【 ဆောင်းပါး 】 ရွှေ့ပြောင်းသွားလာနေတဲ့ အာရှဆင်ကြီးများ

【 ဆောင်းပါး 】 ရွှေ့ပြောင်းသွားလာနေတဲ့ အာရှဆင်ကြီးများ 

ရှေးယခင်ကတည်းက ကမ္ဘာမြောက်ဘက်ခြမ်းဒေသတွေမှာ ဆင်တွေနေထိုင်ကျက်စားခဲ့ကြပါတယ်။ လက်ရှိမှာတော့ ဆင်နှစ်မျိုးကိုသာ တွေ့ရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိနေတဲ့ အာရှဆင်နဲ့ အာဖရိကဆင်ဆိုပြီး ၂ မျိုးထဲမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၃ နိုင်ငံမှာပဲ အာရှဆင်တွေ ရှိတာဖြစ်ပါတယ်။

အာရှဆင်တွေကို မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေမှာလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ၂၀ ရာစုအစပိုင်းတုန်းက အာရှဆင်ကောင်ရေ ၁၀၀,၀၀၀ ကျော် ရှိခဲ့ပြီး ပါရှန်ပင်လယ်ကွေ့မှ အိန္ဒိယ၊ တရုတ်နိုင်ငံတို့ အထိ ကျင်လည်ကျက်စားခဲ့ပါတယ်။

ဒါပေမယ့် လူသားတွေရဲ့ ကျူးကျော်ဝင်ရောက်မှုများနဲ့ ဆင်မှောင်ခိုစျေးကွက်တွေကြောင့် မျိုးဆက် ၃ ဆက်ခန့် ကြာအပြီးမှာတော့ အာရှဆင်ကောင်ရေဟာ အနည်းဆုံး ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီဖြစ်ပါတယ်။ အာရှဆင်တွေနဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးကပါ စိတ်ဝင်စားခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုလည်း ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အတွင်းက ဖြစ်ပွားခဲ့ပါသေးတယ်။

ကုန်းမြေပေါ်က အကြီးဆုံးအကောင်ကြီးတစ်အုပ်ဖြစ်တဲ့ ဆင် ၁၅ကောင်ဟာ စစ်ဆောင်ပန္နားမှမြောက်ဘက်သို့တက်၍ ကီလိုမီတာ ၅၀ဝခန့်ရွှေ့ပြောင်းခဲ့ပြီး ယူနန်ပြည်နယ်တစ်ဝက်ခန့်ကို ဖြတ်ကျော်ခဲ့တာ ဖြစ်ပါတယ်။

ထိုစဉ်က တရုတ်နိုင်ငံမှာ လှည့်လည်သွားလာနေကြတဲ့ ဆင်အုပ်စုကြောင့် ဆင်တွေဦးတည်ရာလမ်းကြောင်းမှာရှိတဲ့ ဒေသခံတစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ တရုတ်တာ၀န်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။

လပေါင်းများစွာ လှည့်လည်သွားလာနေတဲ့ အဲဒီအာရှဆင်တွေနဲ့ဒေသခံတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်လာမှာကို ယူနန်ပြည်နယ်တာ၀န်ရှိသူတွေက စိုးရိမ်ခဲ့ကြတာ ဖြစ်ပါတယ်။

ခန့်မှန်းချက်တွေအရ ဆင်အုပ်ကြီးဟာ ယွီ့ရှီးယွမ်ကျန်းခရိုင်၊ ဟုန်ဟယ်ဒေသ၊ ရှစ်ဖိန်ခရိုင်တွင် ရက် ၄၀ အတွင်း အမှုအခင်း ၄၁၂မှုပြုလုပ်ခဲ့ပြီး တိုက်ရိုက်ဖျက်ဆီးခံရတဲ့ ကောက်ပဲသီးနှံဧကမှာ ၈၄၂ ဧကရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆင်အုပ်ကြီးရဲ့ ခရီးစဉ်တစ်ခါထွက်တဲ့ ကုန်ကျစရိတ်ကလည်း အလွန်များပြားခဲ့တယ်လို့ ဆိုပါတယ်။ ယူနန်ပြည်နယ်တစ်ခုလုံး စုစုပေါင်းရဲအင်အားနှင့် အလုပ်သမားနှစ်သောင်းခွဲကျော်ဖြင့် မောင်းသူမဲ့လေယာဉ် ၉၇၃ကြိမ်၊ ဖြန့်ကျက်ထိန်းချုပ်အရေးပေါ်ကယ်ဆယ်ရေးယာဉ် အကြိမ်ရေတစ်သောင်းခွဲကျော်၊ ပြည်သူလူထု လူစုခွဲခဲ့ရမှု လူဦးရေ စုစုပေါင်း တစ်သိန်းခွဲကျော်နှင့် အစာပစ်ဆင်စာတန်ချိန် ၁၈၀ခန့် စီစဉ်ဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာမခံကုမ္ပဏီက လက်ခံဆောင်ရွက်ရသော အာရှဆင်တွေကြောင့် ဖြစ်ပွားတဲ့ဆုံးရှုံးမှုတွေအတွက် တိုင်တန်းချက် ၁၅၀၀ ကျော်ရှိခဲ့ပြီး အကဲဖြတ်ပျက်စီးဆုံးရှုံးမှု တရုတ်ယွမ်ငွေ ၅.၁၂၅၂သန်းအထိ ရှိခဲ့တယ်လို့ ဆိုပါ တယ်။

ယူနန်ပြည်နယ်အနေနဲ့ မြောက်ပိုင်းသို့ ရွှေ့ပြောင်းသွားလာတဲ့ အာရှဆင်ကြီးများရဲ့ လမ်းကြောင်းတစ် လျှောက် ဖြစ်ပွားခဲ့သော အများပြည်သူစီးပွားဥစ္စာဆုံးရှုံးမှုအတွက် တောရိုင်းတိရိစ္ဆာန်အမှုအခင်း ပြည်သူ့တာဝန်ယူမှု အာမခံ ဖြင့် ဆုံးရှုံးမှုပေးလျော်မှုလုပ်ငန်းကို  ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။

စစ်ဆောင်ပန္နားဒေသဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်အတွင်းမှာတည်ရှိပြီး တောင်ဘက် တွင် မြန်မာနိုင်ငံ ၊ အရှေ့ဘက်တွင် လာအိုနိုင်ငံတို့ တည်ရှိတာဖြစ်ပါတယ်။စစ်ဆောင်ပန္နား နိုင်ငံတော်အဆင့် သဘာဝဘေးမဲ့တော၏ မျက်နှာပြင်ဧရိယာ စုစုပေါင်းသည် ဟက်တာ ၂.၄၂၅ သိန်းရှိပြီး စစ်ဆောင်ပန္နားဒေသ နယ်မြေဧရိယာ၏ ၁၂.၆၈ရာခိုင်နှုန်းရှိကာ မုန်ယန်၊ မုန်လွင်၊ မုန်လ၊ ရှန့်ယုန်၊ မန့်ကောင်ဆိုသည့် ဒေသကြီး (၅)ခု ၏ တစ်ခုနဲ့တစ်ခုဆက်စပ်ခြင်းမရှိသော ဘေးမဲ့တောငယ်များ ပေါင်းစပ်ထား ခြင်းဖြစ်ပါတယ်။

၎င်းတို့ထဲတွင်မြောက်ပိုင်းအကျဆုံးဖြစ်သည့် မုန်ယန်ဘေးမဲ့တောသည် အကြီးဆုံးသော ဘေးမဲ့ တောငယ် ဖြစ်ပြီး ဆင်ကြီးမိသားစုမြောက်ပိုင်း ရွှေ့ပြောင်းခြင်း၏ စမှတ်နေရာလည်းဖြစ်ပါတယ်။ စစ်ဆောင်ပန္နားမှာ  လူနှင့် ဆင် လွန်ဆွဲနေသည်မှာ နှစ် ၂၀ကျော်ခဲ့ပြီဖြစ်ရာ အာရှဆင်များသည် ဘေးမဲ့တော နယ်မြေတွင်သာ နေထိုင်ကျက်စားတာမဟုတ်ဘဲ ပြင်ပသို့ပျံ့နှံ့သည့် အနေအထားသည်အစောပိုင်း ကာလကပင် ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆောင်ပန္နားနိုင်ငံတော်အဆင့် သဘာဝဘေးမဲ့တော သိပ္ပံနည်းပညာသုတေသနကောလိပ် ဒုတိယ ကျောင်းအုပ်ကြီးကောရှန်မင်က သစ်တောများအပေါ်တင်းကျပ်စွာကာကွယ်ထိန်းသိမ်းခြင်းများကြောင့် ဘေးမဲ့ တောအတွင်းရှိ သစ်ပင်ပန်းမန်များသည် မြက်ပင်၊ ချုံပင်များမှ ကြီးမားသော သစ်ပင်များအဖြစ်ရောက်ရှိလာပြီး သစ်တောများလည်း အုပ်ဆိုင်းလာကြောင်းသစ်တောတွင်း အာရှဆင်များစားသုံးနိုင်သည့် နွယ်မြက်သစ်ပင်မျိုးများ တဖြည်းဖြည်းနည်းပါးလာသဖြင့် လုံလောက်သောအစားအစာရရှိနိုင်ရန်အတွက် အချို့သောဆင်ကြီးများ သည် ဘေးမဲ့ တောအလယ်ပိုင်းမှ ဘေးပတ်ဝန်းကျင်နှင့် အပြင်ဘက်သို့ ပျံ့နှံ့ကျက်စားကြတာလို့ ယူဆကြောင်း ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုထဲတွင် မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများနည်းတူ ဆင်တွေကို မင်္ဂလာရှိသော ရတနာတစ်ပါးဖြစ်သတ်မှတ်ထားသလို  အများပြည်သူရဲ့စိတ်ထဲတွင် မင်္ဂလာနိမိတ်လို့ မှတ်ယူ ကြပါတယ်။

ယူနန်ပြည်နယ်မှာ ကျက်စားနေထိုင်တဲ့ အာရှဆင်တွေဟာ ၂၀ရာစု ၁၉၉၀ပြည့် နှစ်ပိုင်းက အကောင်ရေ ၁၅၀ ဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါမှာတော့ အကောင်ရေ ၃၀ဝခန့်အထိ တိုးပွားလာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ အာရှဆင်ကောင်ရေ ၄၀,၀၀၀ မှ ၅၀,၀၀၀ ဝန်းကျင်အကြားသာ ကျန်ရှိတော့ပြီး၊ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေ (WWF) မှ ဆင်များဘေးကင်းရေးအတွက် လူနှင့်ဆင်များ ပဋိပက္ခကို လျော့ပါးစေရေးနဲ့ တရားမဝင် ဆင်စွယ်မှောင်ခိုရောင်းဝယ်မှုတို့ကို လျှော့ချရေးတို့အတွက် အစီအစဉ်များ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ယူနန် စစ်ဆောင်ပန္နားနိုင်ငံတော်အဆင့် သဘာဝဘေးမဲ့တောထိန်းသိမ်းကာကွယ်ရေးဌာန အဆင့်မြင့်အင်ဂျင်နီ ယာရှန်ချင့်ကျုံ့ကတော့ နောက်နောင်အာရှဆင်များ ကြီးမားသောအတိုင်းအတာတစ်ခုထိ ရွှေ့ ပြောင်းခြင်းကိစ္စရပ်မျိုး ထပ်မံပေါ်ပေါက်လာနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

ခန့်မောင်