【 ဆောင်းပါး 】 ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာ ဆောင်ရွက်ခြင်း (Applying Assertiveness)

【 ဆောင်းပါး 】 ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာ ဆောင်ရွက်ခြင်း

                                      (Applying Assertiveness)

ထိရောက်သော မန်နေဂျာတစ်ဦးသည် လုပ်ငန်းကိစ္စများ အောင်မြင်စေဖို့အတွက် တက်တက်ကြွကြွ ယုံယုံကြည်ကြည် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သည်။ပြတ်သားသော မန်နေဂျာတို့သည် မိမိ၏ခံစားမှုများ၊ ဆောင်ရွက်ချက်များကို ပွင့်ပွင့်လင်းလင်းပြောဆို ဆောင်ရွက်တတ်ကြသည်။မိမိ၏ ထင်မြင်ယူဆချက်များ၊ ခံစားမှုများ၊ ဆောင်ရွက်မှုများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလေ့ရှိသော်ငြားလည်း အခြားသူများ၏ ခံစားချက်များနှင့် အခွင့်အရေးများကို အလေးထားလေ့ရှိကြသည်။

မိမိ၏ စိတ်ခံစားမှုများကို ထုတ်ဖော်ပြောဆိုရာတွင် တစ်ဦးနှင့် တစ်ဦး မတူညီ၊ ကွဲပြားကြသည်။ပြတ်သားမှုနှင့် ထုတ်ဖော်ရဲသောသတ္တိတို့ ကွာခြားလေ့ရှိသည်။အချို့သည် တက်ကြွသည်။မာန်မာသည်။သွယ်ဝိုက်မနေ။ဒဲ့ကျွေးသည်။စိုးမိုးခြယ်လှယ်လိုစိတ်ရှိသည်။မိမိကိုယ်ကို ရှေ့တန်းတင်တက်သော သဘောရှိသည်။အတ္တဆန်တတ်သည်။အချို့သည်ကား တက်ကြွမှုမရှိ၊ ဖျတ်လတ်မှုမရှိ။မတုန်မလှုပ် ကျောက်ဆစ်ရုပ်။တုံဏှိဘာဝေများဖြစ်သည်။အချို့ကား မိမိ၏ တရားဝင်ရပိုင်ခွင့်နှင့် အခွင့်အရေးများအပေါ်၌ပင် မိမိ၏ခံစားမှုများကို မျိုသိပ်လေ့ရှိသည်။တုံဏှိဘာဝေ Passive သမားတို့သည် ပဋိပက္ခများဖြစ်နိုင်သည်များကို ရှောင်ရှားလေ့ရှိပြီး၊ သူတို့၏ခံစားမှုများ၊ လိုအင်များကို မျိုသိပ်၍ တစ်ခြားသူများကို ကျေနပ်စေသည်။

လူအများစုသည် အစွန်းနှစ်ဖက်မှလွတ်အောင် နေကြသည်။လွန်ကဲသောတက်ကြွမှုနှင့် တုံဏှိဘာဝေဖြစ်လွန်းမှုတို့မှ လွတ်ကင်းကြသည်။အစွန်းနှစ်ဖက်စလုံးသည်မကောင်း။ထိရောက်သော စီမံခန့်ခွဲမှုကို အတားအဆီးဖြစ်စေသည်။အကြောင်းမှာ အစွန်းနှစ်ဖက်လုံးသည် ပွင့်လင်းဖော်ရွေမှုကို အားမပေးသောကြောင့်ဖြစ်သည်။

ထိရောက်သော မန်နေဂျာတို့သည်။ပြတ်သားဖို့လိုသည်။စိတ်ကူးနှင့် ခံစားချက်များကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ရန် လိုသည်။ရသင့်ရထိုက်သော အခွင့်အရေးများအတွက် ရဲဝံ့စွာရပ်တည်ဖို့လိုသည်။စီမံမှုပြုရာတွင်လည်း ဤနည်းအတိုင်း ကျင့်သုံးဖို့လိုသည်။လုပ်ငန်းများ လွယ်ကူစွာဆောင်ရွက်နိုင်ရန်ဖြစ်သည်။ပြတ်သားသော မန်နေဂျာတို့သည် အခြားလက်အောက်ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် အကဲဆတ်သော်လည်း၊ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းကြသူများဖြစ်သည်။လွှမ်းမိုးခြယ်လှယ်လိုခြင်းသည် ရေတိုရလဒ်ကို ရကောင်းရနိုင်ငြားသော်လည်း၊ အဖွဲ့၏ (ဝါ) အဖွဲ့ဝင်များ၏ အကောင်းဆုံးသော စွမ်းဆောင်ရည်ရရှိနိုင်မှုကိုမူ ဖြစ်မြောက်စေမည်မဟုတ်ချေ။

ပိုမိုပြတ်သားစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် -

(၁) မိမိစကားကို  "ငါတော့ ဒီလိုတွေးမိတယ်"
    "ငါတော့ဒီလို ယုံကြည်တယ်’’
    "ငါဖြစ်စေချင်တာ ဒီလို" စသည်ဖြင့် ရှင်းလင်းစွာဆက်ဆံပြောဆိုသင့်သည်။
    "မင်းတို့ရော ဘယ်လိုတွေးမိလဲ၊ ယုံကြည်လဲ" ဟု အခြားသူများ၏အမြင်ကို နားထောင်သင့်သည်။

(၂) မထင်မှတ်သော တုံ့ပြန်မှုများ အချိန်မရွေးဝင်ရောက်လာတတ်၍ အချက်အလက်၊ အထောက်အထားများအဆင်သင့် ပြင်ဆင်ထားရှိသင့်သည်။အခြားသူများ၏ မထင်မှတ်သော တုံ့ပြန်မှုများ၊ ခဲရာခံဆစ်ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။

(၃) မိမိကိုစကားလာပြောရန် ဝန်လေးနေသူများရှိလျှင် ‘’ဟုတ်၊ မဟုတ်’’ သာဖြေဆိုရမည့် မေးခွန်းများကိုရှောင်ပြီး ပြည့်ပြည့်စုံစုံ ကြောင်းကျိုးဆက်စပ်ဖြေဆိုရမည့် အဖွင့်မေးခွန်းများ (Open question) မေးမြန်းပေးရန်လိုအပ်သည်။

(၄) တိကျပြတ်သားသောသူတစ်ဦးအဖြစ် အထောက်အကူဖြစ်လာစေရန် စိတ်ချရသော မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များဖြင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရန် လိုသည်။

(၅) အခြေအနေတစ်ရပ်တွင် အခြားသူများ မည်သို့ ထင်မြင်ယူဆသည်ကို သိရှိရအောင် ကြိုးပမ်းသင့်သည်။မိမိအမြင်နှင့် အခြားသူများအမြင်ကို နှိုင်းယှဉ်လေ့လာသင့်သည်။လုပ်ငန်းခွင်တွင် နိုင်ရာစား ဗိုလ်ကျသူများ၊ အရည်အသွေးပြည့်၀မှုမရှိသူများ ရှိ၊ မရှိ ဆန်းစစ်သင့်သည်။ဖုံးကွယ်မှုများ ရှိ၊ မရှိ ဆန်းစစ်ဖော်ထုတ်သင့်သည်။

(၆) လုပ်ငန်းရာထူးသစ်၊ အပြုအမူသစ်များနှင့် ကျင့်သားရရန် အချိန်တစ်ခုပေးဆပ်ရသည်။စိတ်ရှည်ရသည်။တိတိကျကျ ပြတ်ပြတ်သားသား စတင်ဆောင်ရွက်ရာတွင် မိမိအနားရှိပုဂ္ဂိုလ်များလည်း အသားမကျဖြစ်နိုင်သေးသည်ကို အသိအမှတ်ပြုရန်လိုပေသည်။ရှင်းအောင်ဆိုရလျှင် ပတ်၍တင်းလွန်းလျှင် ပြတ်တတ်သည်။

တိတိကျကျ ပြတ်ပြတ်သားသား ဆောင်ရွက်လေ့ရှိသော မန်နေဂျာတို့သည် ဖြောင့်ဖြောင့်မတ်မတ် ဆောင်ရွက်လေ့ရှိသော်လည်း  အခြားသူများ၏ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ အသိတရားရှိကြသူများ၊ အလေးထားကြသူများဖြစ်ပါသည်။

မိမိသည် တိကျပြတ်သားသူလား ဆန်းစစ်ရန်

    (၁) "အလုပ်ကိစ္စနှင့်ပတ်သက်၍ မိမိယုံကြည်သည့်အတိုင်း ဆောင်ရွက်လား။"
    (၂) "အယူအဆမတူပါက မိမိသိမြင်သည့်အတိုင်း ပြောဆိုပါသလား။"
    (၃) "မိမိပြောနေစဉ်အတွင်း အနှောင့်အယှက်ကြုံရပါက မိမိအယူအဆကို ဆက်လက်ဆုပ်ကိုင်ပါသလား။"
    (၄) "အခြားသူများအပေါ် အသာစီးမှုရယူသလား၊ ရှောင်သလား။"
    (၅) "အခြားသူများ ဆိုးရွားစွာလုပ်ကိုင်ဆောင်ရွက်နေသည်ထင်ပါက ဝေဖန်ပြစ်တင်လေ့ရှိသလား။" ဆန်းစစ်ရမည်ဖြစ်ပါသည်။

ယခင်ဆောင်းပါးတွင် စာရေးသူဖော်ပြခဲ့သည့် အကြီးအကဲသည် EQ မြင့်သကဲ့သို့ တိကျပြတ်သားသူတစ်ဦးဖြစ်သည့်တိုင် အခြေအနေနှင့် အချိန်အခါကို ကောင်းစွာသုံးသပ်နိုင်သူလည်းဖြစ်သည်။

မှူးခန့်စံ
ဇန်နဝါရီ - ၂၆