【 ဆောင်းပါး 】 လဘက်ရည်ဆိုင်ယဉ်ကျေးမှု

【 ဆောင်းပါး 】 လဘက်ရည်ဆိုင်ယဉ်ကျေးမှု

   မြန်မာနိုင်ငံမှာ လဘက်ရည်ဆိုင်တွေ ဘယ်အချိန်က စသလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်း ဖြစ်သည်။
   ထိုမေးခွန်းကို ဂဏဃနဖြေနိုင်သူတော့ ရှားလိမ့်မည်။သို့သော် သမိုင်းကို ရှာဖွေလှန်လှောရန် ဝန်လေးသည့် ကျနော်တို့အဖို့ လဘက်ရည်ဆိုင်ကို လဘက်ရည်ဆိုင်လို သဘောထားတာက အကောင်းဆုံးဖြစ်သည်။သို့သော် သဘောထားလို့မရသည်မှာ လဘက်ရည် ကောင်းခြင်း၊ မကောင်းခြင်းနှင့် လဘက်ရည်စျေးနှုန်းများဖြစ်သည်။ 
   လဘက်ရည်ဆိုင်နှင့်ပတ်သက်ပြီး မေ့ထားလို့မရသည်က မြန်မာလူနေမှုစနစ်တွင် လဘက်ရည်ဆိုင်မရှိလျှင် မဖြစ်နိုင်အောင် အရေးပါနေပြီဆိုသည့်အချက်ပင်ဖြစ်သည်။အထူးသဖြင့် နေထိုင်ရန် ကျပ်တည်းပြီး ဧည့်ခံရန် နေရာမရှိသည့် မြို့ကြီးပြကြီးများတွင် လဘက်ရည်ဆိုင်သည် မိသားစုများစွာ၏ ဧည့်သည်ဆောင်သည်များကို ဧည့်ခံရာနေရာဖြစ်နေသည်ဆိုသော အချက်ဖြစ်သည်။ 
   လဘက်ရည်ဆိုင်တွင် လုပ်ငန်းများစွာအတွက် စကားပြောသလို လူမှုရေးရာကိစ္စများဖြစ်သည့် သားရေးသမီးရေးမှသည် ငွေရေးကြေးရေးဖြေရှင်းဆွေးနွေးခြင်းအထိ ရပ်ရေးရွာရေးမှသည် သာရေးနာရေးအထိ လဘက်ရည်ဆိုင်တွင် ပြောကြဆိုကြသည်။
   မနက်စောစော မနက်စာကို လဘက်ရည်ဆိုင်တွင် ဖြေရှင်းကြသည်မှာ မြို့ကြီး များတွင်နေထိုင်ကြသည့် မြို့သားများ၏ ဓလေ့ဖြစ်နေသလို ရုံးမသွားခင်လေးဖြစ်ဖြစ်၊ အလုပ်များတဲ့နေ့မှာ နေ့လယ်ပိုင်းခဏနားချိန်လေးဖြစ်ဖြစ်၊ ညစာ စားပြီး အညောင်းပြေ အညာပြေဖြစ်ဖြစ် ဆင်ခြေမျိုးစုံ၊ အကြောင်း ပြချက်မျိုးစုံဖြင့် လက်ဖက်ရည်ဆိုင်ထိုင်ကြသည်မှာ မြို့ပြတွင်နေထိုင်သူများ၏ ထုံးစံပင်ဖြစ်သည်။
   လဘက်ရည်ဆိုသည် သိသလောက်ဆို ကိုလိုနီခေတ်ကတည်းကစကာ ယနေ့ခေတ်အထိ ဆက်သွယ်ရေး အတွက် ဆုံချက်နေရာတစ်ခုအဖြစ် နေရာယူထားသည်မှာ အသေအချာဖြစ်သည်။လဘက်ရည်ဆိုင်နှင့်ပတ်သက်ပြီး အစောပိုင်း စာထဲပေထဲ ဖတ်ဖူးသည်မှာ ဆရာ ရွှေဥဒေါင်းရေးသည့် ၀တ္တုများထဲတွင်ဖြစ်သည်။ထိုထဲတွင်တော့ ကာကာဆိုင်ဟု ဖော်ပြထားသည်။ 
   ဆရာ မြသန်းတင့်ရေးသည့် ပင်ကိုယ်ရေး လဘက်ရည်ဆိုင်ဆိုသော စာအုပ်ထဲတွင် ဆရာတို့ဖြတ်သန်းခဲ့ရသောခေတ်က လဘက်ရည်ဆိုင်သဘောသဘာ၀နှင့် ဘယ်သူတွေကစပြီး ဆိုင်ဖွင့် သည်ကို ခေတ်သမိုင်းနှင့်ယှဉ်ကာ ဖတ်ရသည်မို့ လဘက်ရည်ဆိုင်ကို မြန်မာရနံ့ဖြင့် ဖတ်ရသလို ဖြစ်သည်။
   ကျနော်တို့ငယ်ငယ်ကတော့ လဘက်ရည်ဆိုင်ဆိုလျှင် မြန်မာဆိုင်ရှားသည်။တရုတ်ဆိုင်နှင့် မာမူဆိုင် ဆိုပြီး နှစ်ခုသာရှိသည်။တရုတ်ဆိုင်က ကျနော်တို့ လမ်းထပ်တွင်ရှိသည်။လဘက်ရည်ဖျော်သည့်တရုတ်က မိသားစုထဲတွင် အစ်ကိုကြီးဖြစ်ဟန်တူသည်။ကျနော်တို့ကတော့ မိဘတွေခေါ်သလို ပေါက်ဖော်ကြီးဟု ခေါ်သည်။ထိုတရုတ်ကြီးက မနက်ဆို ဂျုံရိုက်သည်။ဂျုံရိုက်ပြီးလျှင် နံပြားဖုတ်သည်။ထိုအချိန် လဖက်အချိုခြောက်ကို နှပ်သည်။မနက် ၅ နာရီ အာရုံဆွမ်းခံပြီး အပြန်တွင် တရုတ်လဘက်ရည်ဆိုင်ရှေ့ကဖြတ်လျှင် လဘက်ရည်နှပ်ထားသည့်အနံ့နှင် ပေါက်စီအနံ့၊ နှံပြားအနံ့က ကျနော်တို့ ဘုန်းကြီးကျောင်းသားတွေကို အမြဲတမ်းဒုက္ခပေးသည်။
   လဘက်ရည်ဆိုသည်မှာ အိမ်ကလူကြီးတွေ လကုန်မှ တစ်ခါလောက်သောက်ရသည့် အချိုဖြစ်သည်။တစ်ခါတလေ လမ်းထဲမှာ နှစ်အိမ်သုံးအိမ်စပ်ပြီး လဘက်ရည်တစ်ခွက်ဝယ်ကာ ခွဲသောက်ကြသည်။ထိုအခါ တိုင်ကီဆိုပြီး ဒန်ချိုင့်နှင့် သွားဝယ်ရသည်။ 
   တလောက ရှေးဟောင်းဇာတ်ကားတစ်ကားကို လူမှုကွန်ရက်တွင် ပြသည့်အခါ မင်းသမီးက ဒန်ချိုင့်လေးနှင့် လဘက်ရည်ထွက်ဝယ်ရင်း ကားနှင့် တိုးမိပြီး လဲကျသည့်အခန်းကို ပြန်ကြည့်ရသည်။ထိုခေတ်ဟောင်းဆိုသော်လည်း ထိုခေတ်က သိပ်ဝေးသည်တော့ မဟုတ်။ ၁၉၈၀ ဝန်းကျင်အထိ လဘက်ရည်ကို ချိုင့်နှင့်ဝယ်နေရဆဲဖြစ်သည်ကို ပြန်တွေးမိသည့်အခါ အနေဆင်းရဲ အစားဆင်းရဲသည့် ဆိုရှယ်လစ်ခေတ်ကို ပြန်သတိရမိသည်။
   ကျနော်တို့ ကျောင်းလမ်းသွားရာတွင် ကန်ကြီးတစ်ကန်ရှိသည်။ထိုကန်ဘေးတွင် ကုလားစုရှိသည်။ထို ကုလားစုထိပ်တွင် ကုလားလဘက်ရည်ဆိုင်ရှိသည်။ထိုဆိုင်တွင် မလိုင်များများရသည့် လဘက်ရည်ဆိုင်ဖြစ်သဖြင့် အချိုကြိုက်သူတွေ ထိုကုလားဆိုင်မှာ ထိုင်သလို အကျရည်များများ လဘက်ရည်ကိုလည်း ထိုဆိုင်တွင်ရသည်။ထိုကုလားဆိုင်တွင် နေရှင်နယ်ကတ်ဆက်လည်းရှိသဖြင့် လူငယ်များသည်။ကျနော်တို့မှာ ထိုစဉ်က ဆယ်နှစ်ကျော်ကျော်။လူကြီးတွေက လဘက်ရည်ဆိုင်မှာ လူငယ်တွေထိုင်တာ မကြိုက်။ကျနော်တို့ သွားငေးလျှင်တောင် အဆူခံရသည်။ယခုပြန်တွေးကြည့်တော့ လဘက်ရည်ဆိုင် ယဉ်ကျေးမှုအစမှာ ၁၉၇၀- ၈၀ ဝန်းကျင်က စသည်ဟု ပြောရမလားဟု။ 
   ယခုခေတ်တွင် ရပ်ကွက်တစ်ခုမှာ လဘက်ရည်ဆိုင်တစ်ဆိုင်တောင်မရှိပါက ရပ်ကွက်ဟုပင်ခေါ်ကြမည် မထင်အောင်ပင် ရွာတည်မြို့တည်ရာတွင် လဘက်ရည်ဆိုင်က အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ 
   ပြီးခဲ့သည့် ရက်ပိုင်းက ဒဂုံမြို့သစ်မှ ရပ်ကွက်တစ်ခုကိုသွားရာ ပြည်ထောင်စုလမ်းမပေါ်မှာသာ လဘက်ရည်ဆိုင်ကိုတွေ့ရသည်။လမ်းထဲမှာလည်း အိမ်ကြီးအိမ်ကောင်းတွေသာရှိသဖြင့် လဘက်ရည်ဆိုင်လည်း မတွေ့ရ။သည်တော့ စကားပြောရာမှာ အသိအိမ်ထဲတွင်သာ ပြောကြရသည်။စိတ်ထဲ မလွတ်လပ်သလို တစ်ခုခုလိုသလို။ 
   လဘက်ရည်ဆိုင်ယဉ်ကျေးမှုမှာ ယခုအခါ ကျနော်တို့စိတ်ထဲ အမြစ်တွယ်နေပြီဖြစ်သည်။လဘက်ရည် ဆိုင် မထိုင်ရသည့်နေ့များဆို စိတ်ထဲ တစ်ခုခု ဘဝင်မကျသလို။သို့သော် ယနေ့ခေတ်တွင် လဘက်ရည်ဆိုင်စစ်စစ်က ရှားသွားပြီဖြစ်သည်။လဘက်ရည်ဆိုင်အမည်ခံ အစုံရသည့် ဆိုင်တွေသာများလာသဖြင့် လဘက်ရည်သမားတွေ အထိုင်ချနိုင်သည့်ဆိုင်မျိုးက ကျနော်တို့ ငယ်ငယ်တုန်းကလို ပေါပေါများများ မတွေ့ရတာ့။
   လဘက်ရည်ဆိုင်ဆိုသည်မှာ ကျနော်တို့ခေတ်ကတော့ ဖိနှိပ်မှုမှ တဒင်္ဂလွတ်မြောက်ရာ နယ်မြေ တစ်ခုဖြစ်သည်။ထိုလဘက်ရည်ဆိုင်တွင် ကျနော်တို့စိတ်တွေ အလိုရှိသလောက် ကွန့်မြူးနိုင်သည်။ 
   ရည်ရွယ်ရာကို လွတ်လွတ်လပ်လပ် တွေးနိုင်သည်။ပြောနိုင်သည်။ရင်ထဲရှိသမျှ ဖွင့်ချနိုင်သည်။ရင်ခုန်နိုင်သလို ခုံပုလေးမှာ လဘက်ရည်ချိုကျတစ်ခွက်ကို သီချင်းတစ်ပုဒ်နှင့် အလိုက်ကလေး လိုက်ညည်းရင်း စိတ်ကိုဖြေဖျောက်လို့ရသည်။လဘက်ရည်ဆိုင်ဆိုသည်မှာ ၁၉၈၀ ဝန်းကျင်က လူငယ်များ၏ စုစည်းရာ အရပ်တစ်ခုလိုဖြစ်ခဲ့သည်။ 
   ယခုကတော့ လဘက်ရည်ဆိုင်ဆိုသည်မှာ အရောင်းအဝယ်လုပ်ရာ နေရာများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ကြာကြာထိုင်လို့ မကောင်းသလို မှာမစားဘဲ လဘက်ရည်တစ်ခွက်ဖြင့် နေကုန်နေခမ်းထိုင်လို့လည်း မရတော့။သုတ်သုတ်စား သုတ်သုတ်လာဆိုသည့် ယနေ့ခေတ်၏ စီးကြောင်းအသစ်တွင် လဘက်ရည်ဆိုင် အမည်ခံ စားဖွယ်စုံဆိုင်များ စီးမျောနေရပုံက ခေတ်နှင့် စနစ်အရ အပြစ်တင်လို့မရပေမယ့် ကျနော်တို့သိခဲ့သည့် လဘက်ရည်ဆိုင် အငွေ့အသက်ကတော့ ကုန်သလောက်ဖြစ်သွားပြီဖြစ်သည်။ 
   ဘာပဲဖြစ်ဖြစ် လဘက်ရည်ဆိုင် တစ်ခါတလေ “ရေနွေးတစ်အိုး” ဆိုသည့် ရေနွေးမှာသည့် အသံကို စိတ်ထဲမှာ ကြားနေမိတော့သည်။
   ဖြိုးဝေလှ