် ဆေးပညာဘွဲ့ရရှိခဲ့သည်။ပွဲဦးထွက် ၈၈၈၈ အရေးတော်ပုံနှင့် ကြုံလာချိန်တွင် ဆေးကျောင်းပြီးစ ကျောင်းသားလူထွက်ဖြစ်သော်လည်း၊ အထွေထွေဆရာဝန်များအဖွဲ့နှင့် ရော၍လိုက်ပြီး ဆန္ဒပြခဲ့သည်။ ၁၉၉၀ ပြည့်နှစ်ရောက်မှ ကျောက်မြောင်း၊ ကျားကွက်သစ်၊ သမဝါယမဆေးခန်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၉၂ မှ ၁၉၉၄ အထိ၊ တာမွေမြို့နယ် ကျောင်းကျန်းမာရေး ဆွဲခန့်ဆရာဝန်အဖြစ် တာဝန်ထမ်းခဲ့သည်။သည်နောက် လွတ်လပ်သည့် ပုဂ္ဂလိကဆရာဝန်အဖြစ်သာ ဆေးခန်းထိုင်တော့သည်။မည်သည့်အစိုးရအလုပ်မှ မလျှောက်တော့ပေ။ဒါကလည်း အချိန်ပြည့် ဆေးခန်းတစ်ခုပြီး တစ်ခု ပြေးထိုင်ခြင်းမရှိ။ဆေးခန်းတစ်ခန်းသာ သတ်မှတ်ချိန်အတိုင်း ထိုင်သည်။အဘယ်ကြောင့်ဆိုသော် သူ့တွင် ဆရာဝန်အလုပ်ထက်စော၍ လုပ်နေသည့် အလုပ်တစ်ခုကရှိနှင့်နေသည်။ သူငယ်စဉ်ကပင် စာဖတ်ဝါသနာပါသည်။သူတို့တုန်းက ယခုလို နည်းပညာမတိုးတက်သေး။ထိုသို့ နည်းပညာမတိုးတက်ခြင်းကပင် သူ့ကို စာအုပ်ချစ်သူဖြစ်လာစေသည်ဟု ယုံကြည်ခဲ့သည်။ထိုစဉ်က လူငယ် လူရွယ်များအတွက် တီဗွီလည်းမရှိ။လက်ကိုင်ဖုန်းဖြင့် လိုရာကိစ္စဆောင်ရွက်၍ရသော ခေတ်လည်းမဟုတ်။အိုးမကွာ အိမ်မကွာရနိုင်သည့် ဖျော်ဖြေမှုဟူ၍ ရေဒီယိုဖြင့် ဖမ်းယူနားထောင်ရသည့် မြန်မာ့အသံသာရှိသည်။သီချင်းနားထောင်ခြင်း၊ ဇာတ်လမ်းပမာ နားဆင်စရာ၊ သီချင်းကြီးကဏ္ဍ စသည့် စိတ်အပန်းဖြေစရာများနှင့် စာဖတ်ခြင်းတစ်မျိုးသာ ကိုယ်နှင့်မကွာလုပ်၍ရသည်။သီချင်းနားထောင်ချင်လျှင်ပင် ရေဒီယိုက လွှင့်ထုတ်ပေးသည့် သီချင်းကို သာ နားထောင်ရသည်။ကိုယ်ကြိုက်သည့်သီချင်းကို ကိုယ်နားထောင်ချင်သည့်အချိန်လာစေဟု မန်းမှုတ်၍မရ။သို့ဖြင့် စာဖတ်ခြင်းတွင် ပို၍ သူမွေ့ပျော်လာသည်။စာတွေ ဖတ်ရင်း၊ ဖတ်ရင်း ပရဟိတလုပ်လိုစိတ်ကလည်း တိုးပွားလာသည်။ ၁၉၈၇ ဆေးကျောင်းအပြီးတွင် တစ်ကိုယ်တော်ပရဟိတကို စတင်လုပ်ဆောင်ခဲ့သည်။ထို့နောက် ကျောက်မြောင်း သမဝါယမဆေးခန်းတွင် ထိုင်ဖြစ်ခြင်းကြောင့်၊ ကိုအောင်ကြင်နှင့် သိကျွမ်းလာရသည်။ကိုအောင်ကြင်ကလည်း ပရဟိတလုပ်နေသူ။သူတို့ခေတ်တုန်းကတော့ သူတို့လုပ်နေသည်ကို ပရဟိတရယ်လို့လည်း ကင်ပွန်းမတပ်ကြ။အကူအညီလိုနေသူများကို ကိုယ့်ဘာသာ လူမသိသူမသိ တစ်ပိုင်တစ်နိုင် ကူညီကြခြင်းဖြစ်သည်။

ကိုအောင်ကြင်နှင့် သူ ခင်မင်လာကြသော်လည်း၊ ဘဝချင်းကား တခြားစီ။သူက ဆရာဝန်။ကိုအောင်ကြင်က ပန်းထိမ်ပညာရှင်။ကျောက်မြောင်းဈေးထဲတွင် ကိုအောင်ကြင် ရွှေပန်းထိမ်ဆိုင်ရှိသည်။သူတို့နှစ်ယောက်သည် စာဖတ်ဝါသနာပါခြင်း၊ စာပေကို ချစ်မြတ်နိုးကြခြင်း၊ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာများကို တန်ဖိုးထားခြင်းနှင့် အကူအညီလိုအပ်နေသူများကို ကူညီလိုခြင်းဆိုသည့် အချက်များတူနေသည်က သူတို့၏လက်တွဲကို ခိုင်မြဲစေခဲ့သည်။ သူဆေးကုသပေးရာသို့ ကိုအောင်ကြင် လိုက်ပါပေးသည်။ကိုအောင်ကြင် ကူညီနေသည့်သူများထံသွားလျှင် သူလိုက်ပါပေးသည်။အခက်ကြုံရသည်က သူရော ကိုအောင်ကြင်ပါ အသက် ၃၀ ကျော် လူလွတ်လူပျိုနှစ်ယောက်။အိမ်တိုင်ရာရောက် ဆေးသွားကုပေးရသည့်အခါ မိန်းကလေးလူနာများလည်း ပါလာတတ်သည်။

သတိကြီးသူတချို့က “ခင်ဗျားတို့နှစ်ယောက်ကတော့ သဘောရိုးနဲ့ ကူညီချင်စိတ်နဲ့ လုပ်နေကြတာ။ဒါပေမဲ့ ခင်ဗျားတို့ လောကကြီးနဲ့လူတွေဟာ အမြဲရိုးရှင်းမနေဘူးဆိုတာ သိဖို့လိုတယ်။ခင်ဗျားတို့ ရုပ်တွေက ဖြူဖြူသန့်သန့်။တစ်ယောက်က ရွှေပန်းတိမ်ပိုင်ရှင်။တစ်ယောက် ဆရာဝန်။တော်ကြာ ကျွန်မခြင်ထောင်မပြီး ဝင်လာပါတယ် ထအော်ခံရပြီး၊ မိသားစုကလည်း၊ ဟုတ်ပါတယ်။မှန်ပါတယ်။ဒီလူရွယ်နှစ်ယောက် ကျွန်မသမီးကို ဘယ်နှယ့်ညာနှယ့် ဇာတ်လမ်းဆင်လာရင်၊ ခင်ဗျားတို့နာလိမ့်မယ်။ဖြေရှင်းရ အင်မတန်ခက်တယ်။ဒီနည်းနဲ့ ဒုက္ခရောက်သွားသူတွေရှိတယ်။ အဒေါ်၊ အစ်မ တစ်ယောက်ယောက်၊ ခင်ဗျားတို့နဲ့ပါလာပါစေ။ခင်ဗျားတို့ နှစ်ယောက်ထဲ လတ်လျားလတ်လျား သွားမနေကြနဲ့” တဲ့။

            (ဆက်လက်ဖော်ပြပါမည်။)

ခင်နှင်းဦး