【 ဆောင်းပါး 】 လိင်မှုမပွေသော ဘီလူးကျွန်းပြဿနာ

【 ဆောင်းပါး 】 လိင်မှုမပွေသော ဘီလူးကျွန်းပြဿနာ

ကျနော်လူပျိုအရွယ် ၁၉၉၀ ကျော်ကာလတွင် ဘီလူးကျွန်း၏ ချစ်မှုရေးရာမှာ လျှို့ဝှက်လို့ကောင်းတုန်းဖြစ်သည်။

သမီးရည်းစားသဘာဝ ချိန်းတွေ့ခြင်းဆိုသည်မှာ ခပ်ရှားရှား။ချောင်းဆုံမြို့ပေါ်က မြင့်မိုရ်တောင်ဘုရားတစ်ဝိုက်မှာ ခြံနွယ်အပေါင်းနဲ့ ခညောင်းနေသဖြင့် အတွဲများ ငြိမ့်ညောင်းချင်စရာကောင်းလှသော်လည်း အတွဲတွေသိပ်လာကြတာမျိုးမရှိ။ထို့ကြောင့် မြင့်မိုရ်တောင်ဘုရားပေါ်သို့ အတွဲတစ်တွဲလာပြီဆို ကလေးများတစ်သိုက်မှာ ရိုးရိုးတန်းတန်း ထိုင်စကားပြောနေလဲချောင်း၊ မရိုးမသားပူးကပ်နေလျှင်လည်းချောင်းဆိုတော့ အတွဲများ စိတ်အေးလက်အေး စကားပြောချိန်ပင်မရှိ။

မြင့်မိုရ်တောင်ဘုရားပေါ်လာကြသော အတွဲများမှာ ချောင်းဆုံမြို့ပေါ်ကတော့မဟုတ်။ချောင်းဆုံနဲ့ မလှမ်းမကမ်း ရွာအချို့ကသာ များသည်။ဘာ့ကြောင့်ချောင်းဆုံမြို့ပေါ်က မဟုတ်ကြတာလဲဆိုတော့ လူသိမခံဝံ့သောကြောင့်ဖြစ်သည်။သမီးရည်းစားချိန်းတွေ့ခြင်းသည် ကျနော်တို့ ဘီလူးကျွန်းတွင် မျက်နှာဖုံးသတင်းကြီးမို့ ပျံ့နှံ့မှုနှုန်းမှာ ဒီနေ့မြန်လွန်းနေသော ဖေ့စ်ဘွတ်ခ်နဲ့ နင်လားငါလားဖြစ်သည်။မိဘနဲ့ အစ်ကိုတွေ မောင်တွေ သိသွားလျှင် မစားသာ။

ထို့ကြောင့် သမီးရည်းစားတို့ ချိန်းဆိုရာနေရာသည် ဗလာဇာတ်ပွဲများရှိရာနေရာဖြစ်သည်။ပွဲခင်းထဲထိုင်ရင်း တွတ်ထိုးကြသည်။နည်းနည်းအတင့်ရဲသူများက ပွဲခင်းအပြင်ထွက်ကာ မှောင်ရိပ်ခိုရင်း အနမ်းတို့ဝေကြသည်။ပို၍အတင့်ရဲသောအတွဲများက ညဘက် လူကြီးများအိပ်ချိန် ခြံထဲချိန်းတွေ့၊ အသည်းတထိတ်ထိတ် ရင်တဖိုဖို။မည်သို့ပင်ချိန်းတွေ့သည်ဖြစ်စေ အတူနေခြင်းအဆင့်သို့ရောက်ကြသည့်အတွဲ သိပ်နည်းလွန်းလှသည်။

ကိုလူပျိုတို့က မတောင်းဆိုလို့တော့မဟုတ်။အပျိုစင်တို့ကို မရမကထိန်းချုပ်နိုင်စွမ်းကြီးသောကြောင့်ဖြစ်သည်။ပျိုမေတို့မှာ သွေးနဲ့ကိုယ်သားနဲ့ကိုယ်မို့ သွေးသားဆန္ဒရှိကြတာ သေချာသော်လည်း သူတို့၏အပျိုစင်ဘဝကို အိမ်ထောင်မကျမချင်း အစွမ်းကုန်ကာကွယ်ရမည်ဆိုသည့် အသိစိတ်က ပိုကြီးသဖြင့် ပြတ်ပြတ်သားသား ကာကွယ်ကြခြင်းဖြစ်သည်။

တချို့မထိန်းသိမ်းနိုင်ဘဲ ချစ်သူနဲ့ အတူနေဖြစ်ကြသူ အနည်းငယ်ရှိသည်။ထိုသို့အတူနေဖြစ်ကြသူ ခပ်များများမှာလည်း မယူခင် ကိုယ်ဝန်ရကြတာကများသည်။တချို့ဆို အတူနေတာကမှ ၂ ကြိမ် ၃ ကြိမ်ရှိသေး၊ ကိုယ်ဝန်ကတန်းရသဖြင့် ယောက်ယက်ခတ်ကြရသည်။ဘာ့ကြောင့် ထိုသို့ဖြစ်ရသလဲဆိုတော့ ကျားရောမပါ လိင်အတွေ့အကြုံနဲ့ လိင်မှုအသိမရှိသလောက် နည်းလွန်းသောကြောင့်ဖြစ်သည်။ကျနော်တို့ ဘီလူးကျွန်းသားများ ဘယ်လောက်အထိ လိင်အတွေ့အကြုံနည်းသလဲဆို အပျော်အပါးလိုက်စားစရာ ပြည့်တန်ဆာအိမ်သီးသန့်မရှိသဖြင့် ပျော်ချင်လျှင် မော်လမြိုင်တက်ဟု ဆိုတတ်ကြသည်။

မော်လမြိုင်တက်ဆိုတာကလည်း ပြောလို့သာလွယ်သည်။တကယ့်တကယ်သွားရတာကျ ပြည့်တန်ဆာအိမ်တွေထဲ ဝင်ရဲထွက်ရဲဖို့ဆိုတာက သိပ်မလွယ်။ရဲဝင်ဖမ်းမှာလည်းကြောက်ရ၊ လူတွေအများကြီးမို့ ဈေးစကားနဲ့ ကိုယ့်အကြိုက် အဆင်လှလှရွေးရချယ်ရ ရှက်လှ။ပြီးတော့ တိတ်ဆိတ်ငြိမ်သက်မှုမရှိသော အရပ်တစ်ပါးတွင် တစ်ခုတည်းသောအာရုံထဲ ရာနှုန်းပြည့်ဝင်စားဖို့ရာ မလွယ်လှ။ထို့ကြောင့် သွားရဲလာရဲ အတွေ့အကြုံရှိသူနှင့် ငွေစကြေးစလည်းရွှင်တာတောင် အရောက်လှမ်းနိုင်ဖို့ ခက်လှသည်။

နောက်ထပ်အဆင်မပြေမှုတစ်ခုမှာ ထိုအချိန်က တည်းခိုခန်းများလည်း မပေါသေးသလို ပြည့်တန်ဆာခေါ်လို့ရသည့် တည်းခိုခန်းက ပိုလို့ပါးရှားလှသဖြင့် တည်းခိုခန်းထဲ ပျော်ပါးဖို့ရာလည်း မလွယ်ခြင်းဖြစ်သည်။ကိုယ့်အိမ်ကိုယ်ခေါ်သွားပြီး အပေါင်းအသင်းများနှင့် အတူတကွ တစ်ညတာ အသုံးတော်ခံနိုင်သည့် အခွင့်အရေးရှိသော်လည်း ကိုယ့်အိမ်မှာ မည်သူမျှမရှိရုံတင်မက ပတ်ဝန်းကျင်အိမ်များနှင့် သိပ်မနီးဘဲ သီးခြားရှိပါမှ။ဒါတောင် ကိုယ့်အိမ်ကိုယ်ခေါ်သည့် အခွင့်အရေးမျိုးမှာ မော်လမြိုင်မြို့သားများသာရနိုင်ပြီး ရေပတ်လည်ဝိုင်းနေသော ဘီလူးကျွန်းသို့ တကူးတကန့်ကြီး ပြည့်တန်ဆာခေါ်ဖို့ရာ မည်သို့မျှမဖြစ်နိုင်။ထို့ကြောင့် ထိုအချိန် ဘီလူးကျွန်းသားများအတွက် အပျော်အပါးရှာဖို့ပင်မလွယ်ပေ။ထိုသို့သောအကြောင်းများစွာကြောင့် ကိုလူပျို ဘီလူးကျွန်းသားတို့၏ လိင်အတွေ့အကြုံ သိပ်နည်းလွန်းလှသည်မှာ မဆန်းပေ။

၁၉၉၅ ခုနှစ် ဟိုဘက်ထိတိုင် ကျနော်တို့ ဘီလူးကျွန်းဆေးဆိုင်များ၌ ကွန်ဒုံရောင်းကောင်းရောင်းနိုင်သော်လည်း ကွန်ဒုံဝယ်သူတစ်ဦးမှမရှိတာ သေချာသည်။ဘယ်သကောင့်သားကမှ ကိုယ့်မြို့ကိုယ့်ရွာတွင် ကွန်ဒုံမဝယ်ရဲ။ကွန်ဒုံဝယ်ခြင်းကို ပြည့်တန်ဆာနဲ့ ပျော်ပါးတော့မည်ဟု တန်းအဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိပြီး ပြည့်တန်ဆာနဲ့ ပျော်ပါးခြင်းကို မကောင်းမှု ဒုစရိုက်ကျူးလွန်သည်ဟု ညီမျှခြင်းချပြီးသားမို့ မဝယ်ရဲကြခြင်းဖြစ်သည်။

ထို့အပြင် ကြားဖူးနာဝများဖြင့် ကွန်ဒုံသုံးခြင်းကို သွေးသားကပေးသလောက် ခံစားမှုမရောက်ဘူးဟု ပြတ်ပြတ်သားသား ဖွင့်ဆိုမှုအမှားကလည်းရှိသေးသည်။နောက်ထပ်အမှားကြီးအမှားက သမီးရည်းစားချင်း အတူနေရာတွင် ကွန်ဒုံသုံးခြင်းကို မိန်းမပျိုများက သူတို့ကိုမယုံကြည်၍၊သူတို့တွင်ရောဂါရှိသည်ဟုမြင်၍ ကွန်ဒုံသုံးခြင်းဟုထင်ကာ သူတို့ကိုစော်ကားခြင်းဟု ရှုမြင်တတ်ခြင်းကလည်း အဓိကပြဿနာကြီးဖြစ်သည်။ပိုအမှားကြီးသော တချို့အမျိုးသမီးများကျတော့ ကွန်ဒုံသုံးခြင်းအပေါ် သူတို့ကို ပြည့်တန်ဆာကဲ့သို့သဘောထားသည်ဟု အမြင်လွဲကြခြင်းဖြစ်သည်။

ပြောရလျှင် အမျိုးသားများကလည်း ကွန်ဒုံမသုံးလို၊ အမျိုးသမီးများကလည်း ကွန်ဒုံလက်မခံလို၊ ပြီးတော့ ကွန်ဒုံကိုလည်း အလွယ်တကူမရနိုင် စသည့်အကြောင်းများကြောင့် ကျနော်တို့ ဘီလူးကျွန်း၌ ကွန်ဒုံယဉ်ကျေးမှုဆိုတာကလည်း လုံးဝမထွန်းကားခဲ့ပေ။

ထို့ပြင် သန္ဓေတားဆေးဆိုတာကို ယောကျာ်းသားများပင် သွားဝယ်ရဲဖို့မလွယ်။ထိုးဆေးကျတော့ အိမ်ထောင်ရှင်မများပင် သွားထိုးရန်ရှက်။ထို့ကြောင့် အတူနေသမီးရည်းစားတို့မှာ ရည်းစားသက် သိပ်မကြာခင် ကိုယ်ဝန်ရကြခြင်းဖြစ်သည်။

ထိုသို့ လိင်မှုအသိအားနည်းလွန်းလှသော ဘီလူးကျွန်းသားများသည် လိင်ကြောင့်ဖြစ်သောရောဂါများအပေါ် သိပ်မသိခြင်းကလည်း မဆန်းလှ။ကာလသားရောဂါများကိုတော့ အတန်အသင့်ကြားဖူးနားဝရှိကြသည်။ဖာကျိုးလျှင် ဆေးခန်းသွား၊ ပနယ်ဆလင်ထိုး ပျောက်လောက်သိသည်။ ၁၉၉၅ ဝန်းကျင်ကာလ၊ မြန်မာနိုင်ငံတွင် ကျော်ကြားစပြုနေပြီဖြစ်သော HIV၊AIDS ရောဂါကိုကျတော့ လက်လှမ်းမမီ။

ကျနော်တို့ ဘီလူးကျွန်းသားများမှမဟုတ်။ ၁၉၉၈ ခုနှစ်၊ ကျနော် ဂျီတီအိုင်ကျောင်းတက်စဉ် ကျောင်းနေဘက်သူငယ်ချင်းတစ်ဦးက HIV ဆိုသည်မှာ ကာလသားရောဂါဖြစ်ပြီးမှသာ ကံဆိုးသူတို့ ထပ်ကြုံရသည့် နောက်ဆက်တွဲရောဂါဟုဆိုသဖြင့် ကျနော်အံ့သြခဲ့ရဖူးသည်။ပြီးတော့ သူကထပ်ပြောသည်။ပြည့်တန်ဆာနဲ့ ဆက်ဆံလို့ ကွန်ဒုံမသုံးလည်း ကံဆိုးသူမှ HIV ဖြစ်နိုင်တာတဲ့။ကျနော်အထိတ်တလန့်နဲ့ သူ့အမြင်အမှားကြီးမှားနေကြောင်း ရှင်းပြတော့လည်း သူသိပ်လက်ခံချင်ပုံမပေါ်။သူသည် ဂျီတီအိုင်ကျောင်းသားတစ်ဦးဖြစ်၍ ပညာရေးအသိအတန်အသင့်ရှိသောသူ။ထိုသို့သောသူ၏ HIV ရောဂါအပေါ် နားလည်မှုမှာ ထိုသို့ဆိုတော့ ပညာရေးအခြေခံအားနည်းသူတို့ကြား HIV အပေါ် နားလည်နိုင်စွမ်းမှာ မည်သို့ရှိမည်နည်း။များစွာသော ကျနော်တို့ဘီလူးကျွန်းသားများကတော့ HIV ၊ AIDS ကို ကြားဖူးနားဝထက် သိပ်မပို။

ထိုသို့ လိင်အတွေ့အကြုံကလည်းနည်း၊ ပတ်ဝန်းကျင်အခြေအနေကလည်း ဘက်စုံတင်းကျပ်ထားပြီး လိင်ပညာပေးအသိကိုပင် ရှက်စရာဟုထင်ခဲ့သော ကျနော်တို့ ဘီလူးကျွန်းသားများစွာမှာ လမ်းထိပ်ကွမ်းယာဆိုင်တွင် ကွမ်းသွားဝယ်စားသလို ပိုက်ဆံရှိလျှင် အလွယ်တကူ ပြည့်တန်ဆာလိုက်စားနိုင်သော ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသောအခါ မည်သို့ရှိလေသနည်း။

HIV ၊ AIDS ဒီကမ္ဘာပေါ် အတောမသတ်နိုင်သေးသောဝမ်းနည်းစရာဖြစ်ရပ်များစွာ။ကျနော်တို့ ဘီလူးကျွန်းသားတချို့သည်လည်း ကြေကွဲဖွယ်အခင်းအကျင်းများကို ယူဆောင်လာခဲ့ကြသည်။

ငြိမ်းဆက်
ဖေဖော်ဝါရီ - ၁၂