【 ဆောင်းပါး 】 လူထုကြီးပွားရေးစာအုပ်တိုက်၏ တတိယအရွယ် ခရီးအစ

【 ဆောင်းပါး 】 လူထုကြီးပွားရေးစာအုပ်တိုက်၏ တတိယအရွယ် ခရီးအစ

မြန်မာနိုင်ငံမှာ စာအုပ်တိုက်တွေ ပေါ်ပေါက်လာလိုက်ကြ၊ ပျောက်ကွယ်သွားလိုက်ကြတာက ဖြစ်မြဲဓမ္မတာတစ်ခုပါ။

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲရှုံးအပြီး တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို အင်္ဂလိပ်ကို ပေးလိုက်ရပြီးနောက် အင်္ဂလိပ်က စာပုံနှိပ်စက်တွေကို သယ်လာကြပြီး မော်လမြိုင်မှာ စာပုံနှိပ်စက်လုပ်ငန်းတွေ စလုပ်ခဲ့ကြတယ်။ရှေးတုန်းက အများအားဖြင့် ကျောက်တုံးပေါ်မှာ ပေရွက်ပေါ်မှာ စာရေးသားခဲ့ကြတဲ့ မြန်မာတွေ အင်္ဂလိပ်လက်အောက်ရောက်ပြီး နောက်ပိုင်း စာပုံနှိပ်စက်တွေနဲ့ ယဉ်ပါးလာကြတော့တယ်။

စာပုံနှိပ်တိုက်တွေသာ အသက်ရှိကြရင် စကားတွေအများကြီး ပြောကြမှာပဲ။ပထမဆုံးတွေးလိုက်မိတာက ဟံသာဝတီစာပုံနှိပ်တိုက်နဲ့ တည်ထောင်သူ အင်္ဂလိပ်လူမျိုး ရစ်ပလီအကြောင်းပါပဲ။

မြန်မာနိုင်ငံက အင်္ဂလိပ်ကိုလိုနီဘဝ ရောက်ခဲ့ရပေမယ့် အိမ်နီးချင်း ထိုင်းနိုင်ငံက ကိုလိုနီဘဝကို မရောက်ခဲ့ဘူး။တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်ပြင်းထန်တဲ့ စာရေးဆရာမကြီး ခင်နှင်းယု သက်ရှိထင်ရှားရှိတုန်းက မိုးဂျာနယ်မှာ ကျွန်မတို့ ဘာတွေမှားခဲ့သလဲဆိုတဲ့ အခန်းဆက်ဆောင်းပါး ရေးသားခဲ့တယ်။

မြန်မာက ကိုလိုနီဘဝကိုရောက်ရပြီး ဟိုတုန်းကအခေါ် ယိုးဒယားက ဘာလို့ ကိုလိုနီဘဝ မရောက်တာလဲဆိုတဲ့ အချက်ပေါ် အဖြေရှာဆန်းစစ်ကြည့်တဲ့ သမိုင်းရေးရာ ဆောင်းပါးတွေပါ။ဒါပေမဲ့ နောက်ပိုင်း ဆက်ထည့်ခွင့်မရဘူး။ဆောင်းပါးတွေ တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားပါတယ်။ဆရာမကြီး ခင်နှင်းယုက ဆက်သုတေသနလုပ်တယ်လို့ သိရပေမယ့် သူကွယ်လွန်သွားတာကြောင့် ဒီသုတေသန အပြီးသတ်သွားသလား၊ တစ်ပိုင်းတန်းလန်း ကျန်ခဲ့လား မသိရတော့ပါဘူး။

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကျွန်ပြုတဲ့လူတွေ၊ ကုလားဖြူတွေဆိုပြီး နာကြည်းကြတာ ဒီနေ့အထိပဲကိုး။ဒီလိုအဖြစ်ဆိုးတွေကြားက ကောင်းတဲ့ရလဒ်တွေလည်းရှိခဲ့တာပဲ ပြောသူတွေရှိပါတယ်။ဒီစကားကို ဘယ်သူကပဲရှုံ့ချရှုံ့ချ လက်ခံတယ်ဆိုရင်တော့ ပထမဆုံး ပြေးသတိရမိတာက ဟံသာဝတီစာအုပ်တိုက်နဲ့ တည်ထောင်သူ အင်္ဂလိပ်လူမျိုး ရစ်ပလီကိုပါပဲ။

ခရစ်ယာန်ဘာသာဝင် အင်္ဂလိပ်တစ်ယောက်က ပေစာထုတ်ထဲမှာပဲရှိနေတဲ့ ဗုဒ္ဓကျမ်းစာတွေကို ရှေးမြန်မာဂန္တဝင်စာပေတွေကို ပုံနှိပ်စာအုပ်တွေအဖြစ် ပြောင်းလဲဖော်ဆောင်ပေးခဲ့တဲ့ ကျေးဇူးက ကြီးမားလှပါတယ်။ပိဋကတ်စာပေတွေ၊ ရှေးဂန္တဝင်စာပေတွေကို စီးပွားဖြစ်ထုတ်ဝေတာမဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာနဲ့ ဗုဒ္ဓဘာသာအပေါ် လေးလေးစားစား တန်ဖိုးထားလုပ်ဆောင်ခဲ့တဲ့ ရစ်ပလီရဲ့ စိတ်ဓာတ်ကို ဟံသာဝတီစာပုံနှိပ်တိုက်တွေက ချီးကျူးကြမှာပါပဲ။ရဟန်းတော်တွေ ဘာသာရေးလေ့လာလိုက်စားတဲ့ မြန်မာလူဝတ်ကြောင်တွေထဲမှာ ဟံသာဝတီမူဆိုရင်ပဲ အဲဒီစာအုပ်တွေအပေါ် စိတ်ချပြီး ယုံယုံကြည်ကြည် ဝယ်ကြ၊ ဖတ်ကြ၊ လေ့လာကြတယ်ဆိုတဲ့ တစ်ခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ ရစ်ပလီပါ။

အင်္ဂလိပ်ခေတ်မှာပဲ လူသိထင်ရှားတဲ့ အခြားစာပုံနှိပ်တိုက်တွေလည်း ပေါ်ထွက်ခဲ့ကြတယ်။သူရိယသတင်းစာတိုက်၊ ပညာအလင်းမဂ္ဂဇင်းတိုက်၊ မြန်မာပြည်စာအုပ်အသင်း၊ နဂါးနီစာအုပ်အသင်းနဲ့ စာအုပ်တိုက်၊ မြန်မာနိုင်ငံသုတေသနအသင်း၊ မြန်မာ့ဂုဏ်ရည်စာအုပ်တိုက် စတဲ့ စာအုပ်စာပေထုတ်ဝေခဲ့တဲ့ တိုက်တွေ၊ အသင်းတွေ၊ သူတို့ကထုတ်ခဲ့တဲ့ စာပေတွေ၊ ပေးခဲ့တဲ့ပညာတွေ၊ ပေးခဲ့တဲ့ စိတ်ဓာတ်ခွန်အားတွေက နည်းတဲ့ တန်ဖိုးတွေမှ မဟုတ်တာ။

စာပေအရေးအသား ပေါ်ပေါက်လာလို့ လူသားမျိုးနွယ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို အများကြီးအထောက်အကူပြုခဲ့ပါတယ်။စာပေအရေးအသားတွေကြောင့် သတ္တလောကမှာ လူသားက ဗိုလ်ဖြစ်လာတယ်ဆိုပေမယ့် ကမ္ဘာနဲ့အဝန်း လက်နဲ့ပဲရေးခဲ့ကြရတဲ့ခေတ်က စခဲ့တာပါ။

ဂျာမန်လူမျိုး ဂူတင်ဘတ်ရဲ့ တီထွင်မှုကြောင့် စာပုံနှိပ်စက် စတင်ပေါ်ပေါက်အပြီး စာပုံနှိပ်စက်ကို နောက်ပိုင်း ဆက်တီထွင်သူတွေကြောင့် ခေတ်မီပုံနှိပ်စက်တွေ ပေါ်လာတာကမှ လူ့လောကကို အကြီးအကျယ်တိုးတက် ပြောင်းလဲစေခဲ့တာမို့ စာလုံးလေးတွေကိုဖတ်ရတိုင်း စာအုပ်တွေကို ကိုင်တွယ်ဖတ်ရှုရတဲ့အခါတိုင်း ဂူတင်ဘတ်အပါအဝင် ရှေးဘိုးဘွားဘီဘင်တွေရဲ့ ကျေးဇူးကို အောက်မေ့ဆင်ခြင်ရပြန်ပါတယ်။

၁၉၈ဝ ပြည့်နှစ်လောက်ကစပြီး ကွန်ပျူတာတွေသုံးပြီး စာအုပ်တွေ ထုတ်ဝေလာကြတဲ့အထိ နည်းပညာတွေက ရပ်နားမနေဘဲ တိုးတက်ပြောင်းလဲလာခဲ့တာပါ။

ဟံသာဝတီစာပုံနှိပ်တိုက်က သူ့မူ၊ သူ့ဝါဒနဲ့ စာအုပ်စာတမ်းတွေ ထုတ်ဝေခဲ့သလို စီးပွားရေးသက်သက်မဟုတ်ဘဲ ရည်ရွယ်ချက်အသီးသီးနဲ့ တည်ထောင်ခဲ့တဲ့ စာအုပ်တိုက်တွေလည်း မြန်မာပြည်မှာ ပေါ်ထွက်ခဲ့ပါတယ်။

ဥပမာ - သုဓမ္မဝတီစာအုပ်တိုက်၊ စာပေလောကစာအုပ်တိုက်၊ ပုဂံစာအုပ်တိုက်၊ ရာပြည့်စာအုပ်တိုက်တို့ ဖြစ်ကြပါတယ်။

လူထုစာအုပ်တိုက်ရယ်လို့ နောင်တစ်ချိန်မှာ နာမည်ကျော်လာမယ့် ကြီးပွားရေးပုံနှိပ်တိုက်သမိုင်းကို စာဖတ်ပရိသတ်တွေ သိကြပြီးဖြစ်ပါတယ်။ ၁၉၃၃ အောက်တိုဘာမှာ ကြီးပွားရေးမဂ္ဂဇင်းကို ကိုလှဆိုတဲ့ လူရွယ်တစ်ယောက်က စတင်ထုတ်ဝေခဲ့တာက အစပျိုးခဲ့တယ်ဆိုတာ အားလုံးအသိပါ။ ၁၉၈၃ မှာ ကိုပြူးနဲ့ မပြုံး (ပထမတွဲ) ကာတွန်းစာအုပ်ကို စတင်ထုတ်ဝေခဲ့ပြီး မဂ္ဂဇင်းသာမက စာအုပ်တွေပါ ဆက်ထုတ်လာခဲ့တာ ဒီကနေ့အထိပါ။

၁၉၄၅ မှာ လူထုဂျာနယ်၊ ၁၉၄၆ မှာ လူထုသတင်းစာကို ထုတ်ဝေခဲ့ပါတယ်။လူထုသတင်းစာက အင်မတန်အောင်မြင်ပြီး လူထုကြားကို တကယ်ရောက်လာခဲ့တာကြောင့် ကြီးပွားရေးဦးလှနဲ့ ဒေါ်အမာအစား လူထုဦးလှနဲ့ ဒေါ်အမာရယ်လို့ စာဖတ်ပရိသတ် ပါးစပ်ဖျားမှာ ဖြစ်လာတာပါ။ကြီးပွားရေးစာအုပ်တိုက်ကိုလည်း လူထုတိုက်လို့ သုံးနှုန်းလာကြတာ ဒီကနေ့အထိပါပဲ။

လူထုသတင်းစာက ပြည်သူလူထု သိသင့်သိထိုက်တဲ့ သတင်းတွေကို ဖော်ပြပေးတယ်။တိကျခိုင်လုံတဲ့ သတင်းတွေ ဖော်ပြပေးတယ်။အညှီအဟောက်သတင်း၊ ပုဂ္ဂိုလ်ရေးသတင်းတွေကိုရှောင်တယ် စသဖြင့် လူထုအကျိုးပြု သတင်းစာတစ်စောင်အနေနဲ့..ထုတ်ဝေခဲ့တဲ့ သတင်းစာပါ။ ၁၉၇၆ မှာ ရပ်ဆိုင်းရပေမယ့် ဒီနေ့ထိ လူထုသတင်းစာဟောင်းတွေက သမိုင်းတန်ဖိုး ရည်ညွှန်းတန်ဖိုး ရှိနေကြဆဲပါ။

လူထုစာအုပ်တိုက်ရဲ့ မူဝါဒတွေကို တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိပေမယ့် ၁၉၈၃ ခုနှစ်မှာ စတင်စာအုပ်ထုတ်ဝေလာကတည်းက တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်တဲ့စာတွေ၊ ခေတ်ပြိုင်အကြောင်းအရာတွေကို ထုတ်ဝေတယ်ဆိုတာ တွေ့ရပါတယ်။

လူထုကြီးပွားရေးစာအုပ်တိုက်ရဲ့ လာရာလမ်းကြောင်းကလည်း တခြားစာအုပ်တိုက်တွေနဲ့ ကွဲပြားမှုရှိပါတယ်။ကြီးပွားရေးမဂ္ဂဇင်းကို စထုတ်ဝေခဲ့ပြီး စာအုပ်၊ ဂျာနယ်နဲ့ သတင်းစာပါ ထုတ်ဝေခဲ့တဲ့ ထူးခြားမှုပါ။နောက်ထူးခြားမှုတစ်ခုက ပင်တိုင်စာရေးဆရာနှစ်ယောက် အမာခံရှိနေတာပါ။သူတို့ကတော့ တခြားဟုတ်ပါရိုးလား၊ လူထုဦးလှနဲ့ လူထုဒေါ်အမာပါ။လူထုဦးလှ စာပေရေးသားပုံကလည်း တခြားစာရေးဆရာတွေနဲ့ ကွဲပြားပါတယ်။ထောင်ဇာတ်လမ်းတွေရေးပြီဆိုရင် ထောင်အကြောင်း စာအုပ်တွေ ဆက်တိုက်ထွက်လာတယ်။လူမှုရေး၊ စီးပွားရေး၊ နယ်ပယ်က လူတွေရဲ့ အကောင်းအဆိုးတွေကို ရေးပြန်တော့လည်း ကျွန်တော်...စတဲ့ စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ရေးတယ်။နောက် တိုင်းရင်းသားရိုးရာပုံပြင်တွေ တစ်အုပ်ပြီး တစ်အုပ် ရေးတယ်။ဘာသာရပ်တစ်ခုကို ဆက်တိုက် (Series) ရေးနိုင်စွမ်းရှိသူပါ။

လူထုဒေါ်အမာကလည်း စွယ်စုံရေးနိုင်သူပါ။မန္တလေးနဲ့ပတ်သက်တာတွေ သတင်း၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ ပတ်သက်တာတွေ အများကြီး ရေးနိုင်သလို ဘာသာပြန်လည်း ကောင်းပါတယ်။ခရီးသွားစာပေလည်း အလွန်အရေးကောင်းပါတယ်။

ရှေ့သွားနောက်လိုက်ညီတဲ့ စာပေဇနီးမောင်နှံရဲ့ ဘဝ၊ သူတို့က ပွားစည်းလာတဲ့ သားသမီးတွေရဲ့ဘဝက လူထုကြီးပွားရေးစာအုပ်တိုက်နဲ့ ဆက်စပ်နေမှာပါ။ စာပေလုပ်ငန်းကို စလုပ်ခဲ့ကြကတည်းက တိုင်းကျိုးပြည်ပြုစာပေ တစ်စိုက်မတ်မတ် ထုတ်ဝေလာခဲ့တဲ့အပေါ် ကျေးဇူးတင်စရာကောင်းလှပါတယ်။စာအုပ်ထုတ်ဝေရေးကြောင့် လူထုမိသားစုရင်ဆိုင်ရတဲ့ လောကဓံတွေက နည်းပါးမယ်လို့ ထင်ရပေမယ် လူထုသတင်းစာထုတ်ဝေမှုကြောင့် လူထုမိသားစုခံစားရတဲ့ လောကဓံကတော့ ကြီးမားတယ်ဆိုတာ လူထုဦးလှ ထိန်းသိမ်းခံရတဲ့ အကြောင်းတွေကြောင့် သိရှိနိုင်ပါတယ်။

စာပေမြင့်မှ လူမျိုးတင့်မယ်လို့ ပြောကြဆိုကြပါတယ်။နိုင်ငံတိုင်း လူမျိုးတိုင်းက မိမိဘာသာစကားနဲ့ စာပေကို ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ကြတာ ဓမ္မတာပါ။ဒီလိုအားထုတ်တဲ့အခါ စာပေတန်ဖိုးကို နားလည်ပြီး စီးပွားရေးသက်သက် အကျိုးအမြတ်မတွက်တဲ့ စာပေတိုက်တွေမရှိဘဲ မဖြစ်နိုင်ပါဘူး။

စာပေတိုက်တွေထဲမှာ ဆူလွယ်နပ်လွယ်၊ ငွေရရင်ပြီးရောဆိုတဲ့ ထုတ်ဝေသူတွေလည်းရှိပါတယ်။ပြည်တွင်းမှာပဲကြည့်ကြည့်၊ ပြည်ပမှာပဲကြည့်ကြည့် အပျော်ဖတ်စာပေလို့ ပြောရမယ့် ဆူလွယ်နပ်လွယ်စာတွေက တစ်ခဏပဲ သက်တမ်းရှိပြီး ပျောက်ပျက်ကုန်ကြပါတယ်။တန်ဖိုးထားလောက်တဲ့ စာတွေအဖြစ်လည်း ဘယ်သူမှ မှတ်တမ်းမတင်ကြပါဘူး။လောကအကျိုး လူသားအကျိုးကို ရှေ့ရှုပြီး စာအုပ်စာပေတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်တွေမှာ သူတို့စွဲကိုင်တဲ့ မူဝါဒတွေရှိပါတယ်။သက်တမ်းတွေလည်း ရှိကြပါတယ်။

ဟံသာဝတီစာအုပ်တိုက်က ရစ်ပလီရဲ့ လက်ထဲမှာ သက်တမ်း ၄၇ နှစ် ကြာခဲ့ပါတယ်။နောက်တော့ တစ်ဆင့် တစ်ဆင့် ပိုင်ရှင်တွေ ပြောင်းလာရင်း နောက်ဆုံးရပ်ဆိုင်းသွားပါတယ်။

ကြီးပွားရေးစာအုပ်တိုက်နဲ့ ခေတ်ပြိုင်စာအုပ်တိုက်တွေလည်း ရပ်ဆိုင်းကုန်ပါပြီ။ကြီးပွားရေးတိုက်တစ်ခုသာ လူထုကြီးပွားရေးစာအုပ်တိုက်နာမည်နဲ့ ၇၅ နှစ် ပြည့်တဲ့အထိ ရှင်သန်ရပ်တည်လာနိုင်တယ်ဆိုတာ ချီးကျူးဂုဏ်ယူစရာပါ။လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ လက်တွဲညီညီ သတင်းစာထုတ်ဝေစဉ်က လူထုတိုက်က လူငယ်သတင်းစာဆရာတွေ၊ လူငယ်စာရေးဆရာတွေ မြောက်မြားစွာ လေ့ကျင့်မွေးထုတ်ပေးခဲ့တယ်ဆိုတာကလည်း လူထုတိုက်ရဲ့ ထူးခြားမှုတစ်ခုပါပဲ။တခြားစာအုပ်တိုက်တွေက လူငယ်မျိုးဆက်ကို ဒီလိုလေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးတယ်ဆိုတာ မတွေ့ရဘူး။ရှိခဲ့ရင်လည်း တစ်ယောက်စ နှစ်ယောက်လောက်သာ ဖြစ်ပါလိမ့်မယ်။

လူထုတိုက်ဟာ ဦးဆောင်ပြီး အထက်မြန်မာနိုင်ငံ စာရေးဆရာတွေက စာပေရေးရာတွေ လုပ်ဆောင်ခဲ့ကြတာ၊ စာတမ်းတွေဖတ်ခဲ့ကြတာ၊ ဟောပြောပွဲတွေ ကျင်းပခဲ့တာတွေကလည်း မြန်မာစာပေသမိုင်းမှာ မှတ်တိုင်တွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

မိဘနှစ်ပါးမရှိတော့ပေမယ့် ဒေါ်ဒေါ်မာ မှာကြားခဲ့တဲ့ စကားအတိုင်း ကျန်ရစ်သူ သားသမီးများက လူထုကြီးပွားရေးစာအုပ်တိုက်ကို ဆက်ရှင်သန်နေစေတာက အထိရောက်ဆုံး မိဘကျေးဇူးဆပ်နည်းတစ်မျိုးပါ။

ဦးလေးလှနှင့် ဒေါ်ဒေါ်မာလောက် စာရေးအား မသန်ပေမယ့် ညီပုလေး (ကိုညို) ကလည်း စာရေး ကောင်းတယ်။ဖိုးသံချောင်းလည်း စာရေးကောင်းတယ်။အစ်မကြီး သန်းရင်မာကလည်း ဒေါ်ဒေါ်မာရဲ့ ကလောင်နာမည် မြမဉ္ဇူကို ပြန်ယူပြီး ရေးသားတာတွေ ဖတ်လို့ကောင်းပါတယ်။ဦးလေးလှနဲ့ ဒေါ်ဒေါ်မာတို့လို စဉ်ဆက်မပြတ်ရေးနိုင်မယ်ဆိုရင် စာမူရှာရတဲ့ဒုက္ခ စာရေးဆရာရှာရတဲ့ဒုက္ခ ကင်းမှာပါ။ပြောဖို့ကျန်နေတာက ဘိုဘိုလန်းစင်လည်း စာရေးကောင်းပါတယ်။

မြန်မာစာပေလောကမှာ ဇနီးမောင်နှံ စာရေးဆရာစုံတွဲတွေ ရှိကြပါတယ်။မိဘကနေ သားသမီးမြေးအထိ စာရေးကြတာကိုတော့ အဘ ဦးခင်မောင်လတ်နဲ့ ကြီးကြီး ဒေါ်ခင်မျိုးချစ်ရဲ့ သားသမီး၊ ချွေးမနဲ့ မြေးမလေးမှာ တွေ့ရပါတယ်။နောက်ထပ်တွေ့ ရတာက ကိုညို (ညီပုလေး)၊ ဖိုးသံချောင်း၊ မြမဉ္ဇူ (ဒေါ်သန်းရင်မာ) နဲ့ ဘိုဘိုလန်းစင်ပါ။

မြန်မာနိုင်ငံက လငပုတ်ဖမ်းခံထားရတဲ့ အနေအထားက စလွတ်စပြုလာပါပြီ။လွတ်လွတ်ကင်းကင်း စစ်မှန်တဲ့ ဒီမိုကရေစီအခင်းအကျင်းတွေရလာပြီဆိုရင် လူထုတိုက်အနေနဲ့ လုပ်စရာတွေ လုပ်နိုင်တာတွေ အများကြီးပဲလို့ မြင်နေပါတယ်။

စာပေတိုက်တစ်တိုက်အနေနဲ့လည်း ၇၅ နှစ်တာ သက်တမ်းကို ကျော်ဖြတ်ခဲ့တုန်းက ရခဲ့တဲ့ အတွေ့အကြုံတွေ အများကြီးရှိမှာပါ။လောကဓံ အကောင်းအဆိုးတွေကို ဖြတ်သန်းခဲ့ရတဲ့ လူထုတိုက်အနေနဲ့ တတိယအရွယ်မှာ တည်ငြိမ်ရင့်ကျက်စွာနဲ့ နိုင်ငံနဲ့ လူမျိုးအကျိုးကို ဆက်သယ်ပိုးသွားဦးမယ်ဆိုတာ ယုံကြည်ပါတယ်။

ခင်နှင်းဦး