【 ဆောင်းပါး 】 မြန်မာ့အသက်သွေးကြော “ဆန်”

【 ဆောင်းပါး 】 မြန်မာ့အသက်သွေးကြော “ဆန်”

နိုင်ငံအသီးသီး၊ လူမျိုးအသီသီးတို့တွင် မတူညီသော ရိုးရာအစားအစာများရှိသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား မျိုးနွယ်အသီးသီးမှာပင် မတူညီသော ရိုးရာအစားအစာများရှိသည်။

ဥပမာဆိုလျှင် မြန်မာလူမျိုးတို့တွင် မုန့်ဟင်းခါးသည် အထင်ရှားဆုံး အစားအစာတစ်မျိုးဖြစ်သည်။ယခုခေတ်တွင် တရုတ်၊ ကိုရီးယား၊ ထိုင်း၊ ဂျပန်၊ အိန္ဒိယ အစရှိသော နိုင်ငံများ၏ အစားအစာ၊ ယဉ်ကျေးမှုများကလည်း မြန်မာနိုင်ငံတွင် လွှမ်းမိုးလျက်ရှိသည်။

တရုတ်အစားအစာများသည် မြန်မာပြည်တွင် ကလေး၊ လူကြီး လူကြိုက်များပြီး အလွန်ရင်းနှီးနေသော  အစားအစာများဖြစ်သည်။တရုတ်ဟင်းလျာ၊ အစားအစာများသည် မြန်မာပြည်တွင်သာမက အာရှနိုင်ငံများ၊ အမေရိကန်၊ သြစတြေးလျ၊ အနောက်ဥရောပနှင့် တောင်အာဖရိကနိုင်ငံများထိ ပျံ့နှံ့သည်။အရှေ့ဥရောပနှင့် တောင်အာရှ ဒေသများတွင်လည်း တရုတ်ဟင်းလျာကို ကြိုက်နှစ်သက်သူများလာသည်။

မြန်မာပြည်တွင် လူသိများပြီး အလွန်ရင်းနှီးနေသော တရုတ်အစားအစာများကတော့ ဆီချက်ခေါက်ဆွဲ၊ ကော်ရည်ခေါက်ဆွဲ၊ ပေါက်စီ၊ ခုနှစ်လွှာပေါက်စီ၊ အီကြာကွေး၊ ပီကင်းဘဲကင်၊ ဖက်ထုပ်၊ ဖက်ထုပ်ကြော်၊ ကော်ပြန့်ကြော်၊ ကော်ပြန့်စိမ်း၊ တို့ဖူးနွေး၊ တို့ဖူးချဉ်၊ စွမ်ထန်၊ မုန့်ညှင်းချဉ်၊ ဝက်အူချောင်း၊ ဘဲဥငန်၊ ကောက်ညှင်းထုပ်တို့ဖြစ်သည်။ဆန်မု့န်ချို၊ ဆန်ကိတ်မုန့်နှင့် ဝက်သားကောက်ညှင်းထုပ်တို့ကလည်း လူကြိုက်များသည့် တရုတ်အစားအစာ မုန့်ပဲသရေစာများဖြစ်ပါသည်။

တရုတ်ပြည်မတွင် ဆန်ပြုတ်ပလိန်းတစ်ခွက်က နံနက်စာအတွက် အဓိကစားစရာတစ်ခုပဲဖြစ်ပါသည်။ဆန်ပြုတ်ပလိန်းကို တရုတ်ပြည်မတွင် ပိုင်ကျိုးဟု ခေါ်ဆိုကြသည်။တရုတ်ပြည် အလယ်ပိုင်းနှင့် မြောက်ပိုင်းမှာ အဓိကစားသုံးကြပါသည်။တရုတ်ပြည်တွင် ဆန်ပြုတ်ကို နေရာဒေသအလိုက် မတူညီသော အရသာ၊ ချက်ပြုတ်နည်းများဖြင့် တွေ့ရှိနိုင်သည်။တရုတ်ပြည်တွင် ဆန်အမျိုးအစားများစွာရှိပြီး မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲထွက် စားသောက်ကုန်များကို အထူးကြိုက်နှစ်သက်ကြသည်။

မေလအတွင်းက တရုတ်ပြည်၌ ကျင်းပခဲ့သော ဟူနန် (ဟွမ်းဟွာ) RCEP စီးပွားရေးနှင့် ကုန်သွယ်မှုကုန် စည်ပြပွဲတွင် လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားတို့အပါအဝင် RCEP နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်ပြသခဲ့သည်။

မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ သရက်သီး၊ ကော်ဖီ၊ ပယင်း၊ သစ်သားလက်မှုပစ္စည်း စသည့် မြန်မာ့လယ်ယာထွက်ကုန်နှင့် လက်မှုပစ္စည်းများကို ပြသခဲ့ကြသည်။

ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ဆန်ကွဲကို အထူးနှစ်သက်ခဲ့သည်။မြန်မာနိုင်ငံမှ တင်ပို့သော ဆန်ကွဲကို တရုတ်နိုင်ငံမှ ဆန်မှုန့်အပါအဝင် ဆန်ထွက်ကုန်များ ထုတ်လုပ်ကြသည်။ Guangxi Shengweida International Trade ကုမ္ပဏီလိမိတက်မှ ကွမ်ရှီးစားသုံးသူများအကြား ရေပန်းစားနေသည့် မြန်မာ့ဆန်ကို ခရုမြီးရှည်ထုတ်လုပ်ရန် ဆောင်ရွက်နေသည်။

မြန်မာ့ဆန်ကွဲသည် ဆန်ခေါက်ဆွဲထုတ်လုပ်ရာတွင် သဘာဝကပေးသည့် အားသာချက်များရှိပြီး အမျိုးတူထုတ်ကုန်များထက် ပို၍ကောင်းမွန်သည်ဟု Guangxi Shengweida International Trade ကုမ္ပဏီက ပြောသည်။ထို့အပြင် မြန်မာ့ဆန်ကွဲဖြင့် ထုတ်လုပ်သည့် ခရုမြီးရှည်များသည် တရုတ်ဈေးကွက်တွင် အရောင်းသွက်သည့်အပြင် မြန်မာနိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချနေကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံထက် အဆပေါင်းများစွာ နည်းပညာဖွံ့ဖြိုးမှုအားကောင်းသော နိုင်ငံတစ်ခုဖြစ်သည်။မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များကို အများဆုံးဝယ်ယူစားသုံးကြပြီး အဆင့်မြှင့်ထုတ်ကုန်များ ပြန်လည်ထုတ်လုပ်၍ စားသုံးကြသည်။မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ရသော လယ်ယာထွက်ကုန်များတွင် ဆန်နှင့် ဆန်ကွဲ တင်ပို့မှုလည်း အပါအဝင်ဖြစ်သည်။တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဆန်စပါးကုန်သွယ်မှုများနှင့်ပတ်သက်၍ မကြာခဏတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကြသည်။

ပြီးခဲ့သည့်ဇွန်လက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူနန်ပြည်နယ်၊ ဟွိုင်ဟွာခရိုင်၊ ဟွိုင်ဟာမြို့၊ ကွန်မြူနစ်ပါတီ၊ ကောင်စီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ပညာရှင်များပါဝင်သော ကိုယ်စားလှယ်များက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် လာရောက်တွေ့ဆုံ ဆွေးနွေးကြသည်။နှစ်နိုင်ငံ ဆန်စပါးကုန်သွယ်မှု တိုးမြှင့်နိုင်ရေးတို့အပါအဝင် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၌ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
 
၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ GACC သို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ရန် အဆိုပြုထားသည့် မြန်မာကုမ္ပဏီအရေအတွက် ၁၄၅ ခုရှိပြီး ယခင်နှစ်ထက် နှစ်ဆကျော် ပိုများလာသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲကို တရုတ်နိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ EU နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၂,၂၆၁,၂၀၃ တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၃ ဒသမ ၄၇၂ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အစားအစာတို့တွင် နှစ်နိုင်ငံရင်းနှီးကျွမ်းဝင်နေပြီးသားဖြစ်သည်။

မြန်မာ့ဆန်သည် မြန်မာလူမျိုးတို့အတွက် အသက်သွေးကြောဖြစ်သလို တရုတ်နိုင်ငံတွင်လည်း လူကြိုက်များပါသည်။

သို့ဖြစ်၍  အရည်အသွေးပိုကောင်းသော မြန်မာ့ဆန်ကို ပိုမိုထုတ်လုပ်နိုင်ရန် မျှော်လင့်မိပါသည်။

အမွန်