【 ဆောင်းပါး 】 မှောင်မိုက်မှာရီ (ရယ်)

【 ဆောင်းပါး 】 မှောင်မိုက်မှာရီ (ရယ်)

   လူများစုသည် အလင်းရောင်ကိုသာ နှစ်သက်ကြသည်။အမှောင်ကိုတော့ မကြိုက်တတ်ကြပါ။သို့သော်လည်း လူတချို့ကတော့ အမှောင်ကိုမှကြိုက်တတ်ကြသည်။ထိုသို့ အမှောင်ကြိုက်သူသည် သာမန်လူကောင်းတစ်ယောက်တော့ ဘယ်နည်းနှင့်မှ မဖြစ်နိုင်ပါ။
   အကုသိုလ် ဒုစရိုက်အလုပ် လုပ်ကြသော လူဆိုး၊ သူခိုးတို့သည် အလင်းရောင်အောက်မှာ အလုပ်မလုပ်ကြပါ။မှောင်ရိပ်ခိုပြီး အလုပ်လုပ်ကြသည်။ညဉ့်နက်လို့ မှောင်မိုက်လေလေ သူတို့အတွက် အလုပ်ပိုဖြစ်လေ မဟုတ်ပါလား။
   အမှောင်လောကသားဆိုတာက လောဘသမားတွေဖြစ်သည်။သာမန်လောဘသမားက အမှောင်ကို ရှာရသည်။မှောင်ချိန်ကို စောင့်ရသည်။မှောင်ရိပ်ခိုရသည်။သူတို့သည် အမှောင်ကို အားကိုးရသည်။
   သာမန်လောဘထက် လွန်ကဲသူများကတော့ အမှောင်ရိပ်ကို ခိုစရာ မလိုအပ်တော့ပေ။သူတို့ အတွက် ဘယ်အချိန် ဘယ်ကာလ ဘယ်နေရာရောက်ရောက် အမြဲမှောင်နေလေပြီ။သူတို့က မသိမှု အမိုက်မှောင်၏ အရှင်သခင်များ ဖြစ်နေလေပြီ။
   အမှောင်ထဲမှာ လောဘ ဒေါသ မောဟ လွန်ကဲသော အမိုက်မှောင်သည် အဆိုးဝါးဆုံးဖြစ်၏။ထိုအမိုက်မှောင်သည် ဆိုးဝါးလှသော်လည်း ထိုအမှောင်ထဲသို့ ဝင်ရောက်မိလျှင် တော်ရုံအသိနှင့် အလင်းထဲသို့ ပြန်မဝင်ဖြစ်တတ်ကြပေ။မသိမှု အမိုက်မှောင်ကို သာမန်လူအများစုက ကြောက်ကြ သည်။ထိုအမှောင်ထဲဝင်ရန် တွန့်ဆုတ်ကြသည်။လူနည်းစုအချို့ကတော့ အမှောင်၏ အရသာကို အစွဲကြီးစွဲကာ ထိုအမိုက်မှောင်ထဲမှ လုံးဝပြန်မထွက်ချင် ကြတော့ပေ။ပြန်မထွက်ဖြစ်ကြတော့ပေ။
   တချို့က ငွေကြေးပစ္စည်းဥစ္စာကြောင့် အမိုက်မှောင်ထဲ တိုးဝင်ကြသည်။တချို့ကတော့ ကလဲ့စား ချေချင်စိတ်ပြင်းကာ အမိုက်မှောင်ထဲ ဝင်သည်။တချို့ကတော့ မနာလိုဝန်တိုစိတ်များကာ အမိုက် မှောင်ထဲဝင်သည်။တချို့ကတော့ သွေးသားဆန္ဒ လွန်ကဲကာ ကာမအမိုက်မှောင်ထဲဝင်သည်။
   ထိုအမိုက်မှောင်ကြိုက် လူသားတချို့မှာ တရားခြင်း၊ မတရားခြင်း မှန်ခြင်း၊ မှားခြင်း ကုသိုလ်၊ အကုသိုလ် ခွဲခြားနိုင်ခြင်း မရှိတော့ပါ။ကျေးဇူးတရားကိုလည်း နားမလည်တော့ပါ။လူအများ အမြင်ကောင်း၊ မကောင်းလည်း မဆင်ခြင်နိုင်တော့ပါ။လိမ်လည်လှည့်ဖျား မုသားစကားဆိုရမှာလည်း မရှက်မကြောက်တော့ပါ။
   ကာမဂုဏ်ကြောင့် အမှန်၊ အမှားမကြည့် သစ္စာမရှိ ကျေးဇူးမသိတော့ဘဲ မုသားအတိ ဆင်ခြင်ဉာဏ်နတ္ထိ အရှက်မရှိဘဲ မျက်ကန်းဉာဏ်ကန်းဖြစ်ခဲ့သည့် ရွှေမင်းသမီးတစ်ယောက် ရှိခဲ့ဖူးပါသည်။
   ဗာရာဏသီပြည့်ရှင်မင်းကြီး ဗြဟ္မဒတ်မှာ သားတော်ခုနစ်ပါးရှိသည်။အကြီးဆုံးသည် ဘုရား လောင်း ပဒုမမင်းသား ဖြစ်သည်။ဘုရင်ကြီး၏ သားတော်ခုနစ်ပါးသည် လူငယ်လူရွယ်များဖြစ်သော ကြောင့် နန်းတော်မင်းရင်ပြင်မှာ ရံရွှေတော်များနှင့် တက်တက်ကြွကြွ သွားလာလှုပ်ရှားနေတတ်ကြ သည်။
ထိုသို့ သန်မာသွက်လက်စွာ သွားလာနေသော သားတော်များကိုမြင်တိုင်း စိတ်ထဲတွင် စိုးရိမ်စိတ်ဖြစ်ရသည်။သားတော်များက လူသူအင်အားနှင့် သူ့ကိုပုန်ကန်၍ ထီးနန်းလုယူမှာကိုဘတွေးကြောက်လာ သည်။ထို့ကြောင့် သားတော်များကိုခေါ်ကာ နန်းတော်မှ ထွက်ခွာစေပြီး သူနတ်ရွာစံမှ ပြန်လာ၍ ထီးနန်းအုပ်ချုပ်ရန် အမိန့်ပေးလိုက်သည်။
သားတော်ခုနစ်ပါးလည်း သူတို့၏ ကြင်ယာတော်များကို ခေါ်ယူကာ နန်းတော်မှ ထွက်ခွာသွားကြရလေသည်။
   ကန္တာရတစ်ခုသို့ရောက်သောအခါ ရိက္ခာပြတ်ပြီးအစားအစာအတွက် ဒုက္ခရောက်ကြသည်။ညီအကိုများသည် အစာအဟာရအတွက် တိုင်ပင်ကြရင်း နောက်ဆုံးတွင် ကိုယ်အသက်ရှင်နေရင် ဇနီးမယားထပ်ယူလို့ ရနိုင်သည်ဟုဆိုကာ သူတို့၏ ဇနီးများကိုသတ်စားရန် ဆုံးဖြတ်လိုက်သည်။
   ပထမနေ့တွင် ညီအငယ်ဆုံး၏ ဇနီးကို သတ်ကာ ဆယ့်သုံးပုံ ပုံပြီး စားကြသည်။
   အကိုကြီး ပဒုမသည် သူတို့လင်မယားရသော ဝေစုနှစ်ပုံမှ တစ်ပုံကို နှစ်ယောက်ဝေစား၍ တစ်ပုံကိုသိမ်းထားသည်။
   ဒုတိယနေ့တွင် ဆဋ္ဌမမြောက် ညီ၏ ဇနီး၊ တတိယနေ့တွင် ပဉ္စမညီ၏ ဇနီး စသည်ဖြင့် သတ်စားလာကြရာ ဤသို့ဖြင့် ခြောက်ရက်အတွင်း ညီခြောက်ယောက်၏ ဇနီးများကို သတ်စားလာခဲ့ကြသည်။
   ခုနစ်ရက်မြောက်နေ့တွင် ပဒုမမင်းသား၏ ဇနီးကို သတ်စားရမည့်အလှည့် ရောက်လာသည်။
   ပဒုမမင်းသားက သူနေ့စဉ်သိမ်းထားခဲ့သောအသားတွဲခြောက်တွဲကို သူ၏ညီများကို ပေးလိုက်သည်။ညီတော်များ အိပ်ပျော်နေချိန်တွင် သူ၏ဇနီးကိုခေါ်ကာ ထွက်ပြေးခဲ့လေသည်။ခရီးကလည်းကြမ်း အလျင်အမြန်လည်း သွားနေရသဖြင့် ဇနီးဖြစ်သူ ပင်ပန်းလွန်းသောအခါ သူ၏ပခုံးထက်မှာထမ်း၍ ခရီးဆက်ရသည်။ဇနီးသည် ရေဆာသောအခါ သူ၏ ဒူးခေါင်းပဆစ်ရိုးကို သံလျက်ဖြင့် ထိုးဖောက်လိုက်သည်။ထို့နောက် ပန်းထွက်လာသော သွေးကို ရေအစား တိုက်ကျွေးရပြန်သည်။
   ပြေးရင်းလွှားရင်းနှင့် မကြာမီမှာပင် မြစ်တစ်စင်းကို တွေ့လိုက်ရသည်။ထိုမြစ်၏ မြစ်ကွေ့တစ်နေရာတွင် တဲလေးတစ်ခုထိုး၍ သစ်သီးဝလံများ ရှာဖွေစားသောက်နေကြရသည်။
   တစ်နေ့တွင် မင်းပြစ်မင်းဒဏ်သင့်၍ မြစ်ထဲမျောလာသော ဒုက္ခိတတစ်ယောက်ကို တွေ့ရသည်။ပဒုမမင်းသားက သနားသဖြင့် ဆယ်ယူလိုက်သည်။ခြေထောက်နှစ်ဖက်လုံးတွင် ဒူးခေါင်းမှ အဖြတ်ခံထားရသောကြောင့် ဒူးခေါင်းတွင်သွေးရဲရဲနှင့် အနာများဖြစ်နေသည်။ဤသို့ဆယ်ယူသည်ကို ဇနီးဖြစ်သူက မကြည်ဖြူသောကြောင့် ထိုဒုက္ခိတပေါင်တိုကို ပဒုမမင်းသားကိုယ်တိုင် ဒဏ်ရာများ ဆေးကြောပေးပြီး သစ်ရွက်များအုံကာ ကုသပေးရသည်။ထို့ကြောင့် မကြာမီမှာပင် ဒဏ်ရာများကျက်သွားသည်။
   မင်းသားက နေ့စဉ် တောထဲသို့ဝင်ကာ သစ်သီးသစ်ဥများ ရှာဖွေသည်။ရလာသမျှကို သုံးယောက် အတူ ဝေမျှစားသောက်ကြသည်။ရက်အနည်းငယ်ကြာသောအခါတွင် ပဒုမမင်းသား၏ ဇနီးဖြစ်သူသည် ဒုက္ခိတပေါင်တိုအပေါ် ကိလေသာစိတ်ဝင်မိသည်။ထို့ကြောင့် မင်းသားတောထဲသို့ သစ်သီးရှာထွက်စဉ် သူက ပေါင်တို ဒုက္ခိတနှင့် ဖောက်ပြန်လေသည်။
   ထိုသို့ နေ့စဉ် ဖောက်ပြန်နေရတာကိုပင် မကျေနပ်နိုင်တော့။ပဒုမမင်းသား ရှိနေသည့်အတွက် သူ့အဖို့ မလွတ်လပ်ဟု ခံစားနေရသည်။ထို့ကြောင့် လင်ယောင်္ကျားဖြစ်သူကို အသေသတ်မှသာ လွတ်လပ်မည်ဟု အတွေးဝင်လာသည်။သို့နှင့် တစ်နေ့မှာ တောင်စောင့်နတ်ကို ပူဇော်လိုသည်ဟု အကြောင်းပြကာ ပဒုမမင်းသားကို တောင်ပေါ်သို့ ခေါ်လာသည်။ထို့နောက် မင်းသားကို တောင်ကမ်းပါးစွန်းတွင် ထိုင်စေ၍ တောင်စောင့်နတ်ကို မပူဇော်ခင် အိမ်ဦးနတ်ဖြစ်သော လင်ယောင်္ကျားကို အရင်ပူဇော်ပါရစေဆိုကာ လက်ယာရစ် ရှိခိုးဟန်ပြုပြီး ကျောဖက်မှနေ၍ မင်းသားကို တောင်အောက်သို့ တွန်းချလိုက်လေ တော့သည်။
   ကံကောင်းထောက်မစွာဖြင့် မင်းသားသည် မြေပြင်သို့ တိုက်ရိုက်မကျဘဲ ချုံပုတ်တစ်ခုတွင် တင်နေလေသည်။ထိုချုံတွင် ရေသဖန်းသီးများ လာစားနေကျဖြစ်သော ဖွတ်တစ်ကောင်က ကယ်တင်ကာ ရွာတစ်ရွာအနီးရှိ လူသွားလမ်းပေါ်သို့ ပို့ဆောင်ပေးခဲ့သည်။
   မကြာမီမှာပင် ဗာရာဏသီပြည်ရှိ သူ၏ဘခင်ဘုရင်ကြီး နတ်ရွာစံကြောင်း သိရပြီး တိုင်းပြည်သို့ အလျင်အမြန်သွားရောက်သည်။ထို့နောက် ဘခင်၏ ထီးနန်းအမွေကို ဆက်ခံပြီး ဘုရင်ဖြစ်ခဲ့လေသည်။
   ပဒုမမင်းသည် နေ့စဉ် နေ့စဉ် ခြောက်သိန်းဖိုး အလှူကို အယုတ်အလတ်အမြတ်မရွေး လှူဒါန်းလေသည်။
ထိုအချိန်တွင် ပဒုမ၏ ဇနီးဟောင်း မိန်းမယုတ်သည်သူ၏ လင်အသစ်ဖြစ်သူ ဒုက္ခိတ ပေါင်တိုကို ခေါင်း ပေါ်ရွက်ကာ မြို့အနှံ့ရွာအနှံ့ လှည့်လည်တောင်းရမ်း စားသောက်နေရသည်။
   တစ်နေ့တွင် ပဒုမမင်းသည် ပေါင်တိုကိုရွက်ကာတောင်းရမ်းနေသော မိန်းမယုတ်ကို တွေ့ရလေ သည်။မှူးမတ်များမှတစ်ဆင့် ထိုမိန်းမယုတ်ကို ပေါင်တိုနှင့် မည်သို့တော်စပ်ကြောင်း မေးမြန်းစေရာ မိန်းမယုတ်က ပေါင်တိုသည် မိဘများပေးစားသောငယ်လင်ဖြစ်၍ ဒုက္ခိတဖြစ်နေတာတောင် သစ္စာရှိရှိရှာဖွေကျွေးမွေးနေကြောင်း ပြန်ပြောသည်။
   ပဒုမမင်းသည် မိန်းမယုတ်၏ အဖြေစကားကိုကြားသိရသောအခါ လွန်စွာဒေါသထွက်မိလေ သည်။သို့သော်လည်း ဝေဒနာကို ပညာဖြင့်သိမ်းဆည်းကာ မိန်းမယုတ်၏ ခေါင်းနှင့် တောင်းတစ်လုံးကို ကြိုးဖြင့် ပူးတွဲချည်နှောင်ကာ ထိုတောင်းထဲမှာ ဒုက္ခိတ ပေါင်တိုကို ထည့်ရွက်စေပြီး နိုင်ငံတွင်းမှ နှင်ထုတ်ရန် အမိန့်ချမှတ်လိုက်လေတော့သည်။
   ဘုရင့်မိဖုရားဖြစ်တော့မည့် ရွှေမင်းသမီးသည် ကာမအမိုက်မှောင်ထဲကို မရှောင်မတိမ်းဘဲ ဇွတ်တိုးသွားခဲ့သည်။ထို့အပြင် သူ့ကိုယ်သူ ပေါင်တိုကို ငယ်လင်လုပ်ကာ အချစ်သူရဲကောင်း တကယ့်သစ္စာရှင်အမျိုးသမီးတစ်ယောက်အဖြစ် ဟန်ဆောင်နေလိုက်သေးသည်။
အရှက်အကြောက်မရှိ မုသားစကားကို ခါးဝတ်လိုမြဲအောင်ဝတ်ပြီး လောဘတဏှာကို ပန်းတစ်ပွင့်လို သဘောထားကာ သူ့ခေါင်းထက်မှာ တမြတ်တနိုးပန်ဆင်လို့ ဂုဏ်ယူဝင့်ကြွားနေရှာသည်။
   တစ်လောကလုံးက အဝေးမှကြည့်ကြည့် အနီးမှကြည့်ကြည့် အထင်အရှားမြင်သာနေသည့် မဟာအမှားကို သူမမြင်ခဲ့ပေ။အမိုက်မှောင်၏ ဆွဲဆောင်မှုသည် အံ့မခန်းရှိပေစွ။
   တချို့အမှောင်သမားများသည် တစ်ချိန်မှာ အသိဝင်ကာ နောင်တရပြီး မှောင်မိုက်မှာ ငိုတတ်ကြသော် လည်း အမှောင်သမား လူရမ်းကားတချို့ကတော့ ဘယ်တော့မှ အသိမဝင် ဘယ်တော့မှ နောင်တမရကြဘဲ မှောင်မိုက်မှာပင် တဟားဟားရယ်မောနေနိုင်သည်လည်း ရှိတတ်သည်ပဲ။
   ရိုက်မောင်း