【 ဆောင်းပါး 】 မြင်ခြင်း တွေးခြင်း ခံစားခြင်း

【 ဆောင်းပါး 】 မြင်ခြင်း တွေးခြင်း ခံစားခြင်း

စိတ်ခံစားမှုဆိုသည်မှာ ထုရိုက်မှု၊ တွေ့ထိမှုနှင့် မြင်တွေ့ခြင်းတို့မှဖြစ်လာသည့် သက်သက်တော့မဟုတ်။စေ့ဆော်ဖန်တီးလာသည့် တခြားသော သက်ရောက်မှုအမျိုးမျိုး (ရာသီ၊ အပူ၊ အငွေ့နှင့် အနံ့အသက်) ကြောင့်လည်း ဖြစ်နိုင်သည်။မြင်ခြင်းကနေဖြစ်လာသည့် စိတ်ခံစားခြင်းမှသည် တခြားသော စိတ်ခံစားချက်များဆီသို့ ဆက်နွယ်လာတတ်သည်။

ချေဂွေဗားရားသည့် ကျနော်တို့ခေတ်၏ တွန်းလှန်ခြင်း သင်္ကေတဖြစ်သည်။အရောင်များထဲတွင် အနီရောင်သည် ရဲရင့်ခြင်းကို ကိုယ်စားပြုသည်။တက်တူးထိုးခြင်းသည် ကိုယ့်လမ်းကိုယ်ဖောက်နေခြင်းကို သွယ်ဝိုက် အသိပေးခြင်းဖြစ်သည်။ရော့ခ်ဂီတဖြင့် မကျေနပ်မှုကို ကျနော်တို့ခေတ်က ဖောက်ခွဲခဲ့သည်။သို့သော် တွေးခြင်းတွင်မူ အိုရှိုးကိုကျော်ကာ ဘာထရန် ရပ်ဆဲလ်၊ယန်းပေါလ်ဆတ်ကိုဖြတ်ပြီး မောင်ချောနွယ်၏ ကိုက်လမ်းတွင် ဆုံးခဲ့ကြသည်။ တစ်ခါတလေ ပြန်စဉ်းစားတော့ သိမ်ကြီးစျေး စီရုံအောက် စည်ကားခဲ့သော ရက်စက်သည့် ညများက အတွေးများထဲ အပြိုင်းအရိုင်း မတွေးဘဲ ရှိနေခဲ့လေသည်။

                                                                      (၁)

မနက်ဖြန်ဆိုလျှင် ကျနော့်အသက် ၄၀ ပြည့်ပြီ။သည်နေ့သည် ၃၉ ထဲ ရှိနေသည်ဟု ဆိုသည်။သို့သော် ကျနော့်စိတ်က အသက် ၂၀ လည်း ဖြစ်နိုင်သလို အသက် ၆၀ လည်း ဖြစ်နိုင်သည်။ထို နှစ် ၄၀ ထဲ ကျနော့်စိတ်သည် မရောက်သေးသော နေရာမှသည် ပျောက်ဆုံးကုန်သော ခေတ်ကာလများထိ လူးလာခေါက်တုံ ရောက်နေတတ်သည်။

ကျနော် ဘယ်လိုလုပ် အသက် ၄၀ ဖြစ်လာသနည်းဆိုသည်မှာ အတော်ကိုခေါင်းစားသည့် အဖြေဖြစ်သည်။အသက်ကို လူတိုင်းက သူတို့လိုချင်သောနှစ်တွင် ရပ်ထားလိုသည်။ထိုထဲ ကျနော်ပါ၊ မပါ မသေချာ။သို့သော် တစ်ခုတော့ ကျနော်စဉ်းစားမိသည်။ဘ၀နှင့် အချိန်ကာလကို လိုသည့်နေရာသို့ ပြန်ရွှေ့သည့်အခါ ဘယ်အရာမဆို နှစ်ခါထပ်ဖြစ်လိမ့်မည် ဆိုသည်ခြင်းပင်။အသဲကွဲလျှင်လည်း နှစ်ခါ၊ သေကွဲ ရှင်ကွဲ ကွဲရလျှင်လည်း နှစ်ခါ။အရိုက်ခံရလျှင်လည်း နှစ်ခါ။ငယ်စဉ် ကလေးဘဝမှာ ရပ်ထားရမည်ဆိုလျှင် အတန်းတစ်ခုကို နှစ်ခါပြန်တက်ရမည်ဖြစ်သည်။ထိုသို့ဆိုလျှင် အသက်ကို လိုချင်သည့်နေရာရပ်ဖို့ ရွေးကြရန် ကျနော်တို့ လိုချင်ပါ့မလား။

လူတိုင်း ဒီနေ့မှာ နေချင်ကြသည်။ဒီနေ့မှာပဲ ရပ်ထားချင်သည်။သို့သော် အနာဂတ်ဆိုသည်ကိုမျှော်ပြီး ဒီနေ့မှာ လုပ်လက်စတွေကို ရပ်သည့်အခါ အရာရာသည် အစကနေ ပြန်စရန်ပင် လွယ်မည်မထင်။ချစ်ခြင်းမေတ္တာသည်လည်း ထိုနည်းလည်းကောင်း၊ တက်မက်မှုသည်လည်း ထိုနည်းလည်းကောင်း။ပို၍ကောင်းမည်ထင်သော အရာများ မနက်ဖြန်တွင်ရှိမည်ဟု မျှော်လင့်ကြသည့်အခါ၊ ပို၍ကောင်းသော ဘ၀များ မနက်ဖြန်များတွင်ရှိမည်ဟု ယုံကြည်ထားသည့်အခါ  ယနေ့တွင် ရပ်မည်ဆိုသော ဆန္ဒသည် တဖြည်းဖြည်းပွန်းစားမည်ဖြစ်သည်။သို့သော် မနက်ဖြန်တွင် ဘာမှမရှိခြင်းကို အချိန်လွန်မှ သိသည့်အခါ ကိုယ်လိုချင်သည့် အချိန်ကာလတွင် မရပ်တန့်ခဲ့ခြင်းကို ကျနော်တို့ နောင်တရကြသည်။

တကယ်တော့ သေဆုံးခြင်းသည့် ကိုယ်လိုချင်သည့် အရွယ်နှင့် အသက်ကို ရပ်တန့်ထားနိုင်သည့် လွယ်ကူစွာရနိုင်သော နည်းလမ်းဖြစ်သည်။  

                                                                      (၂)

ညက ကျနော်နေသော တိုက်ခန်း၏ မျက်နှာချင်းဆိုင် တိုက်ခန်းမှာနေသော လူတစ်ယောက် သေကြောင်းကို လာအကြောင်းကြားသည်။သေဆုံးသူ၏ ယောက်ယက်ခတ်နေသည့် အတွေးကို ကျနော် ဒီဘက်မှမြင်ရသည်။လှေကားမှ တံခါးဝထိ၊ တံခါးဝမှ စိုက်ထားသည့် အပင်များထိ၊ သံပန်းမှာဆွဲထားသည့် သစ်ခွအိုးအချို့သည့် သေသူ၏ အတွေးကြောင့် အနည်းငယ်လှုပ်သွားသည်။လူအချို့ ငိုသည်။တချို့က ငိုသည်ကို ကြောက်လန့်နေသူလည်းရှိသည်။ဒန်ဒရိုဘီယံ ခရမ်းရောင်လေးက ဒီဘက်မှကြည့်သည့်အခါ ညဘက်တွင် ဆတ်ခနဲ ဆတ်ခနဲ။ အချိန်ကာလကြာမြင့်စွာ ပျောက်နေသူတစ်ဦး၏ သေဆုံးခြင်းမှာ စိတ်ကသိကအောက်ဖြစ်စရာဖြစ်သည်။သေသူမှာ သေဆုံးကြောင်း မသေသူတွေ အတည်ပြုမှ သေရသည့်အခါ သေသူ၏ အတွေးတွေက အိမ်ကို ပြန်ရှာတွေ့ဟန်တူသည်။အရာရာကို ဒီဘက်ကနေ  ကျနော်မြင်နေရသည်။သေသူ၏ အတွေးတွေ ဘာကြောင့်ဆောက်တည်ရာမရဖြစ်နေသည်ကို ကျနော် ဘာကြောင့်မြင်နေရသလဲ။သေချာကျနစွာ စဉ်းစားကြည့်သည့်အခါ ကျနော်တို့လည်း သေသူတွေဖြစ်နေပင်ဖြစ်သည်။    

ကျနော်တို့ခေတ်က လွတ်မြောက်သွားသူများကို လမ်းမပေါ်၊ ဘူတာပေါ်၊ကားဂိတ်မှာ၊ ကတ္တရာလမ်းပေါ်၊ ကုန်းတံတားအထက် အုံနှင့်ကျင်းနှင့် တွေ့ရသည်။တချို့က အတွေးမှ၊ တချို့က ဘ၀မှ၊ တချို့က အသက်ရှင်ခြင်းမှ။အမျိုးမျိုးလွတ်မြောက်သွားကြခြင်းဖြစ်သည်။ကျနော်တို့ကကော ဘယ်ကနေ လွတ်မြောက်ပါသနည်း။

ယနေ့အပူချိန်သည့် လေးဆယ်ကျော်ပြီ။မီးရှို့အသတ်ခံရသောသူတစ်ယောက် ဘယ်လောက်အပူချိန်တွင် သိမှုခံစားချက်မဲ့သွားသလဲဆိုသည်ကို အရိပ်မရှိသော ဘတ်စ်ကားမှတ်တိုင်အောက် ကျနော်စဉ်းစားနေမိသည်။လူတစ်ယောက် အပူချိန်ဘယ်လောက်ထိ ခံနိုင်ရည်ရှိသလဲ။ထိုသည်အခါ အဲလ်ဘတ်ကမူး၏ The Outsider ထဲမှ ဇာတ်ကောင် မားဆိုးလို လွတ်နေစဉ်က ခေါင်းဖြတ်သတ်စက်အောက်ကနေ လွတ်သွားသည့် လူတွေအကြောင်း  မစဉ်းစားမိခဲ့ခြင်းကို အပြစ်တင်သလို တင်နေမလားပင်။

အသုတ်ဆိုင်တစ်ခု၊ ခပ်ယဲ့ယဲ့ခုံများဖြင့် ချခင်းထားသော အရက်ဖြူဆိုင်တစ်ဆိုင်၊ တစ်ချောင်း ငါးဆယ်တန် အသားအစအနများဖြင့် နီရဲသော ဆိုးဆေးများရှိရာ တုတ်ထိုးဆိုင်တစ်ခု၊  မျက်နှာထားတင်းတင်းဖြင့် ထိုင်ဆဲနေသည့် သနပ်ခါးထူလဗျစ်လိမ်းထားသည့် စိတ်မနှံ့သော မိန်းမကြီးတစ်ဦး၊ ဖောက်သည်မရသေးသဖြင့် နေ့ခင်းဘက် အခက်တွေ့သည့် မျက်နှာဖြူဖျော့ဖျော့ဖြင့် နေ့ပျော်ငှက်တစ်ကောင်၊ အရက်ဆိုင်ထဲ စကတ်တိုတိုဖြင့် အမူးသမားတွေကို အရောင်းမြှင့်တင်နေရသည့် ဘွဲ့ရအမျိုးသမီးငယ်တစ်ဦး။ထိုသည်များက ကျနော်တို့ အသက် ၂၀ တုန်းကလည်းရှိခဲ့ပြီး အသက် ၄၀ တွင်လည်း ရှိနေဦးမည့် အရာများဖြစ်သည်။

                                                                      (၃)

အကြောက်တရားသည် ညဘက်တွင် ခေါင်းအုံးအောက်ရှိကာ နေ့ဘက်တွင် လဘက်ရည်ဆိုင်တွင် ရှိလေသည်။မရေရာမှုများအတွက် ကြောက်ရသောနေ့များရှိသလို မသေချာသော နေ့များအတွက်လည်း ကြောင့်ကြရခြင်းများရှိသည်။အချိန်မတန်ခင် သီးပွင့်လာသော အကြောက်တရားများက ကျနော်တို့ခေတ်တွင် လမ်းများထက် ဖွေးဖွေးလှုပ်ပွင့်နေသည့်ကို တွေ့ရသည်။ထိုပန်းများကို ကြည့်နေဆဲမှာပင် တချို့က ထိုပန်းများဖြစ်သွားသလို တချို့က ကြွေသွားသည့် ပွင့်ဖတ်များဖြစ်သွားသည်။တချို့ကတော့ ထိုပန်းတွေပွင့်ဖို့ ရေနှင့် မြေဩဇာဖြစ်သွားသည်။တစ်ခါတလေ ကျနော်တို့ကိုယ်တိုင် အကြောက်တရား၏ ပင်စည်နှင့် အကိုင်းအခက်အလက်များ၊ရေသောက်မြစ်များဖြစ်သွားသည်။

မြင်သည်။တွေးသည်။ခံစားသည်။ထိုသည်မှာ ကျနော်တို့ရှင်သန်ရာခေတ်၏ တစ်ကိုယ်ရည် သိမှုမဲ့ခြင်းဖြစ်သည်။အနာဂတ်တွင် ဘာတွေရှိသလဲဆိုသည်ကို လူတွေသိချင်ကြမည်။တကယ်တော့ အနာဂတ်ဆိုသည်မှာ ဘယ်တော့မှ မရောက်သည့် အချိန်ကာလဖြစ်သည်။သို့သော် တွေးခြင်းဖြင့် သွားသည့်အခါ အတိတ်ကာလထဲ အနာဂတ်က ရောက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

တကယ်တော့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဆိုသည်မှာ တစ်ရက်တည်း၊ တစ်ချိန်တည်းတွင် သီးပွင့်သော အရာများဖြစ်သည်ကို ကျနော်တို့မသိကြခြင်းဖြစ်သည်။

လင်းနိုင်‌ကျော်စိုး