【 ဆောင်းပါး 】 လမ်းလျှောက်ခြင်းနှင့် အကျင့်

【 ဆောင်းပါး 】 လမ်းလျှောက်ခြင်းနှင့် အကျင့်

လမ်းလျှောက်ခြင်းဆိုသည်မှာ ခြေထောက်နှစ်ချောင်းက မြေပြင်တွင်လျှောက်ခြင်းကို လမ်းလျှောက်ခြင်းဟု  ခေတ်၀တ္တုတစ်ပုဒ်တွင် ကျနော်ဖတ်ခဲ့ရဖူးသည်။ထို၀တ္တုကို ဘယ်စာရေးဆရာရေးသည်လဲဆိုသည်ကို ကျနော်မမှတ်မိတော့။မှတ်မိသည်ကတော့ မနက်စောစောလမ်းလျှောက်သည့်အခါတိုင်း ထိုစာသားကို စိတ်ကမှတ်မိနေကာ တစ်ယောက်တည်းတွေးတွေးနေမိခြင်းဖြစ်သည်။ထိုသို့တွေးမိသည့်အခါတိုင်းလည်း သူပြောတာဟုတ်သားပဲဟု စိတ်ထဲကနေ ထောက်ခံမိသည်။

မနက်ဘက် လမ်းလျှောက်သည့်အခါ ရပ်ကွက်တစ်ပတ် ဒါမှမဟုတ် လမ်းမပေါ်လျှောက်မိသည်။နေတာက မြို့သစ်ဖြစ်သဖြင့် မနက်အစောကြီးလည်း မထဖြစ်သလို နောက်ကျ၍လည်းမဖြစ်။ကျနော်လမ်းလျှောက်သည့် လမ်းကြောင်းမှာ မနက်စောပါက လူပြတ်ပြီး နည်းနည်းနောက်ကျသွားပါက လူများလာတတ်သည့် မြို့ပတ်လမ်းလည်းဖြစ်သဖြင့် မနက်ဆို ၆ နာရီလောက်ကနေစကာ ၇ နာရီထိ တစ်နာရီလျှောက်လေ့ရှိသည်။ထိုသို့လမ်းလျှောက်ရန် မနက်ဆို ၅ နာရီ ၄၅ မိနစ်လောက်ထ၊ အပေါ့ပါးသွား။နောက် တုတ်ကောက်ဆွဲကာ လမ်းလျှောက်သည်။တုတ်ကောက်မှာ တပည့်တစ်ယောက်က ကျိုက်ထီးရိုးသွားစဉ် ကျနော့်အတွက်ဝယ်လာခြင်းဖြစ်သည်။

တုတ်ကောက်ဆောင်ရသည့်အရွယ် မဟုတ်သော်လည်း ခေတ်ကာလအနေအထားအရ လူကိုအန္တရာယ်ပြုနိုင်သည့်နှင့် ကြုံရပါက ပြန်ခုခံနိုင်ရန် ဆောင်ထားခြင်းဖြစ်ပြီး တစ်ခါတစ်လေ ခွေးများနှင့်တွေ့သည့်အခါ ခြောက်လှန့်ရန်လည်း ထိုတုတ်ကောက်က အသုံးဝင်သည်။မနက်ဆို ရပ်ကွက်တစ်ပတ်လျှောက် အိမ်ရောက်လျှင် ရေကိုသောက်ကာ ခဏနား၊ ပြီးလျှင် အပင်ရေလောင်းကာ ရေချိုး၊ နောက် ဘုရားရှိခိုးကာ မနက်အစောကြီးစာ စားသည်။တစ်ခါတလေ အိမ်ရှင်မက စျေးဝင်ဝယ်ခိုင်းသည့်အခါ စျေးထိပ်က မုန့်ဟင်းခါးဆိုင်တွင် မုန့်ဟင်းခါးအလွတ်တစ်ပွဲကို မနက်စာအဖြစ် စားလေ့ရှိသည်။ထိုအခါမျိုးတွင် အိမ်အပြန်နောက်ကျသဖြင့် မစားလို့မဖြစ်တော့။ဗိုက်ကဟာလေပြီ။

မနက်စောစောလမ်းလျှောက်ဖြစ်တာ လေးငါးနှစ်လောက် အနည်းဆုံးကြာပြီဖြစ်သည်။အစောပိုင်းကတော့ ကျူရှင်လိုက်ပြနေသဖြင့် မနက်စောစောထရသည်။တောင်ဒဂုံလို နေရာမျိုးတွေမှာပါ စာလိုက်သင်ရသဖြင့် မနက် ၆ နာရီလောက်ထသွားမှ ဟိုကို ၈ နာရီခွဲလောက်ရောက်သည်။ထိုစာသင်၀ိုင်းမရှိသည့်နေရက်များတွင်တော့ ၆ နာရီ မထိုးခင်ကတည်းက နိုးနေသဖြင့်  ဟိုဟိုဒီဒီလျှောက်ရင်းဖြင့် မနက်ဘက် လမ်းလျှောက်ဖြစ်မှန်းမသိ လျှောက်နေမိသည်။လမ်းလျှောက်တာ ပုံမှန်ဖြစ်နေသဖြင့် တော်ရုံတန်ရုံဖျားနာတာနည်းသလို ဖျတ်လပ်မှုလည်း အတန်အသင့်ရှိသည်။သို့သော် ဒါတွေကို ထိုစဉ်တုန်းက သတိမထားမိခဲ့။

ပုံမှန်လမ်းလျှောက်သဖြင့် ကျန်းမာရေးကောင်းနေသည်ကို ငါငယ်သေးလို့ နေမှုထိုင်မှုမှန်လို့ အလိုလိုကျန်းမာရေးကောင်းသည်ဟုပဲ ထင်နေမိသည်။သို့သော် ကိုဗစ်ပြင်းထန်သည့် ၂၀၂၁ ခုနှစ်အတွင်း နှစ်ဝက်ကျော်လောက် လမ်းမလျှောက်ဖြစ်သည့်အခါ ထိုကျန်းမာရေးက မကောင်းချင်တော့။ဗိုက်ထဲ ရင်ခေါင်းလောက်က အောင့်တတ်လာသလို ဟိုနေရာကိုက်သလို ဒီနေရာခဲသလို ဖြစ်တာတွေလည်း ရှိလာသည်။ထမင်းစားလည်း အမြဲရင်ပြည့်နေသလိုဖြစ်ကာ စားလို့မကောင်း။ဘာမှလည်းစားချင်စိတ်မရှိ။ရေချိုးတာမမှန်သဖြင့် လူလည်းထိုင်းမှိုင်းကာ အချိန်ပြည့်လှဲနေချင်မိသည်။ဒီလိုဖြစ်နေတာကို ကိုဗစ်နောက်ဆက်တွဲဖြစ်တာဟု ထင်နေမိသည်။တကယ်က လှုပ်လှုပ်ရှားရှားမရှိတာများသဖြင့် ဒီလိုဖြစ်နေတာဖြစ်ပြီး အိမ်ထဲမှာနေတာများသဖြင့် ကိုယ်လက်လှုပ်ရှားမရှိတာကလည်း ကျန်းမာရေးကို ထိုးချလိုက်သလိုဖြစ်ခဲ့သည်။

ကိုဗစ်ပြင်းထန်သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်၊ဩဂုတ် စသည့် လမတိုင်ခင်ကတည်းက အိမ်မှာအတူနေသည့် အသက် ၈၀ ကျော် အမေကို တူမလင်မယားက သမိုင်းရှိ သူတို့တိုက်ခန်းကိုခေါ်သွားသည်။ကျနော်နှင့် တူမတော်သည့် ထိုလင်မယားက အဖွားဖြစ်သူကို ကိုဗစ်ထဲပါသွားမှာစိုးသဖြင့် ခေါ်ထားသော်လည်း အမေက ကျနော်တို့နှင့် အတူနေနေကြဖြစ်သဖြင့် မနေရာ ကျနော်တို့ပါ သမိုင်းရှိ တူမရှိရာ တိုက်ခန်းကို လိုက်နေရသည်။ပေ ၂၀ ခန်းဖွင့်ရှိသည့် ထိုတိုက်ခန်းတွင် မိသားစုတွေစုနေပြီး ဖြစ်လာသမျှ စုရင်ဆိုင်မယ်ဆိုသည့်စိတ်ဖြင့် တူမလင်မယားက အကုန်လုံးကိုခေါ်ထားသဖြင့် မိသားစုစုံစုံညီညီဖြင့် ပျော်စရာတော့ကောင်းသည်။မနက်ဆို ကြက်သားပေါင်းသည့် ကြက်ရည်ကိုသောက်ရသည်။ဗိုက်တာမင်စီပါသည့် အသီးတွေကို မစားမဖြစ် စားရသည်။အသက်ကြီးသူတွေကို အားဆေးနှင့် အားဖြည့်ဆေးဝါးတွေ တိုက်သည်။ညဘက်ဆို တရားထိုင်ရသည်။

ဒီတော့ လမ်းလျှောက်ဖို့ နေနေသာသာ တိုက်ခန်းအပြင်တောင် ပေးမထွက်သည့် ထိုကာလမှာ လမ်းလျှောက်ရတာဆိုလို့ တိုက်ခန်းထဲရှိသည့် လမ်းလျှောက်စက်နှင့်သာ လျှောက်ရသည်။၀ရံတာတောင် တူမက ပေးမထွက်သဖြင့် အပြင်မှာ ဘာတွေဖြစ်နေသလဲမသိရ။သို့သော် ဖုန်းထဲကနေ ဘယ်လောက်အခြေအနေဆိုးနေသည်ကိုတော့ သိနေရသည်။နောက်နည်းနည်းလျော့ကျလာသည့်အခါ ကျနော်တို့လင်မယား အိမ်ကိုပြန်သည်။နောက်တော့ အမေပါပြန်ရောက်လာသည်။လမ်းထဲမှာလည်း သိသူအချို့ ကိုဗစ်ထဲ ပါသွားသည်။မနက်ဘက် ကျနော်နှင့် လမ်းလျှောက်ဖော် လမ်းလျှောက်ဖက်တွေထဲကအချို့ ကိုဗစ်နှင့်ဆုံးပါးသည်။

အိမ်ပြန်ရောက်သော်လည်း တော်တော်နှင့် လမ်းမလျှောက်ဖြစ်သေး။လူက အထိုင်အထတွေ သိပ်မကောင်း။ဒီကြားထဲ တစ်ခေါက်ထပ်ဖျားသဖြင့် လူက ယူချလိုက်သလို ကျသွားသည်။အသက် ၈၀ ကျော် အမေက ဘာမှမဖြစ်ဘဲ အသက် ၆၀ နီးပါး ကျနော်ကဖြစ်သဖြင့် ပြောလို့တောင်မကောင်း။ရယ်စရာ။ချောင်းဆိုးတိုင်း သလိပ်ကပါသည်။ကိုဗစ်ဖြစ်ခဲ့သလား မဖြစ်သလားဆိုတာတော့ မသိ။အနံ့ပျောက်သည်။ ဖျားသည်။ဒါတွေက ကိုဗစ်စကာစ ၂၀၂၀ ဒီဇင်ဘာအတွင်း ဖြစ်ခဲ့တာ။ဒီနောက် ဘာမှမဖြစ်တော့။

ဒီတော့ ကိုယ့်ကျန်းမာရေး ပြန်လုပ်မှရတော့မည်။စိတ်က ဒီလိုစဉ်းစားပြီး မနက်ဘက်လမ်းထလျှောက်ဖို့ ညဆို ၉ နာရီ ၁၀ နာရီ အိပ်ဖို့ ကြိုးစားရသည်။ညဘက် ဖုန်းကြည့်တာကို လျှော့ရသည်။မနက်ဘက် မလျှောက်ဖြစ်တာ နှစ်ဝက်ကြာပြီဆိုတော့ အကျင့်ကပျက်ပြီ။မနက် ၅ နာရီ ၄၅ မိနစ် အလန်း (အချက်ပေး) ဖို့ ဖုန်းမှာ နှိုးစက်ပေးသည်။မနက် အလန်းပေးတော့ မထချင်။နောက်နေ့မှဆိုပြီး ပြန်အိပ်သည်။ဒီလိုနှင့် တစ်ရက်ပြီး တစ်ရက်၊ တစ်ရက်ပြီး တစ်ရက်။နောက်တော့ အမျိုးသမီးက မနက်ဘက်မထရင်လည်း အလန်းမပေးနဲ့။သူပါအိပ်ရေးပျက်သည်လို့ဆိုတော့ မနက်ဘက် ကိုယ့်ဝီရိယဖြင့်ကိုယ်ထရန် ကြိုးစားရသည်။မနက်ဘက်နိုးပြန်တော့ ယခင်လို လမ်းလျှောက်ဖော်တွေ မစုံတာနဲ့ ခေတ်ကာလအရ မလျှောက်ကြတာနှင့် လမ်းလျှောက်ရတာ အရင်လိုစိတ်မရွှင်။လမ်းကိုလည်း အရင်လို ခပ်ဝေးဝေး ရပ်ကွက်တစ်ပတ်လည်းမလျှောက်နိုင်။သည်လိုနှင့် အရင်လို ပုံမှန်လျှောက်နိုင်အောင် ပုံမှန်လျှောက်နေကြအတိုင်း လျှောက်နိုင်အောင် အတော်လုပ်ယူရသည်။ယခုတိုင် မနက်ထဖို့ မနည်းကြိုးစားနေရတုန်း။   

အကျင့်ဆိုသည်မှာ လုပ်ယူရတာခက်သည့်အကျင့်နှင့် လွယ်သည်အကျင့်ဆိုပြီးရှိသည်။ကောင်းသည့်အကျင့်ဆိုလျှင် လုပ်ယူရတာခက်သလို လွယ်လည်းမလွယ်ပေ။မကောင်းသည့်အလုပ်ကတော့ လုပ်ရတာလွယ်သလို အလွယ်တကူလည်း လုပ်နိုင်သည်။လမ်းလျှောက်သည့် အလုပ်လျှင်ပင် မလုပ်တာကြာသည်အခါ အတော်လေးပြန်လုပ်ယူရသည်။ယခုမှ စလုပ်မည်ဆိုပါက လွယ်မည်မထင်။ဒီတော့ စဉ်းစားမိသည်။မကောင်းသည့်အကျင့်ဖြစ်သည့် မနက်ဘက် ထမည်ဆိုတိုင်း မထချင်သည့် ဇိမ်ခံချင်သည့် စိတ်ကိုတောင် မနည်းတွန်းလှန်နေရတာ တခြားသော မကောင်းသည့်အကျင့်များဆို ဘယ်လောက်တောင် ခက်ခဲလိုက်လေမလဲဟု တွေးတွေးမိသည်။

လမ်းလျှောက်ခြင်းကြာလာသည့်အခါ မလျှောက်ရလျှင် မနေနိုင်သည့်အဆင့်ရောက်သည်ဆိုလျှင် အကျင့်ကောင်းတစ်ခု စွဲမြဲပြီဟု ဆိုနိုင်သည်။သို့သော် ထိုအဆင့်မရောက်မီတွင် အကျင့်တစ်ခုဖြစ်ရန် အခက်အခဲများစွာကို မဖြစ်မနေကျော်ဖြတ်ရသည်။ထိုအဆင့်တွင် လူများစွာ ကျရှုံးခဲ့ရသည်။ကောင်းသည့်အကျင့်တစ်ခု ကိုယ့်တွင်စွဲမြဲရန် ဝိရိယရှိဖို့လိုသလို စိတ်အားထက်သန်မှုလည်း လိုအပ်ပေသည်။ထိုအရာတွေကို ဖြတ်နိုင်မှသာ  အကျင့်ကောင်းတစ်ခု၏ ကောင်းကျိုးကို ခံစားရတာပါလားဟု တွေးမိသည်။ထို့ကြောင့်လည်း လောကတွင် အကျင့်ကောင်းရှိသူ နည်းနေခြင်းလားဟု ကျနော်တွေးမိလေသည်။

မောင်ဦးလွင်