【 ဆောင်းပါး 】 လုယူတိုင်းမရနိုင်ပါ

【 ဆောင်းပါး 】 လုယူတိုင်းမရနိုင်ပါ

လူသားအချင်းချင်း စာနာတတ်သူ၊ ကူညီတတ်သူ၊ အနည်းဆုံး နှုတ်ဖျားမှ အားပေးနှစ်သိမ့်ပေးသူတွေရှိသလို လူလူချင်းအကြင်နာမရှိ စာနာဖို့မသိသည့်အပြင် မိမိအတ္တအတွက် တစ်ဖက်သားကို တမင်ဒုက္ခပေးသူတွေလည်းရှိသည်။

တချို့လူတွေဆိုလျှင် တစ်နေ့ တစ်နေ့ သူများပစ္စည်းကို ဘယ်လိုခိုးမည်၊ ဘယ်လိုလုမည်၊ ဘယ်လိုမတရားသိမ်းပိုက်မည် စသဖြင့် ကြံစည်နေတတ်သည်။သူများပစ္စည်း မတရားယူဖို့က သူတို့၏ အဓိကအသက်မွေးဝမ်းကျောင်းအလုပ်လိုဖြစ်နေသည်။

မတရားလုယူခံရသည့် ပစ္စည်းပိုင်ရှင်များအနေနှင့် အတော့်ကိုမခံချင်စရာကောင်းလှသည်။ကိုယ်ပိုင်ဆိုင်သည့်ပစ္စည်းကို ကိုယ်မပေးဘဲ သူတို့သဘောနှင့်သူတို့ မတရားလုယူကြတာကို ဘယ်လိုကျေနပ်ပါမည်နည်း။မတတ်သာလို့ ပေးလိုက်ရသော်လည်း ရင်ထဲမှာ တနုံ့နုံ့နှင့် ခံပြင်းနေမိသည်။ပစ္စည်းရှင်အနေနှင့် အလွန်နစ်နာလွန်းလှသည်။သေချာတွေးကြည့်ရင် မိအေးနှစ်ခါနာဆိုတာမျိုးဖြစ်နေသည်။ကိုယ့်ပစ္စည်းဆုံးရှုံးရတာကတစ်ခါ မကျေမနပ်နှင့် လုယူသူအပေါ် ကျိန်ဆဲမိသည့်အတွက် အကုသိုလ်ဖြစ်ရသည်က တစ်ခါဆိုတော့ နှစ်ခါရှုံးပြီလေ။ပစ္စည်းဆုံးရှုံးသွားတာက တစ်ခါတည်းနှင့် ကိစ္စပြတ်သည်။အကုသိုလ်ဖြစ်သွားသည်က တစ်ခါတည်းနှင့် မပြီးပါ၊ သံသရာမှာ ထိုအကုသိုလ်က ကိုယ့်နောက်ကို အရိပ်လိုလိုက်လာမှာပါ။ကိုယ့်ပစ္စည်းကို သူများလုယူ၍ ဆုံးရှုံးသွားသည်က ယခုဘဝမှာ မတရားခံရတာမှန်သော်လည်း တစ်ချိန် တစ်ဘဝမှာ ကိုယ်က သူများပစ္စည်းကို မတရားယူခဲ့မိတာလား ကိုယ်အလှူဒါနပြုလုပ်စဉ်က စိတ်ထဲမှာမသန့်ရှင်းလို့လား တစ်ခုခုကြောင့် ယခုကဲ့သို့ ကိုယ့်ပစ္စည်းကို မတရားဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။ထို့ကြောင့်လည်း တစ်စုံတစ်ခုကို လှူဒါန်းသည့်အခါ မလှူခင်မှာရော လှူနေစဉ်မှာရော လှူပြီးနောက်တွင်ရော စေတနာသဒ္ဓါကို လုံးဝအပျက်ခံလို့မရပါ။စေတနာသဒ္ဓါအပြည့်နှင့် လှူရပါမည်။လှူပြီးလျှင်လည်း ကိုယ်လိုအပ်သည့်ဆုကို တောင်းရပါမည်။

ဘုရားလောင်းတို့သည်ပင် အလှူပြုပြီးပါက သဗ္ဗညုတဉာဏ်အတွက် အထောက်အပံ့ဖြစ်ပါစေဟု ဆုတောင်းကြသည်။

ဗုဒ္ဓဘာသာအများစုသည် အလှူတစ်ခုပြီးတိုင်း “ဣဒံမေပုညံ အာသဝက္ခယာ ဝဟံဟောတု ဣဒံမေပုညံ နိဗ္ဗာနဿပစ္စယောဟောတု” ဟု ဆုတောင်းပါသည်။

ယခု ကျွန်ုပ်ပြုရသော ကုသိုလ်ကောင်းမှုသည် အာသဝေါတရားတို့ကုန်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အထောက်အပံ့ဖြစ်ပါစေဟု ဆိုလိုသည်။

ဂေါတမမြတ်စွာဘုရား ပွင့်တော်မူစဉ်က ဇောတိကသူဌေးကြီးသည် အတိတ်ဘဝတစ်ခုတွင် အလှူပြု ဆုတောင်းခဲ့ပြီး လက်ရှိဘဝတွင် ထိုအလှူနှင့် ဆုတောင်းက သေသေချာချာ အကျိုးပေးခဲ့ပါသည်။

ဝိပဿီဘုရားရှင် ပွင့်တော်မူစဉ်ကဖြစ်သည်။အပ္ပရာဇိတသူကြွယ်ဘဝက ဘုရားရှင်၏ ဂန္ဓကုဋီကျောင်းဆောင် ပရိဝုဏ်အတွင်း သဲဖြူခင်းလျက် ရတနာခုနစ်ပါးကို ပုဆစ်ဒူးနစ်လုမျှ ကြဲဖြန့်၍ သုံးကြိမ်တိုင် လှူဒါန်းခဲ့သည်။အလှူပြုပြီးသောအခါတွင်လည်း အောက်ပါအတိုင်း ဆုတောင်းခဲ့သည်။

“ယနေ့မှစ၍ နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် ကျွန်တော်မျိုးပိုင်ဆိုင်သော ပစ္စည်းများကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်ပါစေသတည်း။ရန်သူအယောက်တစ်ထောင်မက ဖျက်ဆီးခိုးယူသော်လည်း မရပါစေသတည်း။ကျွန်တော်မျိုးမပေးဘဲ ဘယ်သူတစ်ဦးတစ်ယောက်မျှ လုယူ၍ မရပါစေသတည်း။”    

ဂေါတမဘုရားရှင် ပွင့်တော်မူသောအခါ ဇောတိကသည် သူဌေးကြီးအဖြစ်နှင့်ပင် ဘုရားရှင်၏ ဒါယကာရင်းတစ်ယောက်ဖြစ်ခဲ့သည်။ဇောတိကကို ရာဇဂြိုဟ်ပြည်မှာမွေးသည်။ဇောတိကကို မွေးသည့်အချိန်တွင် ရာဇဂြိုဟ်တစ်ပြည်လုံးတွင်ရှိသော လက်နက်များနှင့် အဝတ်အထည်များသည် အရောင်တပြောင်ပြောင်နှင့် တောက်ပကုန်ကြသည်။ဤသည်ကို အစွဲပြု၍ မိဘများက သူ့ကို ဇောတိကဟု အမည်ပေးသည်။

ဇောတိကသတို့သား အရွယ်ရောက်လာ၍ သူနေဖို့အိမ်ဆောက်ရန် ခြံမြေကိုရှင်းလင်းသောအခါ သိကြားမင်းကိုယ်တိုင် လက်သမားအသွင်ဖြင့် ရောက်လာသည်။အိမ်ဆောက်မည့်နေရာကို သိကြားမင်း ကြည့်လိုက်သည်နှင့် မြေပြင်သည် တစ်ညီတညာတည်းဖြစ်သွားသည်။ဇောတိက၏ ရှေးကပြုခဲ့သော ကုသိုလ်ကောင်းမှုကြောင့် နေထိုင်စရာ အိမ်သည် ရတနာဗိမာန်အဖြစ် ပေါ်လာသည်။တံတိုင်းခုနစ်ထပ်နှင့် ပြာသာဒ်တို့ ပေါ်လာသည်။ရွှေအိုးကြီးလေးလုံးနှင့် ရွှေကြံပင်ကြီးလေးပင်လည်း အလိုအလျောက်ပေါ်လာသည်။ဇောတိက၏ စည်းစိမ်ဥစ္စာများ မြေမှ အလိုအလျောက်ပေါ်လာကြောင်း ကြားသိရသော ဗိမ္မိသာရမင်းကြီး သည် သူဌေးတို့ဆောင်းထိုက်သော ထီးကိုပို့၍ ရာဇဂြိုဟ်ပြည်၏ သူဌေးကြီးတစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်သည်။

ဗိမ္မိသာရမင်းကြီးကိုယ်တိုင် ဇောတိကသူဌေး၏ ဗိမာန်တော်ကို လာလည်သောအခါ ဇောတိကပိုင်သော ဗိမာန်နှင့် စည်းစိမ်ဥစ္စာများကိုတွေ့ပြီး အလွန်အံ့အားသင့်ကာ သူဌေးကြီးကိုလည်း ဂုဏ်ယူဝမ်းသာကြောင်း အားပါးတရချီးကျူးသွားသည်။

တစ်ခါသော် ဗိမ္မိသာရမင်းကြီးသည် သားတော် အဇာတသတ်မင်းသားကို လက်ဆွဲကာ သူဌေးကြီးအိမ်သို့ အလည်လာသည်။သူတော်ကောင်းဖြစ်သော ဗိမ္မိသာရမင်းက သူဌေးကြီး ဇောတိကကို မုဒိတာပွားနိုင်သော်လည်း သားဖြစ်သူ အဇာတသတ်မင်းသားက သူဌေးကြီးကို မနာလိုဝန်တိုဖြစ်လေသည်။ဘုရင့်နန်းတော်ထက် အစစသာနေသော သူဌေးကြီး၏ ရတနာဗိမာန်ကြီးကိုကြည့်ပြီး သူသာ ဘုရင်ဖြစ်လျှင် သူဌေးကြီးကိုသတ်ပြီး စည်းစိမ်ဥစ္စာများကို အဓမ္မသိမ်းယူမည်ဟု ဆုံးဖြတ်လိုက်သည်။အဇာတသတ်သည် အရွယ်ရောက်လာသောအခါ ပါပမိတ္တဟူသည့် မကောင်းသောမိတ်ဆွေ ဒေဝဒတ်နှင့် ပေါင်းမိပြီး ဘခင် ဗိမ္မိသာရမင်းကြီးကို လုပ်ကြံကာ ထီးနန်းတက်ခဲ့သည်။သူကိုယ်တိုင် ဘုရင်ဖြစ်လာသော အဇာတသတ်သည် သူဌေး ဇောတိက၏ စည်းစိမ်ကိုသိမ်းယူရန် ကြံစည်လေသည်။ သို့နှင့် အဇာတသတ်သည် သူ၏တပ်တော်နှင့်အတူ ဇောတိက၏ ဗိမာန်သို့ ချီတက်လာသည်။ဗိမာန်ရှေ့သို့ရောက်သောအခါ ဗိမာန်၏နံရံတွင် ထင်ဟပ်နေသော သူတို့တပ်၏ အရိပ်များကို ဇောတိက၏ စစ်သည်များဟု ထင်မှတ်ကာ ရှေ့ဆက်မတိုးရဲတော့ပေ။ထိုအချိန်တွင် ဇောတိက၏ တံတိုင်းခုနစ်ထပ်တွင် ပထမဆုံးတံတိုင်းမှာစောင့်သော ယမကောဠိနတ်ဘီလူးက အဇာတသတ်၏ တပ်ကိုတိုက်ခိုက်သည်။အဇာတသတ်လည်း တပ်ပျက်ကာ ဆုတ်ခွာထွက်ပြေးခဲ့ရသည်။အဇာတသတ်သည် တပ်ဆုတ်ရင်း ဇေတဝန်ကျောင်းအနီးသို့ အရောက်တွင် ဘုရားရှင်ကို ဖူးမြင်ရန် ကျောင်းထဲသို့ ဝင်လာသည်။

ထိုအခါ ကျောင်းထဲတွင် ဥပုသ်စောင့်နေသော ဇောတိကသူဌေးကို မြင်သွားသည်။အိမ်မှာ အစောင့်အရှောက်တွေကို တိုက်ခိုက်ခိုင်းပြီး ကျောင်းတော်မှာ ဥပုသ်စောင့်သလို ဟန်ဆောင်နေတာလားဟု မေးသည်။သူဌေးကြီး မဟုတ်ကြောင်း ရှင်းပြပြီး မင်းကြီးက သူ့စည်းစိမ်ကို လုချင်လို့ ချီတက်လာတာလားဟု ပြန်မေးတော့ အဇာတသတ်က ဟုတ်မှန်ကြောင်း ဝန်ခံသည်။

ဇောတိကသူဌေးက သူမပေးလျှင် သူပိုင်သည့် ပစ္စည်းများကို အသင်မင်းတစ်ပါးတည်းမပြောနှင့် မင်းပေါင်းတစ်ထောင် ဝိုင်းဝန်းတိုက်ခိုက် လုယက်လို့လည်း မရနိုင်ကြောင်း ရှင်းပြသည်။ထို့နောက် သူ့လက်ဆယ်ချောင်းမှာ ဝတ်ဆင်ထားသော ပတ္တမြားလက်စွပ်များကို အဇာတသတ်မင်းအား ချွတ်ယူစေသည်။အဇာတသတ်မင်းသည် အားခွန်ဗလအလွန်ကောင်းသူဖြစ်သည်။ဒူးထောက်လျက်မှ ခုန်ထလျှင် အပေါ်သို့ ဆယ့်ရှစ်တောင် ခုန်နိုင်သည်။မတ်တပ်ရပ်လျက်မှ ခုန်လျှင် အတောင်ရှစ်ဆယ်မျှ ခုန်နိုင်လေသည်။သို့သော်လည်း ဇောတိက လက်ချောင်းများမှ လက်စွပ်များကိုမူ ဘယ်လိုမှချွတ်ယူ၍မရပေ။ထို့နောက် ဇောတိကသည် မင်းကြီး၏ ဝတ်လဲတော်ကို ဖြန့်ခင်းထားပါဟုပြောလျက် လက်ချောင်းများကို အဖြောင့်ထားကာ မင်းကြီး၏ ဝတ်လဲတော်ထဲသို့ တွဲလောင်းချထားသောအခါ လက်ချောင်းများမှ လက်စွပ်အားလုံး အသာအယာကျွတ်ကျလာလေသည်။

အဇာတသတ်လည်း အလွန်အမင်းအံ့အားသင့်သွားပြီး ဇောတိကထံမှ စည်းစိမ်ဥစ္စာများကို လုယက်ရန်ကို စိတ်လျှော့သွားလေသည်။နောက်ပိုင်းတွင် ဇောတိကသည် အဇာတသတ်၏ စည်းစိမ်လုတာကိုကြည့်ပြီး လောဘမီး၊ ဒေါသမီး၊ မောဟမီးများ၏ ပူပြင်းတောက်လောင်ပုံကို မျက်မြင်တွေ့လိုက်ရသည်။ထို့ကြောင့် သံဝေဂရသွားပြီး သူပိုင်သော ဗိမာန်နှင့် စည်းစိမ်ဥစ္စာများကိုစွန့်ကာ ရဟန်းဝတ်ခဲ့လေသည်။ဖြည့်ဆည်းခဲ့သော ပါရမီနှင့် လက်ရှိကြိုးစားအားထုတ်မှုတို့ကြောင့် ဇောတိကတစ်ယောက် မကြာမီမှာပင် ရဟန္တာဖြစ်ခဲ့လေသည်။

အဇာတသတ်မင်းသည် ဇောတိကသူဌေး ရဟန်းဝတ်သွားသောအခါ ဝမ်းသာအားရနှင့် သူ့စည်းစိမ်များကို သိမ်းယူရန် ကြံပြန်သည်။သို့သော်လည်း ဇောတိက ပိုင်ဆိုင်ခဲ့သော ရတနာဗိမာန်နှင့် စည်းစိမ်ဥစ္စာအားလုံးလည်း ဘယ်သူမှယူလို့မရဘဲ သူ့အလိုအလျောက် ကွယ်ပျောက်သွားပါတော့သည်။

တကယ်တော့ ကိုယ်ကသာ အကုသိုလ်အပြစ်ကင်းစင်သောပစ္စည်းကို ဖြူစင်သော စေတနာသဒ္ဓါတရားအပြည့်နှင့် လှူဒါန်းခဲ့မည်ဆိုပါက မည်မျှအင်အားကြီးသည့်သူဖြစ်ပါစေ ကိုယ့်ပစ္စည်းကို မည်သို့မှ လုယက်ဖျက်ဆီး၍ရနိုင်မှာ မဟုတ်ပေ။

ရိုက်မောင်း