【 ဆောင်းပါး 】 လူငယ်တို့၏ ချစ်ကြည်မှု

【 ဆောင်းပါး 】 လူငယ်တို့၏ ချစ်ကြည်မှု

နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် လူငယ်တို့၏ စွမ်းအားသည် အရေးပါလှသည်။

ကမ္ဘာသည် ရွာကြီးတစ်ရွာကဲ့သို့ ပြောင်းလဲလာပြီဖြစ်သည်။သို့ဖြစ်၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုသည် အလွန်အရေးပါလှသည်။ ပြီးခဲ့သော ဇူလိုင် ၁၉ ရက်နှင့် ၂၂ ရက်က တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ၊ မန်စီမြို့၌ ကျင်းပခဲ့သည့် တရုတ်-မြန်မာလူငယ် ချစ်ကြည်ရေး ဆွေးနွေးဖလှယ်ရေးလှုပ်ရှားမှုအခမ်းအနားကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၁၈ ဦး တက်ရောက်ခဲ့ပါသည်။နှစ်နိုင်ငံလူငယ်များ၏ အနာဂတ်အလားအလာများအပါအဝင် အခြားစီမံကိန်းများအကြောင်းကို ယင်းဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့ကြသည်။

လူငယ်များသည် အနာဂတ်တွင် လုပ်ဆောင်စရာ ကိစ္စရပ်များ တော်တော်များပါသည်။သိပ္ပံနည်းပညာရပ်များ အလျင်အမြန်တိုးတက်လာသည်ဖြစ်၍ လူငယ်များအတွက် စိန်ခေါ်မှုများလည်း ပိုမိုများလာပါသည်။စီးပွားရေး၊ လူမှုရေးအပြင် ပျက်စီးယိုယွင်းလာသည့် ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်များကို အားလုံးစုပေါင်းလုပ်ဆောင်ရမည့်အခြေအနေသို့ ရောက်ရှိလာသည်။သို့ဖြစ်၍ လူငယ်များ၏ ပင်ကိုယ်စွမ်း ရည် အမြဲတိုးတက်နေဖို့ လိုအပ်နေပါသည်။

(၃၁) ကြိမ်မြောက် ကမ္ဘာ့တက္ကသိုလ်ကျောင်းသားများ နွေရာသီအားကစားပွဲတော်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈ နေ့မှ သြဂုတ် ၈ ရက်နေ့အထိ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၊ ချန်တူးမြို့တွင် ကျင်းပခဲ့သည်။ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံလည်း ပါဝင်ဆင်နွဲခဲ့သည်။  မြန်မာနိုင်ငံပြိုင်ပွဲတွင် အငယ်တန်းအုပ်စုနှင့် လူငယ်အုပ်စုဟူ၍ ခွဲခြားထားပြီး ကျောင်းသား၊ ကျောင်းသူပေါင်း လူ ၂၀၀ နီးပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အားကစားပွဲတော်တွင် ကမ္ဘာ့အထွေအထွေအားကစားပြိုင်ပွဲဖြစ်သည့်အပြင် သိပ္ပံနည်းပညာစွမ်းရည်ရှိုးပွဲများလည်းပါဝင်သည်။အလိုအလျောက် လှည့်လည်စစ်ဆေးသည့် စက်ရုပ်ခွေး၊ လူမဲ့ပို့ဆောင်သည့်စက်ရုပ်၊ အလိုအလျောက် အမှာစာလက်ခံ၍ အလိုအလျောက်ချက်ပြုတ်ကာ  အမှာစာနံပါတ်ခေါ်ပေးသည့် စမတ်စားဖိုမှူး၊ လူနှင့်အတူ ဆော့ကစား၍ ဓာတ်ပုံအတူတွဲရိုက်သည့် AR ပန်ဒါဝက်ဝံ၊ စံချိန်ပြည့်လမ်းကြောင်းနှင့် ဘောလုံးကို ကန်နိုင်၍ လူ့ခန္ဓာကိုယ်၏ လှုပ်ရှားမှုပုံစံကို စကန်ဖတ်သိရှိနိုင်သည့် စမတ်နည်းပြစနစ်များ ပါဝင်ခဲ့သည်။သိပ္ပံနည်းပညာခံစားချက်များ၏ အဆင့်မြင့်နည်းပညာသစ်များကို မြန်မာလူငယ်များလည်း လေ့လာနိုင်မည့် အခွင့်အလမ်းများကို ရရှိခဲ့သည်။

ကမ္ဘာ့တက္ကသိုလ်ကျောင်းသားများ အားကစားပြိုင်ပွဲသည် နည်းပညာအသစ်များကို လူများအား အနာဂတ်ကြိုတင်ခံစားခွင့်ပေးသည့်အပြင် နေ့စဉ်လူနေမှုဘဝထဲသို့ ဝင်ရောက်လာသည်။

မြန်မာနိုင်ငံတွင်လည်း ပညာရေးကဏ္ဍများအတွင်း တရုတ်-မြန်မာ လူငယ်များ စာပေစွမ်းရည်ပြိုင်ပွဲများ မကြာခဏကျင်းပလေ့ရှိသည်။ ပညာရေးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာပင် အရေးပါသည်။အသိပညာ၊ အတတ်ပညာများကို ဖြည့်စွမ်းရမည့် အားလျော်စွာ ဘာသာစကားတို့က ပင်မအရင်းအမြစ်ဖြစ်သည်။ဘာသာစကားသည် မတူညီသော ယဉ်ကျေးမှုများ အပြန်အလှန်ကူးလူးဖလှယ် လေ့လာသင်ယူရာတွင် ပေါင်းကူးတံတားအနေဖြင့် အချက်အခြာဖြစ်ပါသည်။

တရုတ်လူမျိုးတို့ကလည်း မြန်မာဘာသာစကားကို သင်ယူကြသလို မြန်မာလူမျိုး လူငယ်များကလည်း တရုတ်ဘာသာစကား သင်ယူမှုများ ပိုများလာပါသည်။ ၂၂ ကြိမ်မြောက် ကမ္ဘာ့တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ တရုတ်စာပေပေါင်းကူးတံတား တရုတ်စာပြိုင်ပွဲကို ဇွန် ၂၄ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့ပါသည်။  

တရုတ်ဘာသာစကားသည် ကုလသမဂ္ဂသုံး ဘာသာစကား ၆ မျိုးတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကမ္ဘာပေါ်တွင်လည်း အသုံးပြုသူအများဆုံးနှင့် ရှေးအကျဆုံး ဘာသာစကားတစ်ခုလည်းဖြစ်သည်ဟု သံမှူး ဖန်းဖုန်းက တရုတ်စာပေပေါင်းကူးတံတား တရုတ်စာပြိုင်ပွဲတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရှိ ကျောင်းသားတချို့သည် နွေရာသီအားလပ်ရက်အတွင်း ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်လက်ရေးလှ သင်ယူကြသူများရှိသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တောတောင်ရေမြေဆက်စပ်မှုများဖြင့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သည်။နှစ်နိုင်ငံလုံးတွင် တိုင်းရင်းသားလူမျိုး များပြားခြင်းများကလည်း တူညီသလိုဖြစ်နေကြသည်။သို့သော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံထက် လူဦးရေများပြားသော်လည်း တိုးတက်မှုအဟုန်မှာ လျင်မြန်စွာ တိုးတက်နေလျက်ရှိသည်။

ယနေ့ မြန်မာလူငယ်များသည် ကမ္ဘာ့နိုင်ငံတော်တော်များများသို့ ခြေဆန်၍ အောင်မြင်နေကြသူများစွာရှိသည်။တရုတ်နိုင်ငံမှာလည်း အခြေချအောင်မြင်နေသည့် မြန်မာလူငယ်များရှိသည်။ မြန်မာလူငယ်တို့သည် ပင်ကိုယ်ဉာဏ်စွမ်းအား ကောင်းသူများလည်းဖြစ်၍ တရုတ်နိုင်ငံ၏ အောင်မြင်မှုများကို အတုယူကာ ပြည်တွင်း၌လည်း အောင်မြင်တိုးတက်မှုများကို စွမ်းဆောင်၍ တိုင်းပြည်ဖွံ့ဖြိုးအောင် ကြိုးပမ်းနိုင်လိမ့်မည်ဖြစ်သည်။

ယခုလိုအခြေအနေကောင်းများမှာ တရုတ်-မြန်မာ ချစ်ကြည်ရေး ခိုင်မြဲကာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးတွင် ပိုမို၍ နွေးထွေးချစ်ကြည်မှုများရရှိနိုင်မည်ဖြစ်သည်။

အမွန်