【 ဆောင်းပါး 】 လူငယ်များနှင့် ဗုဒ္ဓဘာသာ

【 ဆောင်းပါး 】 လူငယ်များနှင့် ဗုဒ္ဓဘာသာ

အရှင်ကောဝိဒ - အနတ္တ ရေးသားတဲ့ “ လူငယ်များနှင့်ငြင်းခုံခြင်း” စာအုပ်ကို ဖတ်အပြီးမှာ အတွေးအမျိုးမျိုး ဝင်လာပါတယ်။အဓိကတွေးမိတာတော့ သံဃာတစ်ပါးရဲ့တန်ဖိုးနဲ့ ဗုဒ္ဓဘာသာအပေါ် အမြင်အမျိုးမျိုး ခံယူချက်အမျိုးမျိုးရှိကြတဲ့ လူငယ်တွေအကြောင်းပါ။
 
ပထမဆုံးတွေးမိတာက လူဝတ်ကြောင်ဘဝတုန်းက ကောင်းဆက်နိုင် ကလောင်အမည်နဲ့ သရော်စာတွေ နိုင်ငံ့အရေးဆိုင်ရာ ဆောင်းပါးတွေ ရေးသားပြီး လူသိများခဲ့သူ၊ လက်ရှိအချိန်မှာတော့ သာသနာ့ဘောင်ကို ရဟန်းအဖြစ် အပြီးဝင်ရောက်သွားပြီဖြစ်တဲ့ အရှင်ကောဝိဒ - အနတ္တ အကြောင်းပါ။
 
ကောင်းဆက်နိုင် ဘဝတုန်းက ပြည်သူ့ခေတ်ဂျာနယ်မှာ သူရေးခဲ့တဲ့ “အံ့ဩလွန်းလို့ သေတော့မယ်” သရော်စာတွေဟာ ကျွန်မရဲ့ သည်းခြေကြိုက်ပါ။ပြည်သူ့ခေတ်ဂျာနယ် လက်ထဲရောက်တာနဲ့ ကောင်းဆက်နိုင်ရဲ့ အံ့ဩလွန်းလို့ - - - ကို စဖတ်တဲ့ထိ သူ့သရော်စာရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်။
 
တစ်နှစ် မန္တလေးမှာ ကျင်းပမယ့် ဧရာဝတီစာပေပွဲတော်မှာ ပါဝင်ဆွေးနွေးပြောဆိုပေးဖို့ လူချင်းလုံးလုံးမသိ၊ မမြင်ဖူးတဲ့ ကောင်းဆက်နိုင်ကို ပြည်သူ့ခေတ်ကတစ်ဆင့် ကျွန်မ ဆက်သွယ်ပြောကြားခဲ့ပါတယ်။ အဲဒီကစပြီး၊ အချိန်တိုအတွင်းမှာပဲ၊ ကောင်းဆက်နိုင်၊ သူ့ဇနီး မွှေးမွှေးတို့နဲ့ ဆွေမျိုးသားချင်းများလို ခင်မင်သွားကြပါတယ်။ကျွန်မက စာရေးတာနှေးပေမယ့် ကောင်းဆက်နိုင်က စာရေးတာသွက်ပါတယ်။တစ်ပတ်အတွင်း ကောင်းဆက်နိုင်ရေးတဲ့ ဆောင်းပါးသုံးလေးပုဒ်လောက် ဖတ်ရပါတယ်။အဲဒီဆောင်းပါးတွေကလဲ သိပ်မကြာမီ လုံးချင်းအဖြစ် ပြန်ထွက်လာကြပြန်ပါတယ်။သူ့စာအုပ်တွေထွက်သမျှ ကျွန်မကိုပေးပါတယ်။သူရေးတဲ့ “ အာဇာနည် ဘာသာသွေးများ အကြောင်း” ဆိုတဲ့ ဝတ္ထု (အတွဲ ၂ တွဲ) ဖတ်ပြီး ကောင်းဆက်နိုင် ဘာသာရေးဘက် စိတ်ညွှတ်နေတာကြပြီဆိုတာ သိလိုက်ရပါတယ်။ကောင်းဆက်နိုင်က ပြတ်သားပါတယ်။
 
“၂၀၁၅ ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီနိုင်ရင် ကျွန်တော် စာဆက်မရေးတော့ဘူး။ကိုယ့်အတွက်ကိုယ် အလုပ်လုပ်တော့မယ်” တဲ့။သူပြောတဲ့ ကိုယ့်အတွက်ကိုယ်ဆိုတာ တရားအားထုတ်တဲ့ဘက် ဇောက်ချလုပ်တော့မယ်လို့ ဆိုလိုတာပါ။သူပြောတဲ့အတိုင်းပဲ ၂၀၁၆ လောက်မှာ သူတို့ ဇနီးမောင်နှံ ရန်ကုန်ကို စွန့်ခွာကြပါတယ်။ကလောက ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ဝင်းထဲမှာ ဇရပ်ဆောက်ပြီး သွားနေကြပါတယ်။မွှေးမွှေးက လှူဒါန်းဖို့ အင်မတန် စိတ်ထက်သန်ပေမယ့်၊ တရားအားထုတ်ဖို့ စိတ်မထက်သန်ပါဘူး။မွှေးမွှေးကို နေ့စဉ် သမထ - ဝိပဿနာ တရားအကြောင်း ကောင်းဆက်နိုင်က ပြောပြပြီး တရားအားထုတ်တဲ့ လမ်းကြောင်းပေါ် တင်ပေးနေတယ်ဆိုတာကိုတော့ သူတို့ ရန်ကုန်ခဏပြန်လာတဲ့အခါ ကျွန်မနဲ့ဆုံကြရင် ပြောပြကြပါတယ်။
 
တကယ်တော့ ကောင်းဆက်နိုင် ဘုန်းကြီးဝတ်ချင်တာကြာပါပြီ။မွှေးမွှေးကို ငဲ့ပြီး မဝတ်ဖြစ်သေးတာဆိုတာကိုလည်း ကျွန်မသိနေပါတယ်။ ၂၀၁၈ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မွှေးမွှေး ရုတ်တရက်ဆုံးသွားတဲ့အဖြစ်က ကောင်းဆက်နိုင်ကို တရားထပ်ပြလိုက်သလို ဖြစ်သွားပုံရပါတယ်။ဇနီးသည်နဲ့ပတ်သက်တဲ့ ကိစ္စဝိစ္စတွေ ပြီးစီးချိန်မှာ ကောင်းဆက်နိုင် ရဟန်းဘဝကို ခံယူသွားပါတယ်။ကျွန်မကိုလည်း မက်ဆင်ဂျာကနေ စာတွေပို့ပြီး သတိပေးပါတယ်။
 
“ဆရာမ ကိုယ့်အတွက်ကိုယ်လုပ်တော့။ဘာမှမက်မောနေစရာ မရှိဘူးတဲ့” 
 
အရှင်ကောဝိဒ - အနတ္တ ပြောသလိုပဲ လောကီအလုပ်တွေဟာ ဘဝရဲ့အကာတွေဆိုတာကို ကျွန်မသဘောပေါက်ပါတယ်။ဒါပေမဲ့ လောကီကို တွယ်ငြိနေတုန်းဆိုတော့ အရှင်ကောဝိဒလို လောကီကို ယတိပြတ်ကျောမခိုင်းနိုင်သေးပါ။ဒီတော့ ဆင်ခြေတွေ ပြန်ပေးပါတယ်။
 
“တင်ပါ့ဘုရား။တပည့်တော် နေ့စဉ် တရားထိုင်ပါတယ်ဘုရား” 
 
ကျွန်မရဲ့ ဆင်ခြေကို အရှင်ကောဝိဒ ဘာမှစောဒကမတက်ပေမယ့် သူရေးတဲ့ ပညာဝိမုတ္တိနှင့် အနာဂါမ်ရေးတဲ့စာဆိုတဲ့ ဘာသာရေးစာအုပ် ကျွန်မဆီ စရောက်လာပါတယ်။အဲဒီနောက် ဘာသာရေးစာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်ရောက်လာပါတော့တယ်။လောကီကို တွယ်ဖက်ရင်း တစ်နှစ် စာတစ်အုပ်ထွက်ဖို့ အမြောက်နဲ့ ပစ်ချနေရတဲ့ ကျွန်မကို ဟောတစ်အုပ် ဟောတစ်အုပ် ရောက်လာတဲ့ အရှင်ကောဝိဒရဲ့ တရားစာအုပ်တွေက‌ လှောင်ပြောင်နေသလိုပါပဲ။အရှင်ကောဝိဒ ပေးပို့တဲ့ စာအုပ်တွေဖတ်ပြီး တရားထိုင်တဲ့အခါ ပြင်သင့်တဲ့နည်းတွေကို ပြင်ရပါတယ်။သူညွှန်းတဲ့နည်းတွေကို ယူရပါတယ်။
 
“လူငယ်များနှင့် ငြင်းခုန်ခြင်း“ စာအုပ်ဖတ်ပြီးတော့၊ အရှင်ကောဝိဒ ရဟန်းဘဝခံယူသွားတာ ၅ ဝါသာရှိသေးပေမယ့်၊ လူငယ်လေးတွေရဲ့ ခက်ခဲတဲ့ အမေးပုစ္ဆာတွေကို ဖြေနိုင်ရုံသာမက၊ လူငယ်လေးတွေကို ဘာသာရေးလမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်စွမ်းရှိတာကို ကျေနပ်ဝမ်းမြောက်မိပါတယ်။အဲဒီက တစ်ဆက်တည်း မြတ်စွာဘုရားကိုယ်စား သာသနာ့တာဝန်တွေကို ဆက်ထမ်းပိုးပေးကြတဲ့ သံဃာတော်တွေရဲ့ ကျေးဇူးကို ဆင်ခြင်မိပါတယ်။ဒါ့အပြင် တချို့သော သံဃာတော်ကို အကြောင်းပြုပြီး၊ သံဃာထုတစ်ရပ်လုံးကို တကာ၊ တကာမတချို့က သိမ်းကြုံးအထင်အမြင်သေးကြပြီး အကျိုးဆက်အဖြစ် ဗုဒ္ဓဘာသာကိုပါ ကြည်ညိုမှုလျော့ပါးလာတာတွေကိုလည်း တွေးမိပြန်ပါတယ်။
 
ဦးထွန်းအုံဆိုတဲ့ တရုတ်စာပြဆရာအကြောင်း ခေါင်းထဲရောက်လာပါတယ်။ဦးထွန်းအုံက ၁၉၆၂ မတိုင်မီအထိ တရုတ်ဘုံကျောင်းမှာ တရုတ်စာသင်ပေးတဲ့ဆရာပါ။နောက်ပိုင်း တရုတ်စာမသင်တော့ပါ။သူတို့ မော်လမြိုင်မှာနေတုန်းက အိမ်နီးချင်း မိန်းမတစ်ယောက်ဟာ သူနေ့စဉ် ဆွမ်းလောင်းနေတဲ့ သံဃာနဲ့ လိုက်ပြေးပါတယ်။အဲဒီက စပြီး ဦးထွန်းအုံက သူ့မိန်းမနဲ့ သမီးတွေကို ရာဇသံပေးထားပါတယ်။ 
 
“ဘယ်ဘုန်းကြီးကိုမှ ဆွမ်းမလောင်းရ။ဘယ်ဘုန်းကြီးကျောင်းမှ မသွားရ။ဘယ်ဘုန်းကြီးကိုမှ အိမ်ရှေ့မှာ လာရောက်အလှူမခံစေရ”
 
အဲဒီလို တစ်ဖက်စွန်းရောက်သွားတဲ့ ဦးထွန်းအုံကို မော်လမြိုင်ကနေ ရန်ကုန်ပြောင်းလာချိန်မှာ အစွဲချွတ်ပေးသူပေါ်လာပါတယ်။တစ်နေ့မှာတော့ သူ့အသိတစ်ယောက်က “ကျွန်တော်တွေ့ပေးမယ့် ဘုန်းကြီးကို လိုက်ဖူးပါ။ခင်ဗျားသဘောမကျဘူးဆိုရင် ကျွန်တော့်ကို ကြိုက်သလိုလုပ်ပါ၊ သဘောကျတယ်ဆိုရင်၊ ဗုဒ္ဓဘာသာဘုန်းကြီးတွေကို မုန်းတီးနေတဲ့ အစွဲဖျောက်ပါ” ဆိုတဲ့ လောင်းကြေးစားကြေးနဲ့ ဦးထွန်းအုံကို မေဃဝတီတောရကျောင်းဆရာတော်ကြီးဆီ ခေါ်သွားပါတယ်။
ဦးထွန်းအုံကို ဆရာတော်ကြီး ဘယ်ပုံဘယ်နည်း တရားဟောသလဲတော့ မသိပါ။နောက်နေ့ကစပြီး မိုးလင်းတာနဲ့ မေဃဝတီကျောင်းကို ဦးထွန်းအုံ ရောက်လာပါတော့တယ်။ဆရာတော်ကြီး ရိုသေပျပ်ဝပ်ကန်တော့ပြီး “ဘုန်းကြီး ဝကို ဘာခိုင်းမီရဲ” ဆိုပြီး၊ ကျောင်းမှာ သစ်ရွက်ကြွေတွေ လှည်းကျင်းပေးတာ၊ တောက်တိုမယ်ရ အလုပ်တွေလုပ်တာ စတာတွေလုပ်ပေးပြီး၊ ညနေမှ အိမ်ပြန်ပါတော့တယ်။သူ့မြေးမွေးလာတော့လည်း မြေးနီတာရဲလေးကိုပိုက်ပြီး “ဝမြေးကို နာမည်မှည့်ပေး” လို့ ဆရာတော်ကြီးကို တောင်းဆိုပါတယ်။ဦးထွန်းအုံ နာဖျားမကျန်းဖြစ်ပြီး ကွယ်လွန်သွားမှသာ ကျောင်းကို လာတာ ရပ်ပါတော့တယ်။
 
မေဃဝတီ ဆရာတော်ဘုရားကြီးဟာ ကျွန်မတစ်သက်တွေ့ဖူးသမျှ ဘုန်းကြီးတွေထဲမှာ အံ့ဩစရာတွေ ပြည့်နှက်နေပြီး၊ အလွန်ကြည်ညိုစရာကောင်းပါတယ်။လောကကြီးမှာ မိမိမသိတာတွေ နားမလည်နိုင်တာတွေ အများကြီးပါလားဆိုတဲ့ သင်ခန်းစာပေါင်းများစွာကို ဆရာတော်ကြီးဆီက ရရှိခဲ့ပါတယ်။ 
 
လက်ရှိ ကျွန်မတို့ဖြတ်သန်းနေရတဲ့ အိုင်တီခေတ်မှာတော့ လူတွေ ဘုန်းကြီးတွေရဲ့ ကောင်းသတင်း မကောင်းသတင်းတွေဟာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဖေ့စ်ဘုတ်လို့ခေါ်တဲ့ လူမှုမီဒီယာပေါ် ကားခနဲ တက်တက်လာလေ့ရှိပါတယ်။ဒါကြောင့် တစ်ချိန်က ဘယ်သူမှမထိရဲ မတို့ရဲတဲ့ နာမည်ကြီးထေရ်ကြီးဝါကြီးတချို့၊ ထေရ်လတ်တချို့နဲ့ ထေရ်ငယ်တချို့လည်း ဖေ့စ်ဘုတ်ပေါ်မှာ အလဲလဲအကွဲကွဲတွေ ဖြစ်ကုန်ကြပါတယ်။ဒီခေတ်လူငယ်တွေကို လူကဘာဖြစ်နေနေ သင်္ကန်းကို ရိုသေရမယ်ဆိုတဲ့ ရှေးရိုးစွဲလက်ကိုင်စကားနဲ့ ကိုင်ပေါက်လို့မရတဲ့အပြင် ဘာကိစ္စနဲ့ သင်္ကန်းက လူထက်တန်ဖိုးရှိနေတာလဲဆိုတဲ့ စောဒကမျိုးက ခေတ်လူငယ်တွေဆီက တန်ပြန်လာမှာဖြစ်ပါတယ်။တစ်ပြိုင်တည်းမှာပဲ၊ လူငယ်တချို့ ဘာသာမဲ့ဖြစ်လာကြပါတယ်။ 
 
ရှေးရိုးစဉ်လာ မြန်မာ့ဓလေ့အရ သံဃာတော်တွေကို အရိပ်တောင်မနင်းတဲ့ ခေတ်ဟာ အစအနတောင်မကျန်တော့ဘဲ၊ လူငယ်တချို့နဲ့ တကာ၊ တကာမတချို့ဟာ ပေတံအမျိုးမျိုးနဲ့ သံဃာတချို့ကို တိုင်းတာဝေဖန်လာချိန်ဖြစ်ပါတယ်။ ဒီလိုကာလမှာ ငယ်ရွယ်ပေမယ့် ဝိပဿနာတရားကို စိတ်ဝင်စားတဲ့ ဝင်းခန့်မောင်မောင်၊ အင်္ဂလိပ်စာနဲ့ဘွဲ့ရပြီး အဘိဓမ္မာလည်း သင်ယူထားတဲ့ မောင်ထင်ကျော် စတဲ့ လူငယ်လေးတွေက သူတို့စိတ်ထဲ မရှင်းမလင်းတဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အကြောင်းတချို့ကို အရှင်ကောဝိဒ - အနတ္တကို မေးမြန်း လျှောက်ထားကြပါတယ်။သူတို့မေးတာတွေကို အရှင်ကောဝိဒ - အနတ္တက ကျေကျေလည်လည် ပြန်ဖြေကြားပေးပြီး၊ သူတို့ကို တရားအားထုတ်တဲ့ လမ်းကြောင်းပေါ် သိမ်သိမ်မွေ့မွေ့တင်ပေးပုံကို “လူငယ်များနှင့် ငြင်းခုံခြင်း” စာအုပ်မှာ ဖတ်ရှုရပါတယ်။
 
လူသေပြီးရင် နောက်ဘဝရှိ မရှိ၊ သံသရာရှိ မရှိ၊ ဝိညာဉ်၊ လိပ်ပြာနဲ့ အတ္တကောင်ပြဿနာ စတာတွေနဲ့ တခြား ဘာသာရေးဆိုင်ရာ သိလိုတာတွေနဲ့ပတ်သက်ပြီး လူငယ်လေးတွေ စိတ်ထဲ မရှင်းမလင်းဖြစ်နေတာတွေကို အရှင်ကောဝိဒက ဖတ်ရှုထားတဲ့ တရားဓမ္မတွေ၊ နာယူထားတဲ့ တရားဓမ္မတွေနဲ့ ကိုယ်တိုင် တရားအားထုတ်တဲ့အခါ တွေ့ကြုံထားတဲ့ အတွေ့အကြုံတွေကို မူတည်ပြီး ဖြေရှင်းပေးပါတယ်။လူငယ်လေးတွေ ဘဝင်ကျသွားကြပြီး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တရားအားထုတ်သူများဖြစ်လာကြပုံကို ရေးသားဖော်ပြထားပါတယ်။
 
အရှင်ကောဝိဒဟာ တောထွက်တစ်ပါးဖြစ်ပေမယ့်၊ ဗုဒ္ဓစာပေတွေကို ကျေညက်နေသူဖြစ်ကြောင်း ကောင်းဆက်နိုင်ဘဝမှာ ရေးခဲ့တဲ့၊ “အာဇာနည် ဘာသာသွေးများအကြောင်း” (ပ ၊ ဒု ၂ တွဲ) နဲ့ “အံ့ဖွယ်ဗုဒ္ဓ သင်ခဲ့သမျှ”  စာအုပ်တွေက‌ ဖော်ပြနေကြပါတယ်။ရဟန်းဘဝရောက်ပြီးချိန်မှာ အဘိဓမ္မာနဲ့ ပဌာန်းကို ထပ်သင်ယူလေ့လာထားတော့၊ ငယ်ဖြူတွေလို ဘာသာရေးဆိုင်ရာဘွဲ့တွေ ရမထားပေမယ့်၊ လူငယ်လေးတွေရဲ့ သံသယကို ဖျောက်ပေးနိုင်သူဖြစ်ကြောင်း “လူငယ်များနဲ့ ငြင်းခုံခြင်း” စာအုပ်က ပြသနေပါတယ်။
 
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အလွန်လေးစားကြည်ညိုဖွယ်ကောင်းရုံသာမက၊ ကျေးဇူးတရားကြီးမားလှတဲ့ သာသနာ့ဝန်ကို ထမ်းရွက်ပေးသွားကြတဲ့ သံဃာတွေအများအပြား ပေါ်ထွန်းခဲ့ပါတယ်။ဒီလို ဆရာတော် သံဃာတော်တွေကြားမှာ စုန်းပြူး ရဟန်းဝတ်တချို့ပါလာတာလည်း လောကသဘာဝဖြစ်လို့ မရှောင်လွှဲနိုင်ကြပါဘူး။ဒါပေမဲ့ ဒီလိုစုန်းပြူးရဟန်းတချို့ကြောင့် လူငယ်လေးတချို့ ကာယကံ၊ ဝစီကံ၊ မနောကံ အမှားတွေနဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ကြမ်းကြမ်းတမ်းတမ်းရေးသားကြတာ၊ ဆဲရေးတိုင်းတာထွာကြတာ၊ တန်ဖိုးမဖြတ်နိုင်တဲ့ လေးနက်သိမ်မွေ့တဲ့ ဗုဒ္ဓတရားတွေကို ပြစ်မှားကြတာတွေ လျော့နည်းပြီး၊ လူငယ်လေးတွေ တရားလမ်းကြောင်းမှန်ပေါ် ရောက်လာစေဖို့၊ ဗုဒ္ဓစာပေဝမ်းစာပြည့်ပြီး၊ ကိုယ်တိုင် လက်တွေ့ ကျင့်ကြံအားထုတ်နေတဲ့ သံဃာတွေက ဆောင်ရွက်နိုင်ကြတယ်ဆိုတဲ့ အတွေးတွေ “လူငယ်များနဲ့ ငြင်းခုံခြင်း” စာအုပ်ဖတ်အပြီး ဖြစ်ပေါ်လာတာကို မျှဝေလိုက်ရပါတယ်။
 
ခင်နှင်းဦး