【 ဆောင်းပါး 】 ရည်ရွယ်ချက်ကောင်း ပိရမစ်ပေါ်တက်ခြင်း

【 ဆောင်းပါး 】 ရည်ရွယ်ချက်ကောင်း ပိရမစ်ပေါ်တက်ခြင်း

P နှစ်ထပ်ကွမ်း (P Square - Passion and Purpose) ဆိုတဲ့ စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်းတို့ ကိုက်ညီအောင် သင့်လုပ်ငန်းခွင်ထဲမှာပဲ ရှာဖွေလုပ်ဆောင်နိုင်ရင် ကိုယ့်အလုပ်ကိုပျော်တဲ့ စိတ်ချမ်းသာတက်ကြွမှုနဲ့အတူ အလုပ်ကို အစွမ်းပြပြီး အလုပ်လုပ်နိုင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို သင့်စိတ်ထက်သန်မှု စက်ဝန်းကို ကြီးထွားစေမယ့် နည်းခြောက်ရပ်နဲ့ လမ်းညွှန်ပြီးတဲ့နောက် မော်တန် တီ ဟန်ဆန်က နောက်ထပ် နည်းစနစ်တစ်ခုဖြစ်တဲ့ ရည်ရွယ်ချက်ကောင်း ပိရမစ်နဲ့ တင်ပြလာတာက စိတ်ဝင်စားစရာတွေ ထပ်ဆင့်အကြံဉာဏ်ပေးလိုက်တာကို ဆက်လက်ဖတ်ရှုသင်ယူကြပါဦး။

          ရည်ရွယ်ချက်ကောင်း ပိရမစ်ပေါ်တက်ခြင်း

သင့်စိတ်ထက်သန်မှု - ရည်ရွယ်ချက်ကောင်းတို့ ကိုက်ညီမှုကို အမြင့်ဆုံးရောက်အောင်လုပ်ဖို့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ သင့်လက်ရှိအလုပ်ကို ရည်ရွယ်ချက်ပိုကောင်းတဲ့ လှုပ်လျှားမှုလေးတွေ ထည့်သွင်းလုပ်ကိုင်ကြည့်ဖို့ပဲဖြစ်တယ်။ စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်းတို့ရဲ့ အဓိကကွဲလွဲချက်ကို ပြန်သတိရလိုက်ပါ။စိတ်ထက်သန်မှုဆိုတာ ကိုယ်နှစ်သက်တဲ့ ချစ်တဲ့ အလုပ်ကို လုပ်တာဖြစ်ပြီး၊ ရည်ရွယ်ချက်‌ကောင်းကတော့ အကျိုးများတဲ့အလုပ် (အများကောင်းကျိုးပေးမယ့်အလုပ်) ကို လုပ်တာပါ။ အဲဒီတော့ အများကောင်းကျိုးအတွက် သင်ဘာတွေပိုလုပ်မှာလဲ။ ကျွန်တော်တို့ရဲ့ သုတေသနက ဖော်ထုတ်ထားတာကတော့ လုပ်ငန်းခွင်တွင်း ရည်ရွယ်ချက်ကောင်းကို ဖော်ဆောင်ပေးမယ့် ထင်ရှားတဲ့ နည်းလမ်းသုံးသွယ်ရှိပါတယ်။ ကျွန်တော်က အဲဒါကို ပိရမစ်အဖြစ် ပုံဖော်ထားပါတယ် - အခြေအမြစ်ရှိရှိ အစီအစဉ်တကျ တိုးပွားလာမှုကို ဖော်ပြတဲ့ - “ရည်ရွယ်ချက်ကောင်းပိရမစ်” လို့ ဆိုကြပါစို့။ ဒီပိရမစ်ရဲ့ အခြေခံအချက်က ပထမအဆင့်ကို အရင်ပြီးအောင်လုပ်အပြီးမှာ နောက်တစ်ဆင့်တက်ရမယ်ဆိုတဲ့ အချက်ပါ။

          တန်ဖိုးရှိအောင်လုပ်ခြင်း (အန္တရာယ်ကင်းအောင်လုပ်ရင်း)

ရည်ရွယ်ချက်ကောင်း ပိရမစ်ရဲ့ အခြေခံကို တန်ဖိုးရှိအောင်လုပ်ခြင်းနဲ့ အုတ်မြစ်ချ တည်ဆောက်ထားပါတယ်။ အရှေ့က ဆောင်းပါးမှာ ပုံစံပြောင်းအလုပ်လုပ်ခြင်းဆိုတာ သင့်ကုမ္ပဏီ၊ သင့်လုပ်ဖော်ကိုင်ဖက်၊ ပစ္စည်းတင်သွင်းသူနဲ့ ဖောက်သည်များ စတဲ့ သူတစ်ပါးအတွက် ကောင်းကျိုးပြုမယ့်အရာကို သင့်အလုပ်ရဲ့ တန်ဖိုးအဖြစ် ထည့်သွင်းခြင်းကို ဆိုလိုကြောင်း ဖော်ပြခဲ့တာကို မှတ်မိနေဦးမယ် ထင်ပါတယ်။ တကယ်လို့ သင်က တန်ဖိုးနည်းနည်းလေးသာ ထည့်သွင်းနိုင်မယ် ဒါမှမဟုတ် တန်ဖိုးလုံးဝမထည့်သွင်းနိုင်ဘူးဆိုရင် သင်က ရည်ရွယ်ချက်ကောင်းတဲ့ အလုပ်ချိန်ကို လုပ်ဆောင်ခဲ့တယ်လို့ မဆိုနိုင်ပါဘူး။ ကုမ္ပဏီရုံးချုပ်က အစီရင်ခံစာကို အချိန်တော်တော်ကြာကြာကတည်းက မဖတ်တော့ဘူးဆိုပေမယ့် သုံးလပတ်အစီရင်ခံစာကို အမြဲတန်း အချိန်မီတင်ပြခဲ့တဲ့ ဟောလက်-ပက်ကပ်က အင်ဂျင်နီယာကို ပြန်စဉ်းစားကြည့်ပါ၊ သူက သူ့အလုပ်အပေါ်မှာ စိတ်ထက်သန်မှု ရှိကောင်းရှိမယ်ဆိုပေမယ့် တန်ဖိုးသုညပဲ သူက ဖန်တီးနိုင်ခဲ့တာကြောင့် သူကရည်ရွယ်ချက်ကောင်းနဲ့ အလုပ်လုပ်ခဲ့တယ်လို့ မသတ်မှတ်နိုင်ပါဘူး။

လူတော်တော်များများက ရည်ရွယ်ချက်ကောင်း (Purpose) ကို လူမှုဝန်းကျင်အတွက် ဖြည့်ဆည်းပံ့ပိုးခြင်းလို့ပဲ လက်ခံနားလည်ထားကြတယ်၊ “တန်ဖိုးရှိအောင်လုပ်ပေးရမယ်” “တန်ဖိုးဖြည့်တင်း ထည့်သွင်းပေးရမယ်” (Value Added) လို့ နားမလည်ကြသေးဘူး၊ သူတို့ပြန်စဉ်းစား သုံးသပ်သင့်တယ်။ သင်က သင့်ကုမ္ပဏီအတွက် တန်ဖိုးဖန်တီးထည့်သွင်းပေးချင်တယ်ဆိုရင် ‌ပေးဆပ်မှုပြုရမယ်၊ ဒါဆိုရင် သင့်အလုပ်က ရည်ရွယ်ချက်ကောင်း ရှိသွားပြီပေါ့။ အရှေ့က ဆောင်းပါးတွေမှာ ဖော်ပြခဲ့တဲ့ ‌မော်ရိုကို တန်ဂျီးယားက ကွန်တိန်နာဆိပ်ကမ်းကို ပြောင်းလဲပစ်ခဲ့တဲ့ ဟတ်မု ဂရဇ်စ်ဆိုတဲ့ မန်နေဂျာကို ပြန်စဉ်းစားကြည့်လိုက်ပါ။ သူ့လုပ်‌ဆောင်မှုက လုပ်ငန်းလုပ်ဆောင်မှု တွင်ကျယ်စေတာ၊ ဆိပ်ကမ်းဝန်ဆောင်မှု အရည်အသွေးမြင့်တက်စေတာနဲ့ ကုမ္ပဏီအတွက် အမြတ်ငွေရစေတာတို့ကို ဖြစ်စေတယ်။သူက တန်ဖိုးဖန်တီးထည့်သွင်းပေးခဲ့တာမို့လို့ ဒါက ရည်ရွယ်ချက်ကောင်း (Purpose) လို့ ဆိုရမယ်၊ ဟုတ်တယ်မလား။

ဒါပေမဲ့ သင် ဘယ်လိုတန်ဖိုးထည့်သွင်းတာလဲဆိုတာကို သတိထားရဦးမယ်။တကယ်လို့ သင့်အလုပ်က တခြားလူတွေကို ထိခိုက်စေမယ်ဆိုရင် အဲဒီထိခိုက်မှုကို သင်ထည့်သွင်းတဲ့ တန်ဖိုးကနေ ပယ်ထုတ်လိုက်ရမှာပါ။သင့်ရည်ရွယ်ချက်ကောင်းက သဲထဲရေသွန်ဖြစ်သွားမှာပါ။ဂျန်နရယ်မော်တာ (GM) ကားကုမ္ပဏီကို စဉ်းစားကြည့်ပါ။ GM ရဲ့ ကားအင်ဂျင်နီယာ မော်ဒယ်အသစ်ဖြစ်တဲ့ ကိုဘဲ့လ် (Cobalt) ကို ၂၀၀၃ ခုနှစ်မှာ အချောသတ် ပြီးစီးလိုက်တယ်၊ ကားမောင်းနှင်နေချိန်မှာ မီးပေးတဲ့ သတ္ထုစလေးက အလုပ်ကောင်းကောင်းမလုပ်ဘဲ ဖြစ်နေတာကို တွေ့ခဲ့ရတယ်။ ကားတိုက်မိတဲ့အချိန်မှာ လေအိတ် မပွင့်ဘူး၊ ကားစက်သတ်ထားတာလို့ ကားစနစ်က ထင်နေလို့ဖြစ်တယ်။အင်ဂျင်နီယာတွေက ဒီပြဿနာရှိနေတာကို ၂၀၀၄ အစောပိုင်းမှာ စမ်းသပ်တွေ့ရှိသွားတယ်၊ ဒါပေမဲ့ ဘာမှအရေးယူ မပြုပြင်ခဲ့ဘူး။ အဲဒါရဲ့ ရလဒ်က ကြီးမားတဲ့ ထိခိုက်ကြေကွဲမှုတစ်ခုကို ဖြစ်စေခဲ့တယ်။အင်ဂျင်နီယာတွေ ဒီပြဿနာကို တွေ့ပြီးတဲ့နောက် တစ်နှစ်အကြာ ၂၀၀၅ ခုနှစ် ဂျူလိုင်လ ၂၉ ရက်နေ့မှာ အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် အမ်ဘာမာရီရို့စ်ဆိုတဲ့ ကလေးမလေး မောင်းနှင်လာတဲ့ အနီရောင် ကိုဘဲ့လ်ကားက လမ်းဘေးက သစ်ပင်ကို ဝင်တိုက်မိပြီး လေအိတ်မပွင့်တာကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်။ အမ်ဘာမာရီ သေဆုံးပြီး ကိုးနှစ်အကြာ ၂၀၁၄ ခုနှစ်ကျမှပဲ GM က ကိုဘဲ့လ်ကားတွေကို ပြန်သိမ်းခဲ့တယ်။အဲဒီမီးပေးတဲ့ခလုတ် အလုပ်မလုပ်တဲ့ ပြဿနာကြောင့် ၂၀၁၅ တစ်နှစ်တည်းမှာပဲ ၁၂၄ ယောက် အသက်ဆုံးရှုံးခဲ့ကြရတယ်။ GM ရဲ့ ဝန်ထမ်းတွေနဲ့ မန်နေဂျာတွေက ၂၀၀၄ ခုနှစ်တုန်းက ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ပေးဆပ်မှုပြုခဲ့သလား။ စီးပွားရေးသက်သက် အမြင်နဲ့ကြည့်ရင် ဟုတ်တယ်လို့ ဖြေရမှာပဲ။ ကားတွေပြန်သိမ်းရတဲ့ ငွေကုန်ကြေးကျများတဲ့ အချိန်မတိုင်မီ နှစ်ပေါင်းများစွာကာလအတွင်းမှာ သူတို့တစ်တွေက အမြတ်များများရ‌အောင် ထုတ်လုပ်မှု ကုန်ကျစရိတ် ကြိုးစားလျှော့ချခဲ့ကြတယ်။ဆိုတော့ သူတို့က စီးပွားရေးတန်ဖိုး ဖန်တီးနိုင်ခဲ့ကြတယ်။ဒါပေမဲ့ အဲဒီ “တန်ဖိုး” ကို ကားဝယ်သူတွေက ပေးဆပ်လိုက်ရတာပါ။  

ရည်ရွယ်ချက်ကောင်းနဲ့ ပိုမိုပြည့်စုံစေမယ့် အလုပ်ကို လုပ်နိုင်ဖို့ဆိုရင် သင့်အနေနဲ့ သူတစ်ပါးကို ထိခိုက်စေမယ့် ရုပ်ဝတ္ထုပစ္စည်း၊ ဝန်ဆောင်မှုများနဲ့ အလေ့အကျင့်တို့ကို ရှောင်ရှားရမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ထိခိုက်နစ်နာမှုဖြစ်စေမယ့် ရုပ်ဝတ္ထုပစ္စည်း၊ အလေ့အကျင့် စတာတို့ကို အသေးအမွှားပင် ဖြစ်လင့်ကစား ကျပ်တည်းစွာ ရှောင်ကြဉ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဆရာဝန်တစ်ယောက်ဆိုရင် အန္တရာယ်ရှိနိုင်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ မညွှန်ကြားခင် သတိကြီးစွာထားပြီး အရင်စဉ်းစားသုံးသပ်ပြီးမှ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ သင်က အရောင်းတာဝန်ယူရသူဆိုရင် သင့်ကုန်ပစ္စည်းနဲ့ အသုံးမတည့်တဲ့၊ မလိုအပ်တဲ့သူတွေကို အတင်းထိုးရောင်းဖို့ မကြိုးစားပါနဲ့။တကယ်လို့ သင်က အထက်လူကြီးတစ်ယောက်ဖြစ်ရင် သင့်ဝန်ထမ်းတွေကို ဟိန်းဟောက်ကြိမ်းမောင်းနေတာတွေကို ရပ်လိုက်ပါ၊ သူတို့ရဲ့ စိတ်ခံစားမှု ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ သတိရပါ။သင်က ကိုယ့်အလုပ်ရဲ့ ရည်ရွယ်ချက်ကောင်းကို ရှာနေတာဆိုရင် ပြောင်းလဲမှု နည်းနည်းလေးပဲ ဖြစ်ကောင်းဖြစ်ပေမယ့် အခြားသူတွေကို အထောက်အကူရစေနိုင်တယ်ဆိုတာကို သတိရစေချင်ပါတယ်။

ကျွန်တော်တို့ရဲ့ လေ့လာမှုအတွက် အင်တာဗျူးခဲ့တဲ့ အော်ဖာကိုလ်တန်ဆိုတဲ့ ဆန်ဖရန်စစ္စကိုက အိမ်တွေရဲ့ ကော်ဇောတွေကို သန့်ရှင်းရေးလုပ်တဲ့ ကိုယ်ပိုင်အလုပ်လုပ်ကိုင်တဲ့ လူတစ်ယောက်ကို လေ့လာကြည့်ပါ။လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး သူအသုံးပြုတဲ့ ကော်ဇောသန့်ရှင်းရေးဆေးတွေကို အဆိပ်အတောက်ကင်းပြီး ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ ဆေးမျိုးတွေနဲ့ ပြောင်းသုံးစွဲခဲ့တယ်။ သူ့အလုပ်ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ဒါက ထိခိုက်မှုနည်းအောင် ကြိုးစားတဲ့ ခြေလှမ်းငယ်လေးမျှသာဖြစ်တယ်ဆိုပေမယ့် သူက သူ့ဖောက်သည်တွေရဲ့ ကော်ဇောတွေ သန့်ရှင်းစေဖို့သာမက သူတို့ရဲ့အိမ်တွေမှာ အဆိပ်အတောက်ကင်းစင်ရေးနဲ့ သူတို့ရဲ့ပတ်ဝန်းကျင် ကျန်းမာရေးနဲ့ ညီညွတ်စေရေးတို့ကိုပါ ကူညီပေးခဲ့တယ်။သူ့အလုပ်က ရည်ရွယ်ချက်ကောင်းနဲ့ ပိုပြီးပြည့်စုံလာပါပြီ။

          မိမိရည်ရွယ်ချက်ကောင်းကို ထုဆစ်ခြင်း

လူများစုက ရည်ရွယ်ချက်ကောင်း ပိရမစ်ရဲ့ ပထမခြေလှမ်းမှာတင် ရပ်သွားတတ်ကြတယ်။ကျွန်တော်တို့ရဲ့  စစ်တမ်းကောက်ယူရာမှာ ပါဝင်တဲ့ မန်နေဂျာတွေနဲ့ ဝန်ထမ်းတွေရဲ့ ၃၆ ရာခိုင်နှုန်းက သူတို့ရဲ့ အလုပ်ထဲကနေ ရည်ရွယ်ချက်ကောင်း ထည့်သွင်းပေးဆပ်ခဲ့ကြတယ်။ဒါပေမဲ့ သူတို့ အဲဒီကနေ ရှေ့ဆက်မတက်ကြတော့ဘူး။အဲဒါက တော်တော်ဆိုးတယ်။သင်က ကျယ်ပြန့်တဲ့ လူမှုဝန်းကျင်ကို ထိခိုက်မှုမရှိစေတဲ့ မွန်မြတ်တဲ့တန်ဖိုး ထည့်သွင်းနိုင်ပြီဆိုရင် သင်ဟာ ပိုမြင့်တဲ့ ရည်ရွယ်ချက်ကောင်းကို ပေးဆပ်နိုင်စွမ်းရှိနေပါပြီ။

“မိမိကိုယ်ကိုယ်အတွက် အဓိပ္ပာယ်ပြည့်ဝမှုကို ထုဆစ်ပုံဖော်ခြင်း” ဆိုတဲ့ နောက်တစ်ဆင့်ကို တက်လှမ်းခြင်းဖြင့် စိတ်ထက်သန်မှုနဲ့ ရည်ရွယ်ချက်ကောင်း ကိုက်ညီမှုကို ပိုပြီးမြင့်မားတိုးတက်အောင် ထုဆစ်ပုံဖော်လိုက်ပါ။

ကျွန်တော်တို့ အလုပ်အပေါ်မှာ ထားတဲ့ သဘောထားအမြင်က သိသာထင်ရှားစွာ ကွဲပြားတတ်ပါတယ်။လုပ်ငန်းတစ်ခုတည်းကို လူနှစ်ယောက်ရရှိနိုင်ပေမယ့် ခံစားချက်တစ်မျိုးတည်းကသာ အရေးကြီးတဲ့ အကျိုးဆက်ကို ဖြစ်စေနိုင်တာပါ။တိရိစ္ဆာန်ရုံအစောင့်တွေကို ၂၀၀၉ ခုနှစ်မှာ လေ့လာခဲ့တဲ့ သုတေသနတွေ့ရှိချက်အရ လူတစ်ယောက်က လှောင်အိမ်တွေ သန့်ရှင်းရေးလုပ်ရတဲ့ အလုပ်၊ တိရိစ္ဆာန်တွေကို အစာကျွေးတဲ့အလုပ်ဟာ ရွံရှာစရာ၊ အကျိုးမဲ့တဲ့အလုပ်လို့ မြင်ပေမယ့် အခြားတစ်ယောက်ကတော့ တိရိစ္ဆာန်တွေကို စနစ်တကျကာကွယ် စောင့်‌ရှောက်ရတာ မွန်မြတ်တဲ့အလုပ်လို့ ခံယူတာကို တွေ့ခဲ့ရတယ်။အလုပ်တစ်ခုတည်းပေမယ့် အလုပ်အပေါ်မှာ ထားရှိတဲ့ ရည်ရွယ်ချက်ခြင်း၊ ခံစားချက်ခြင်း မတူကြပါဘူး။

ရည်ရွယ်ချက် ပိရမစ် နောက်တစ်ဆင့်ကို တက်လှမ်းပြီးမှ သင့်ပေးဆပ်မှုက အဓိပ္ပာယ်ပြည့်ဝ ထိရောက်တယ်ဆိုတာကို ခံစားကြည့်နိုင်မှာဖြစ်ပါတယ်။ဒီလိုလုပ်ဖို့အတွက် သင့်လက်ရှိ အလုပ်ရဲ့ ရည်ရွယ်ချက်ကို အမြင်တစ်မျိုးပြောင်းကြည့်လိုက်ပါ။ Wrzesniewski’s ရဲ့ သုတေသနမှာပါတဲ့ ဆေးရုံသန့်ရှင်းရေးဝန်ထမ်းတွေက သူတို့အလုပ်ရဲ့ အဓိပ္ပာယ်ရှိတဲ့ ရည်ရွယ်ချက်ကောင်းလေးတွေကို တွေ့ရတယ်လို့ ပြောပြခဲ့တယ်။‌‌ဂျေဆန်လို့ခေါ်တဲ့ သန့်ရှင်းရေးဝန်ထမ်းက လူနာတွေ စိတ်ပျော်ရွှင်အောင် စကားစပြောဖို့ သူ့ကိုယ်သူ အမြဲတမ်းသတိပေးခဲ့တယ်။ “

မနက်တိုင်း လုပ်နေကျကတော့ ကျွန်တော် သူတို့တံခါးကို ခေါက်လိုက်ပြီး၊ အခန်းသန့်ရှင်းရေးပါ။သန့်ရှင်းရေးလုပ်ပေးရမလား” လို့ စပြောလိုက်တာပဲ။စကားပြောနိုင်တဲ့ လူနာတွေက “အင်း” လို့ ပြောလာခဲ့ရင်၊ စကားစမြည်ပြောချင်စိတ်များရှိမလားလို့ နည်းနည်းတောက်ကြည့်လိုက်တယ်။စကားပြောဖော်လိုနေပုံရတဲ့ လူနာတချို့က ပြောလာတတ်တာကတော့ “မင်းမျက်နှာ ပြုံးချိုနေတာကို မြင်ရတာ စိတ်ချမ်းသာတယ်” တဲ့။အဲလိုနဲ့ ဂျေဆင်က သူအခန်းသန့်ရှင်းရေးလုပ်ရင်းနဲ့ လူနာတွေကို စိတ်ရွှင်လန်းအောင် လုပ်ပေးတတ်တယ်။သူ့အတွက်လည်း သူက တစ်စုံတရာ ပေးဆပ်နိုင်လိုက်တယ်လို့ စိတ်ချမ်းသာကျေနပ်မှု ခံစားရစေတယ်။ဒါကပဲ သူ့အတွက် ရည်ရွယ်ချက်ကောင်း ဖြစ်စေတော့တယ်။

မော်တန် တီ ဟန်ဆန်က အခုလို “ရည်ရွယ်ချက်ကောင်း ပိရမစ်ပေါ်ကိုတက်ခြင်း နည်းလမ်းနဲ့ မိမိလက်ရှိ အလုပ်ရဲ့ ရည်ရွယ်ချက်ကောင်းကို ရှာဖွေပြီး၊ ပိုမိုတိုးတက်အောင်လုပ်ခြင်းဖြင့် အလုပ်ရဲ့ တန်ဖိုးလည်း ပိုမိုတိုးတက်လာမယ့်အပြင် မိမိကလည်း ကိုယ့်အလုပ်လုပ်ရတာကို ပိုမိုပျော်ရွှင်စိတ်ချမ်းသာလာခြင်းနဲ့တကွ စွမ်းဆောင်ရည်များလည်း ပိုမိုမြင့်တက်လာစေဖို့အတွက် ပိရမစ်ပုံနဲ့ စိတ်ကူးပုံဖော် လမ်းညွှန်ခဲ့ပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)

သက်ထွန်း (သျှမ်း)