【 ဆောင်းပါး 】 လယ်ထဲမှာ နာမည်ကျော် ကြက်ဘူးတစ်ခွက်

【 ဆောင်းပါး 】 လယ်ထဲမှာ နာမည်ကျော် ကြက်ဘူးတစ်ခွက်

ကျနော်ငယ်ငယ်တုန်းက လယ်ထဲဆင်းရပြီဆို သိပ်ပျော်လေ့ရှိတယ်။ဘာလို့ပျော်တာလဲဆိုတော့ လယ်ထဲကို အမြဲတမ်းမသွားရတာကြောင့်ဖြစ်တယ်။လယ်ထဲမှာ လယ်နတ်ထည့်တဲ့အချိန် (လယ်စောင့်နတ်ကို ပူဇော်ပသခြင်း)၊ စပါးရိတ်သိမ်းပြီး အချိန်နဲ့ နွေကျောင်းပိတ်ရက်ကျမှသာ လယ်ထဲဆင်းရတာကိုး။

မိုးတွင်းဆို ချောင်းရိုး အကွေ့အကောက်လေးအတိုင်း လှေလှော်ပြီးသွား၊ နွေရာသီ လှည်းလမ်းကြောင်းပေါက်ပြီဆိုရင်တော့ လှည်းနဲ့ချီကြ။တစ်နာရီလောက်ကြာ သွားရတဲ့ခရီးဆိုတော့ ကျနော်တို့ကလေးတွေ ဘယ်မပျော်ဘဲ ရှိလိမ့်မလဲ။

ကျနော်တို့ ဘကြီးက လယ်ဧက တော်တော်ပိုင်တာဆိုတော့ သူ့လယ်ထဲမှာ တစ်ဧကကျော်လောက်ကို စပါးလုံးဝမစိုက်။တောင့်တင်းကျယ်ပြောတဲ့ သစ်သားအိမ်ကြီးနဲ့ အိမ်ပတ်လည်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်ထားလိုက်တာမှ စိမ်းစိုလို့။ပြီးတော့ ရေကန်ကြီးတစ်ကန်လည်း တူးထား၊ ကြက်နဲ့ ဘဲလည်း မွေးထားတာကြောင့် ဘကြီးတို့လယ်ထဲ လာသမျှ ဧည့်တွေအကြိုက်။ပြီးတော့ ဘကြီးက ဘူးစင်အကြီးကြီး တစ်စင်ကိုလည်း ၁၂ လရာသီ အပြတ်မခံဘဲ စိုက်လေ့ရှိတယ်။

ဘကြီးက ဘူးစင်ကို သိပ်ဂရုစိုက်တယ်။ဘူးစင်က ကြီးလည်းကြီး ကျယ်လည်းကျယ်။ဘယ်အချိန်မဆို နေတစ်ပြောက်မထိုး ရိပ်နေတဲ့နေရာမို့ မိုးတွင်းကလွဲ ကျန်အချိန်တွေမှာ နေ့ခင်းဘက် ဘကြီးထွက်အိပ်တဲ့ နေရာပေါ့။ပြီးတော့ အဲဒီဘူးစင်အောက်မှာ ပက်လက်ကုလားထိုင် ၃-၄ လုံး၊ စားပွဲတစ်လုံးနဲ့ ဘကြီးအိပ်တဲ့ ကွပ်ပျစ်တစ်လုံးရှိသေး။ဘူးစင်အောက် မြေပြင်ဆိုတာ လမ်းကွင်းနဲ့မတူ ဘယ်အချိန်မဆို ပြောင်ရှင်းလို့။

ဘကြီးရဲ့ ဘူးစင်က ဟင်းလင်းပွင့်နေတဲ့ လယ်ကွင်းထဲ တော်ရုံအားကောင်းတဲ့ လေပြင်းလောက်တော့ မမှုဘူးဆိုတဲ့အဆင့် ခံနိုင်ရည်ရှိရဲ့။ပြီးတော့ ဘူးစင်ကို ဘူးသီးတွေတွဲကျနေတာတောင် ဘကြီးအရပ် ၅ ပေ ၈ လက်မ အမြင့် ခေါင်းငုံ့စရာမလိုဘဲ လျှောက်နိုင်အောင် မြှင့်ထားလေ့ရှိတယ်။

“ဘူးပင်စိုက်တယ်ဆိုတာ ဘူးသီးစားချင်ရုံသက်သက် မဟုတ်ဘူး။ဘူးစင်အောက်မှာ အေးအေးလူလူ နားချင်တာကြောင့်လည်း စိုက်တာ။အဲဒါကြောင့် ဘကြီးကွင်းထဲက အိမ်မှာ ဧည့်ခန်းဆိုတာက ရေလွတ်တဲ့အချိန်ဆို ဘူးစင်အောက်ပဲ” လို့ ဘကြီးက ပြောပြတယ်။

ဘကြီး ဘူးစင်တည်တာက လယ်ကွင်းမှ မဟုတ်ဘူး။ဘကြီးရဲ့ မြို့ပေါ်ခြံရဲ့ အနောက်ဘက်မှာလည်း ဘူးစင်ကြီးက ဧရာမ။အဲဒီဘူးစင်အောက်မှာဆို နွားတွေလည်းနေ၊ လှည်းတွေလည်းဖြုတ်။ထော်လာဂျီနဲ့ ဘကြီးစီးတဲ့ကား ဂိုထောင်မလို၊ ဘူးစင်အောက်မှာ နားခိုရာ။ဘကြီးအိမ်မှာရှိတဲ့အချိန် နေ့ခင်းဘက် စာဖတ်တာနဲ့ တရေးအိပ်တာလည်း  အဲဒီဘူးစင်အောက်မှာပဲ။

ဘကြီးရဲ့ ဦးလေး၊ ကျနော်တို့ အဘိုးလေးဆို အဘိုးလေးတို့ လယ်က ဘကြီးလယ်နဲ့ ကပ်လျက်မို့ နေ့ခင်းထမင်းစားပြီးချိန် တရေးအိပ်ဖို့ ဘူးစင်အောက် ရောက်လာမြဲ။တစ်ပတ်မှာ တစ်ရက်၊ သူတို့တူဝရီးနှစ်ယောက် တစ်ခွက် တစ်ဖလားသောက်ကာ စကားတွေ ဖောင်ဖွဲ့ကြတာလည်း အဲဒီဘူးစင်အောက်မှာပဲ။

မြို့ရော လယ်ထဲမှာပါ အမြဲမပြတ် ဘူးသီးတွေက သီးလွန်းတော့ ဘူးသီးဆိုတာ ကျနော်တို့အမျိုးတွေတောင် ခဏခဏစားရလေ့ရှိတဲ့အပြင် အိမ်နီးချင်းနဲ့ လယ်နီးချင်းတွေလည်း ဝေပေးရမြဲ။ဘကြီးရဲ့ ဘူးသီးတွေက သိပ်ချိုပြီး သိပ်လတ်တာပဲလို့ ပြောလေ့ရှိကြတယ်။ချိုတာလတ်တာလည်း မပြောနဲ့၊ ဘကြီးက ဘူးစင်ကို ဓာတ်မြေဩဇာမသုံးဘဲ နွားချေးနဲ့ သဘာဝမြေဆွေးတွေပဲ နိုင်နိုင်ထည့်တာကြောင့်နဲ့ ဆိုင်တယ်လို့ ဆိုတယ်။

ကျနော်တို့ဆွေမျိုးတစ်စု ဘကြီးလယ်ထဲ စပါးဝိုင်းလှေ့ဖို့ သွားကြပြီဆို လယ်ထဲရောက်တာနဲ့ လက်ရဲဇက်ရဲ ယောကျာ်းသားတစ်ယောက်၊ နှစ်ယောက်က ကြက်တွေကိုရိုက်၊ ပြီးရင် ဘူးစင်မှာ သီးနေဆဲ ဘူးသီးကိုဆွတ်လို့ ကြက်ဘူးကာလသားချက်။ကြက်ရော ဘူးသီးပါ လတ်လတ်ဆတ်ဆတ်တွေချည်းဆိုတော့ မွှေးကမွှေး၊ လတ်ကလတ်နဲ့ ဘူးစင်အောက် မနားတမ်းဆော့ပြီး ဗိုက်ဆာနေတဲ့ ကျနော်တို့ ကလေးတွေ ခေါင်းမဖော်ဘဲ တနင့်တပိုး ဗိုက်မသယ်နိုင်အောင် စားခဲ့ကြ။

မွန်းလွဲပိုင်း ၂ နာရီကျော်ပြီဆိုရင်တော့ မိန်းမတွေတစ်သိုက် ဘူးသီးတွေလှီးပြီး ဘူးသီးကြော် အဆာပြေ လုပ်ကျွေးကြပြန်တယ်။ဘူးသီးကြော်ကိုတော့ ဘကြီးက ဘူးစင်အောက်မှာ အကြော်မခံ။ဘူးပင်ကို မီးနဲ့မြှိုက်သလိုဖြစ်တာကြောင့် အကြော်မခံတာတဲ့။လယ်တဲအိမ်က မီးဖိုမှာကြော်။ပြီးရင်တော့ ဘူးစင်အောက် ခင်းထားတဲ့ ဖျာပေါ် ဘူးသီးကြော်ပူပူနွေးနွေး ကျွတ်ကျွတ်ရွရွလေးကို စားကြ။

ညနေစောင်းပြီဆိုရင် ရေကန်ထဲ ငါးသွားဖမ်း။ငါးတွေ ပုစွန်တွေ ကင်တဲ့သူကကင်။ကျနော်တို့ကလေးတွေက အကင်စားပြီးရင် နေမစောင်းခင် အိမ်ပြန်။ညအိပ်တဲ့ လူကြီးတွေကတော့ အနေတော်ပြင်းတဲ့ ဘကြီးစိတ်ကြိုက် ချက်အရက်နဲ့ ငါးကင်မွှေးမွှေးလေးမှာ စကားတွေ ဖောင်ဖွဲ့လို့။

ဘကြီးရဲ့ ကြက်ဘူးက ဘယ်လောက်ထိ နာမည်ကြီးသလဲဆို ရန်ကုန်က ဆွေမျိုးတွေ ဇာတိအလည် ပြန်လာလို့ ဘကြီးက ထမင်းဖိတ်ကျွေးတယ်ဆို ထမင်းလာစားမယ့် ဧည့်ဆွေမျိုးတွေရဲ့ တစ်သံတည်းသောစကားက ကြက်ဘူးတစ်ခွက်တော့ ပါပလေ့စေတဲ့။

မိုးတွင်းပိုင်းလာတဲ့ ဧည့်သည်တွေကတော့ ငါးပြေမ ရွှံ့သုတ်မီးဖုတ်လေး စားချင်သတဲ့။မိုးဦးကာလလား၊ မိုးတွင်းလားတော့ မပြောတတ်။လယ်ထဲမှာ ငါးပြေမတွေ သိပ်ပေါလေ့ရှိတာကြောင့် ငါးပြေမကို ရွှံ့ပါးပါးသုတ်၊ မီးဖုတ်ပြီး ရွှံ့ကျက်တဲ့အချိန် အဲဒီရွှံ့ကို ဆွဲခွာလိုက်တဲ့အခါ ငါးအကြေးခွံထူထူပါပါသွားကာ မွှေးမြနေတဲ့ အသားသာ ကျန်ခဲ့တဲ့ ငါးပြေမရွှံ့သုတ်မီးဖုတ်။

စပါးသိမ်းပြီး လယ်ကွက်ထဲ ရိုးတံတွေ အကုန်ရှင်းပြီးပြီဆိုရင်တော့ ဘကြီးရဲ့လယ်ထဲ ဟင်းသီးဟင်းရွက်တွေ လှိုင်လှိုင်ထပ်စိုက်ပြန်ရော။ဘကြီးက လယ်ကွင်းထဲ အဝီစိတွင်းရှိပြီး ရေပေါပေါပေးနိုင်တာကြောင့် ထွက်လိုက်တဲ့ ဟင်းသီးဟင်းရွက်တွေက အောတိုက်။

ဘကြီး အလကားလျှောက်ဝေပြီး ပိုတာတွေ သူ့လယ်သူရင်းဌားတွေက ရောင်းစားကာ ရတဲ့ငွေ အပိုဝင်ငွေအဖြစ် ယူကြရတာဆိုတော့ အလုပ်သမားတွေလည်း ပျော်ပေါ့။

ဘကြီးက ဘာရယ်မဟုတ်ဘူး။စိုက်နေပျိုးနေရရင် ပျော်နေတာမို့ စပါးပြီး ဟင်းသီးဟင်းရွက်။စိတ်ကူးရတဲ့နှစ်မှာ ဘုရားတင်လေ့ရှိတဲ့ ပန်းဝါဝါ နည်းနည်းပါ ထည့်ပျိုးလို့။ဘကြီးက သူစိုက်ထားတဲ့ အစိမ်းရောင်လွင်ပြင်ထဲ ငေးနေရရင်ကို ပျော်လို့။ကျနော်တို့ ကလေးတွေက ကန်သင်းရိုးပေါ် ပတ်ပြေးကာ ပျော်လို့။

ငြိမ်းခင်